Home ဆောင်းပါး လငန်းကျွန်းအမှိုက်သိမ်းစနစ်ကို စီမံဦးဆောင်နေတဲ့လူငယ်များ

လငန်းကျွန်းအမှိုက်သိမ်းစနစ်ကို စီမံဦးဆောင်နေတဲ့လူငယ်များ

ကေခိုင်

 ညနေ ၃နာရီထိုးနေပေမယ့်  နွေရာသီရဲ့ ပူပြင်းတဲ့ဒဏ်ကို မမှူဘဲ လငန်းကျေးရွာရဲ့လမ်းမ ထက်မှာ အမျိုးသမီးလေးတွေက အပတ်စဉ် လုပ်ဆောင်နေကျတာဝန်ကို ဆောင်ရွက်ဖို့ စုစည်းနေကြပါတယ်။

မိနစ်အနည်းငယ်အကြာမှာတော့ အမျိုးသမီးငယ်အချို့က အမှိုက်တွေ ဆာလာအိတ်နဲ့ အပြည့်ရှိနေတဲ့လှည်းလေးတွန်းရင်း အမျိုးသမီးအချို့ကတော့ နေအိမ်တွေမှာရှိတဲ့ အမှိုက်ထုတ်တွေကိုရော လမ်းမှာကျနေတဲ့အမှိုက်တွေကိုပါကောက်ယူ သိမ်းဆည်းနေကြပါတယ်။

သူတို့ကတော့ လငန်းကျွန်း ကို အမှိုက်ကင်းစေပြီးသာယာလှပစေဖို့ကြိုးပမ်းနေတဲ့ အဏ္ဏဝါပြည့်စုံပရဟိတ-အမှိုက်စီမံမှုအဖွဲ့ ဝင်အမျိုးသမီးငယ်လေးတွေပဲ ဖြစ်ပါတယ်။

အဏ္ဏဝါပြည့်စုံ-ပရဟိတအမှိုက်စီမံမှုအဖွဲ့ကိုခင်ပြည့်စုံကျွန်း(လငန်းကျွန်း)ကလူငယ်အမျိုးသား၊အမျိုးသမီးအားလုံးနဲ့ဖွဲ့စည်း ထားပေမယ့်၊ အမျိုးသားတွေ မအားလပ်တဲ့အချိန်မှာလည်း အဖွဲ့ရဲ့ လှုပ်ရှားမှုက ရပ်တန့်မသွားပါဘူး။

 အမျိုးသားတွေ ပင်လယ်ပြင်ထွက် နေချိန်ပဲဖြစ်ဖြစ်၊ ရာသီဉတုပူပြင်းချိန်ပဲဖြစ်ဖြစ် အပတ်စဉ်အမှိုက်သိမ်းဆည်းမှုကို ကျန် အဖွဲ့ ဝင်အမျိုးသမီးတွေက ဆက်လက် ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိကြပါတယ်။

 “တစ်ရွာလုံးမှာရှိတဲ့ အမျိုးသမီးလေးတွေကဝိုင်းဝန်းပါဝင်ကြလို့ အဖွဲ့ရဲ့သုံးပုံနှစ်ပုံက အမျိုးသမီးငယ်လေးတွေပါ၊ အမျိုး  သမီးငယ်တွေက တာဝန်မရွေးပါဘူး။ သူတို့လုပ်နိုင်တဲ့တာဝန်တွေကို အကုန်တာဝန်ယူ လုပ်ဆောင်နိုင်ကြတယ်။”လို့  အဏ္ဏဝါ ပြည့်စုံ- ပရဟိတအမှိုက်စီမံမှုအဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့  ဆရာကိုစိုးကျော်ကပြောပါတယ်။

ကော့သောင်းမြို့ အနောက်မြောက်မိုင် ၁၁၀ခန့် အကွာ၊ ကော့သောင်းခရိုင်နဲ့ မြိတ်ခရိုင် နယ်စပ်အနီး၊ ကောင့်သောင်း ခရိုင် ဘက်အခြမ်းမှာရှိတဲ့ ဆလုံအများစုနေတဲ့ ခင်ပြည့်စုံကျွန်း(လငန်းကျွန်း) က ကမ်းခြေတွေ၊ သန္တာကျောက် တန်းတွေ နဲ့ လှပစွာ တည်ရှိနေတဲ့ ကျွန်းလေးတစ်ခုပါ။

ဒီလှပတဲ့သန္တာကျောက်တန်းတွေမပျက်စီးအောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ Fauna and Flora International (FFI) အဖွဲ့နဲ့ Locally Managed Marine Area- LMMA(ဒေသခံများကိုယ်တိုင်  ပူးပေါင်းစီမံခန့်ခွဲသော  အဏ္ဏဝါရေပြင် ဧရိယာ) အဖွဲ့တို့ အတူပူးပေါင်းထိန်းသိမ်းလျှက်ရှိပါတယ်။

 FFI အဖွဲ့ ကလငန်းကျွန်းထိန်းသိမ်း‌‌ရေးတင်မကဘဲ၊ ကျွန်းမှာနေထိုင်တဲ့သူတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေး အစီအစဥ်တွေလည်းပြုလုပ်တဲ့အခါ ပလတ်စတစ်အမှိုက်တွေကြောင့် ရေအောက်မှာရှိတဲ့  ရေနေသတ္တဝါနဲ့သန္တာ ကျောက် တန်းတွေ ပျက်စီးတယ်ဆိုတာကို ဒေသခံတွေက နားလည် သဘောပေါက်ခဲ့ကြပါတယ်။

လငန်းကျွန်းကလည်း ပင်လယ်ထဲက ကျွန်းရွာလေးဖြစ်တဲ့အတွက် အမှိုက်သိမ်းစနစ်ရယ်လို့ စနစ်တကျမရှိဘဲ ကြုံသလို ပင်လယ်ထဲ စွန့်ပစ်ကြတာကများပါတယ်။

 ပင်လယ်ရေရောက်ကမ်းခြေဒေသဖြစ်လို့ စွန့်ပစ်အမှိုက်တွေကို အလွယ်တကူရေထဲ စွန့်ပစ်လိုက်တဲ့အခါ ညစ်ညမ်းပြီး အရင်လိုကမ်းခြေတွေမလှပတော့တာ၊ရေနေငါးမျိုး​စိတ်တွေဒုက္ခရောက်တာကိုသတိပြုမိလာကြပြီး၊ငါး၊ကင်းမွန် (ပြည်ကြီးငါး) မျှားစတဲ့ ရေလုပ်ငန်းကို အဓိကမှီခိုအားထားရတဲ့ လငန်းကျွန်းရွာလေး ကိုလည်း ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုလာတယ်ဆိုတာ သိလာကြပါတယ်။

FFI နဲ့ ပလတ်စတစ်အမှိုက်လျော့ချရေး လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်တဲ့ Thant Myanmar(သန့် မြန်မာ) ရဲ့ ပံပိုးမှုနဲ့ ယခုနှစ် မတ်လ မှာ လငန်းကျွန်းက လူကြီး၊ လူငယ်တွေစုပေါင်းပြီး ပလတ်စတစ် အမှိုက်တွေကိုစနစ်တကျစွန့်ပစ် သိမ်းဆည်းဖို့ အဏ္ဏဝါပြည့်စုံ -ပရဟိတ လူငယ်များအဖွဲ့ကို စတင်ဖွဲ့စည်းဖြစ်ခဲ့တာပါ။

အဏ္ဏဝါပြည့်စုံ -ပရဟိတ လူငယ်များအဖွဲ့စတင် ဖွဲ့စည်းချိန်မှာ လူငယ်အဖွဲ့ဝင်၃၆ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးငယ် လေးတွေ အများစုပါဝင်ခဲ့ကြတယ်၊အဖွဲ့ရဲ့ခေါင်းဆောင်နေရာကိုလည်းအမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦးပူးတွဲခန့်အပ်ပြီးဦးဆောင် စေခဲ့ပါတယ်။

အဖွဲ့ဝင်လူငယ်တွေက ရွာကနေ ထွက်ရှိတဲ့ အမှိုက်တွေကို အပတ်စဉ် စနေနေ့ညနေ ၃ နာရီတိုင်း လမ်းလျှောက် လက်တွန်း လှည်းလေးနဲ့အိမ်တိုင်ရာ ရောက်လိုက်လံသိမ်းဆည်းကြပြီး၊ အမှိုက်နဲ့ပတ်သတ်တဲ့ အသိပညာ‌ပေး မှုတွေလည်း လုပ်ဆောင် ခဲ့ကြပါတယ်။

“တအိမ်ချင်းစီမှာ အိမ်တိုင်ယာ‌ရောက် အမှိုက်လိုက်သိမ်းပေးတယ်၊ပြီးတော့လမ်းပေါ်မှာ တွေ့တဲ့အမှိုက်တွေကိုလည်း တစ်စ မြင်တစ်စကောက်ကြတယ်၊ကိုယ့်တကိုယ်ရေအနေနဲ့လည်း အိမ်ပတ်ဝန်းကျင်မှာ သန့်ရှင်းရေး လုပ်ဖြစ်ပါတယ်”လို့ အဏ္ဏဝါ ပြည့်စုံ -ပရဟိတအမှိုက်စီမံမှုအဖွဲ့(လငန်းကျေးရွာ) အဖွဲ့ဝင် မထားထားလင်း ကပြောပါတယ်။

ဆလုံအမျိုးသမီးငယ်ဖြစ်တဲ့မထားထားလင်းကသန့်မြန်မာကပြုလုပ်တဲ့အမှိုက်နဲ့ပတ်သတ်တဲ့ဆွေးနွေးပွဲကိုတက် ရောက်ခဲ့ ပြီးနောက် ထိန်းသိမ်းရေးလုပ်ငန်းတွေကို စိတ်ဝင်စားပြီး အဏ္ဏဝါ ပြည့်စုံ -ပရဟိတအမှိုက်စီမံမှုအဖွဲ့မှာပါဝင် ဖြစ်ခဲ့တာပါ။

အမှိုက်နဲ့ပတ်သတ်တဲ့ လှုပ်ရှားမှုတွေမှာ အခြားသော အမျိုးသမီးငယ်တွေနဲ့အတူ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင် ရင်း ၊အမျိုးသားတွေမရှိတဲ့အချိန်လည်း သူတို့အမျိုးသမီးတွေ ဦးဆောင်လို့ အပတ်စဉ် မပျက်မကွက်အမှိုက်သိမ်းဆည်း နေကြ တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

“အဖွဲ့၀င်‌ယောက်ျားလေးတွေ ခရီး သွားနေကြလို့၊ ယောင်္ကျားလေးတွေမရှိလည်း မိန်းကလေးတွေ လုပ်နိုင်တယ်ဆိုတာ ပြတဲ့ အနေနဲ့ မိန်းကလေးငါးယောက်ထဲလည်းအလုပ်ပြီးအောင်လုပ်ခဲ့တယ်” လို့ မထားထားလင်း ကပြောပါတယ်။

အပတ်စဉ်အမှိုက်သိမ်းတာအပြင် နေအိမ်တွေက ထွက်တဲ့ အမှိုက်တွေကို ခွဲခြားစွန့်ပစ်နိုင်ဖို့ အိမ်တွေကို အမှိုက်အိတ် တွေ ဝေ ပေးပြီး အိမ်ရှေ့မှာ စုပုံထားရှိစေတဲ့ စနစ်ကိုလည်းကျင့်သုံးနေသလို၊ပလတ်စတစ်အမှိုက်ရဲ့ဆိုးကျိုး တွေကို အသိပညာ ပေးဟောပြောတာ၊ ပြန်လည်အသုံးပြုလို့ရတဲ့အမှိုက်တွေကို သိရှိလာအောင်ပညာပေးမှုတွေလည်းဆောင်ရွက်နေတယ်လို့ သူကဆက်ပြောပါတယ်။

သိမ်းဆည်းပြီးသား အမှိုက်တွေကိုတော့ ပင်လယ်ထဲမရောက်အောင်  တခါတည်း မီးရှို့ဖျက်စီးခဲ့တယ်။

 အမှိုက်တွေကို ခွဲခြားစွန့်ပစ်တဲ့ အလေ့အကျင့်ရဖို့အတွက် နေအိမ်တွေကို အမှိုက်အိတ်တွေပေးဝေထားပြီး ပြန်လည်သိမ်း ယူတဲ့စနစ်လုပ်ဆောင်နေပေမယ့်အချို့နေအိမ်တွေကမလိုက်နာကြသေးတာလည်းရှိတယ်လို့မထားထားလင်းကဆိုပါတယ်

ဒါပေမယ့် သူတို့အဖွဲ့က စိတ်ဓာတ်မကျဘဲ လုပ်မြဲဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နေတဲ့အတွက် ရပ်ရွာက လည်း လူငယ် တွေရဲ့ လုပ်ဆောင်နေမှုတွေကို အားပေးလာကြပြီး၊ အပတ်စဥ်အမှိုက်သိမ်းတဲ့နေ့ဆို အအေးအလှူပြု တာမျိုး တွေလည်း ရှိ လာကြတယ်လို့ဆိုပါတယ်။

အဏ္ဏဝါပြည့်စုံ-ပရဟိတအမှိုက်စီမံမှုအဖွဲ့မှာ ဆလုံလူငယ်တွေလည်း ပါဝင်ကြတဲ့အပြင် အမျိုးသမီးငယ်တွေ အများအပြား ပါဝင်နေတာ ကလည်း အဖွဲ့ရဲ့ ထူးခြားမှုပဲလို့ ကိုစိုးကျော်ကပြောပါတယ်။

အမျိုးသားငယ်တွေက စားဝတ်နေရေးအတွက် ပင်လယ်ပြင်ထွက် ငါးဖမ်းနေကြတဲ့အချိန်မှာ ရွာမှာကျန်ခဲ့တဲ့ အမျိုးသမီး ငယ်လေးတွေက အမျိုးသားတွေမရှိပေမဲ့ တာဝန်တွေကိုဆက်လက်လုပ်ဆောင်နေတဲ့အတွက် အဓိကနေရာတွေကနေ ပါဝင် သူတွေဖြစ်ကြတယ်လို့ သူကဆိုပါတယ်။

“ကျား၊မ မခွဲခြားဘဲ ဒါကယောကျ်ားလေးတွေပဲ လုပ်နိုင်တာ၊မိန်းကလေးတွေ မလုပ်နိုင်ဘူးလို့ စိတ်ထဲမရှိကြဖို့ရယ်၊ ရပ်ရွာ အတွက်ဆိုတဲ့စိတ် ၊ငါတို့ရပ်ရွာသန့်ရှင်းတာ၊ ငါတို့မိသားစုအိမ်၊ ငါတို့ပတ်ဝန်းကျင်သန့်ရှင်းတာနဲ့ အတူတူပဲဆိုတဲ့ ကောင်း ကျိုး တွေကိုသိရှိကြလို့ရယ်၊ အမှိုက်သိမ်းတဲ့အခါပျော်ရွှင်တက်ကြွစွာပါဝင်နေကြတယ်”လို့ သူကဆက် ပြောပါ တယ်။

လငန်းကျွန်းဒေသ သန့်ရှင်းပြီး ရေနေသတ္တဝါတွေ ထိခိုက်မှုကင်းကင်းနဲ့သာယာလှပဖို့  ကောင်းမွန်တဲ့ အမှိုက်သိမ်း စနစ်တစ် ခုဖြစ် ဖို့လိုအပ်တဲ့အတွက် အဖွဲ့ရေရှည်တည်တံ့စေဖို့ ကျားမ မခွဲခြားဘဲ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အဖွဲ့ဝင် လူငယ်တွေကပြောပါတယ်။

“ ကျွန်းပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လုပ်ချင်တာတော့အများကြီးပါ ၊လက်တလောတော့ အဖွဲ့နဲ့အတူ လုပ်နေမြဲ တိုင်း ဆက်လုပ်သွားမှာ”လို့ မထားထားလင်းကဆိုပါတယ်။

Author:

Related Articles