Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇွန်လ ၂၄ ရက်မှ ၃၀ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။      

ဒေသတချို့မှာ အမျိုးသမီး စစ်မှုထမ်းစာရင်း စတင်ကောက်ယူ

ဧရာဝတီတိုင်းက မအူပင်၊ ဟင်္သာတ၊ ပုသိမ်ခရိုင်ထဲက ရပ်ကွက်ကျေးရွာတွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်း စာရင်း ကောက်ယူဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကလဆန်းပိုင်းကတည်းက ပြင်ဆင်နေတယ်လို့ ဒေသ ခံတွေထံမှ သိရပါ တယ်။

တချို့ဒေသတွေမှာဆိုရင် မဲနှိုက်ရွေးချယ်တာနဲ့ အိမ်အထိဆင့်ခေါ်စာပေးပို့တာမျိုးတွေရှိနေတာဖြစ်ပါတယ်။ စစ် တပ်က တော့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အသက်အရွယ်သတ်မှတ်ချက်အကျုံးဝင်တဲ့အမျိုးသမီးတွေကို အပတ်စဉ်(၅) လောက်မှ စခေါ်မယ်လို့ ထုတ်ပြန်ထားတာပါ။

ဒါပေမဲ့ လက်တွေ့မှာတော့ ကျေးရွာအလိုက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အမျိုးသားတွေကို စစ်မှုထမ်းအတွက် နည်းမျိုးစုံနဲ့ ခေါ်ယူနေတဲ့အပြင် ဇွန်လဆန်းပိုင်းကစပြီး အမျိုးသမီးတွေကိုပါ စာရင်းကောက်ယူဖို့ ပြင်ဆင်နေ တာဖြစ်ပါတယ်။

ပုသိမ်ဒေသခံတစ်ဦးက “ပုသိမ်မှာရှိနေတဲ့ လေ့ကျင့်ရေး (၆) သင်တန်းကျောင်းလည်း ဒီအတိုင်းပဲ။ အမျိုးသား သင်တန်း သားဦးရေ မပြည့်လို့ အမျိုးသမီးတွေကို မေလ ၂၉ ရက်ကစပြီးတော့ခေါ်နေပါတယ်။ လက်ရှိလေ့ ကျင့် ရေး (၆)မှာ အမျိုးသမီးတွေအတွက် အရေးပေါ်ဆိုပြီး သင်တန်းတက်ရောက်ဖို့အတွက် အဆောင်တွေကို သီးသန့် ဆောက်လုပ်နေတယ်၊ မအူပင်ခရိုင်တို့ ဘာတို့ဆိုရင် စစ်မှုထမ်းအပတ်စဉ် (၃)မှာ စပြီးမဲနှိုက်နေပြီ အမျိုးသမီး တွေကို”လို့ ပြောပါတယ်။

Source – RFA

ပလမြို့ရဲစခန်းက လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

ပုလောမြို့နယ် ပလမြို့ ရဲစခန်းက လက်နက်ကြီးနဲ့ နှစ်ချက်ပစ်ခတ်မှုကြောင့် ဈေးဆိုင်ထဲ ထိုင်နေတဲ့အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်စန်းယု သေဆုံးသွားပြီး အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီး ၂ဦးနဲ့ အမျိုးသား ၁ဦး ဒဏ် ရာရသွားတာဖြစ်ပါတယ်။

 “ဆုံးသွားတဲ့တစ်ယောက်က အောက်တစ်ပိုင်း ကြေထွက်သွားတယ်။ အမျိုးသမီးတစ်ဦးက စိုးရိမ်ရတယ်”လို့ ဆို ပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တနင်္သာရီတိုင်းအတွင်း မြို့နယ်အချို့ရှိ လူနေရပ်ကွက်နဲ့ ကျေးရွာတွေထဲ စစ်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာရှိနေပါတယ်။

Source – Dawei Watch

ကျန်းမာရေးစောင့်ရှောက်မှုမရတော့တဲ့ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သန္ဓသားသေဆုံးမှုရှိနေ

ရခိုင်မြောက်ပိုင်းမှာ လူမှုအသိုက်အဝန်းအားလုံးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ခွဲစိတ်ကုသမှုလို ထပ်ဆင့် စောင့်ရှောက်မှုတွေ မရရှိကြတော့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားသေဆုံးတဲ့အထိဖြစ် ပွားတာတွေရှိခဲ့တယ်လို့ ဇွန်လ ၂၇ ရက်က ထုတ်ပြန်တဲ့နယ်စည်းမထားဆရာဝန်များ အဖွဲ့(MSF)ရဲ့အစီအရင် ခံစာ မှာဖော်ပြထားပါတယ်။

တိုက်ပွဲတွေပြင်းထန်လာပြီး အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူသားချင်းစာနာ ထောက် ထားမှု ဆိုင်ရာ ဝန်ဆောင်မှုတွေလုပ်ဖို့ ကန့်သတ်ချက်များစွာရှိတာတို့ကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင် တောမြို့နယ်တို့ရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ရတာဖြစ်ပါတယ်။

ရခိုင်ဒေသ တိုက်ပွဲတွေ စခဲ့တဲ့ ၂၀၂၃ ခု နိုဝင်ဘာလကစပြီး MSF  ရခိုင်ပြည်အလယ်ပိုင်းနဲ့ မြောက်ပိုင်း နေရာ အများစုမှာ ပုံမှန်ကျန်းမာရေးဝန်ဆောင်မှုပေးအပ်တာတွေ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တော့ပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးမှုကြောင့်  ဘူးသီးတောင်မြို့ပေါ်ရှိ MSF ရဲ့ ဆေးဝါးသိုလှောင် ရာနေရာ ပျက်စီးခဲ့ရတဲ့အကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ထောက်ပြထားပြီး အဲဒီသိုလှောင်ရုံပျက်စီးမှု ကြောင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများအားလုံး လည်ပတ်ခြင်းမရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။

အဲဒီလိုအခြေအနေမှာ ပဋိပက္ခဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် အလွန်စိုးရိမ်တယ်လို့လည်း MSF က ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေစဖြစ်ပြီးနောက်ပိုင်း နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင် ရာအကူ အညီပေးရေးအဖွဲ့အများစုဟာ သူတို့ရဲ့ကူညီကယ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားခဲ့ရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ် မောင်တော၊ အမ်း၊ သံတွဲမြို့နယ်တို့မှာ အာရက္ခတပ်တာ်(AA)က စစ်တပ်ကို အပြင်း အထန်ထိုး စစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

Source – DNA

ကျောက်မဲတိုက်ပွဲအတွင်း အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံး

စစ်တပ်နဲ့ တအာင်းတပ် (TNLA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြာက်ပိုင်း၊ ကျောက်မဲမြို့မှာ တိုက်ပွဲ စ တင်တဲ့ နေ့မှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့၊ (၉) ရပ်ကွက်ဘက်မှာ ဒေသခံ အမျိုးသမီး ၁ ဦး ခေါင်းကျည်ထိမှန်သေဆုံးပြီး  ပန်ပေါင်းရွာခံ ၁ ဦး ကတော့ လက်နက်ကြီးကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဆို ပါတယ်။

(၈) ရပ်ကွက်၊ အခွန်လွတ်ဈေးအနီးမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦး သေဆုံးပြီးနောက်ထပ် အမျိုးသမီး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ကျောက်မဲမြို့ကနေ ဝ.၅ မိုင်ဝန်းကျင်ကွာဝေးတဲ့ မိုင်းလုံ-မိုးကုတ် မြို့ကိုသွားတဲ့ဘက်ခြမ်း ငြိမ်းချမ်းရေးကုန်းအနီး မှာ စစ်တပ်နဲ့ တအာင်းတပ် (TNLA) ကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာပါ။

Source – BBC

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း တပ်စွဲထားတဲ့ အမြောက်တပ်ရင်းက ပစ်လိုက်တဲ့လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပါတယ်။

သိမ်ဇရပ်မြို့ထဲ တပ်စွဲထားတဲ့ အမြောက်တပ်ရင်း ၃၁၀ က တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့သပ်သပ် လူနေ ကျေး ရွာတွေ ထဲ လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာက နေ့တိုင်းလိုလိုပါပဲ။ အခုဆို ရွာမှာ ဘယ်သူမှလည်း မနေရဲကြ တော့ဘူး။ အကုန်ထွက်ပြေးနေရတယ်။ ဘာတိုက်ပွဲ ဘာမှမရှိဘဲနဲ့ကို ရွာထဲကို တမင်သက်သက်ပစ်နေတာ”လို့ ပြောပါတယ်။

ဇွန်လ ၁၄ ရက်မှာ အမြောက်တပ်ရင်းက ပစ်လိုက်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ် အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး အသက် ၁ နှစ်ခွဲဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၁ ရက်မှာလည်း ထပ်မံပစ်ခတ်ခဲ့တာကြောင့် KNU အုပ်ချုပ်မှုနယ်မြေရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျောင်းထိုင်ဆရာတော်၊ ဦးဇင်းတစ်ပါး၊ အသက် ၇၅နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၆၂နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရတာဖြစ်ပါတယ်။

Source – Dawei Watch

စစ်တပ်ကြောင့် သုံးလအတွင်း အမျိုးသမီး ၁၅ ဦးထိခိုက်သေဆုံးကြောင်း ထုတ်ပြန်

စစ်တပ်က မြန်မာနိုင်ငံတောင်ပိုင်းဒေသက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို လူ့အခွင့်အရေးချိုးဖောက်နေ တာကို ကာကွယ်ပေးဖို့ လိုအပ်နေကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ဇွန် ၂၆ ရက်က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

စစ်တပ်ရဲ့ လူ့အခွင့်အရေးနဲ့မညီဘဲ အမျိုးသမီးတွေအပေါ် ကျူးလွန်နေတာတွေကို အမြန်ဆုံးရပ်တန့်ဖို့ တောင်း ဆို တာလို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ရဲ့ ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောပါတယ်။

“စစ်ရေး ပဋိပက္ခအတွင်းမှာ အမျိုးသမီးတွေ အသက်ဆုံးရှုံးကြရတယ်။ ထိခိုက်ဒဏ်ရာရပြီးတော့ တချို့ဆိုရင် ဒုက္ခိတအနေ အထားဖြစ်သွားတာရှိတယ်။ ပြီးရင်မတရားဖမ်းဆီးခံထားရတာတွေရှိပါတယ်။ တောင်းဆိုချင် တာက ဒီပဋိပက္ခ ဖြစ်နေတဲ့ ကာလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီက အများဆုံးချိုး ဖောက် နေတာတွေကို အမြန်ဆုံးရပ်တန့် ဖို့ အစဉ်တစိုက်တောင်းဆိုတာတွေရှိတယ်”

မြန်မာနိုင်ငံတောင်ပိုင်းက မြို့နယ်တွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ၂၀၂၄ ခုနှစ် မတ်လကနေ မေလအထိ သုံးလ တာကာလအတွင်း HURFOM က စစ်တမ်းကောက်ယူခဲ့ရာမှာ စစ်တပ်ကြောင့် ထိခိုက်သေဆုံးရတဲ့ အမျိုး သမီး ၁၅ ဦး၊   ဒဏ်ရာရရှိသူ ၂၀ ဦးကျော်၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀ ဦး ရှိတယ်လို့ ဆိုပါတယ်။

Source – RFA

ရသေ့တောင်မှာ အမျိုးသမီးငယ်တစ်ဦး မိုင်းထိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မညှင်းတောင်ကျေးရွာမှ အသက်(၂၈ နှစ်)အရွယ် မခင်ဆန်းနွယ်ဟာ နေ အိမ်ဝင်း အတွင်း ဟင်းရွက်စိုက်ပျိုးရန် မြေဆွနေစဉ် မိုင်းပေါက်ကွဲပြီး ညာခြေတောက်ပြတ်သွားပါတယ်။

 “မြေတူးနေတုန်း မိုင်းနင်းမိပြီး ပေါက်ကွဲသွားတာ။ ညာဖက်ဒူးအောက်က ခြေထောက်ပြတ်တောက်သွားတယ်။ ဘယ်ခြေလည်းမိုင်းစတွေထိသွားတယ်”လို့ ပြောပါတယ်။

ယခုနှစ် မတ်လအတွင်းက မညှင်းတောင်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ခဲ့သဖြင့် အဆို ပါမိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။

လက်ရှိမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် သတိထားသွားလာကြဖို့ ဒေသခံ တွေက သတိပေးနေပါတယ်။

Source – DMG

ဖားကန့်မှာ လက်နက်ကြီးကျလို့ အမျိုးသမီးနှစ်ဦး အပါအဝင် အရပ်သားရှစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ (ဆိုင်းတောင်) ရွာမှာ ဇွန် ၂၆ ရက်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ ပြီး အမျိုးသမီးနှစ်ယောက်အပါအဝင် အရပ်သား ရှစ်ဦးထိခိုက်ဒဏ်ရာတွေရခဲ့ကြပါတယ်။

“လက်နက်ကြီးက နေအိမ်တစ်အိမ်မှာ တစ်လုံးကျတယ်။ အဲမှာလေးယောက်ဒဏ်ရာရတယ်။ နောက် စိန်မြသုခ ဘုန်းကြီး ကျောင်းဘေးက ဘောလုံးကွင်းမှာ တစ်လုံးကျတယ်။ အဲဒီမှာ ဘောလုံးကန်နေတဲ့သူတွေ လေးယောက် ထိတယ်။ တစ်ယောက်ကတော့ အူပွင့်ထွက်သွားတဲ့အတွက် စိုးရိမ်ရတယ်”လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလက်နက်ကြီးကျည်ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ကချင်ပြည် နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက် ခံဖြေဆိုတာမရှိပါဘူး။

Source – RFA

ကျောက်တံခါးမှာ လက်နက်ကြီးကျလို့အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့၊ ဈေးပိုင်းရပ်ကွက်မှာ လက်နက်ကြီးကျလို့ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီး တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

“လက်နက်ကြီးမကျခင် နာရီပိုင်းလောက်က ရွှေဘုန်းတိုးစကစဂိတ်ဘက်မှာ ပစ်ခတ်မှုတွေဖြစ်တယ်လို့ သိရတယ်။ အဲဒီ ဘက်ကနေ အကြီးအသေးအသံအစုံပဲ ကြားရတယ်။ အဲ့ဘက်က ပစ်ခတ်မှုဖြစ်ပြီး ရပ်ကွက်ထဲ လက်နက်ကြီးကျတာပဲ။”လို့ ဒေသခံတဦးက ပြောပါတယ်။

နေအိမ်ပေါ်လက်နက်ကြီးကျလို့ နေအိမ်အတွင်းအိပ်နေတဲ့ ဦးဝင်းဦးမှာ ဦးခေါင်းလက်နက်ကြီးအစမှန်ဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားသလို ဇနီးဖြစ်သူ ဒေါ်လှလှသန်း ၅၇ နှစ်မှာ ဘယ်လက်မောင်းလက်နက်ကြီးအစမှန် ဒဏ်ရာ ရသွားကာ နေအိမ်လည်းပျက်စီးသွားတာဖြစ်ပါတယ်။

Source – မြေလတ်အသံ

ကန်ချနဘူရီမှာ တရားမဝင် ဝင်လာတဲ့ အမျိုးသမီး ၁၅ ဦးအပါအဝင် မြန်မာ ၂၅ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးဟာ ဇွန်လ ၂၇ ရက် နံနက်ပိုင်းမှာ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ တောထဲမှာ မြန်မာနိုင်ငံသားတွေအုပ်စုလိုက် ပုန်းနေကြောင်း သတင်းရရှိ သဖြင့် ထိုင်းအာဏာပိုင်တွေက သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၁၅ ဦးပါဝင်ပြီး ၎င်းတို့ကို စန်ခရာဘူရီ ရဲ စခန်း သို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေကို တရားမဝင် ဝင်ရောက်လာမှုနဲ့ အရေးယူသွားမှာဖြစ် ပါ တယ်။

Source – Dawei Watch

မိုးကုတ်တိုက်ပွဲမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၃ ဦးသေဆုံး

မိုးကုတ်မြို့ အနောက်ပိုင်း လူးထနဲ့ကသဲရပ်တို့မှာ သက်ကြီးအမျိုးသမီးတဦးနဲ့ သတ်လတ်ပိုင်းအရွယ်အမျိုး သမီး တဦး၊ မိုးကုတ်အရှေ့ပိုင်း အောင်ချမ်းသာရပ်ကွက်မှ သက်ကြီးအမျိုးသမီးတဦးတို့ရဲ့နေအိမ်တွေအပေါ် လက်နက် ကြီးကျရောက် လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တအာင်းတပ် TNLA နဲ့ PDF ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ကျောက်မဲ နောင်ချို၊ မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေအတွင်း ဇွန်လ ၂၅ရက် မနက်ပိုင်းကစပြီး စစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေ တာ ဖြစ်ပါတယ်။ စစ်တပ်မှ မိုးကုတ်မြို့ကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။

ချမ်းသာကြီးဘုရားတောင်ခြေက ဥယျာဉ်ဘုန်းတော်ကြီးကျောင်းထဲ ညနေ ၅ နာရီခွဲလောက်မှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ ဘုရားဝတ်ပြုနေတဲ့ သံဃားတပါးက ထိခိုက်ခဲ့ပြီး ကိုရင်တပါးတော့ ပျံလွန်သွားတယ်လို့ သိရပါတယ်။

လက်ရှိမိုးကုတ်မြို့မှာ အင်တာနက်နဲ့ဖုန်းလိုင်းတွေပြတ်တောက်နေတာကြောင့် မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်း အ ဆက် အသွယ် ပြတ်တောက်နေပြီး လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုန်းခိုနေထိုင်နေကြ ရ တာဖြစ်ပါတယ်။

Source – DNA

ရခိုင်မှာ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား သုံးဦးသေဆုံး

ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ သံတွဲမြို့နယ်တို့မှာ လူနေရွာထဲကို စစ်တပ်က လေကြောင်းနဲ့လက်နက်ကြီး ပစ် ခတ်ဗုံးကြဲလို့ သက်ကြီးအမျိုးသမီးတဦးအပါအဝင် သုံးဦးသေဆုံးပြီး အရပ်သား သုံးဦးထိခိုက် ဒဏ်ရာရခဲ့ ပါ တယ်။

မြေပုံမြို့နယ် စညှင်းရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက်ငါးဆယ်ကျော် အမျိုးသမီး တဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

သံတွဲမြို့နယ် ဇာဒီပြင်ရွာမှာလည်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်လို့ အသက်ခြောက်ဆယ်အရွယ် အမျိုးသား တဦး၊ ခုနှစ်ဆယ်အရွယ်အမျိုးသားတဦးတို့ သေဆုံးကာ သက်လတ်ပိုင်းအမျိုးသားတဦး ဒဏ်ရာရ သွားခဲ့ တာဖြစ်ပါတယ်။

Source – DNA

Author:

Related Articles