Home ဆောင်းပါး ဝါသနာပါတဲ့စက်ဘီးစီးခြင်း အသုံးချကာ Delivery လုပ်ငန်းဦးစီးနေသူ အမရာ

ဝါသနာပါတဲ့စက်ဘီးစီးခြင်း အသုံးချကာ Delivery လုပ်ငန်းဦးစီးနေသူ အမရာ

မေ

ရာသီဥတုဒဏ်ခံနိုင်တဲ့ပေါ့ပါးတဲ့အကျီနဲ့ခေါင်းဆောင်းဦးထုတ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ကားလမ်းမပေါ်မှာ စက်ဘီးတစ်စီးကိုသွက်လက်စွာနင်းနေပါတယ်။ လက်ထဲမှာလည်းအထုတ်တွေသယ်ထားပါသေး တယ်။

သူကတော့အသက်(၂၄)နှစ်အရွယ်အမရာလို့ခေါ်တဲ့အမျိုးသမီးငယ်ပါ။ သူဟာရန်ကုန်မြို့အနှံ့အစားအသောက်တွေ၊ ကုန်ပစ္စည်းတွေကို စက်ဘီးတစ်စီးနဲ့သွားရောက်ပို့ဆောင်နေသလို  Quick & Easy Delivery Service ကိုတည်ထောင်ထားသူ အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။

အမရာဟာ အရင်က Special Nurse အနေနဲ့ကျန်းမာ‌ရေးမကောင်းတဲ့ လူတွေကိုကြည့်ရှု့စောင့်ရှောက်တဲ့အလုပ်ကို လုပ်ကိုင်ခဲ့ရာကနေ အသက်(၂၀)အရွယ်လောက်ကစပြီး Delivery Service လုပ်ငန်းကို စတင်ဦးစီးတည်ထောင်ခဲ့တာဖြစ်ပါတယ်။

နဂိုကတည်းကစက်ဘီးစီးဝါသနာပါတဲ့ အမရာဟာ ကိုဗစ်ကာလတုန်းက ကျန်းမာရေးကြောင့်အပြင်ထွက်ဈေးဝယ်ဖို့ခက်ခဲတဲ့သူတွေ၊ အဘိုးအဘွားတွေအတွက် စားသောက်ကုန်၊ ဆေးဝါး၊ လူသုံးကုန်တွေဝယ်ယူပြီး စက်ဘီးနဲ့ပို့ ဆောင်ပေးတဲ့အလုပ်ကို သူငယ်ချင်းတွေနဲ့စုပြီးလုပ်ကိုင်ခဲ့ပါတယ်။

ကိုဗစ်ကာလအပြီးမှာတော့သူအရင်ကကူညီခဲ့တဲ့သူတွေကဖုန်းဆက်ပြီးဝန်ဆောင်ခယူကာပို့ဆောင်ပေးဖို့အကူအညီတောင်းရာကနေ Delivery လုပ်ငန်းလေး စတင်အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။

လုပ်ငန်းအတည်တကျထူထောင်တဲ့အခါမှာ အမရာဟာဘဝတူအလုပ်လိုအပ်သူတွေကိုအလုပ်ပေးနိုင်ခဲ့ပါတယ်။

တခြားအလုပ်လုပ်ရင်း အပိုဝင်ငွေရှာလိုသူတွေ သင်တန်းတက်ရင်းအချိန်ပိုင်းအလုပ်လုပ်လိုသူလူငယ်တွေကိုအမရာက အလုပ်ပေးနိုင်ခဲ့ပါတယ်။

Delivery အလုပ်စလုပ်တုန်းကအခက်အခဲကလမ်းကြောင်းမကျွမ်းကျင်တာပါ။ ဒါ့အပြင် ဒီအလုပ်က လူ အများ နဲ့ ဆက်သွယ်ရတဲ့အလုပ်ဖြစ်တော့ တချို့လူတွေက Delivery အလုပ်ကိုနိမ့်ကျတဲ့အလုပ်လို့ တွေးကြသူတွေ လည်းရှိတော့ စကားပြောဆိုရာမှာ မောက်မောက်မာမာပြောဆိုဆက်ဆံခံရတာစတဲ့အခက်အခဲတွေကြုံတွေ့ခဲ့ရတယ်။

“မကျွမ်းကျင်သေးတဲ့အချိန်ကတော့ အစစအရာရာခက်ခဲပါတယ်။ Customer တွေရဲ့အပြုံးက အားအင်တွေပါပဲ” လို့ အမရာကဖွင့်ဟပါတယ်။

သူဟာ အစားအသောက်၊ အဝတ်အထည် လူသုံးကုန်ပစ္စည်းတွေကစလို့ ဖုန်း၊ စက်ဘီး၊ တန်ဖိုးကြီးပစ္စည်းတွေကိုလည်း customer တွေစိတ်တိုင်းကျ ယုံကြည်စွာ မပျက်မစီးမပျောက်မပျက်ပဲ ပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးအနေနဲ့ အမျိုးသားအများစုသာလုပ်ကိုင်ကြတဲ့ Delivery အလုပ်ကိုလုပ်ကိုင်တဲ့အခါ စိန်ခေါ်မှုတွေကအပြည့်ပါပဲ။ သူအနေနဲ့တော့ ပစ္စည်း ပို့တာအပြင်လုပ်ငန်းတစ်ခုလုံးကိုဦးစီးနေတဲ့အတွက် ပိုပြီး ကြိုး စား အားထုတ်ရပါတယ်။

“မိန်းကလေးတစ်ယောက်အနေနဲ့ပင်ပန်းတယ်။ ခက်ခဲတယ်။ အန္တရာယ်များတယ် ပြောကြတယ်။ ကျွန်မအနေနဲ့  ဒီအလုပ်ကိုရွေးချယ်ထားတဲ့အတွက် လုပ်နိုင်တယ်။ ဘာဖြစ်ဖြစ်ရင်ဆိုင်မယ် ဆုံးဖြတ်ပြီးရှေ့ဆက်ခဲ့တာပါ”လို့ သူ့ယုံကြည်ချက်ကိုပြောပါတယ်။

လမ်းမပေါ်မှာ စက်ဘီးနဲ့သွားလာနေရတာမို့  ကြုံတွေ့လာနိုင်တဲ့ အန္တရာယ်တွေကိုတော့ သတိဝိရိယနဲ့အမြဲ စောင့်ကြည့်ရှင်သန်နေပါတယ်။

လက်ရှိမှာတော့ လုပ်ငန်းလည်ပတ်နိုင်တဲ့အခြေအနေတစ်ခုအထိ ဝင်ငွေရရှိနေပေမယ့်  ကုန်‌ဈေးနှုန်း မြင့်တက် မှုကိုကြုံတွေ့နေရတဲ့ များစွာထဲကတစ်ယောက်မို့ အဆင်ပြေအောင်ကြိုးစားနေထိုင်နေရတယ်လို့ဆိုပါတယ်။

မိုးတွင်းကာလတွေကတော့အခက်ခဲဆုံးနဲ့အပင်ပန်းဆုံးအချိန်တွေပါပဲ။ မိုးရေတွေကြား ပို့ဆောင်မယ့်ပစ္စည်း မစိုအောင်ဂရုစိုက်ရသလို မတော်တဆမဖြစ်အောင်လည်း သတိထားရပါသေးတယ်။ ဒီကြားထဲ ရာသီဥတုဒဏ်ကြောင့် ဖျားနာမယ့် အရေးကလည်း ရှောင်ပြေးလို့မလွယ်ပါဘူး။

ဒီလိုအခက်အခဲတွေရှိပေမယ့်လည်း ဝါသနာပါတဲ့စက်ဘီးစီးအလုပ်ကို အရင်းခံထားတဲ့အတွက် ပင်ပန်းမှုတွေ ကြားကနေ ပျော်ရွှင်မှုအပိုင်းအစလေးတွေရှာဖွေနေရတာပါပဲ။

“တချို့ကြတော့ နေပူထဲ မိုးရေထဲမှာ စက်ဘီးနင်းပြီးပို့ရတာကို ပင်ပန်းတယ်လို့မြင်ချင်မြင်မယ်။ ကျွန်မကြတော့ စက်ဘီးစီးရတာကိုပျော်တာ”လို့အမရာကပြောပါတယ်။

Delivery လုပ်တုန်းက စက်ဘီးပျောက်တာကလည်း မှတ်မှတ်ရရပါပဲ။ အဲ့အချိန်တုန်းက စက်ဘီးပြန် ဝယ်ဖို့ တွေးတောင်မတွေးတက်ခဲ့တဲ့အချိန်ပါပဲ။ ငိုခဲ့ရသေးတယ်လို့သူကဆက်ပြောပါတယ်။

Delivery လုပ်ငန်းကရတဲ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို တနဂ်နွေညတွေမှာ အိမ်ခြေမဲ့တွေအတွက် တစ်နပ်စာဝမ်းငြိမ်းဖို့ စားစရာလိုက်လှူပေးဖြစ်ပါသေးတယ်။

အမရာဦးစီးနေတဲ့ Delivery Service မှာတော့ အမျိုးသမီးတွေအပြင် အမျိုးသားတွေအများဆုံး လုပ်ကိုင်ကြပါတယ်။ လူတွေအများ ကြီးကိုအလုပ်ပေးနိုင်အောင်လည်း ကြိုးစားနေတယ်လို့သူကဆက်ပြောပါတယ်။

ပဲခူးတိုင်းဇာတိဖြစ်တဲ့ အမရာဟာ တောင်ယာအလုပ်နဲ့မိဘတွေကိုကူညီရင်း ငယ်ဘဝရဲ့အချိန်တွေကို ကုန်ဆုံး ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ပန်းချီပညာကိုသင်ယူရင်း တက်တူးဘက်ကို   စိတ်ဝင်စားလို့လေ့လာရင်း ၂၀၂၂ ခုနှစ်မှာ တက်တူးနဲ့ပတ်သက်ပြီး သင်ယူခဲ့ပါသေးတယ်။ အမရာဟာ Delivery ပို့တာအပြင် တချို့အချိန်တွေမှာ တက်တူးပညာရှင်အဖြစ်လည်းအသက်မွေးနေပါတယ်။

“ဝါသနာနဲ့ဝမ်းရေးပြိုင်တူသွားရတဲ့အခါ အခက်အခဲတွေတော့ရှိပါတယ်”လို့အမရာက ဖွင့်ဟပါတယ်။

ရှေ့ဆက်ပြီး Delivery Service ကိုလုပ်ကိုင်ရင်းဝါသနာပါတဲ့ စက်ဘီစီးအားကစားနဲ့ တက်တူးပညာရှင်အဖြစ် ဆက်လက်လုပ်ကိုင်သွားဖို့ အမရာကဆုံးဖြတ်ထားပါတယ်။

စက်ဘီးလေးနဲ့ခရီးထွက်ကာ သဘာဝတွေနဲ့အတူ ပန်းချီဆွဲ၊စာရေရင်းနဲ့ အေးအေးချမ်းချမ်းဖြတ်သန်းဖို့က အမရာရဲ့ တစ်ခုတည်းသော ဆန္ဒပါပဲ။

အမျိုးသမီးတွေက အိမ်ထဲမှာပဲနေရမယ် အမျိုးသားတွေလိုပင်ပန်းတဲ့အလုပ်တွေမလုပ်ရဘူး။ အမျိုးသမီးတွေက အပင်ပန်းမခံနိုင်ဘူး စတဲ့ ကျား၊မခွဲခြားတဲ့အယူအဆတွေကိုတွန်းလှန်ကာ ဝါသနာပါတဲ့စက်ဘီစီးတာကို အသုံးချကာ Delivery Service လုပ်ငန်းကို ဦးစီးနေတဲ့ အမရာက အမျိုးသမီးဖြစ်ပေမယ့် လုပ်ကိုင်နိုင်တယ်၊ စွမ်းဆောင်နိုင်တယ်ဆိုတာကို သက်သေထူနေပါတော့တယ်။

Author:

Related Articles