“ဘဝတလျှောက်မှာဒီအမျိုးသမီးနဲ့တူတူ ကျွန်တော်ဖြတ်သန်းချင်လို့ အချိန်ကုန်ဆုံးချင်တဲ့ စိတ်ဆန္ဒ ဖြစ်မိလို့၊ တယောက်နဲ့ တယောက်ဖေးမကူညီ စောင့်ရှောက်နိုင်တယ်ပေါ့၊ မယ့်အနေနဲ့ ကျွန်တော့ကို ကြင်နာတယ်၊ ဖေးမ ကူညီစောင့်ရှောက်တယ်ဆိုတာကိုလည်းကျွန်တော်ခံစားရတယ်။ အဲ့ဒါကလည်း ကျွန်တော်ကိုလက်ထပ်ဖို့ ဖြစ်စေတယ်” လို့ ဉာဏ်ကပြောပါတယ်။
“ဉာဏ်ကလည်းမယ့်ကိုဖေးမကူညီစောင့်ရှောက်ပါတယ်၊ အဲ့ဒါကြောင့်မို့သဘောမျှပြီး လက်ထပ်ဖြစ်ကြတာပါ”လို့ မယ်ကလည်း ဆိုပါတယ်။
သူတို့ဆုံးဖြတ်ချက်က အာဏာရှင် အုပ်စိုးနေတဲ့ မြန်မာနိုင်ငံမှာဆိုရင် ဖြစ်နိုင်ဖို့ မလွယ်ကူပေမယ့် သူတို့ရဲ့ ဖြစ် တည်မှု၊ LGBTQ အခွင့်အရေးတွေနဲ့ပတ်သတ်လို့ စိုးရိမ်ရမှုမရှိဘဲ စိတ်လွတ်လပ်စေတဲ့ ထိုင်းနိုင်ငံက လိင်စိတ်ခံယူမှုစုံလင်ကွဲပြားသူတွေရဲ့ အထင်ကရ ပွဲတော်တစ်ခုမှာ လူထုအားကိုယူပြီး လူသိရှင်ကြားလက်ထပ်ဖို့ရွေးချယ်ခဲ့တာပါ။
သုတေသနနဲ့ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတွေဖြစ်ကြတဲ့သူတို့နှစ်ယောက်က ၂၀၂၂နှစ် သြဂုတ်မှာစ တင်တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။
မယ်ကတော့သူ့ကိုလွန်ခဲ့တဲ့နှစ်တွေကတည်းက အရပ်ဘက်လူမှုအဖွဲ့ အစည်း သင်တန်းတွေမှာ တွေ့ဆုံခဲ့ဖူးသလို ကိုဗစ်ကာလသင်တန်းတွေပေးရင်း တွေ့ဆုံကြပေမယ့် အွန်လိုင်းကဆိုတော့ သိပ်မရင်းနှီးခဲ့ကြဘူးလို့ ဆိုပါတယ်။
သူတို့နှစ်ဦးသံယောဇဉ်ကိုနီးစပ်စေတာကတော့ ၂၀၂၂ခုနှစ်မှာ ဉာဏ်ရဲ့ဖခင်ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်မှာဆေးလာရောက်ကုသချိန်ဉာဏ်ကလည်းအခြားနိုင်ငံမှာရှိနေရာကနေဘန်ကောက်ကိုပြန်လာပြီး ဖခင်ဖြစ်သူကို အနီးကပ်ပြုစုခဲ့ပါတယ်။
ဖခင်ဖြစ်သူက ခွဲစိတ်ကုသပြီးပေမယ့်လည်း နောက်ဆက်တွဲကျန်းမာရေး အခြေအနေကြောင့် လူရောစိတ်ရော ပင်ပန်းနေတဲ့ ဉာဏ့်ကို အားပေးနှစ်သိမ့်ခဲ့သူက မယ်ပါ။ အဲ့ဒီကစပြီး တစ်ဦးနဲ့တစ်ဦးပိုသိကျွမ်းပြီးသူတို့နှစ်ဦးရဲ့ ချစ်ခရီးလမ်းလေးစတင်ခဲ့တာလို့ဆိုပါတယ်။
ဒီလိုနဲ့ ၂၀၂၃ခုနှစ်မှာချင်းမိုင်မြို့မှာ ကျင်းပတဲ့ Chaing Mai Pride – လိင်စိတ်ခံယူမှုစုံလင်ကွဲပြားသူတွေရဲ့ ပွဲကိုနှစ်ဦးသား အမှတ်မထင်သွားကြည့်ဖြစ်ခဲ့ကြပါတယ်။
Chaing Mai Pride အခမ်းအနားက လိင်စိတ်ခံယူမှုစုံလင်ကွဲပြားသူများကြား ချစ်ခင်စည်းလုံးဖို့နဲ့ LGBTQI တွေရဲ့ အခွင့်အရေးတွေထုတ်ဖော်တောင်းဆိုဖို့ကျင်းပတဲ့အခမ်းအနားတစ်ခုဖြစ်ပြီး၊ ဒီအခမ်းအနားမှာလိင်စိတ်ခံယူမှုကွဲပြားသူတွေ စီတန်းလှည့်လည်တာ၊ ဂီတနဲ့အက ဖျော်ဖြေတာ၊ လိင်စိတ်ခံယူမှုနဲ့ပတ်သတ်တဲ့ အကြောင်း အရာတွေကို ဆွေနွေးတာ၊ ဖိနှိပ်ခွဲခြားခံရမှုတွေကို မျှဝေတာတွေနဲ့ LGBTQI စုံတွဲတွေလက်ထပ်ထိမ်းမြားတာ စတာတွေ ကျင်းပကြပါတယ်။
ဒီပွဲကိုအားပေးကြည့်ရှုရုံသက်သက်သွားခဲ့ပေမယ့်အခမ်းအနားရောက်တဲ့အခါLGBTQတွေလက်ထပ်တဲ့အစီအစဉ်လည်း ပါဝင်တယ်ဆိုတာနဲ့ စိတ်ဝင်တစားနဲ့ ပွဲအပြီးထိ ကြည့်ရှုခဲ့ကြပါတယ်။
ဉာဏ်နဲ့မယ်က လက်ထပ်တဲ့အစီအစဉ်ကို စိတ်ဝင်စားတဲ့အတွက် စီစဉ်သူတွေထံမေးမြန်းကြည့်တဲ့အခါ သူတို့က လက်ထပ်ပေးတဲ့ ဘုန်းတော်ကြီကနေတစ်ဆင့်သိလိုရာမေးမြန်းဖို့ အကြံပြုတာကြောင့် အခမ်းအနားစင်မြင့်ထက်မှာ LGBTQ စုံတွဲနှစ်တွဲကို လက်ထပ်ထိမ်းမြားပေးနေတဲ့ ဘုန်းတော်ကြီးကိုမေးမြန်းဖို့ စင်အောက်မှာ စောင့်ဆိုင်းခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာ စင်မြင့်ပေါ်ကစုံတွဲတစ်တွဲက လက်ထပ်ပန်းစည်းကို စင်အောက်ပစ်တဲ့အချိန်၊ ပန်းစည်းက စောင့်ဆိုင်းနေတဲ့လူအုပ်ကြီးထံရည်မှန်းသလို မကျသွားပဲ လက်ကိုင်ပွဲစင်ပေါ်ကို ပြန်ကျလာတဲ့အတွက် စင်နားမှာရှိနေတဲ့ ဉာဏ်နဲ့မယ်တို့က လက်ထပ်ပန်းစည်းကို မထင်မှတ်ဘဲ ရရှိခဲ့တာပါ။
အဲ့ဒါကြောင့်သူတို့လည်း ၂၀၂၄ Chaing Mai Pride ပွဲမှာလက်ထပ်နိုင်ဖို့ရင်ခုန်ရည်မှန်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် Chaing Mai Pride ပွဲက အခမ်းအနား ကျင်းပပေမယ့် LGBTQ စုံတွဲတွေ လက်ထပ်မယ့်အစီအစဉ် ပါဝင်ဖြစ်မဖြစ်က ကြိုမကြေငြာတာကြောင့် မသေချာခဲ့ပါဘူး။ ပွဲကျင်းပဖို့ ရက်နီးကပ်ချိန်မှ စုံတွဲတွေ လက်ထပ် နိုင်မယ့်အစီအစဉ်ကိုကြေငြာတဲ့အတွက် သူတို့တွေလည်း စာရင်းပေးခဲ့ကြပြီး အချိန်ကပ်နေပေမယ့် လက်ထပ်ဖို့ပြင်ဆင်ခဲ့ကြတယ်။
“ကမ္ဘာ့ gender equality moment ပေါ့နော် ဒီလှုပ်ရှားမှုရဲ့အားကိုယူပြီးတော့ ကျွန်တော်တို့က ပေါင်းစည်းရတာဖြစ်တယ်။ ကျွန်တော်တို့တွေနှစ်ဘဝပေါ့၊ လူနှစ်ဦးရဲ့ဘဝပေါင်းစည်းမှုမှာ ကမ္ဘာ့ gender equality moment အရှိန်အားကိုယူပြီးလုပ်ရတယ်၊ နှစ်ဦးပေါင်းစည်းထားတယ်ဆိုတဲ့အထောက်အထားတခုအနေနဲ့ဖြစ်တယ်ပေါ့”လို့ ဉာဏ်ကပြောပါတယ်။
Chaing Mai Pride မှာ နှစ်ဦးသားလက်ထပ်ခဲ့ကြပေမယ့် အခက်အခဲရယ်လို့မရှိခဲ့သလို ဒီအခမ်းအနားမှာ လက်မထပ် ဖြစ်ခဲ့ရင်လည်း LGBTQတွေကို လက်ထပ်ပေးတဲ့ နိုင်ငံတစ်ခုခုမှာ လက်ထပ်ကြဖို့ စဉ်းစားထားတယ် လို့သူကဆက်ပြောပါတယ်။
သူတို့နှစ်ဦးလက်ထပ်မှုကို နှစ်ဖက်မိတ်ဆွေအသိုင်းအဝိုင်းက ဂုဏ်ပြုကြသလို မယ်ရဲ့မိဘတွေက အားပေးခဲ့ကောင်းချီးပေးခဲ့ကြပါတယ်၊ ဒါပေမယ့် ဉာဏ်ရဲ့ ဖခင်ကတော့အားပေးခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။
“ကျွန်တော့အဖေကတော့ ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို နားလည်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးလက်ထပ်တဲ့အထိ သူ့အနေနဲ့ကတော့ မျှော်လင့်မယ့်ပုံမရှိပါဘူး”လို့ ဉာဏ်ကဆိုပါတယ်။
ဖခင်ဖြစ်သူက ဉာဏ်ကို ချစ်ခင်စိတ်နဲ့ သူ့ဖြစ်တည်မှုကို လက်ခံပေမယ့်လည်း အခမ်းအနားတစ်ခုမှာ လူသိရှင်ကြား လက်ထပ်ခဲ့မှုကို မျှော်လင့်မှာမဟုတ်သလို ဒီလက်ထပ်မှုကိုလည်း ထောက်ခံအားပေးမယ့် အနေအထား မရှိဘူးလို့ပြောပါတယ်။
အမျိုးသမီးတစ်ဦးအဖြစ်မွေးဖွားပြီး အမျိုးသားတစ်ဦးကဲ့သို့ပြောင်းလဲ နေထိုင်တဲ့ ဉာဏ်အနေနဲ့လည်း ငယ်စဉ် ဘဝ ကတည်းက အခက်အခဲတွေအများကြီးနဲ့ ကြီးပြင်းခဲ့ရပါတယ်။ သိတက်စ အရွယ်ငယ်စဉ်ကတည်းက ယောကျာ်းလေးစိတ်ရှိခဲ့တယ်ဆိုတာ သတိပြုမိပေမယ့် သူ့မိဘတွေကတော့ လက်မခံခဲ့ဘူးလို့ဆိုပါတယ်။
အထူးသဖြင့်မိခင်ဖြစ်သူက အပြင်းအထန်တားမြစ်ခဲ့ပြီး မိန်းကလေးအချင်းချင်း မချစ်ခင်ဖို့အတွက် သစ္စာရေ သောက်တာ သစ္စာဆိုရတာတွေလည်း ပြုလုပ်ခဲ့ရပြီး ဒါကိုသူမလွန်ဆန်နိုင်ခဲ့ပါဘူး။
“လူမှုပညတ်ချက်တွေကြောင့် မိန်းမတယောက်ဆိုတာဒီလိုဖြစ်ရမယ်ဆိုပြီးတော့ ဖုံးထားဖိထားတဲ့အတွက်ကြောင့်မလို့ တော်တော်လေးရင်ဆိုင်ခဲ့ရတယ်ပေါ့”လို့ ဉာဏ်ကပြောပါတယ်။
ဒီလို အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ မွေးဖွားလာပေမယ့် ဆန့်ကျင်ဘက်လိင်အဖြစ် ပြောင်းလဲနေထိုင်တဲ့ အခြေအနေက ကျင်လည်ရာအသိုင်းအဝိုင်းကြောင့် ဖြစ်တာထက် သဘာဝတရားအရ ဖြစ်လာတဲ့ အခြေအနေဆိုတာကို အများစုက နားမလည်လက်မခံနိုင်ကြတာတွေများတယ်။
“ပြောချင်တာက အပေါ်ယံရှပ်ပြီးဖြစ်တဲ့ ပါးပါးလေး ကိစ္စမဟုတ်ဘူးပေါ့နော် deep enoughဖြစ်တယ်၊ မင်းဒါ စိတ်ပဲပြင်လိုက်။ လူအသိုင်းအဝိုင်းကြောင့်ဖြစ်တယ်ထင်ရင် မှားမယ်ပေါ့” လို့ဆိုပါတယ်။
ဉာဏ်က မိဘအသိုင်းအဝိုင်းရဲ့ဖိအားတွေ လူမှုပညတ်ချက်တွေအတိုင်း အမျိုးသမီးတစ်ဦးလိုနေထိုင်ဖို့ ကြိုးစားခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ကိုယ့်စိတ်ဆန္ဒအခြေအနေကိုသိလာတဲ့အခါ ပြောင်းလဲဖို့မကြိုးစားတော့ဘဲ ကိုယ့်စိတ်ဆန္ဒအတိုင်း နေထိုင်ခဲ့ဖြစ်တယ်လို့ ဉာဏ်က ဖွင့်ဟတယ်။
ဒီလိုအခြေအနေကြုံနေရတာက ဉာဏ်တစ်ဦးတည်းတော့မဟုတ်ပါဘူး၊ ကျင်လည်ရာအသိုင်းအဝိုင်းနဲ့ လူမှုပညတ်ချက်တွေကြောင့် လိင်စိတ်ကွဲပြားမှုခံယူသူတွေက ရှက်ရွှံစရာဆိုတဲ့ယူဆချက်တွေနဲ့ ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုကို ပွင့်လင်းစွာထုတ်ဖော်မပြောနိုင်ကြသူတွေအများအပြားပါ။
ဒါပေမယ့် အရပ်သားအစိုးရကူးပြောင်းတဲ့ ၂၀၁၃-၁၄ ခုနှစ် ကာလနောက်ပိုင်းတွေမှာတော့ အယူအဆအမြင် အချို့ ပွင့်လင်းလာပြီး လိင်စိတ်ခံယူမှုစုံလင်ကွဲပြားမှုခံယူသူတွေလည်း လွတ်လပ်လာသလို ခံစားရပေမယ့်၊ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ရုတ်ချည်းဆိုသလို လွတ်လပ်မှုပျောက်ခဲ့ရပါတယ်။
ဒါပေမယ့်အာဏာသိမ်းပြီးနောက်မှာ စစ်အစိုးရကိုတော်လှန်တဲ့နည်းတူ ပြည်သူအချို့ရဲ့ ဂျန်ဒါနဲ့ပတ်သတ်တဲ့ အတွေးအမြင်တွေပြောင်းလဲလာကြပြီး လွတ်လပ်မှု၊ တရားမျှတမှုတွေ ပိုရှိလာတယ်လို့ဆိုပါတယ်။
“ခါးသီးတဲ့အဖြစ်အပျက်နောက်ပိုင်းမှာ လူမှုတရားမျှတရေး Social Justic အတွက် ပြောင်းလဲမှုတရပ်အနေနဲ့ ဖြစ် လာတယ်လို့ခံစားရတယ်”လို့ ဉာဏ်ကပြောပါတယ်။
ဒါပေမယ့်သတိပြုဖို့လိုတာက အာဏာရှင်တိုက်ဖျက်တဲ့ခရီးလမ်းမှာ အာဏာရှင်စနစ်ကိုပါတပါတည်း တိုက်ဖျက် ရမှာဖြစ်ပြီးအာဏာရှင်ကျဆုံးသွားပေမယ့်စနစ်မပြောင်းတဲ့အခါနောက်ထပ်အာဏာရှင်လက်သစ်တွေပေါ် ပေါက်လာပြီးတရားမမျှတတဲ့စနစ်ဆိုးကြီးလွှမ်းမိုးနေရင် လူငယ်တွေရဲ့ပေးဆပ်စွန့်လွတ်မှုတွေကမထိုက်တန်တာဖြစ်မှာ စိုးရိမ်တယ်လို့ဆိုပါတယ်။
လူတွေစိတ်ထဲအမြစ်တွယ်နေတဲ့ ခွဲခြားဆက်ဆံတဲ့အလေ့အထတွေကိုလည်း ပြင်ဖို့လိုအပ်ပြီး အစဉ်အဆက်ကိုးကွယ်ယုံကြည်မှုတွေကနေဖြစ်လာတဲ့ သိမှုတွေကနေတဆင့် ခွဲခြားဆက်ဆံမှု တွေပိုဖြစ်စေတယ် လို့ဆိုပါတယ်။
“လက်ရှိ အဓမ္မဝါဒကို တိုက်နေတဲ့အချိန်မှာ ဒီလိုမျိုးပေါ့နော် လူ့အဖွဲ့စည်းထဲက တရားမျှတမှု မရှိတဲ့အလေ့အထတွေ လွတ်လပ်မှုမရှိတဲ့အလေ့အထတွေ ဒါတွေကို သေချာရည်ရွှယ်ချက်ရှိရှိ သတ္တိရှိရှိ တိုက်ဖျက်ဖို့ လိုတယ်”လို့ သူကဆက်ပြောပါတယ်။
အမျိုးသမီးဖြစ်ခြင်း အမျိုးသားဖြစ်ခြင်းက လူ့သဘာဝအရ ရှိတဲ့ဖြစ်စဉ်တစ်ခု ဆိုတဲ့သိမှုကို ဖော်ထုတ်ကြရမှာ ဖြစ်သလို ရဲရင့်စွာနဲ့ ကိုယ့်အရှိအတိုင်းနေထိုင်ပြီး တယောက်နဲ့တယောက်လက်တွဲဖို့ ဘဝတသက်တာ လက်တွဲဖို့အတွက် ရဲရင့်ကြဖို့လိုအပ်ပြီး ဒါမှသာ ဂျန်ဒါတန်းတူညီမျှရေးကို လူတွေပိုသတိထားမိမယ်လို့ဆိုပါတယ်။
ကမ္ဘ့ာလိင်စိတ်ခံယူမှုစုံလင်ကွဲပြားသူတွေရဲ့လှုပ်ရှားမှုရဲ့အားကိုယူပြီး လက်ထပ်ထိမ်းမြားခဲ့ပေမယ့် တရားဝင် လက်ထပ် ထိမ်းမြားလိုတဲ့ဆန္ဒရှိတဲ့ ဉာဏ်နဲ့မယ်တို့အတွက် သတင်းကောင်းတခုလည်းပေါ်လာတယ်။ ဒါကတော့ လိင်တူချင်း လက်ထပ်မှုကို ထိုင်းလွှတ်တော်ကအတည်ပြုလိုက်တာပါ။
လိင်တူလက်ထပ်ထိမ်းမြားမှု ဉပဒေကို ထိုင်းနိုင်ငံ အထက်လွှတ်တော်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်နေ့က အတည်ပြု ခဲ့ပြီး ထိုင်းဘုရင်မင်းမြတ် လက်မှတ်ရေးထိုးပြီးရင် ရက်ပေါင်း ၁၂၀ အတွင်း ဥပဒေအဖြစ် စတင် အသက်ဝင်မှာပဲ ဖြစ်ပါတယ်။
ဒီဥပဒေအသက်ဝင်လာရင်ထိုင်းနိုင်ငံကအရှေ့တောင်အာရှမှာလိင်တူလက်ထပ်ထိမ်းမြားခြင်းကိုတရားဝင်အသိအမှတ် ပြုတဲ့ပထမဆုံး နိုင်ငံဖြစ်လာမှာပဲဖြစ်ပါတယ်။
ထိုင်းဘုရင်မင်းမြတ်ဆီက အတည်ပြုချက်ပြီးလို့ ဥပဒေအသက်ဝင်လာရင် သူတို့လည်းတရားဝင် လက်ထပ်ထိမ်းမြားချင်တဲ့ ဆန္ဒရှိပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံရေးအခြေအနေအရ အခြားနိုင်ငံတစ်ခုမှာ နေထိုင်နေရတဲ့သူတို့ အတွက်အခက်အခဲအချို့ရှိနိုင်သေးတယ်လို့ပြောပါတယ်။
အဲဒါကထိုင်းနိုင်ငံ အပါအဝင် အခြားနိုင်ငံက နိုင်ငံသားနှစ်ဦးကို တရားဝင် လက်ထပ်ခွင့်ပြုတဲ့ နိုင်ငံတိုင်းမှာ ဥပဒေ လုပ်ထုံးလုပ်နည်းအရ လက်ထပ်မယ့်သူတွေမှာ တရားဝင်လက်ထပ်မှုအခြေအနေအရ အိမ်ထောင်မရှိ လွတ်လပ်သူဖြစ်ကြောင်း အထောက်အထားလိုအပ်တဲ့ စာရွက်စာတမ်းအထောက်အထားတွေလိုအပ်ပြီး ဒါက မြန်မာနိုင်ငံ အခြေအနေနဲ့ဆိုရင်ယူဖို့အခက်အခဲရှိ ပြန်ပါတယ်။
အိမ်ထောင်မရှိလွတ်လပ်သူဖြစ်ကြောင်းက ရပ်ကွက်အုပ်ချုပ်ရေးမှုးထောက်ခံချက်ကတဆင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မြန်မာသံရုံးစသဖြင့်အဆင့်ဆင့်တင်ပြပြီးမှလိုအပ်တဲ့ထောက်ခံချက်တွေရရှိတဲ့အတွက်လက်ရှိအခြေအ နေနဲ့ မလွယ်ကူဘူးလို့ပြောပါတယ်။
“အဲ့ဒါကကျွန်တော်တို့အတွက်တော့ မလွယ်ကူနေဘူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးဆီကိုလည်း သွားဖို့ အဆင်မပြေဘူး၊ ဒါက ကျွန်တော်တို့အတွက် စိန်ခေါ်မှုဖြစ်နေတယ်”လို့ဆိုပါတယ်။
ဒီလိုမျိုးထောက်ခံချက်တွေကိုလျော့ပေါ့ပေးနိုင်တဲ့လူ့အခွင့်အရေးနဲဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတစ်ခုကို ရောက်ရင်ဖြစ်စေ၊ ဒါမှမဟုတ်ထိုင်းနိုင်ငံကထောက်ခံချက်စာရွက်စာတမ်းဖြေလျော့မှုတွေရှိလာမယ် ဆိုရင်တော့နှစ်ဦးသားတရားဝင် လက်ထပ်ချင်ပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ခေတ်ကာလအခြေအနေရ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်တူချစ်မြတ်နိုးသူတွေဖြစ်စေ အတူတကကွ နေထိုင်နိုင်တဲ့ ခေတ်အခြေအနေမှာ လက်ထပ်ပေါင်းသင်းမှုက အရေးကြီးလားဆိုတာ စဉ်းစားစရာ ပါ။
“ LGBTမဟုတ်တဲ့သူလက်ထပ်ခြင်းနဲ့ LGBTလက်ထပ်ခြင်း ဆိုပြီး နှိုင်းယှဉ်တာထက် အခုချိန်မှာ လက်ထပ်ခြင်းက ဘာလို့အရေးကြီးတာလဲဆိုတော့ အခုနောက်ပိုင်းဆို လက်မထပ်ဘဲနဲ့အတူတူနေလို့ရတယ်၊ sexually လည်း တူတူနေလို့ရတယ်။ လက်ထပ်တာက လိင်တူ လက်ထပ်တာပဲ ဖြစ်ဖြစ် လိင်မတူလက်ထပ်တာပဲဖြစ်ဖြစ် ကွဲကြပါတယ်၊ ဆိုတော့ဘာဖြစ်လို့လက်ထပ်ခြင်းကိုလုပ်နေမှာလည်းဆိုတာက တကယ် စဉ်းစားစရာဖြစ်လာတယ်။”လို့ ဉာဏ်ကဆက်ပြောပါတယ်။
ဉာဏ်ကတော့ သူဖြတ်သန်းရာ အတွေ့အကြုံ အသက်အရွယ် စိတ်ခံစားမှု အခြေအနေပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦး စိတ်နှလုံးနွေးထွေးမှုက အဓိကကျတယ်လို့ယူဆပြီး ကိုယ်တိုင်လည်းခံစားတန်ဖိုးထားတဲ့အတွက် လက်ထပ်ထိမ်းမြားခြင်းကို ရွေးချယ်ခဲ့တာလို့ဆိုပါတယ်။
“မရေရာ မသေချာတဲ့ အခြေအနေတရပ်ကို ကိုယ်ကရင်ဆိုင်ခဲ့ရတယ်၊ မရေရာတဲအခြေအနေမှာ စဉ်းစားကြည့်တယ်၊ ဦးနှောက်နဲ့ထက် စဉ်းစားတာက နှလုံးသားနဲ့နွေးနွေးထွေးထွေး တည်တည်ငြိမ်ငြိမ်၊ ကြည်ကြည်လင်လင် နေထိုင်နိုင်ခြင်းကဘဝမှာအဓိကကျလာတယ်ဆိုတာသိလာရတယ်”လို့ဥာဏ်ကပြောပါတယ်။