အင်တာဗျူး
စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှာ တိုင်းပြည်အာဏာကို မတရားသိမ်းယူလိုက်တဲ့အတွက် တစ်နိုင်လုံးက စစ်အာဏာရှင်ကို လက်နက်ကိုင်မှုအပါအဝင် နည်းမျိုးစုံနဲ့ အပြင်းအထန်တော်လှန်နေကြတာဖြစ်ပါတယ်။
ဒီထဲမှာ အမျိုးသမီးတွေလည်း ကဏ္ဍအသီးသီးမှာပါဝင်နေတဲ့အတွက် စစ်တပ်ရဲ့ဖမ်းဆီးထိန်းသိမ်းတာခံခဲ့ကြရပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ထုတ်ပြန်စာရင်းတွေအရ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသူ စုစုပေါင်း ၃၉၆၅ ဦးဟာ ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။
ပုဒ်မအမျိုးမျိုးနဲ့ စွတ်စွဲဖမ်းဆီးခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်တွေ၊ အချုပ်ခန်းတွေနဲ့ စစ်ကြောရေးတွေမှာ လူမဆန်အောင်နှိပ်စက်ခံနေရတဲ့အပြင် မုဒိမ်းကျင့်တဲ့ဖြစ်စဉ်တွေပါရှိနေတာပါ။ ထောင်ထဲမှာဆိုလည်း လူ့ဂုဏ်သိက္ခာနဲ့အညီမထားဘဲ ကျွန်လိုသဘောထားပြီး နည်းမျိုးစုံနဲ့ ဖိနှိပ်ထားတယ်လို့ နိုင်ငံရေး အကျဉ်းသူတွေကဆိုပါတယ်။
ဒီလိုအမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေရဲ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်ပြီး မှတ်တမ်းယူနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဦးဆောင်ကော်မတီဝင် ဖြစ်တဲ့ ကိုသိုက်ထွန်းဦးကို HI က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ အာဏာသိမ်းဖို့ကြိုးပမ်းနေတဲ့ ၃ နှစ်တာကာလအတွင်း ဖမ်းဆီးခံရတဲ့နိုင်ငံရေး အကျဉ်းသူတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေကဘယ်လိုရှိပါလဲ။ ဘယ်လိုဖိနှိပ်မှုတွေ ကြုံတွေ့နေကြရပါလဲ။
ဖြေ ။ ။ အာဏာသိမ်းပြီး ၃ လလောက်အထိက အကျဉ်းထောင်ထဲမှာ ပြဿနာကြီးကြီးမားမားမရှိပေမယ့် နှစ်ဝက်နောက်ပိုင်းမှာ ဖမ်းဆီးခံရတဲ့အမျိုးသမီးဆိုရင်တော့ စစ်ကြောရေးတွေမှာအစ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာ၊ အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးတွေရှိတယ်။
ဖမ်းဆီးတဲ့အချိန်မှာလည်း အမျိုးသမီးတွေကို ရဲမေတွေက ဖမ်းဆီးရမယ့်တာဝန်ရှိပေမယ့် တကယ့်မြေပြင်မှာက အမျိုးသမီးတွေကို လာဖမ်းတဲ့အချိန်မှာ ရဲမေတစ်ဦးတစ်ယောက်မှမပါဘဲနဲ့ စစ်တပ်နဲ့ ရဲတွေ အထူးသဖြင့် အမျိုးသားတွေက အုပ်စုလိုက်လာဖမ်းတာတွေရှိတယ်။ နောက်ဖမ်းဆီးချိန်မှာလည်း သူတို့စိတ်မကြည်ရင် မကြည်သလိုမျိုးဖမ်းဆီးနှိပ်စက်ခံရတဲ့အမျိုးသမီးတွေလည်းရှိတယ်။
အဲ့ဒီထက်ပိုပြီး ဆိုးဝါးတာက သူတို့ကိုသတင်းပေးတိုင်ကြားလို့ လာရောက်ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေ ဆိုလို့ ရှိရင်အကျဉ်းထောင်ထဲမှာ နှုတ်နဲ့ စိတ်ရော လူပါ ညှင်းပန်းနှိပ်စက်မှု နှစ်ခုလုံးကိုလုပ်လေ့ရှိတယ်။ တချို့အမျိုးသမီးလေးတွေဆို အသက်အရွယ်အားဖြင့်လည်း ငယ်တယ်။ ရုပ်ရည်အားဖြင့်လည်း ချောမောတဲ့သူတွေ သူတို့ ကြိုက်နှစ်သက်တဲ့အမျိုးသမီးအကျဉ်းသူတွေကိုသူတို့နဲ့အတူနေဖို့မြူဆွယ်တယ်။ ခြိမ်းခြောက်တယ်။ လက်မခံရင်တော့ အာဏာသုံးပြီး အဓမ္မပြုကျင့်တာပေါ့။
စစ်ကြောရေးမှာဆိုလည်း မုဒိမ်းမှုကျူးလွန်ခံရတဲ့အမျိုးသမီးတွေအနေနဲ့ကတော့ လက်ရှိမြန်မာပြည် ရဲ့ယဉ်ကျေးမှုအရ ကျနော် ပြောပြလို့မရဘူး။ ဒါကလည်း စစ်ကြောရေးခန်းတွေမှာ အမျိုးသမီးတွေအပေါ်မှာ အဓမ္မပြုကျင့် တာတွေရှိတယ်လို့ ကာယကံရှင်တွေရဲ့ပြောကြားချက်အရ တိတိကျကျ ကျနော်တို့ပြောနိုင်ပါတယ်။
အာဏာသိမ်းပြီး နှစ်ဝက်လောက်ကစလို့ အကျဉ်းထောင်တွေထဲမှာ CCTV တွေတပ်ဆင်ထားတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို မြင်ရတဲ့နေရာတွေမှာပါ တပ်ဆင်ထားတာပေါ့။ ပြီးတော့ အဲ့ဒီ CCTV တွေကိုလည်း လုံခြုံရေးအကြောင်းပြချက်အရ ထောင်အာဏာပိုင်တွေနဲ့ အာဏာရှိသူတွေက စစ်ဆေးတာတွေလုပ်တဲ့အခါမှာဆိုရင် အမျိုးသမီးတွေ မဖော်ပြချင်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ CCTV ကတဆင့် ကြည့်တာတွေရှိခဲ့တယ်။
အထူးသဖြင့် မန္တလေးအိုဘိုအကျဉ်းထောင်မှာ အဲ့ဒီပြဿနာတွေ အတော်လေးဖြစ်ခဲ့တယ်။ အမျိုးသမီးတွေကို ဖိနှိပ်ဖို့ အမျိုးသမီးတွေကို ဒီအတိုင်းလွတ်ထားလို့မရဘူးဆိုတဲ့အကြောင်းပြချက်နဲ့ စနစ်တကျ အမျိုးသမီးအခွင့် အရေးတွေကို ပိတ်ပင်တာတွေရှိတယ်။
၂၀၂၂/၂၃ မှာတော့ အမျိုးသမီးတွေကို ဝန်ထမ်းအမျိုးသားတွေနဲ့ တခြားရာဇဝတ်မှုနဲ့အကျဉ်းကျလာတဲ့သူတွေပါ အမျိုးသမီးအိပ်ဆောင်ထဲအထိ ဝင်ရောက်ပြီး စီးနင်းရိုက်နှက်တာတွေ၊ ပုဆိုးလှန်ပြတာတွေ အဲ့လိုကိစ္စအထိ ဆိုး ဆိုးဝါးဝါး ကျူးလွန်တာမျိုးအထိရှိတယ်။ အမျိုးသမီးအဆောင်တွေကို အမျိုးသားတွေက ဝင်ရောက်ဖြိုခွင်းတာ၊ ရိုက်နှက်တာတွေက ၂၀၂၂/၂၃ မှာအတော်လေး တွင်တွင်ကျယ်ကျယ်လုပ်လာတယ်။
၂၀၂၂ ထဲမှာလည်း မန္တလေး အိုဘို၊ အင်းစိန်၊ သာယာဝတီ၊ မအူပင်အကျဉ်းထောင်တွေမှာ အမျိုးသမီးတွေကို ရုံးထုတ်ရုံးပြန်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ အမျိုးသမီးတွေရဲ့လိင်အင်္ဂါတွေထဲ လက်ထိုးနှိုက်စစ်ဆေးတာတွေ အဲ့ဒါတွေက အိမ်ထောင်ရှင်အမျိုးသမီးတွေသာမက အမျိုးသမီးငယ်လေးတွေကိုပါ လုံခြုံရေး အကြောင်းပြချက်နဲ့ လုပ်တာပေါ့။ ဒါက အိမ်ထောင်ကျတဲ့အမျိုးသမီးတွေကိုတောင် လုပ်ဖို့သင့်တဲ့ကိစ္စမဟုတ်ဘူး။ သူတို့ရဲ့ ကိုယ်ခန္ဓာကို ခွင့်ပြုချက်မရဘဲ နှိုက်ယူ စစ်ဆေးတာအထိ ကျူးလွန်ခံရတယ်။ အဲ့လိုနှိုက်ယူစစ်ဆေးတာကို အမျိုးသမီးဝန်ထမ်းတွေကလုပ်ကြတာပေါ့။ အမျိုးသမီးဖြစ်စေ အမျိုးသား ဖြစ်စေ ဒီထဲမှာလိင် စိတ်ခံယူမှု ကွဲပြားသူတွေလည်း ရှိနေနိုင်တယ်။ ဒါတွေကလည်း အခွင့်အရေး ချိုးဖောက်ခံရမှုတွေပါ။
နောက်အမျိုးသမီးတွေကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုပြီး အဆောင်ရှေ့လူမြင်ကွင်းမှာ အင်္ကျီ၊ထမီနဲ့ အတွင်းခံတွေ ချွတ်ခိုင်းပြီးတော့ အဝတ်မဲ့ရှာဖွေတယ်။ တချို့ဆို အရသာခံကိုင်ပြီး ပါးစပ်ကလည်း ဟိုလိုနော် ဒီလိုနော်နဲ့ ပြောခံရတယ်။ ရုံးထုတ်ထွက်ရင် အဆောင်ထိပ် ၊ မ- ချုပ် (၁)၊ ထောင်ဘူးဝရယ် ပေါင်းသုံးနေရာအသွားအပြန် အဆင့်ဆင့်ရှာဖွေပါတယ်။ နေမကောင်းလို့ ထောင်ဆေးရုံသွားပြလည်း အဆင့်ဆင့်ရှာဖွေပါတယ်။ ဖင်ကြားတွေ တင်မကဘူး။ တခါတလေ ဆံပင်ကို တစ်ပင်ချင်းဖြဲပြီး ရှာဖွေတယ်။
နည်းပညာခေတ်ကြီးထဲမှာ အဝတ်အစားတွေ ချွတ်ခိုင်းစရာမလိုဘူး။ မန္တလေးအိုးဘိုအကျဉ်းထောင်မှာဆို X-Ray စက်တွေရှိတယ်။ အဲဒီစက်ကနေ ဖြတ်ခိုင်းလိုက်ရင် ဘယ်သူမဆို သူတို့ပြောတဲ့ဟာတွေပါ/မပါ သိနိုင်တယ်။ ဒါကအမျိုးသမီးတွေရဲ့ အရှက်နဲ့သိက္ခာကို သပ်သပ်စော်ကားတာလို့ မြင်တယ်။
လိင်ပိုင်းဆိုင်ရာလို့ ပြောတဲ့အခါမှာ ရုပ်ရော စိတ်ကိုပါ လုပ်ဆောင်တာတွေရှိတယ်။ တခါ သမီးနဲ့ အမေအတူ ဖမ်းဆီးခံရတဲ့ အချိန်က အမေရဲ့ထွက်ဆိုချက်ရဖို့အတွက် “ခင်ဗျားရဲ့သမီးနဲ့အတူ အိပ်လိုက်ရမှာလား။”ဆို တဲ့စကားလုံးတွေနဲ့ အနိုင်ကျင့်တာပေါ့။ အမျိုးသမီးတွေကိုဆိုလည်း“နင် အိမ်ထောင်ကျထားပြီးသားလား။” ဆိုတဲ့ စကားတွေအပြင် ရုတ်ရင်းကြမ်းတမ်းတဲ့ စကားတွေနဲ့ စစ်ဆေးမေးမြန်းရာမှာ အများဆုံးကျုးလွန်ခံရတာက စစ်ကြောရေးမှာဖြစ်ပါတယ်။ အသက် ၁၈ နှစ်နဲ့ ၂၅ နှစ် ကြား အမျိုးသမီးငယ်တွေဆိုရင် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရတာတွေရှိတယ်။
မေး ။ ။ ဘယ်သူတွေက အများဆုံးကျူးလွန်နေကြပါသလဲ။ ကျူးလွန်ခံရမှုအပေါ်မှာ တိုင်ကြားတာတွေ၊ အရေးယူမှုတွေ ရှိပါသလား။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့နိုင်ကျဉ်းသူအရေအတွက်ဘယ်လောက်ရှိပါသလဲရှင့်။
ဖြေ ။ ။ အမျိုးသမီးတွေဟာ အကျဉ်းထောင်ထဲရောက်တာနဲ့ သူတို့လိင်အင်္ဂါတွေကို အဓမ္မပြုကျင့်တာမခံ ရတဲ့ တိုင်အောင် ရင်ဘတ်တွေကို စောင့်ကန်တာ။ အမျိုးသမီးတွေကို လည်ပင်းညှစ်ဆွဲပြီး အောက်ကို လဲချလိုက်တာမျိုး အပေါ်ကနေထက် ဖိပြီး အဓမ္မပြုကျင့်တာတွေလည်း ခံရတာတွေရှိတယ်။ ပြီးမြောက်မှု အောင်မြင်မှု တစ်ခု အထိ မရောက်သွားရင်တောင်မှ လိင်အကြမ်းဖက်ကို ဦးတည်တဲ့လုပ်ရပ်တွေကို စစ်ကြောရေး မှာရှိတဲ့ အရာရှိ ဝန်ထမ်းတွေပြုကျင့်တာတွေရှိသလို သူတို့ မရှိရင်လည်း လက်အောက်ငယ်သားတွေက ဒီလိုလုပ်ရပ်တွေလုပ် ဆောင်လေ့ရှိတယ်။
အမျိုးသမီးတွေလိင်ပိုင်းဆိုင်ရာအစော်ကားခံရဆုံးနေရာပြောပါလို့ဆိုရင် စစ်ကြောရေးမှာအဓိကစော်ကားခံနေ ရတယ်။ စစ်ကြောရေးမှာ အမျိုးသမီးရဲ့လိင်အင်္ဂါတွေကို တုတ်တွေနဲ့ထိုးတာ၊ မီးတွေနဲ့ရှို့တာ၊ ဓါးတွေမွှန်းတာအဲ့ ဒါအပြင်လူကိုဇောက်ထိုးဆွဲထားပြီး နှိပ်စက်တာစတာတွေလည်း ကျူးလွန်ခံရတယ်။ စစ်ကြောရေးမှာ စစ်ဆေး ရေး လုပ်ရင် ဘယ်သူမှ ဝင်ရောက်ခွင့်မရှိတော့ သူတို့စိတ်တိုင်းကျပြုလုပ်ခံရတယ်။ သူတို့ကလည်း သက်သေတွေ မကျန်အောင် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာတွေလုပ်လေ့ရှိတယ်။ စစ်ကြောရေးရဲ့သဘောသဘာဝအရ ရာထူးတွေမခေါ်ဘူး။ ယူနီဖောင်းတွေမဝတ်ကြဘူးပေါ့။ အဲ့တော့ သူတို့က ဘယ်သူဘယ်ဝါဆိုတာ မြင်တွေ့ခွင့်မရကြဘူး။ စစ်ဆေးခံရမယ့်သူတွေကို မျက်နှာကို အုပ်ထားပြီး စစ်ဆေးတာတွေလည်းရှိတယ်။ ဒါ့ကြောင့် ကျူးလွန်ခံရသူတွေဟာ ကျူးလွန်တဲ့သူတွေရုပ်ကို မှတ်မိသလိုရှိပေမယ့် သူတို့ ဘယ်သူ၊ ဘာရာထူးဆိုတာ မသိကြဘူး။ ကျနော်တို့စစ်ကြောရေးက ထွက်လာတဲ့သူတွေကို မေးတိုင်း ဒီလိုအ ဖြေတွေအများဆုံးထွက်ဆိုကြတယ်။
လက်ရှိစစ်ကောင်စီအောက်မှာ ဖြစ်ခဲ့ သမျှအားလုံးက တိုင်ကြားနိုင်မယ့် ယန္တရားမရှိဘူး။ လူ့အခွင့်အရေးကြေညာ စာတမ်းအပိုဒ် ၉၊ ၁၀ မှာဆိုရင် လူသားတစ်ယောက်အနေနဲ့ ကျူးလွန်ခံရသူတစ်ယောက်အနေနဲ့ ဥပဒေယူပိုင်ခွင့် ရှိတယ်ဆိုတာကို ပြဌာန်းထားတယ်။ ဒါပေမဲ့ တကယ့်မြေပြင်မှာတော့ အရပ်သားအချင်းချင်းကျူးလွန်တဲ့ အမှုတွေကိုတော့ တိုင်ကြားလို့ရပေမယ့် အာဏာပိုင်တွေကျူးလွန်တဲ့အမှုတွေကိုတော့ ဘယ်သူ့ကို သွားတိုင် ကြားရ မလဲဆိုတဲ့မေးခွန်းတွေရှိလာတာပေါ့။ လက်ရှိမှာလည်း စစ်ကောင်စီကို အရေးယူနိုင်မယ့် တရားသူကြီး တွေက လည်း စစ်တပ်ရဲ့အသုံးတော်ခံ ရုပ်သေးသာသာ အဆင့်ရှိတဲ့အထဲမှာ ရဲတွေကို အရေးပြန်ယူပေးဖို့ဆိုတဲ့ လုပ်ရပ် တွေကခေတ်ကာလတစ်ခုအနေနဲ့ လုံးဝကိုမဖြစ်နိုင်တဲ့ အခြေအနေဖြစ်တာပေါ့။ အဲ့တော့ တိုင်ကြားမှုတွေမှာ ဘယ်လောက်ပဲတိုင်ကြားခဲ့တာဖြစ်စေအရေးယူဆောင်ရွက်ပေးတာမရှိဘူး။
အမျိုးသမီးတွေလို့ပြောလိုက်ရင် မုဒိမ်းကျင့်မှ မဟုတ်ဘူး။ အမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာအရ စိတ်ပိုင်းဆိုင် ရာအရ စော် ကားပြောဆိုမှုတွေက တော်တော်လေးကို ဆိုးဆိုးဝါးဝါးအကျဉ်းထောင်တွေမှာ ဖြစ်တယ်။ ကျူးလွန် ခံရတဲ့အမျိုးသမီးဦးရေကတော့ ရာဂဏန်းလောက်ရှိပါတယ်။
မေး ။ ။ နာတာရှည်ဝေဒနာခံစားနေရတဲ့အမျိုးသမီး နိုင်ကျဉ်းသူတွေဟာ ဆေးဝါးကုသခွင့်မရတာကြောင့် သေဆုံးရတဲ့ အခြေအနေတွေရှိတယ်လို့ သိရတယ်။ ဘယ်လိုတွေကြောင့် သေဆုံးသွားရတယ်ဆိုတာရှင်းပြပေးပါဦး။
ဖြေ ။ ။ လက်ရှိမှာ ပြင်ပဆေးရုံတွေမှာ ဆေးဝါးကုသနေရတဲ့နိုင်ငံရေးအကျဉ်းသူတွေရှိတယ်။ ပြင်ပဆေးရုံမှာ ကုသခွင့်ရဖို့ က ၂ လလောက်ကြာတယ်။ အပြင်ဆေးရုံမှာ ဆေးကုဖို့ စာကျလာရင်တော့ ပြင်ပမှာဆေးဝါးကုသခွင့်ရပေမယ့် အမြဲတမ်း ပြင်ပဆေးရုံမှာ လွတ်လပ်စွာကုသခွင့်ရနေတာမျိုးတော့ မဟုတ်ဘူး။ အနည်းငယ်သက်သာတာနဲ့ အကျဉ်းထောင်ကို ပြန်ပို့တာတွေလုပ်တယ်။ နာတာရှည်ရောဂါဝေဒနာရှင် အမျိုးသမီးတွေဟာ ပြင်ပ ဆေးရုံတက်ခွင့်ရဖို့ ကြိုးစားနေရတယ်။ ပြင်ပဆေးရုံမှာတက်တဲ့ ကုန်ကျစရိတ်တွေရှိတယ်။ အဲ့ တော့ နွမ်းပါး တဲ့ မိသားစုတွေက အကျဉ်းသူဝေဒနာရှင်တွေကို ကုသပေးဖို့ ငွေကြေးခက်ခဲရှိကြတယ်။ အကျဉ်းသူတွေကလည်း အိမ်ကပို့တဲ့ဆေးဝါးနဲ့ စားစရာတွေမှီခိုနေရတာပါ။
အထူးသဖြင့် အကျဉ်းသူအများစုဟာ အစာအိမ်ကင်ဆာ၊ သွေးကင်ဆာ၊ ကျောက်ကပ်နဲ့ တချို့အမျိုးသမီး တွေဟာ မီးယပ်နဲ့ သားအိမ်ရောဂါဝေဒနာတွေခံစားနေရတာတွေရှိတယ်။ နောက် ဆီးချို၊ လိပ်ခေါင်း၊ သွေးတိုးစတဲ့ ဝေဒနာရှင်တွေလည်း ရှိပါတယ်။ သူတို့တွေဟာ အခြေခံဆေးဝါးကုသခွင့်တောင်ရမနေကြဘူး။ နောက်တခုဆိုးတာက ဒီလိုဝေဒနာရှင်တွေက အများအားဖြင့် အစားအသောက်ရှောင်ရတာတွေရှိတယ်။ သွေးကင်ဆာသမားတွေ ဆိုရင် ဆီကြော်တွေ၊ ငရုတ်သီးစတာ တွေနဲ့ မတည့်ဘူး။ ထောင်မှာကျွေးတဲ့ဟင်းတွေက ငရုတ်သီးတွေများတယ်။ အဲ့တော့ သူတို့အတွက် အတော်လေးခက်ခဲပါတယ်။ လိပ်ခေါင်းသမားတွေဆိုလည်း အိမ်သာတွေ မလုံ လောက်တာတာ၊ အိမ်သာသွားချိန်တွေ သတ်မှတ်ထားလို့ အခက် အခဲတွေဖြစ်ရတယ်။ ကျောက်ကပ်သမားတွေဆိုလည်း ဆေးလုံလောက်အောင်မရလို့ ဆေးမကုရလို့ သေဆုံးရတဲ့သူက ၆ ဦးထက်မနည်းရှိပါတယ်။ ထောင်ထဲမှာ နေမကောင်းဖြစ်ရင် ထောင်က အမြဲပေးတဲ့ ပါရာစီတမောရောင်စုံတွေနဲ့ ရက်လွန် ပြီး အရည်ပျော်နေတဲ့ ဆေးတွေလည်းသောက်ရတယ်။
မေး ။ ။ နိုင်ကျဉ်းတွေထဲမှာ ကိုယ်ဝန်ဆောင်သည်တွေလည်းပါတယ်ဆိုတော့ သူတို့အခြေအနေကဘယ်လိုရှိပါ သလဲ။ မီးဖွားခွင့်ရောအလွယ်တကူရကြသလား။
ဖြေ ။ ။ တချို့ဆိုရင် ထောင်ထဲရောက်မှ ကိုယ်ဝန်ရှိမှန်းသိတဲ့သူနဲ့ ကိုယ်ဝန်လနုနုနဲ့ ရောက်လာတဲ့သူနဲ့ သူတို့ တွေ ဟာအများနဲ့ တန်းတူနေရတယ်။ အဲ့တော့ စိတ်ပိုင်းဆိုင်ရာအဆင်မပြေတာတွေ အများဆုံးဖြစ်ကြတယ်။ ဘာလို့ ဆိုအများ နဲ့အတူ နေရတဲ့အတွက် အိပ်ရင် ဟောက်တတ်သူ၊ သီချင်းဆိုအိပ်တတ်သူစတဲ့နေထိုင်မှု မတူတာတွေ ကြောင့် အိပ်ရေး မဝတာ၊ စိတ်မ ကြည်တာ၊ အခန်းဖော်က ဆေးလိပ်သောက်တတ်ရင် အဲ့ဒီအငွေ့ရှုရတာတွေက အတော်ကိုအဆင်မပြေပါဘူး။ နောက်အိပ်ရတဲ့ ကြမ်းခင်း မညီညာတာ၊ ကြမ်းပိုးထိုးတာတွေကြောင့် အိပ်မရ တာတွေဖြစ်တယ်။ နောက်အသံတွေ ဆူတာ၊ အော်ဟစ်တာတွေကြောင့် သွေးလန့်တာတွေလည်း ဖြစ်ကြတယ်။ ဒီလိုနိုင်ကျဉ်း ကိုယ်ဝန်ဆောင်တွေကို စနစ်တကျ စောင့်ရှောက်မှုမရတဲ့အတွက် စိတ်အဆင်မပြေတာတွေ ဖြစ် ကြရတယ်။
ကိုယ်ဝန်ဆောင်တွေက မီးဖွားဖို့အတွက် စာကြိုတင်ရပါတယ်။ တချို့ဆို စာပြန်တာနောက်ကျလို့ ထောင်ထဲမှာ လက်သည် လည်းမရှိ ဆရာဝန်လည်းမရှိဘဲ အခန်းဖော်အချင်းချင်း ဖေးကူရင်း မွေးပေးလိုက်ရတဲ့ သူတွေ လည်း ရှိတယ်။ တချို့ဆိုမွေးဖို့ ခက်ခဲတာကြောင့် မီးတွင်းထဲမှာ မိခင်နဲ့ ကလေးပါ သေဆုံးရတဲ့ဖြစ်စဉ် တွေ လည်းရှိ နေ ပါတယ်။ နောက်မိခင်နိုင်ကျဉ်းသူနဲ့ အတူပါလာတဲ့ ရင်ခွင်ပိုက်ကလေးငယ်တွေဆိုလည်း ဆေးကုသခွင့်မရတာ၊ ဆရာဝန်လာတာနောက်ကျတာတွေကြောင့် သေဆုံးမှုတွေရှိပါတယ်။
မန္တလေးအိုးဘိုအကျဉ်းထောင်မှာဆိုရင် အမျိုးသမီးအကျဉ်းသူအချင်းချင်းက ကလေးမွေးပေးတဲ့ ကိစ္စဖြစ်ပွား ခဲ့တယ်။ ဆရာဝန်တွေ၊ နာစ့်တွေနဲ့ သားဖွားဆရာမကလည်း အချိန်မီမရောက်လာဘူး။ အဲ့တော့ အကျဉ်းသူအချင်း ချင်းကမွေးပေး ခဲ့ရတဲ့ဖြစ်စဉ်တွေဟာ ၂၀၂၃ ထဲမှာ ကိုယ်ဝန်ဆောင် သုံးဦးကို မွေးပေးခဲ့ရတာဖြစ်ပါတယ်။
မေး ။ ။ နိုင်ကျဉ်းသူတွေ လစဉ်သုံးပစ္စည်းတွေလုံလောက်အောင်မရတာ၊ အတွင်းခံတွေမလုံလောက်တာကြောင့် ဘယ်လို ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါသလဲရှင့်။
ဖြေ။ ။အကျဉ်းထောင်ထဲက အမျိုးသမီးတွေရဲ့အဓိကပြဿနာက ထောင်ကပေးတဲ့အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေမလုံလောက်တာ၊ လောက်လောက်ငှငှမရရှိတာပေါ့။ ဒါ့ကြောင့် အကျဉ်းသူတွေရဲ့ထဘီတွေ၊ အိမ်ကပို့လိုက်တဲ့ ထဘီတွေနဲ့ သူတို့ ဖြေရှင်းနေရတယ်။ ငယ်တဲ့အမျိုးသမီးလေးတွေဆိုရင် အတွင်းခံမရှိလို့ လစဉ်သုံးတွေ မရှိလို့ ငိုတာတွေရှိတယ်။ တချို့ဆို အကန့်အသတ်နဲ့အဝတ်လျှော်ရတော့ ဒီသွေးစွန်းညစ်ပေနေတဲ့ဟာတွေကို ထပ် တလဲလဲပြန်သုံးကြတယ်။ အဝတ်လျှော်ပြီးရင်လည်း လှန်းဖို့နေရာက မလုံလောက်တော့ မြေကြီးပေါ်မှာ လုံချည် စုတ်ခင်းပြီး လှန်းရတယ်။ လှမ်းဖို့ နေရာလည်း ဦးရာလူစနစ်နဲ့သွားတာပါ။ မိုးရာသီရောက်ရင် ပိုဆိုးတာပေါ့။ မ ခြောက်တခြောက်အဝတ်တွေ ပြန်ဝတ်ရတယ်။ နောက်ဆက်တွဲအနေနဲ့ ယားနာတွေပေါက်တာ၊ အဖြူဆင်းတာတွေဖြစ်တယ်။ မိန်းမကိုယ်မသန့်ရှင်းတဲ့ပြဿနာကတော့ အများဆုံးဖြစ်နေတယ်။ နောက်ထောင်ထဲမှာ မိုးယိုတာလည်းရှိတော့ တချို့ဆိုနာဖျားတာ ခဏခဏဖြစ်တယ်။ အဆုတ်အအေးပတ်တာတွေဖြစ်ကြတယ်။ အဲ့ဒီဒဏ်တွေ ကိုခံနေကြရတယ်။ အတွင်းခံတွေ ဘာတွေဆိုတာကလည်း မိသားစုက ပို့မှဝတ်ရတာ။ အဲ့တော့ မိသားစုက နွမ်းပါးရင် အဝေးမှာရှိတဲ့သူတွေက ပိုခက်ခဲတာပေါ့။ အဲ့ဒါတွေ ကြောင့် အကျဉ်းသူအမျိုးသမီးအများစု အတွင်းခံ မပါဘဲနေရတယ်။ အဲ့တော့ ဘာတွေဖြစ်လာလဲဆို တော့ အာဏာပိုင်တွေဖြစ်ဖြစ် ဝန်ထမ်းတွေဖြစ်ဖြစ် အကျဉ်းသူအချင်းချင်းဖြစ်ဖြစ် အဓမ္မကျူးလွန်တဲ့ကိစ္စတွေဖြစ်လာတာပေါ့။ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခံရတာတွေလည်းရှိလာတယ်။
နောက်တစ်ခုကတော့ နွေရာသီမှာဆို အမြဲကြုံရလေ့ပြဿနာကတော့ ရေပြတ်လပ်မှုပြဿနာပေါ့။ အကျဉ်းသူတွေဟာ ရေကို ခွက်ရေနဲ့ ချိုးရတယ်။ ထောင်မှာ သုံးခွက်ချိုး ဆပ်ပြာတိုက် ငါးခွက်ချိုးရတယ်။ အမျိုးသမီး တွေဟာ အဝတ်လှော်ဖို့ ရေချိုးဖို့အတွက် ရေကို လုံလောက်အောင် မရကြဘူး။ အဲ့တော့ ဆံပင်တွေကျွတ်တာ၊ အသား အရေတွေ မွဲခြောက်တာနဲ့ အရေပြားမှာအနာတွေ ဖြစ်ကြတယ်။ နောက်သောက်ရေကအစ သန့်ရှင်းမှု မရှိဘူး။ အဲ့ဒါကို သောက်ရတော့ ဝမ်းပျက်ဝမ်းလျောဖြစ်တယ်။ ပွေးဝဲယားနာတွေ အဖြစ်များကြတယ်။ ဒါတွေက လက်ရှိကာလမှာ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့အဓိက ပြဿနာနှစ်ခုဖြစ်ပါတယ်။
မေး ။ ။ နိုင်ကျဉ်းသူတွေ အခုလိုအခွင့်အရေးချိုးဖောက်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာစတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး PPNM ဘာတွေလုပ်သွားဖို့ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ PPNM အဖွဲ့အနေနဲ့ အကျဉ်းထောင်ထဲမှာသော်လည်းကောင်း စစ်ကြောရေးစခန်းတွေမှာ သော်လည်းကောင်း လိင်ပိုင်းဆိုင်ရာအရ စော်ကားခံရတဲ့အမျိုးသမီးငယ်တွေ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုကို ကျူးလွန်ခံရတဲ့ဖြစ်စဉ်တွေကို စနစ်တကျမှတ်တမ်းကောက်ယူထားတယ်။ ပြီးရင် ကျနော်တို့နဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းတွေကို ဒေတာတွေပေး ပို့ထားတာရှိသလို ကျနော်တို့အဖွဲ့အစည်းအနေနဲ့ အကူးအပြောင်းကာလမှာ တရားမျှတမှုပြန်လည်ဖော်ဆောင်နိုင်ဖို့ အတွက် ဒီလိုကျူးလွန်ခံနေရတဲ့သူတွေရဲ့တရားမျှတမှုဖော်ဆောင်နိုင်ဖို့၊ ကျူးလွန်သူတွေ ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်ခံရဖို့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်လုပ်ဆောင်နေတာရှိပါတယ်။
အခုလောလောဆယ် ကျနော်တို့အဖွဲ့အစည်းတည်ထောင်တဲ့ ၁ နှစ်အတွင်းမှာ အမျိုးသမီးငယ်တွေရဲ့ လိင်ပိုင်း ဆိုင်ရာစော် ကားခံရမှု၊ အကျဉ်းထောင်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ပြည်သူတွေ သိအောင် နိုင်ငံတကာသိရှိအောင် စည်းရုံးရေးလှုံဆော်ရေးတွေလုပ်နေတယ်။ တဖက်ကလည်း အကျဉ်းထောင်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက် မှုတွေမရှိဖို့အတွက် ကျူးလွန်မှုဖြစ်စဉ်တွေကို ပြည်သူတွေသိရှိအောင် ထုတ်ပြန်ချက် တွေထုတ်ပါတယ်။ ဒီလိုထုတ်လိုက်တဲ့ တိုင်းမှာလည်း အကျဉ်းထောင်တွေဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ အရင်ကလောက် ပေါ်ပေါ်တင်တင်ကျူး လွန်တာမျိုးမရှိတော့ဘူး။ ဒါပေမဲ့ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ စနစ် တကျ လူမသိအောင်ကျူးလွန်လာတာပေါ့။
မေး ။ ။ ဒီနောက်ပိုင်း အကျဉ်းသားအခွင့်အရေးဆုံးရှုံးမှုက အခြေအနေဆိုးသွားနိုင်သလား။ ဘယ်လိုထင်မြင်ပါသလဲရှင့်။
ဖြေ ။ ။ ပိုဆိုးလာနိုင်မလားဆိုတော့ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးတပ်ပေါင်းစုတွေရဲ့စစ်ရေးအရှိန်တွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်ရေးမှာအားကောင်းလာရင်တော့ စစ်တပ်နဲ့ အကျဉ်းဦးစီးတော်တော်များများက အကျဉ်းထောင်တွေကို ဖိလေ့ရှိတယ်။ ရှေ့တန်းစစ်မြေပြင်မှာ စစ်ပွဲတွေရှုံးနိမ့်တိုင်းမှာ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဝန်ထမ်းတွေအနေနဲ့ ထောင်ထဲရောက်လာတဲ့နိုင်ကျဉ်းတွေကို ဖိနှိပ် လေ့ရှိတယ်။ နောက် တော်လှန် ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဥပဒေမဲ့သတ်ဖြတ်ခံရမှုနည်းတယ်။ သို့သော်အ မျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအရ နှောင့်ယှက်စော်ကားတာတွေ၊ ဖိနှိပ်မှုလုပ်တာတွေကတော့ မလျော့သွားသေးပါဘူး။
မေး ။ ။ နောက်ဆုံးအနေနဲ့ PPNMက အကျဉ်းထောင်အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေကို ဘာပြောချင်ပါသ လဲ။ ထပ်ဖြည့်ပြောချင်တာရှိရင်လည်း ပြောပေးပါဦးရှင့်။
ဖြေ ။ ။ အကျဉ်းထောင်အာဏာပိုင်တွေနဲ့ အကျဉ်းဦးစီးတွေအပြင် တရားသူကြီးတွေကိုလည်း တစ်ခု ပြောချင်ပါတယ်။ စစ်တပ်နဲ့ ရဲက မတရားဖမ်းဆီးလာတဲ့ပြည်သူတွေကို တရားသူကြီးတွေက စစ်ကောင်စီ အလိုကျအမိန့် တွေ ချမှတ်တယ်။ အဲ့လိုအမိန့်ချမှတ်လိုက်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသူတွေဟာ နှစ်ရှည်အကျဉ်းကျခံရတယ်။ အကျဉ်းကျခံရတဲ့အချိန်မှာ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်းညှင်း ပန်းနှိပ်စက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဥပဒေမဲ့သတ်ဖြတ်မှုတွေ ပြီးတော့ အခြေခံလူ့အခွင့်အရေး အကျဉ်းသားအခွင့်အရေးဆုံးရှုံးမှု ဆေးဝါး စောင့်ရှောက်မှုမလုံလောက်တာ၊ စားဝတ်နေရေး ပြည့်ပြည့်ဝဝ မပေး တာတွေ ဒါတွေအားလုံးကို ကျနော်တို့ စနစ်တကျ စောင့်ကြည့်မှတ်တမ်းယူထားပါတယ်။ အဲ့ဒီမှာ အမိန့်ပေးစေ ခိုင်းသူတွေ၊ ပါဝင်ပတ်သက်သူတွေ၊ ကျူးလွန်တဲ့သူတွေနဲ့ အဲ့ဒီကျူးလွန်သူတွေကို ဖုံးကွယ်ပေးခဲ့သူတွေ အားလုံး ကိုကျနော်တို့ အကူးအပြောင်းကာလမှာ တရားမျှတမှုပြန် လည်ဖော်ဆောင်နိုင်ဖို့ ကျနော်တို့ပြည်သူတွေ တင် မြှောက်တဲ့ပြည်သူ့အစိုးရ စစ်စစ်လက်ထက်မှာ ဒီလိုကျူးလွန်ခဲ့တဲ့သူတွေကိုတော့ မိမိတို့ကျူးလွန် ထားတဲ့ပြစ်မှု ပြစ်ဒဏ်တွေအားလုံးကို ပြန်လည်အရေးယူတရားစွဲဆိုရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် အကျဉ်းထောင်ထဲမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အမြန်ဆုံးရပ်တန့်ဖို့နဲ့ ဒီလိုကျူးလွန်မှု လုပ် ရပ်တွေကို လုံးဝမလုပ်ဆောင်ဖို့ကိုလည်း ကျနော်တို့အဖွဲ့အစည်းအနေနဲ့ ပြောချင်ပါတယ်။