Home သတင်း တနိုင်းဒေသ တိုက်ပွဲအတွင်း ပိတ်မိနေသူများကို ဘယ်သူ ကယ် ထုတ်နိုင်မလဲ

တနိုင်းဒေသ တိုက်ပွဲအတွင်း ပိတ်မိနေသူများကို ဘယ်သူ ကယ် ထုတ်နိုင်မလဲ

ဓါတ်ပုံ – Hkun Aung Nlam’s Facebook

လုဆိုင်း။       ။

ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လောဒ်ကျေးရွာ၊ ဆွတ်ရိန်ယန်၊ ဆွတ်ရာကျေးရွာသား (၂၀၀၀)ခန့်ကို လုံခြုံမှုရှိသော နေရာသို့ အမြန်ဆုံးရွေ့ပြောင်းပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ထောက်ပံ့မှုများ ရရှိနိုင်ရေး အမြန်ဆုံး ဆောင်ရွက်ပေးရန် ကချင်ပြည်နယ် အမျိုးသမီးများကွန်ယက်အဖွဲ့က တောင်းဆိုလိုက်သည်။

ထွက်ပြေးတိမ်းရှောင်နေရသူ (၂၀၀၀)ခန့်တွင် အမျိုးသမီးနှင့် ကလေး၊ မွေးကင်းစ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင် များ (၄၀၀)ကျော် ပါဝင်ပြီး အခြား နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများ၊ ဒဏ်ရာရသူများ အပါအဝင် ပိတ်မိနေသူ များသည် အစားအသောက်နှင့် အဝတ်အစားများ မလုံလောက်ဘဲ အခက်အခဲတွေ့နေရသဖြင့် အမြန်ဆုံးကယ်ဆယ်နေရာ ချထားပေးရန် တောင်းဆိုကြောင်း ထွယ်အမျိုးသမီးများနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တာဝန်ခံ ဒေါ်နန်ပူက ပြောသည်။

“ကိုယ်ဝန်သည်တွေ၊ ကလေးတွေ၊ မွေးကင်းစကလေးတွေ (၄၀၀) ကျော်ပါတယ်လို့သိရတယ်။ စားဖို့လည်း မရှိတော့ဘူး။ အဝတ်အစားလည်း လဲဖို့တစုံစီဘဲ ပါလာတော့ အရမ်းဒုက္ခရောက်နေတယ်လို့ပြောတယ်။ အမျိုးသမီးနဲ့ ကလေးတွေ အမြန် ဆုံးလွတ်မြောက်ဖို့လိုတယ်။ အမျိုးသမီးအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ မြင်တယ်။ အကူအညီလိုအပ်သူတွေ၊ ဖေးမစောင့်ရှောက်ရမယ့်သူတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေဟာ ဘာမှ အပြစ်မရှိဘဲ ထွက်ပြေး နေကြရတယ်”ဟု ဒေါ်နန်ပူက ပြောသည်။

ရွာသားများ လွတ်မြောက်ရေးအတွက် ကချင်အမျိုးသမီးအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များ၊ ကချင်ငြိမ်းချမ်း ရေး အကျိုးဆောင်အဖွဲ့ (PCG) တို့က ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် ကြိုးစားခဲ့သော်လည်း အမျိုးသမီးအဖွဲ့ များကမူ တွေ့ဆုံခွင့်မရခဲ့ကြောင်း သူက ပြောသည်။

ဓါတ်ပုံ – Hkun Aung Nlam’s Facebook

“ဝန်ကြီးချုပ်ကို ကျမတို့ အမျိုးသမီးတွေ၊ မိခင်နဲ့ကလေးတွေ တကယ်ဒုက္ခရောက်နေတာကို ပြောပြဖို့ ကြိုးပမ်းပေမဲ့ မတွေ့ ခဲ့ရဘူး။ ဘာသာရေးခေါင်းဆောင်တွေနဲ့ PCG တို့ကတော့တွေ့ခွင့်ရခဲ့တယ်။ ဒါကစစ်တပ်နဲ့ဆိုင်တဲ့အတွက် သူ့အနေနဲ့ တာဝန်ယူပြီး ပြောပေးဖို့တွေ၊ တာဝန်ယူပေးနိုင်တာတွေ မပြောဘူးလို့ သိရတယ်” လို့ ဒေါ်နန်ပူက ပြောသည်။

ပိတ်မိနေသောပြည်သူများသည် အစာရေစာများ ပြတ်လပ်နေပြီး ဧပြီလ (၁၈)ရက်နေ့ဖြစ်သော ယနေ့(၈)ရက်ကြာသည် အထိ မည်သည့်အကူအညီမျှ မရရှိသေးသလို တပ်မတော်စစ်ကြောင်းများ အောင်လောဒ်ရွာကို ဝင်ရောက်လာသဖြင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးနောင်တောင်က ပြောသည်။

“အောင်လောဒ်ကို စစ်ကြောင်းဝင်လာပြီး သေနတ်သံတွေ ဆက်တိုက်ကြားနေရလို့ မူလနေတဲ့ နေရာကနေ ပိုဝေးတဲ့ တောတောင်တွေထဲကို ထပ်ပြီးတိမ်းရှောင်သွားကြတယ်။ စာရင်းအတိအကျတော့ မရသေးဘူး။ အမျိုးသမီးနဲ့ကလေးတွေ အများကြီးပဲ။ ဖျားတဲ့လူတွေလည်းရှိတယ်။ စားသောက်ဖို့မရှိသလို၊ မိုးကလည်းရွာပြီး အိပ်ဖို့ခြုံဖို့ မိုးကာ လုံလုံလောက် လောက် မရှိကြဘူး၊ ဖျားနာတဲ့လူတွေလည်း ပိုများလာတာဆိုတော့ အမြန်လွှတ်လာဖို့ လိုနေတယ်” ဟု သူက ပြောသည်။

သူတို့အား ကယ်ထုတ်ရန် တနိုင်းမြို့မှသွားသည့် ကုန်းလမ်းခရီးတွင် တပ်မတော်၏ ထိုးစစ်ဆင်မှုများရှိနေသဖြင့် ကယ် ထုတ်ရန် မဖြစ်နိုင်ကြောင်းနှင့် ရေလမ်းဖြင့် ကယ်ထုတ်နိုင်ရန်လည်း အစိုးရထံမှ ခွင့်ပြုချက်လိုအပ်နေသည်ဟုဆိုသည်။

အဆိုပါဒေသတွင် တပ်မတော်နှင့် KIA တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်ဟုလည်း သူက ပြောသည်။

ဓါတ်ပုံ – Hkun Aung Nlam’s Facebook

အောင်လောဒ်ကျေးရွာထဲတွင် မြန်မာ့တပ်မတော်သားများ တပ်စွဲထားကာ တိုက်ပွဲအရှိန် ပို၍ပြင်းထန်လာဖွယ်ရှိသော ကြောင့် ကချင်ပြည်နယ် အမျိုးသမီးများကွန်ယက်အဖွဲ့က ပိတ်မိနေသော ပြည်သူများ၏ အခက်အခဲနှင့် အသက်အန္တရာယ် အား အထူးစိုးရိမ်ပူပန်ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်က အောင်လောဒ်ရွာသားများကို လုံခြုံရာနေရာများသို့ ထွက်ခွာလာရန် ခွင့်မပြုသည့်အတွက် ဘာသာရေး ဂိုဏ်းပေါင်းစုံက ခေါင်းဆောင်များ၊ အောင်လောဒ်ရွာ အမျိုးသမီးခေါင်းဆောင်များက ဧပြီလ (၁၄) ရက်နေ့က ကချင်ပြည် နယ်ဝန်ကြီးချုပ်ထံ တောင်းဆိုစာပေးပို့ခဲ့ပြီး ဧပြီလ (၁၅) ရက်နေ့ကလည်း ကချင်လူထုရပ်မိရပ်ဖအချို့နှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့သေ်ာလည်း ယနေ့ချိန်အထိ တစုံတရာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပေ။

ပိတ်မိနေသူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစကလေးအမေများ၊ နာမကျန်းဖြစ်သူများ၊ သက်ကြီးရွယ်အို များနှင့် ဒဏ်ရာရသူ (၇၀၀) ကျော်သည် ဆက်လက်ထွက်ပြေးနိုင်ခြင်း မရှိတော့သဖြင့် ဒုက္ခရောက်နေကြောင်း သိရပြီး ထို့အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ သမ္မတကို အကြောင်းကြားကာ အမြန်ဆုံး ကယ်ထုတ်နိုင်ရန် ကြိုးပမ်းနေသည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောဆိုထားသည်။

Related Articles