Home ဆောင်းပါး ရွာလုံးကျွတ်နီးပါးအသတ်ခံရတဲ့ထဲက ခင်ပွန်းသည်တွေ ပေးဆပ်လိုက်ရတဲ့ဗျိုင်းဖြူရွာမှအမျိုးသမီးတွေ

ရွာလုံးကျွတ်နီးပါးအသတ်ခံရတဲ့ထဲက ခင်ပွန်းသည်တွေ ပေးဆပ်လိုက်ရတဲ့ဗျိုင်းဖြူရွာမှအမျိုးသမီးတွေ

သန့်ရှင်းထွန်း

အသက် ၅၀ ကျော်အရွယ် ဒေါ်ဖြူမ(အမည်လွှဲ)ဟာ သူတို့ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြော ပြဖို့ ကြိုးစားနေပေမယ့် စကားသုံးလေးခွန်းပြောပြီးတဲ့အခါမှာ စကားသံထက်ရင်ထဲကလာတဲ့ကြေကွဲမှုကြောင့်အသံတွေတိမ်ဝင်သွားခဲ့ပါတယ်။

“တရွာလုံးစုပြီးတော့ ယောကျ်ားတွေကို သီးခြားနေခိုင်းတယ်။ အငယ်၊ အလတ်ရွယ်တူဆိုဒ်တူ နေခိုင်းတယ်။ ပြီးတော့ မျက်နှာတွေကို အမဲဝတ်တွေ၊ အင်္ကျီတွေနဲ့ဖုံးတယ်။ ပြီးတော့တအားရိုက်တယ်။ တန်းစီပြီးတော့ အရိုက်ခံရ အားကြီးလို့ ထမနိုင်ကြဘူး။ အားကောင်းမောင်းသံတွေကိုကန်ပစ်တာ လှိမ့်ဆင်းသွားတယ်။ အဲလိုလူတွေတောင် မခံနိုင်ရင် ကျမအဖေတို့ ဘယ်လိုခံနိုင်မလဲ”လို့ ဒေါ်ဖြူမက အားတင်းပြီးပြောပါတယ်။

ဒေါ်ဖြူမတို့ မိသားစုဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းကဗျိုင်းဖြူရွာမှာ နေထိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၂၉ ရက် နေ့ကနေ ၃၁ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနှင့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ ဝင်တွေက ရွာထဲထိဝင်ရောက်ကာ အမျိုးသား၊ အမျိုးသမီး ၇၀ ကျော်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာကိုယ်တိုင် ကြုံတွေ့ခဲ့သူပါ။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်တွေဟာ မေလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကို ဝင်ရောက်လာခဲ့ပြီး ရွာသားအားလုံးအပြင်ထွက်ခိုင်းကာ ရွာလမ်းမမှာ တန်းစီခိုင်းထားတယ်လို့ ဆိုပါတယ်။

“အမျိုးသားအားလုံးကို အင်္ကျီချွတ်ခိုင်းပြီး နေပူလှန်းထားတယ်။ ရေလည်းမတိုက်ဘူး။ ပြီးတော့ တအားရိုက်တယ်။ သေနတ်သံတွေလည်း ကြားရတယ်။ နေ့ခင်းပစ်၊ ညပစ်ပစ်ခဲ့တာ”လို့ ဒေါ်ဖြူမကမြင်တွေ့ခဲ့ရပုံကို ပြောပြပါတယ်။

 Photo- စစ်တွေမြို့နယ် ဗျိုင်းဖြူရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ခဲ့သည့် အမျိုးသမီးနှင့် မိသားစုဝင်များ သေဆုံးမှုကြောင့် ငိုကြွေးနေကြသည့် အမျိုးသမီးများ၊ ဓာတ်ပုံ-CJ

အဲဒီနေ့ ညနေပိုင်းမှာ နောက်ထပ် စစ်ကောင်စီတပ်သား တစ်ရာလောက်ရောက်လာပြီးတော့ အမျိုးသမီးတွေ၊ ကလေးတွေကိုရွာအရှေ့ဘက်လမ်းခွဆုံမှာထားပြီးအမျိုးသားတွေကိုရွာအနောက်ဘက်လမ်းခွဆုံမှာတညလုံးဘာမှမကျွေးဘဲထားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

နောက်တနေ့ မေလ ၃၀ ရက်နေ့မှာတော့ ရဲတွေရွာအပြင်ဘက် ပတ်ပတ်လည်မှာ ချထားပြီး အမျိုးသမီးတွေကို နေအိမ်တွေမှာ နေခိုင်းတဲ့အတွက် အမျိုးသမီးတွေက နီးစပ်ရာအိမ်တွေမှာ ဆယ်ယောက်တစု၊ နှစ်ဆယ်တစုစုနေကြရတယ်လို့ ဆိုပါတယ်။

သုံးရက်မြောက်နေ့ဖြစ်တဲ့ မေလ ၃၁ ရက်နေ့မှာတော့ ဖမ်းဆီးထားတဲ့ ရွာသားတွေထဲက သက်ကြီးပိုင်း အမျိုးသား သုံးဆယ်လောက်ကို ပြန်လွတ်လိုက်ပြီး ကျန်တဲ့ အသက် ၁၆ နှစ်ကနေ ၆၀ အရွယ်ထိ အမျိုးသားတွေကို ခေါ်ထုတ်သွားပြီး အကုန်လုံးသတ်ပစ်လိုက်တယ်လို့ ဒေါ်ဖြူမက ရှိုက်ကြီးတငင်ငိုပြီးပြောခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ထဲမှာ ဗျိုင်းဖြူရွာက အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနှင့် အပျိုအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထမင်းချက်ခိုင်းဖို့ခေါ်သွားပြီး မုဒိမ်းကျင့်ပြီး အိမ်ထောင်သည်အမျိုးသမီးကို သတ်ပစ်လိုက်ကာ ကျန်အပျိုအမျိုးသမီးနှစ်ဦးကိုတော့ပြန်လွတ်လိုက်ပါတယ်။

အဲ့ဒီနေ့မှာပဲ ဗျိုင်းဖြူရွာက အမျိုးသမီးနဲ့ ကလေးငယ်တွေကို စစ်ကောင်စီတပ်သားတွေကကားနဲ့တင်ပြီးစစ်တွေ မြို့ထဲက ဝင်္ကဘာကွင်းမှာ ချထားခဲ့တယ်လို့ ဒေါ်ဖြူမက ပြောပါတယ်။

“ကားပေါ်မတက်ခင် အိမ်က ယူစရာရှိတာယူဆိုပြီးတော့ ပြောတယ်။ နေအိမ်တွေကို သွားကြည့်တော့ အိမ်မှာ ဘာမှ မကျန်တော့ဘူး။ အကုန်လုံးမွှေနှောက်ထားတယ်။ ရွှေ၊ ငွေတွေလည်း မရှိတော့ဘူး။ ခါးဝတ်တစ်ထည် ကိုယ်တစ်လုံးနဲ့လိုက်လာခဲ့ရတယ်။”လို့ဗျိုင်းဖြူရွာကလွတ်မြောက်လာတဲ့နောက်ထပ်အမျိုးသမီးတစ်ဦးကဆိုပါတယ်။

စစ်ကောင်စီတပ်က ရွာသားတွေကို ဖမ်းဆီးရိုက်နှက်တဲ့အသံတွေကို တရွာလုံးကြားနေခဲ့ရပေမယ့် ကူဖို့ကယ်ဖို့ မတတ်နိုင်ခဲ့ဘူးလို့ အဲဒီအမျိုးသမီးကဆက်ပြောပါတယ်။

“ကျမတို့မှာ ဘာအပြစ်ရှိလို့လဲ။ အရမ်းရက်စက်ကြတယ်။ လူတွေမဟုတ်ဘူး။ တိရစ္ဆာန်တွေဖြစ်လို့ ဒီလောက် ရက်စက် ကြတာလို့”သူက ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီတပ်ကအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကျူးလွန်ခဲ့ပြီးနောက် ရွာမှာရှိတဲ့ အမျိုးသမီးနှင့် ကလေးငယ်တွေအားလုံးကို အတင်းအဓမ္မရွာကနေ ရွေ့ပြောင်းခိုင်းစေခဲ့ပါတယ်။

ကူကယ်ရာမဲ့ဖြစ်နေတဲ့ ဗျိုင်းဖြူရွာက အမျိုးသမီးအများစုနှင့် ကလေးငယ်တွေဟာ စစ်ကောင်စီတပ် လာရောက်ချထားပေးခဲ့တဲ့ စစ်တွေမြို့ထဲ ဝင်္ကဘာကွင်းကနေ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေထိုင်နေကြရပါတယ်။

ခါးဝတ်တထည်ကိုယ်တလုံးနှင့် ကြောက်ကြောက်လန့်လန့် ထွက်လာခဲ့ကြတဲ့ ဗျိုင်းဖြူရွာက အမျိုးသမီးတွေမှာ စားစရာသောက်စရာလည်း မပါသလို အဝတ်အထည်တွေလည်း မပါကြဘူးလို့ ဆိုကြပါတယ်။

အခုလိုဖမ်းဆီးသတ်ဖြတ်နေမှုကြောင့်အကြောက်လွန်ပြီးနှလုံးရပ်ကာအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်လို့ အာရက္ခတပ်တော်(AA)က ဇွန်လ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ် ကျူးလွန်တဲ့ ဗျိုင်းဖြူရွာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၇၆ ဦးရှိပြီး ထိုအထဲ တွင် အမျိုးသမီးလေးဦး ပါဝင်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဗျိုင်းဖြူရွာ အတွက် ပြန်လည်လက်စားချေသွားမယ်လို့ ရေးသားထားပါတယ်။

ဗျိုင်းဖြူရွာဖြစ်စဉ်နှင့် ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဗျိုင်းဖြူ ရွာသားမဟုတ်တဲ့ ရွာသားသုံးဦးက လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တစ်ဦးထံက သေနတ်လုယူထွက်ပြေးတာကြောင့် တခြားလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကသေနတ်နဲ့ပစ်ခတ်ခဲ့လို့ အဲဒီအမျိုးသားသုံးဦးသေဆုံးခဲ့တယ်လို့ ဇွန်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ AA စွပ်စွဲထားသလို ရွာသား ၇၀ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာမရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

AA စွပ်စွဲထားသလို ရွာသား ၇၀ကျော်ကိုအစုလိုက် အပြုံလိုက်သတ်ဖြတ်တာမရှိကြောင်းလည်း ဗိုလ်ချုပ်ဇော် မင်းထွန်းက ငြင်းဆိုထားပြီး ALP ကလည်းအဆိုပါဖြစ်ရပ်မှာသူတို့မပါဝင်ဘူးလို့ငြင်းဆိုထားပါတယ်။

ရခိုင်ပြည်၊ စစ်တွေမြို့ ဗျိုင်းဖြူရွာအတွင်း အမျိုးသမီးများနှင့် အရွယ်မရောက်သေးသူ ကျောင်းသား၊ လူငယ်များပါသည့် ကျေးရွာသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် စစ်ကောင်စီနှင့် ALP ကို ရှုတ်ချကြောင်းရ ခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (AASYC) ကကြေညာချက်ထုတ်ပြန်ထားပါတယ်။

ရွာလုံးကျွတ်နီးပါး အမျိုးသားတွေကို သတ်ဖြတ်ခဲ့လို့ မုဆိုးမဖြစ်ခဲ့ရတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက အမျိုးသမီး တွေကအမျိုးသားတွေမရှိဘဲကျန်နေခဲ့တဲ့ မိသားစုတွေရဲ့ဘဝထူထောင်ဖို့ ကြိုးစားရအုံးမယ်လို့အသက် ၃၀ ကျော် အရွယ်ကလေးနှစ်ဦးမိခင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

တိုက်ပွဲတွေကြောင့် စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိတော့တဲ့ ရခိုင်ပြည်နယ်မှာရှေ့ဆက်ရှင်သန်ဖို့အတွက် ခက်ခဲကြမ်းတမ်းမှာကိုသိပေမယ့်  မာန်မာနကို ဇွဲလုံ့လအဖြစ် ပြောင်းလဲလုပ် ဆောင်သွားမယ်လို့ သူကဆက်ပြောပါတယ်။

မိသားစုရှေ့ရေးအတွက် စိတ်ခွန်အားတွေ စုဆောင်းနေပေမယ့် ရွာမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်ဆိုးကြီးက သူရဲ့ ဦးနှောက်နဲ့ နှလုံးသားထဲမှာ စွဲကျန်နေဆဲဖြစ်တယ်လို့ ဒေါ်ဖြူမ ကဆိုပါတယ်။

“ကျမတို့ ရှေ့ဆက်ရမှာကို သိတယ်။ ဒါပေမယ့် ရွာထဲက ငိုကြွေးသံတွေက ကျမနားထဲ အမြဲကြားနေရတယ်။ ဒီလို ဖြစ်ရပ်မျိုးတွေ ဆက်မဖြစ်ဖို့ ဘယ်သူ့ကိုသွားပြီး ကျမတို့ပြောပြရမလဲဆိုတာ မသိတော့ဘူး”လို့ကြေကွဲစွာ ပြောပါတယ်။

Author:

Related Articles