Home ဆောင်းပါး Qစင်တာရောက် အမျိုးသမီးတွေလုံခြုံရေး တိုးမြှင့်ပေးချိန်ရောက်ပြီ

Qစင်တာရောက် အမျိုးသမီးတွေလုံခြုံရေး တိုးမြှင့်ပေးချိန်ရောက်ပြီ


မိုးမိုး၊ ကြည်ဖြူ။ ။
လူအသက်ပေါင်းများစွာကို ခြိမ်းခြောက်နေတဲ့ ကိုဗစ်ကပ်ရောဂါကို ကူးစက်ပျံ့ပွားမှာကို စိုးရိမ်တဲ့အတွက် အသွားအလာ ကန့်သတ်ခံထားတဲ့ Quarantine စင်တာတွေမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံထဲက အမျိုးသမီးတချို့အတွက် ကိုဗစ်အပြင် နောက်ထပ်ကြောက်စရာတစ်ခုတိုးလာပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်ဝင်းရှိ Quarantine စင်တာမှာ အသွားအလာ ကန့်သတ်ခံထားရတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ နိုဝင်ဘာ ၂၉ ညပိုင်းမှာ အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက်မှာ Quarantine စင်တာက အမျိုးသမီးတွေရဲ့လုံခြုံရေးအတွက် ဆွေးနွေးစရာတွေဖြစ်လာပါပြီ။

အရင်ကတော့ Quarantine စင်တာဝင်ရောက်နေခဲ့ရတဲ့ အမျိုးသမီးအချို့ဟာ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေတဲ့ အဖြစ်အပျက်တချို့ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း တောင်ကြီးသတင်းလောက် ဆိုးရွားတဲ့ အဖြစ်အပျက်တွေအထိတော့ မရှိခဲ့သေးပါဘူး။

တောင်ကြီးတက္ကသိုလ်ဝင်းရှိ Quarantine စင်တာမှာနေထိုင်ရင်း အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ရဲကိုတိုင်ကြားထားတဲ့ အမျိုးသမီးဟာ အဆိုပါနေ့ကမှ မြန်မာ-ထိုင်း နယ်စပ်မြို့ မြဝတီကနေ တောင်ကြီးကိုရောက်လာခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

စရောက်တဲ့ည၊ ဘုရားဝတ်ပြုနေစဉ် အမည်မသိ အမျိုးသားတစ်ဦး အခန်းအတွင်းသို့ ဝင်ရောက်လာပြီး လည်ပင်း ဓားထောက်ကာ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ပြီးနောက် ထွက်ပြေးသွားတယ်လို့ အဆိုပါအမျိုးသမီးပြောကြားချက်များနဲ့ ရဲမှတ်တမ်းများကို ကိုးကားပြီး သတင်းတွေကရေးသားပါတယ်။

တကျောြ့ပန် ရောဂါပိုးကူးစက်ခံရသူများလာတာနဲ့ အမျှ မြန်မာနိုင်ငံတဝှမ်း Quarantine စင်တာတွေမှာလည်း နေ့စဉ်နဲ့ အမျှ အသစ်ရောက်ရှိလာတဲ့ စောင့်ကြည့်ရမယ့် လူဦးရေတွေ တိုးလာပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ၂၀၂၀ ဒီဇင်ဘာ ၁ ရက် ည ၈ နာရီအထိ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၉၂,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁,၉၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

Quarantine စင်တာတွေမှာ စောင့်ကြည့်လူနာတွေကို ထားရှိမှု အခြေအနေက နယ်မြေဒေသအလိုက် မတူကွဲပြားမှုတွေ ရှိနေပါတယ်။

တစ်ချို့သော Quarantine စင်တာများတွင် စောင့်ကြည့်လူနာများကို ထားသည့်ပုံစံက အမျိုးသား၊ အမျိုးသမီး ခွဲခြားထား တာမျိုး မဟုတ်ဘဲ အခန်းကပ်လျက်၊ အရှေ့နောက်ပုံစံ အစရှိတဲ့ အနေအထားမျိုးတွေ ရှိနေတဲ့အတွက် ဒီလိုထားရှိ တဲ့ပုံစံက အမျိုးသမီးများအတွက်များစွာ မလုံခြုံမှုတွေ ရှိနေတယ်လို့လည်း အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူ ဒေါ်နန်းဖြူဖြူလင်းက ဆိုပါတယ်။

“ဒီဟာက ဘာကို ပြတာလဲဆိုတော့ အမျိုးသမီးတွေရဲ့လုံခြုံရေးရော၊ ပြည်သူတွေရဲ့ လုံခြုံရေးကိုပါ ထည့်သွင်းစဉ်းစား တတ်ဖို့ လိုနေပြီဆိုတာကိုပြတယ်”

“Quarantine စင်တာတွေ စလုပ် ကတည်းက စပြောတယ်။ တံခါးရောရှိရဲ့လား။ ဂျက်ကောထိုးရဲ့လား။ အစောင့်ရော ရှိလားဆိုတော့…ပိုတယ်တွေ ဘာတွေ လုပ်တာ” လို့ AGIPP မှနည်းပညာ အကြံပေး တစ်ဦးလည်း ဖြစ်သူ နန်းဖြူဖြူလင်းက ဆိုပါတယ်။

Quarantine စင်တာတွေမှာ နေဖို့ နေရာ စီစဉ်ပေးရုံအတွက်သာဆိုသည့် စဉ်းစားချက်မျိုမဟုတ်ဘဲ၊ အမျိုးသမီးတွေရဲ့ လုံခြုံရေးက လည်း အရေးကြီးကြောင်းကို ပြောခဲ့သော်လည်း ယင်းအလုပ်တွေမှာ အပိုအလုပ်တွေပါလို့ ထင်နေခဲ့ကြကြောင်း၊ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပြောဆိုမှုတွေ လက်ခံခဲ့ပါက အခုလို ဖြစ်စဉ်မျိုးတွေ ဖြစ်လာစရာ အကြောင်းမရှိကြောင်း နန်းဖြူဖြူလင်းက မှတ်ချက်ပြုပါတယ်။

တောင်ကြီးတက္ကသိုလ်ဝင်းအတွင်းရှိ Quarantine စင်တာတွင် ဖြစ်ပွားခဲ့သော ဓားထောက်မုဒိမ်းမှုကျုးလွန်ခြင်းနဲ့ ပတ်သက်၍ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ဒေသအသီးသီးမှ အရပ်ဖက် အဖွဲ့အစည်း ၃၀၀ ကျော်တို့က ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၁ရက်နေ့က သဘောထား ထုတ်ပြန်ချက် ကြေညာခဲ့ပါတယ်။

“ကျမကိုယ်တိုင်ကလည်း အခု တောင်ကြီးမှာ ရောက်နေတာလေ။ တောင်ကြီး အဖွဲ့နဲ့ပဲ ရှုံ့ချတဲ့ အထဲမှာ ပါတယ်။ နာမည် လည်း ထည့်ထားပေးတယ်” လို့ နန်းဖြူဖြူလင်းက ပြောပါတယ်။

အခုဖြစ်သွားခဲ့တဲ့ တောင်ကြီးတက္ကသိုလ် အဆောက်အဦးမှာ ပတ်ဝန်းကျင် အနေအထားအရ လုံခြုံမှု မရှိသလို လူသူကင်းမဲ့ တဲ့နေရာမျိုးမှာလည်း ဖြစ်တယ်လို့ မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံ( Myanmar Institute of Peace & Security Studies) မှ မပန်းမြိုင် က ဆိုပါတယ်။

“သူတို့ တစ်ယောက်တစ်ခန်းစီနေရတယ်။ တစ်ယောက်တစ်ခန်းစီ ထားထားတဲ့ နေရာမှာ ဖြစ်သွားတယ်။ နောက်နောင် မဖြစ်အောင် ဒီပြည်နယ် အစိုးရကနေပြီးတောမှ အမျိုးသမီးတွေအတွက်ပဲဖြစ်ဖြစ် Quarantine စင်တာကပဲ ဖြစ်ဖြစ် လုံခြုံ ရေးတွေကို တိုးမြှင့်ချထားပေးဖို့နဲ့ တကယ်ဂရုစိုက်ပေးဖို့လိုပါတယ်”လို့ မပန်းမြိုင်ကဆိုပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားရှိ Quarantine စင်တာများတွင် အမျိုးသမီးများအတွက် လုံခြုံမှုမရှိခြင်းကြောင့် စက်တင်ဘာလ အ တွင်းကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ Quarantine စင်တာတွင် ကန့်သတ်ခြင်း ခံထားရ သည့် အမျိုးသမီးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည့် ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ဖူးသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ပညာရေးကောလိပ် ခြံဝင်းရှိ Quarantine စင်တာတွင် နေထိုင်ခဲ့တဲ့ အမျိုးသမီးများ လုံခြုံမှု မရှိသလို စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ရှိနေခဲ့တာကြောင့် ကာယကံရှင် အမျိုးသမီးများ ကိုယ်တိုင်က၎င်းတို့ ကြုံ တွေ့ခဲ့ရတဲ့ အခက်အခဲတွေကို DVB သတင်းဌာနသို့ စက်တင်ဘာလအတွင်းက ပြောဆိုထားပါတယ်။

Photo: Kyi Phyu (HI)

ထိုသို့ ဖြစ်စဉ်မျိုးများရှိနေသည့် အတွက် Quarantine စင်တာများတွင် အမျိုးသမီးများအတွက် လုံခြုံရေးကို ဘက်စုံ ထောင့်စုံမှ ထားရှိရန်အတွက် တောင်းဆိုမှုများ ပြောသည့်အခါတွင်တွင် လက်မခံသည့် ဖြစ်ရပ်များလည်း ကြုံတွေ့ ရကြောင်း နန်းဖြူဖြူလင်း က ပြောပါတယ်။

“တမြို့ထဲသာချင်းပဲ ဘယ်သူကလုပ်မှာစိုးလို့လဲ။ ဘယ်သူက လုပ်မှာ မိုလို့လဲ။ ဘာလဲ။ ညာလဲ ။ ရွာမှာပဲ ဒီလောက်လုပ် တာကိုပဲ နင်တို့က ကျေးဇူးတင်ဦးဆိုတဲ့ ဟာတွေ ရှိတယ်။ အခုတော့ မဖြစ်သင့်ပဲ ဖြစ်သွားတဲ့ဟာဖြစ်တယ်” လို့ နန်းဖြူဖြူ လင်းက ပြောပါတယ်။

အဓမ္မပြုကျင့်တဲ့အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည့် တောင်ကြီးရှိ Quarantine စင်တာတွင် ရှိနေခဲ့သည့် အမျိုးသမီးများအား မေးမြန်းရန် HI သတင်းဌာနမှ သွားရောက်ခဲ့သော်လည်း ၎င်းတို့နှင့်တိုက်ရိုက် အဆက်အသွယ်မရခဲ့ပါ။

“ အဲ့ဒီကောင်ကလည်း ဘယ်ကနေ ဝင်လာမှန်း မသိဘူး။ ရဲတွေလည်း စစ်ဆေးနေတုန်းပဲ”လို့ တောင်ကြီး တက္က သိုလ်တက္ကသိုလ်ဝင်းအတွင်းရှိ Quarantine စင်တာတွင် ကြီးကြပ်နေသူ အမျိုးသားက ဆိုပါတယ်။

Quarantine စင်တာတွင် အမျိုးသား နဲ့ အမျိုးသမီး ခွဲထားဖို့နှင့် ခွဲထားပြီးပါကလည်း မတွေ့ရဖို့ စည်းမျဉ်း၊ စည်းကမ်းများ သတ်မှတ်ထားကြောင်း သို့သော်လည်း ဒေသဆိုင်ရာ ကိုဗစ်ကော်မတီ အဖွဲ့ဝင်များ၏ ထိန်းချုပ်မှုမှာ မတူညီခြင်းများ ရှိနိုင်ကြောင်း ပြည်သူ့ကျန်းမာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုး က ဆိုပါတယ်။

“လုံခြုံရေးစည်းချိုးဖောက်တာတွေ ရှိတာပေါ့။ ဒါပေမယ့် ဒီလိုမျိုး Rape ကတော့ မကြားဖူးဘူးပေါ့။ ကျနော်တို့ ဗဟိုအနေနဲ့ ကြားဖူးတာ ဒါပထမ ဆုံးပါဘဲ” လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

တောင်ကြီးအဖြစ်အပျက်ကို လိုက်လံစုံစမ်းနေသည့် အဆင့်သာ ဖြစ်သဖြင့် ဖြစ်စဉ်အသေးစိတ်ကို ပြောပြ၍ မရသေးကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူး နေမျိုး ကပြောပါတယ်။

“ကျနော် လိုက်ပြီးတော့ အလုပ်လုပ်နေလို့ပါ။ ဆောင်ရွက်နေလို့ပါ။ ကျနော်တို့ လုပ်ငန်းမပြီးသေးရင် မကောင်းဘူးဗျ။ အဲ့တာကြောင့် စောလွန်းနေသေးတဲ့ အတွက်ပါ” လို့ ရဲမှူး နေမျိုးက ပြောပါတယ်။

လက်ရှိအချိန်မှာ တောင်ကြီးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိမ်းမှုနဲ့ အမှုဖွင့်ထားပါတယ်။

Related Articles