Home သတင်း YBS ပေါ်တွင် တက္ကသိုလ်ကျောင်းသူအား ကာယိန္ဒြေပျက်ရန်နှောင့်ယှက်ခဲ့ကြောင်း အမျိုးသားလေးဦးစွပ်စွဲခံရ

YBS ပေါ်တွင် တက္ကသိုလ်ကျောင်းသူအား ကာယိန္ဒြေပျက်ရန်နှောင့်ယှက်ခဲ့ကြောင်း အမျိုးသားလေးဦးစွပ်စွဲခံရ

မိုးမိုး

သက်လတ်ပိုင်းအရွယ် အမျိုးသားလေးဦးသည် တက္ကသိုလ်ကျောင်းသူတစ်ဦးအား YBS ၃၁ ယာဉ်ပေါ်တွင် ကာယိန္ဒြေပျက်ပြားစေရန် ပြုမူပြောဆိုခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ) က စွပ်စွဲလိုက်ပြီး ၎င်းတို့၏ ဓာတ်ပုံများကိုလည်း လူစည်ကားရာနေရာများတွင် လိုက်လံကပ်ခဲ့သည်။

အဆိုပါအဖြစ်အပျက်သည် သြဂုတ် ၁၉ က ရန်ကုန်မြို့မှ မြစ်တစ်ဖက်ကမ်း သံလျှင်မြို့တွင်ရှိသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ရန်ကုန်မြို့လယ် ပန်းဆိုးတန်းအထိ ပြေးဆွဲသည့် YBS ၃၁ ယာဉ်ပေါ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားသမဂ္ဂ၏ ကြေညာချက်ကဆိုသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသူအား စွပ်စွဲခံရသည့် အမျိုးသားလေးဦးထဲမှ တစ်ဦးက နောက်ကျောရှိ ဆံပင်ကို ကိုင်တွယ်ခြင်း၊ ကျန်သည့်သူများက နှုတ်အားဖြင့် ကြမ်းတမ်းသည့် စကားလုံးများကို အသုံးပြုခြင်း အစရှိသဖြင့်လမ်းတစ်လျှောက်လုံး ထိကပါးရိကပါး ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ) ဥက္ကဌ ကိုစိုင်းသုဝဏ်ကပြောသည်။

စွပ်စွဲခံရသူများ၏ဓာတ်ပုံများကို ကျောင်းသားများကလိုက်လံကပ်နေစဉ် (ဓာတ်ပုံ – EYUSU/abfsu)

ယင်းဖြစ်ရပ်အပြီး နှစ်ရက်အကြာတွင် စွပ်စွဲခံရသူလေးဦး၏ ဓာတ်ပုံများကို ကျောင်းသားသမဂ္ဂဘက်က ထုတ်ပြန်ခဲ့ပြီး အဆိုပါဓာတ်ပုံများကို ရန်ကုန်မြို့လယ်ရှိ YBS ၃၁ ဂိတ်စ ပန်းဆိုးတန်းကားမှတ်တိုင်၊ သန်လျင်မြို့တွင်း လူစည်ရာကားမှတ်တိုင်များ ၊YBS ၃၁ ယာဉ်များ နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှေ့တို့တွင် လိုက်လံကပ်ခဲ့ကြသည်။

ကျောင်းသားသမဂ္ဂက ထုတ်ပြန်သည့် ဓာတ်ပုံများထဲမှ အသက် ၂၅ မှ ၃၀ ဝန်းကျင်ခန့်အရွယ် အမျိုးသားလေးဦးသည် မည်သူမည်ဝါဆိုသည်ကို Hi ဘက်က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သလို စွပ်စွဲချက်များအတွက် ၎င်းတို့ထံမှ သီးခြားမှတ်ချက်လည်းမရသေးပါ။

ကျောင်းသားများက အဆိုပါလှုပ်ရှားမှုကို “Social punishment /လူမှုရေးပြစ်ဒဏ်ချမှတ်ခြင်း” ဟု တင်စားခေါ်ဝေါ်ခဲ့ကြပြီး အလားတူ အမှုမျိုးများတွင် ရဲစခန်းသို့ သွားရောက်တိုင်ကြားသည့်အခါ ထိရောက်သည့် ဖြေရှင်းနည်း မရသည့်အတွက် ယခုကဲ့သို့ဖြေရှင်းရခြင်းဆိုသည်။

“အမှုသွားဖွင့်ရင် ရဲတွေဘက်က တုန့်ပြန်ပုံက ကျွန်တော်တို့ အတွက် အဲဒီလောက်ထိ အားရ စရာမရှိဘူး။ နောက် ပြီးတော့ ကာယကံရှင်ရဲ့ ခွင့်ပြုချက်နဲ့လာမှပဲ သူတို့အနေနဲ့ အမှုဖွင့်ဖို့ လက်ခံမယ်။ တရားရုံးကို တိုက်ရိုက် လျောက်ထားလို့ ရမယ်ဆိုတာ ပြောခဲ့တာတွေလည်း ရှိတယ်”

“တရားရုံးရဲ့ ဥပဒေနည်းအရ ဖြေရှင်းဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို သိတဲ့ အတွက် နောက်ပိုင်းလည်း ဆက်ပြီး မပေါ်ပေါက်အောင် ကျနော်တို့ သမဂ္ဂရဲ့ အမှုဆောင်ဆုံးဖြတ်ချက်နဲ့ လူမှုရေး ပြစ်ဒဏ်ဆိုတဲ့ ကမ်ပိန်း လှုပ်ရှား မှုမျိုး ကျွန်တော်တို့က ရွေးပြီးတော့ လုပ်တာပါ” ဟု ကိုစိုင်းသုဝဏ်ကပြောသည်။

အလားတူဖြစ်ရပ်မျိုးထပ်မံ ပေါ်ပေါက်လာပါကလည်း ကျောင်းသူ (သို့) အမျိုးသမီးဘက်မှ အကူအညီတောင်းခံလာပါက ရဲစခန်းသို့မောင်းပို့ပေးခြင်းဖြင့် ကူညီပေးရန် ၃၁ ယာဉ်လိုင်းဂိတ်မှူးများထံ အကြောင်းကြားထားကြောင်းလည်း ကျောင်းသားသမဂ္ဂဘက်ကဆိုသည်။

ဘတ်စ်ကားဖြင့် ခရီးသွားလာရသူ ကျောင်းသူများ၊ အမျိုးသမီးများအနေဖြင့် အဆိုပါကိစ္စမျိုးပေါ်ပေါက်လာပါက
(၁) တစုံတရာ ပြန်လည်တုံ့ပြန်ရန်
(၂) ကားဆရာနှင့်ပတ်ဝန်းကျင်သို့ အကူအညီတောင်းရန်
(၃) ဓာတ်ပုံ (သို့) ဗီဒီယို မှတ်တမ်းရယူထားရန်
(၄) မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းဖေးမကူညီပေးကြရန်လည်း သမဂ္ဂဘက်က နှိုးဆော်ထားသည်။

Author: Moe Moe

Related Articles