Home သတင်း မြေမြုပ်မိုင်းဒဏ်ခံနေရတဲ့ပြည်သူတွေအတွက် ဘယ်သူတွေမှာတာဝန်ရှိနေလဲ

မြေမြုပ်မိုင်းဒဏ်ခံနေရတဲ့ပြည်သူတွေအတွက် ဘယ်သူတွေမှာတာဝန်ရှိနေလဲ

နန်းဆိုင်နွမ်

“ အိမ်ခြံဝန်းထဲမှာ  ဗုံးပေါက်သံကြားတော့ ကျမ ယောင်္ကျားသေပြီပေါ့” လို့ ထင်မိကြောင်းနန်းခမ်းချိုကဝမ်း နည်းတဲ့လေသံနဲ့ ရင်ဖွင့်လာပါတယ်။

နန်းခမ်းချိုတို့ မိသားစုဟာ ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြို့အတွင်း စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်( PNLA) တို့  ဇန်နဝါရီလကုန်ပိုင်းတွင် ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဟိုပုံးမြို့သို့ ထွက်ပြေး တိမ်းရှောင်လာကြသူတွေပါ။

သူတို့မိသားစုစစ်ရှောင်လာချိန်မှာတော့ စားနပ်ရိက္ခာ အနည်းငယ်သယ်လာခဲ့ပြီး၊ ဟိုပုံးမြို့ က အသိမိတ်ဆွေ အိမ်မှာကပ်နေခဲ့ပါတယ်။

“ ကျမတို့ စစ်ရှောင်တာ ၃လလောက်ရှိလာချိန် ဆီဆိုင်မြို့ပေါ်မှာ တိုက်ပွဲက ငြိမ်တော့ ရိက္ခာပြန်ယူမယ်ဆိုပြီး အရဲစွန့် ပြန်သွာခဲ့တာပါ” လို့ နန်းခမ်းချို ကပြောပြပါတယ်။

အဲ့ဒီဗုံးပေါက်တဲ့ဖြစ်စဥ်ဟာ ဧပြီလဆန်းပိုင်းမှာ နန်းခမ်းချိုနဲ့ သူ့အမျိုးသားဟာ ဟိုပုံးမြို့ကနေ ဆီဆိုင်မြို့ကို ရိက္ခာ ပြန်ယူမယ်ဆိုပြီး ကျပ်ငွေ ၅သိန်းပေးပြီး နေရပ်ပြန်ခဲ့ကြတာပါ။

ဟိုပုံးမြို့နဲ့ ဆီဆိုင်ဟာ ကားဖြင့် ၃နာရီသာ ကွာဝေးပါတယ်။ ဒါ့ကြောင့် မနက် ၉နာရီမှာ  ဟိုပုံးမြို့ ကနေ ထွက်ခွာခဲ့ပြီး ဆီဆိုင်မြို့ကိုနေ့လည် ၁၂နာရီကျော်မှာ ရောက်သွားခဲ့ပါတယ်။

“ ကားက အပြင်မှာ စောင့်နေတာ။ ရိက္ခာတွေ ပစ္စည်းတွေ သယ်ပြီးထုတ်နေချိန် ကျမက အိမ်ထဲမှာပဲရှိသေးတယ်။ ယောင်္ကျားက အိမ်ထဲကနေ အရင်ထွက်သွားတာ။ ခြံဝန်းထဲမှာပဲရှိသေးတယ် ဗုံးထပေါက်တော့ ကျမလန့်သွားတာပဲ။ သူသေပြီပေါ့။ ကျမလည်းလန့်ပြီး ဘာလုပ်ရမှန်းမသိဘူး ကြောင်သွားတာပေါ့” လို့ နန်းခမ်းချိုက ဖြစ်ပျက်တဲ့နေ့ကအကြောင်းကို ပြန်ပြောပြနေပါတယ်။

အဲ့နောက်မှာသူတို့လင်မယား ငှားရမ်းသွားတဲ့ကားက ဗုံးထိမှန်တဲ့ သူ့အမျိုးသားကို ဟိုပုံးမြို့ ထိပြန်သယ်လာပါတယ်။

“ ကျမ ယောင်္ကျား ဗုံးထိပြီး ခြေထောက်ဖြတ်လိုက်ရတော့ ကားသမားလည်း သနားလို့ ကားခ ကျပ်ငွေ ၅သိန်း မယူဘူး။ ယောင်္ကျားဆေးကုသတာ ဆေးရုံတက်တာကတော့ သူငယ်ချင်းတွေကစုပြီး ကူညီကြတယ်”လို့သူက ဝမ်းနည်းတဲ့ လေသံနဲ့ ပြောပြခဲ့ပါတယ်။

နန်းခမ်းချို တယောက် ခြေထောက်ဖြတ်ထားတဲ့ အမျိုးသားကို ပြုစုနေရသလို ကလေး ၂ယောက် စားဝတ်နေရေး ကျောင်းထားဖို့အတွက်လည်း ပူပင်နေရတဲ့အခြေအနေဖြစ်နေပါတယ်။

“ သား၂ ယောက်ရှိတယ်။ တစ်ယောက်ကတော့ အသက် ၁၂နှစ် အငယ်က ၆နှစ်အရွယ်ပါ။ ဒီနှစ်တော့ သူတို့ အဖေကလည်း ခြေထောက်ဖြတ်လိုက်ရ ဝင်ငွေမရှိတော့ ကလေးကို ကျောင်းမထားနိုင်သေးဘူး။ စစ်ရှောင်နေရတော့ အလုပ်ကလည်း မရှိဘူးလေ” လို့ နန်းခမ်းချို တစ်ယောက် စို့နင့်တဲ့လေသံနဲ့ ပြောပါတယ်။

သူမဟာ အသက် ၂၉နှစ်အရွယ်နဲ့မလိုက်ဖက်အောင် စစ်ရဲ့ ဆိုးကျိုး၊ လောကဓံရဲ့ ရိုက်နှက်မှုကို တစ်ကိုယ်တည်း ကျော်လွှားနေရပါတယ်။

“တခါတလေ ကျမ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိလို့ တိတ်တဆိတ် ခိုးငိုနေရတဲ့အခါတွေလည်းရှိတယ်။ ငိုနေလို့တော့ဘာမှ မထူးပေမယ့် နေ့စားအလုပ်ကလည်း အရင်လို မရှိဘူးလေ။ တိုက်ပွဲတော့ အမြန်ဆုံးပြီးပြီ အလုပ်ပြန်လုပ်ချင်ပြီ” လို့ သူကဆက်ပြောပါတယ်။

နန်းခမ်းချိုတို့ မိသားစုနည်းတူ မေလ ပထမပတ်မှာလည်း ဆီဆိုင်မြို့ကိုရိက္ခာပြန်ယူတဲ့ အမျိုးသားတစ်ဦး  မိုင်းနင်းမိကာ ခြေထောက်ဖြတ်ခံရသေးပါတယ်။ အဲ့ဒီ ခြေထောက်ပြတ်ခံရတဲ့ အမျိုးသားဟာ မိသားစုဝင်ငွေရှာဖွေပေးနေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ မိသားစုဝင်များအတွက် ဝင်ငွေမရှာပေးနိုင်တဲ့အတွက် ၎င်းရဲ့ အမျိုးသမီးဖြစ်တဲ့ နန်းအေးက မိသားစုအတွက် နေ့စား အလုပ်လုပ်ပြီး ဝင်ငွေရှာနေရပါတယ်။

နန်းအေးတို့ မိသားစုဟာ လက်ရှိမှာ ဟိုပုံးမြို့ မှာ စစ်ဘေးရှောင်လာတဲ့သူတွေဖြစ်ပါတယ်။

“အမျိုးသားက ရွာပြန် ရိက္ခာယူရင်း မိုင်းနင်းမိခဲ့တာ၊ ခြေထောက်ဖြတ်ခဲ့ရတယ်။ ကျမတို့ စားနပ်ရိက္ခာလည်း မရှိတော့ဘူးလေ။ ပြေးလာတုန်းကပါလာတဲ့ စားစရာတွေလည်း ကုန်ပြီ။ ကူညီတဲ့သူတွေလည်းမရှိဘူး” လို့ နန်း အေးက ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားရဲ့ ခြေဖြတ်လိုက်ရတဲ့အတွက် အလွန်ပင် ခက်ခဲနေကြောင်း၊ သူမမှာအသက် ၅နှစ်အရွယ် သမီးတစ်ယောက်ရှိပြီးအနာဂတ်အတွက် အလွန်ပင်တွေဝေနေရကြောင်းကို နန်းအေးက ရင်ဖွင့်လာပါတယ်။

“ ရှေ့ဆက်ကျမ ဘာဆက်လုပ်ရမှာလဲ။ မိသားစုအတွက် ကလေးကျောင်းတက်ဖို့အတွက် ကျမ ဘယ်လိုရှာရမှာလဲ။ သမီးလေးကိုလည်း ဒီနှစ်ကျောင်းမအပ်နိုင်သေးဘူး” လို့ သူက ဝမ်းနည်းတဲ့လေသံနဲ့ ပြောလာပါတယ်။

နန်းအေးတို့ နေထိုင်တဲ့ ဆီဆိုင်မြို့မှာ တိုက်ပွဲငြိမ်သက်နေပြီး နေရပ်ပြန် နေထိုင်သူများရှိကြောင်း၊ သူမအနေနဲ့ အမျိုးသားခြေထောက်ဆုံးရှုံးပြီးပြီဖြစ်တဲ့အတွက် နောက်အခြား မိတ်ဆွေများကို မဆုံးရှုံးစေချင်တာကြောင့်  နေရပ်ကို အရဲစွန့် မပြန်ကြဖို့တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“ စစ်ရှောင်တွေက ရှာစားရခက်လာတော့ နေရပ်ပြန် စိုက်ပျိုးရေးလုပ်သူရှိတယ်။ ကျမကတော့ မပြန်စေချင်ဘူး။ ကျမရဲ့အမျိုးသားခြေထောက်ဆုံးရှုံးပြီးပြီဆိုတော့ နောက်တခါ ကျမမဖြစ်နိုင်ဘူးဆိုတာ ပြောလို့မရသလို သမီးလေး မဖြစ်ဘူးဆိုတာလည်း ပြောလို့မရဘူးလေ။ ကျမကတော့ မပြန်တော့ဘူး” လို့ဆုံးဖြတ်ချက်ချထားကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီ ၂၁ရက်မှာ ဟိုပုံးမြို့နယ် စံဖူးကျေးရွာမှာ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( PNLA)ရဲ့  ယာဉ်တန်းကို စစ်ကောင်စီနှင့်လက်အောက်ခံ ပအိုဝ်း ပြည်သူ့စစ် PNO အဖွဲ့တို့က ပိတ်ဆို့ဟန့်တား စစ်ဆေးမှုကြောင့် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲနောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ဆိုရင်လည်း မမှားပါဘူး။

ဒီနှစ်ဇန်နဝါရီ ၂၁ရက် ကနေ  မေ ၁၈ရက်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း မြို့နယ်တွေအတွင်း မြေမြုပ်မိုင်း၊ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိသူ (၉၉) ဦးရှိခဲ့ပြီး၊ အဲ့ထဲမှာ ဆီဆိုင်မြို့နယ်သို့ နေရပ်ပြန်သွားသူ ၅၀ ရာခိုင်နှုန်းပါဝင်ကြောင်း ပအိုဝ်း လူငယ်အစည်းအရုံးက မေလ ၂၈ရက်နေ့ မှာ  ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့တိုက်ပွဲဟာ  ၅လ ကျော်ကြာလာပြီး စစ်ဘေးရှောင် ခြောက်သောင်း (၆သောင်း) ဝန်းကျင် အထိရှိလာပြီး၊ စစ်ဘေးရှောင် များ ဟာ နီးစပ်ရာမြို့ပေါ်သို့ ထွက်ပြေးကြသကဲ့သို့ အချို့ဟာ တောတောင်ထဲရှိ ဂူတွေမှာ ပုန်းကွယ်နေထိုင်ရပါတယ်။

စစ်ကောင်စီက စစ်ဘေးရှောင်ကူညီတဲ့သူတွေကို  နည်းမျိုးစုံနဲ့ဒေသအတွင်း သွားလာခွင့် ကန့်သတ်မှုတွေ၊ တား ဆီးပိတ်ပင်တာတွေ ရှိသလို စစ်ဘေးရှောင်ကူညီတွေကိုလည်း ပစ်မှတ်ထား သတ်ဖြတ်တာတွေ ရှိကြောင်း၊ အချို့ အရပ်သားတွေ ရိက္ခာကုန်လို့ ရွာပြန်သွားယူလျှင်လည်း စစ်ကောင်စီက သတ်ဖြတ်ခြင်းကို ခံရတာတွေရှိကြောင်း ရှမ်းပြည် စစ်ဘေးရှောင်ကူညီနေတဲ့ အဖွဲ့အစည်းတွေကဆိုပါတယ်။

“ စစ်ရှောင်တွေက တနေရာတည်းမှာ စုစည်းတာမဟုတ်ဘူး။ တောထဲ ဂူတွေမှာနေတဲ့ စစ်ရှောင်တွေကိုတော့ ကျ မတို့ ကူညီဖို့မရဘူး။ လမ်းပန်းဆက်သွယ်ရေးက ခက်သလို ကျမတို့ လက်ရှိမှာ ပေါ်ပေါ်ထင်ထင် သွားလာလို့ မရဘူး” လို့ ပအိုဝ်း အမျိုးသမီးသမဂ္ဂ   (Pa-O Women’s Union) မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောပါတယ်။

စစ်ဘေးရှောင်များထဲတွင် အမျိုးသမီးနဲ့ ကလေးသူငယ်များအခက်အခဲများစွာကြုံတွေ့နေရကြောင်း၊ တော တောင်ဂူထဲမှာ နေထိုင်တဲ့စစ်ဘေးရှောင်တွေဟာ နေထိုင်စားသောက်မှုခက်ခဲသလို အချို့က တဲထိုးပြီး နေထိုင်ရ ပြီး မိုးရာသီရောက်ပါက ပိုခက်ခဲနိုင်ကြောင်းလည်းဆိုပါတယ်။

“ တောထဲမှာနေတဲ့သူက ကျမတို့နဲ့ချိတ်ဆက်ရတာ အရမ်းခက်နေတယ်။ အဲ့ထဲက နေမကောင်းလို့ မြို့ပေါ်ကို အရဲ စွန့်တက်လာမှ ကျမတို့ သူတို့ ဘယ်လိုဖြစ်နေတာသိရတာ။ အဖွဲ့အစည်းတွေ စစ်ရှောင် ကူညီတဲ့သူနဲ့ချိတ်လို့မရတဲ့ ပြဿနာပဲ။ အစားအသောက် ဆေးဝါးမရှိကြဘူး” လို့ သူက ထပ်လောင်းပြောပါတယ်။

 လက်ရှိမှာ တောတောင် ဂူထဲရောက်နေတဲ့ စစ်ရှောင်ကိုယ်ဝန်သည်တွေဟာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ မွေးဖွားနေရကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမရရှိတဲ့အတွက် မွေးကင်းစကလေး သေဆုံးမှုတွေလည်းရှိကြောင်း သူက ဆက်ပြောပါတယ်။

“ နောက်တခုက ကလေးမိခင်တွေ မွေးဖွားမိခင်တွေ တောတောင်တွေမှာ မွေးတာများတယ်။ ရွာမှဆိုလည်း လက်သည်နဲ့မွေးတဲ့သူရှိတော့ လက်သည်တွေရှိကောင်းရှိမယ် ကိုယ်ဘာသာကိုယ်မွေးတာရှိတယ်” လို့သူက လက်ရှိ အခြေအနေကို ရှင်းပြပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ  ငါးလ ကျော်ကြာလာပေမယ့် စစ်ရေးဟာ ဆက်လက် ဖြစ်ပွားနေဆဲပါ။

ဒါ့ပေမယ့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှု မရှိသဖြင့် စစ်ရှောင်တွေအချို့ဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် တိုက်ပွဲကြား အရဲစွန့်ပြီး နေရပ်ပြန်နေရကြောင်း စစ်ရှောင်တွေကိုကူညီပေးနေတဲ့ နန်းနန်း (အမည်လွှဲ) က ပြောပြပါတယ်။

“ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်း။ စစ်ရှောင်တွေအချို့က ရိက္ခာပြန်ယူကြတာရှိတယ်။ စစ်တပ်နဲ့ PNO ဖမ်းတာ လည်းခံရ၊ သတ်တာတွေလည်းရှိတယ်။  ကျမတို့ လည်း အချက်အလက်တွေ ကောက်ရခက်တဲ့အခြေအနေပါ။ ဒီကာလက အမျိုးသမီးတွေ အတွက်လုံခြုံရေးက လုံးဝ မရှိတဲ့အနေအထားပါ” လို့ နန်းနန်းက ဆိုပါတယ်။

မိုးရာသီရောက်ရှိလာတဲ့အတွက် စစ်ရှောင်အမျိုးသမီးတွေ ကလေးငယ်တွေ အသက်ကြီးရွယ်အိုတွေအတွက်ကတော့ နေရေး၊ ထိုင်ရေးစားသောက်ရေးက ကြီးလေးတဲ့စိန်ခေါ်မှု တစ်ရပ်ပါပဲ။

“ဒီလိုအချိန် ရွာကိုလည်း မပြန်စေချင်ဘူး။ ရွာမှာလည်း ကြွင်းကျန်လက်နက်တွေ ဗုံးတွေကရှိသေးတယ်။ မရှင်းလင်းရသေးဘူး။ မပြန်ရင်လည်း မိုးတွင်းဆိုတော့ နေဖို့ကခက်ခဲမယ်။ မွေးဖွားစမိခင်တွေ ကလေးငယ်တွေ အတွက်က  ရွေးချယ်စရာ မရှိတဲ့အချိန်ဖြစ်နေတယ်” လို့ သူက စိတ်မကောင်းစွာ ပြောပြပါတယ်။

ဆီဆိုင်မြိုမှာ စစ်ကောင်စီနဲ့ PNO တပ်ဖွဲ့တွေက စစ်ဘေးရှောင်တွေကို နေရပ်မပြန်ပါက နေအိမ်ချိတ်ပိတ်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့အတူအလှူရှင် နည်းပါးလာမှုတွေကြောင့် အန္တရာယ်ကြားနေရပ်ကို အရဲစွန့်ပြန်ပြီး ဝမ်းရေးအတွက် စိုက်ပျိုးရေး ပြန်လုပ်နေရကြောင်း အသက် ၅၀ အရွယ်ရှိ ဆီဆိုင်မြို့ ဒေသခံ နန်းဇင်ကပြောပါ တယ်။

“ ကျမတို့ မလုပ်ရင်လည်း မစားရဘူးလေ။ မိုင်းနင်းမိလို့ ခြေထောက်ပြတ်သူတွေလည်း ရှိတာပေါ့။ ဒီတောင်ယာ မှ မလုပ်ရင် နောက်နှစ် ဘာစားကြမှာလဲ။ နောင်ဖြစ် နောင်ရှင်းပေါ့” လို့ နန်းဇင် က ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ PNO က ဆီဆိုင်မြို့ကို ပြန်လည်သိမ်းယူထားပေမယ့် နယ်မြေရှင်းလင်းရေး၊ မြေမြုပ်မိုင်း ရှင်းလင်းရေးကိုတော့ မလုပ်ဆောင်ပေးကြောင်း သူက ထပ်လောင်းပြောပါတယ်။

ဒ့ါအပြင် မပေါက်ကွဲသေးတဲ့ စစ်ကြွင်းကျန်လက်နက်ကိုင်နဲ့ မြေမြုပ်မိုင်းဆိုင်ရာ အသိပညာပေးမှုကို လတ်တ လောမှာတော့ လူမှုကွန်ရက်စာမျက်နှာပေါ်နဲ့ အွန်လိုင်းတွေပေါ်သာ လုပ်ဆောင်နိုင်သေးကြောင်း၊ ကွင်းဆင်း ပညာပေးမှုကိုတော့ နယ်မြေမတည်ငြိမ်သေးတဲ့အတွက် မလုပ်ဆောင်နိုင်သေးကြောင်း ပအိုဝ်း လူငယ်အစည်း အရုံး (PYO) မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

“ အခုက မိုင်းအသိပညာပေး ဗီဒီယိုတွေကို ပအိုဝ်းဘာသာနဲ့ ဗမာဘာသာနဲ့ ပြုလုပ်ပြီး အွန်လိုင်းပေါ်မှာ ဖြန့်ဝေတယ်။ နေရပ်မပြန်ဖို့တော့ ကျမတို့ တားပေမယ့် စားဝတ်နေရး ခက်ခဲတော့ အန္တရာယ်ကြားပြန်ကြတာပဲလေ” လို့ PYO က တာဝန်ရှိသူအမျိုးသမီး ကပြောပါတယ်။​

မြန်မာနိုင်ငံ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့  ၂၀၂၀ ခုနှစ် အထိ အစီရင် ခံစာအရ မြေမြှုပ်မိုင်းနှင့် စစ် ကျန် ပေါက်ကွဲ ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု စုစုပေါင်း ၃၆၈ ခု ရှိနေပြီး ရှမ်းပြည်နယ်က ထိခိုက်၊ ဒဏ်ရာရမှုအများဆုံးအဖြစ် (၁၂၁) ခုထိရှိနေကြောင်း သိရပါတယ်။

ဒေသအလိုက်အနေဖြင့် ရှမ်းပြည်တွင် မြေမြှုပ်မိုင်းနင်းမိသူ (၄၂) ရာခိုင်နှုန်းရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းတွင် (၁၂) ရာခိုင် နှုန်း၊ ရခိုင်တွင် (၁၁) ရာခိုင်နှုန်း၊ ကချင်တွင် (၁၀) ရာခိုင်နှုန်း နှင့် ကရင်တွင် (၇) ရာခိုင်နှုန်းရှိပြီး ရှမ်းပြည်နယ်ဟာ အများဆုံးဖြစ်ကြောင်း မြေမြှုပ်မိုင်းစောင့်ကြေည့်လေ့လာရေး အဖွဲ့ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာပြည်အနှံ့ မြေမြှုပ်မိုင်းကို အကြီးအကျယ်အသုံးပြုလာပြီး အရင်က မြေမြှုပ်မိုင်းကို မကြားဖူးတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့ နယ်တွေ မှာတော့ လက်ရှိအလူးအလိမ့်ခံနေရကြောင်း ဒေသခံတွေက မှတ်ချက်ပြုလုပ်လိုက်ပါတယ်။

“ ကျမတို့ ဆီမှာ အရင်က မြေမြုပ်မိုင်းဆိုတာ တခါမှမကြားဖူးဘူး။ အခုကျမတို့ မိသားစုကိုယ်တိုင် လက်တွေ့ ကြုံရပြီ၊ ကိုယ့်ခြံဝန်းထဲမှာတောင် မိုင်းရှိတာဟာ အလွန်ပဲ အန္တရာယ်များတဲ့အဆင့်ပါ” လို့ မိုင်းနင်းမိလို့ ခြေ ထောက်ဖြတ်လိုက်ရတဲ့ အမျိုးသားရဲ့ဇနီး နန်းခမ်းချိုက ဆီဆိုင်မြို့ရဲ့ အဖြစ်အပျက်ကို ပြောပါတယ်။

ပြည်သူတွေက စစ်ရေးအခြေအနေ မိုင်းအခြေအနေကို နားမလည်ကြောင်း၊ ကိုယ့်မိသားစု ရပ်တည်ရေး စားဝတ် နေရေးနဲ့ မိခင်တွေဟာ ကလေးတွေ မငတ်ရေးအတွက်ကို ရှေ့တန်းတင်ပြီး ရိက္ခာပြန်ယူကြခြင်းဖြစ်ကြောင်း သူက စိတ်မကောင်းစွာဆိုပါတယ်။

သူတို့ မိသားစုလို အခြား စစ်ဘေးရှောင်တွေလည်း မကြုံရအောင် “ ကျမတို့လို မဖြစ်အောင် ငတ်ရင်လည်း ငတ် ပါစေ၊ တောင်းစားရရင်လည်း တောင်းစားရပါတယ်။ အိမ်မပြန်ဖို့ပြောချင်တယ်။ ကိုယ်အိမ်ကမိသားစုဝင် မိုင်းထိ ခြေထောက်ဖြတ်ခံရရင် ပိုဆိုးမယ်” လို့ နန်းခမ်းချိုက သတိပေးပြောဆိုခဲ့ပါတယ်။​

Author:

Related Articles