Home ဆောင်းပါး ပဋိပက္ခဒေသတွင်းက ကျောင်းဖွင့်ချိန်နှင့် မိဘတွေရဲ့သောက

ပဋိပက္ခဒေသတွင်းက ကျောင်းဖွင့်ချိန်နှင့် မိဘတွေရဲ့သောက

ဒေဝီ

 “အငယ်လေးက၊ အမေရေ ဆရာလေးက နောက်တပတ်ထဲ ကျောင်းတက်ရမယ်ပြောလို့ သူကတော့‌ ပျော်နေတယ်”လို့ကလေးနှစ်ဦးမိခင် မစန်းကပြောပါတယ်။

 ဟိုးအရင်နှစ်တွေတုန်းကတော့ ကျောင်းဖွင့်ခါနီးအချိန်ဆို  ကျောင်းစိမ်းဝတ်စုံအသစ်၊ လွယ်အိတ်အသစ် လေး ဝယ်ပေးဖို့ ကလေးတွေပူဆာရင် မိဘတွေကလည်း ဝယ်ချမ်းပေးနဲ့ ကျောင်းဖွင့်ကာလကပျော်စရာ ကောင်းခဲ့ပါ တယ်၊ ဒါပေမယ့်အခုအခြေအနေမှာကလေးတွေလည်း ဝယ်ချမ်းပေးဖို့မတောင်းဆိုသလို သူတို့လည်း ဝယ်ပေးဖို့ မလွယ်ကူဘဲ အသက်ရှင်နေထိုင်နေရတာကိုက ကံကောင်းနေသေးတဲ့အခြေအနေပါ။

 မြို့ပြဒေသမှာငွေကြေးတက်နိုင်တဲ့ မိဘတွေက နိုင်ငံတကာနဲ့ ပုဂ္ဂလိကကျောင်းတွေရွေးချယ်နိုင်ကြပေမယ့် ငွေ ကြေးမတက်နိုင်တဲ့ မိဘတွေက စစ်ကောင်စီလက်အောက်ခံ အစိုးရကျောင်းတွေမှာလည်း မထားချင်၊ နိုင်ငံတကာ နဲ့ ပုဂ္ဂလိက ကျောင်းတွေလည်း မတက်နိုင်၊ အခြားအားကိုးစရာပြည်သူ့အစိုးရရဲ့ အွန်လိုင်းကျောင်း အချို့ကလည်း နည်းပညာနဲ့ အလှမ်းဝေးပြီး လက်လှမ်းမမှီနိုင်တဲ့အတွက် ကလေးပညာရေးအတွက်စိတ်ပူပန်နေရပါတယ်။

ထို့အတူနေ့စဉ်လိုလိုပဋိပက္ခဒေတိုက်ပွဲတွေ၊လေကြောင်းတိုက်ခိုက်မှုတွေကြားနေထိုင်နေရတဲ့မိခင်တွေ မှာ လည်း အန္တရာယ်တွေကြားကခက်ခက်ခဲခဲပညာသင်ကြားနေရတဲ့ကလေးတွေအတွက်စိုးရိမ်ပူပန်နေရပါတယ်။

တော်လှန်ဒေသတွေမှာ တိုက်ပွဲတွေကြောင့်ကလေးတွေရဲ့ ပညာရေးအဆက်ပြတ်ခဲ့ပေမယ့် လွန်ခဲ့တဲ့နှစ်တွေ က စလို့အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနက ကြားကာလပညာရေးအဖြစ် မြေပြင် ကျောင်း တွေ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ခဲ့တာကြောင့် ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပညာရေးတစ်ဝက်တပျက် ဖြစ်နေတဲ့ကလေးတွေအခွင့်အလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကနယ်မြေတစိတ်တဒေသစိုးမိုးလာနိုင်ပေမယ့်အခြေအနေလုံးဝအေးချမ်းနေတာမဟုတ်တော့ ပစ်ခတ်မှုတွေ၊လေကြောင်း တိုက်ခိုက်မှုတွေရှိနေပေမယ့်လည်းကလေးပညာရေးအဆက်မပြတ် ရှိ နေတာကြောင့် မိဘတွေအနေနဲ့ ပူပန်မှုတစ်ခုလျော့ပါးခဲ့ရပါတယ်။

“ဒရုန်းနဲ့ကျဲလို့၊ ပျူရွာက လှမ်းပစ်လိုက်လို့ ပြေးရတာ ဒီအန္တရာယ်တွေကတော့ရှိနေသေးပါတယ်၊ ငြိမ်သွားရင် တော့ပြန်လာပေါ့၊ လူကြီးရောကလေးရောအသားတော့ကျနေပါပြီ၊ ဒီလိုဆိုတိုင်း မထားဘဲတော့နေလို့မရဘူး၊ စာကတော့သင်ရမယ် ”လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ရှိမြေပြင်ကျောင်းတစ်ခုမှာ စတုတ္ထတန်း(G- 4)နဲ့ သူငယ်တန်း(KG) တန်းတက်ရောက်မယ့် ကလေးနှစ်ဦး မိခင်ဖြစ်တဲ့ မစန်းကပြောပါတယ်။

 ကိုဗစ်နဲ့အာဏာသိမ်းရန်ကြိုးပမ်းဆဲကာလအစောပိုင်းတုန်းက ကျောင်းမတက်ခဲ့ရပါဘူး။ စစ်ကောင်စီနဲ့ တော်လှန် ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြားထဲ အသက်အန္တရာယ်ကင်းလွတ်ဖို့ လူကြီးရောကလေးတွေပါ  ပြေး လွှားစစ်ရှောင်နေရတော့ ကလေးတွေပညားရေးလည်း မစဉ်းစားနိုင်အားခဲ့တာလို့သူကဆက်ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက   ကြားကာလပညာရေးအဖြစ် မြေပြင်ကျောင်းတွေကို ၂၀၂၂ အစောပိုင်းမှာ စပြီး သူတို့ ဒေသမှာ ဖွင့်လှစ်ခဲ့ပေမယ့် စစ်ရှောင်နေရလို့ ကျောင်းသေချာမထားဖြစ်ခဲ့ဘဲ၊ ၂၀၂၃ မှာသာ ကျောင်းထား ဖြစ်ခဲ့တာလို့ဆိုပါတယ်။

အစောပိုင်းကာလတွေမှာစစ်ကောင်စီနဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိတာ တွေ ကြောင့် နယ်မြေက လုံးဝမအေးချမ်းခဲ့သလို ၊ကလေးတွေမှာ  ကျောင်းလည်းမတက်ရ၊ ပျော်ပျော်ရွှင်ရွှင်နဲ့လည်း မဆော့ မကစားရတဲ့ အချိန်တွေလို့ဆိုပါတယ်။

တိုက်ပွဲတွေစစ်ကြောင်းထိုးမှုတွေနဲ့ မငြိမ်သက်တော့ မြို့ပေါ်မှာနေထိုင်တဲ့ ဆွေမျိုးတစ်ချို့ကကလေးတွေကို သူ တို့ဆိုင်မှာအလုပ်ကူရင်းကျောင်းတက်ဖို့ခေါ်ခဲ့ပေမယ့်မိသားစု တကွဲတပြားဖြစ်မှာကြောင့် ကလေးတွေ ကို မပို့ခဲ့ တာလို့ပြောပါတယ်။

စစ်ကြောင်းထိုးတာတွေရှိရင် မိသားစုတွေရှောင်ပုန်းလိုက် အေးသွားရင်ပြန်လာနေလိုက်နဲ့ NUG  ကကြားကာလ ပညာရေး ကျောင်းတွေစဖွင့်တော့     ကျောင်းထားပေမယ့် မငြိမ်သက်တာကြောင့် ခဏပဲထားပြီး၊ ၂၀၂၃ ပညာသင် နှစ်ကျမှ  သေသေချာချာ ထားဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

 “အသံတစ်ခုခုကြားရင် သူ့အဖေက ကလေးတွေကျောင်းကို အရင်ပြေးခေါ်ရတယ်၊ အဲ့တုန်းကသိပ်စိတ်မချတာနဲ့ နောက်ပိုင်းကျတော့ ကျောင်းတွေမှာလည်း သူ့ဟာနဲ့သူဆို ဘယ်ကိုပြေးရမယ် ဆိုတာသိလာတာနဲ့ ဆက်ထားဖြစ်သွားတာ” လို့ မစန်းကပြောပါတယ်။

NUG ကျောင်းတွေလည်းအခက်အခဲတွေ ကြားကနေဖွင့်လှစ် သင်ကြားပေးတဲ့အခါ ကလေးတွေမှာ အရင်လို စိတ်လေလွင့်မနေတော့ပေမယ့်၊ပတ်ခတ်မှုတွေ ရှိနေသေးတော့ အဲ့ဒီအချိန်တွေဆိုမိဘတွေအနေနဲ့ ပူပန်ရတယ်လို့ ဆိုပါတယ်။

ကျောင်းတွေဖွင့်ရင် စိုးရိမ်ရတာ တစ်ခုက လေကြောင်းကနေ တိုက်ခိုက်တာကိုပါ။ စစ်ကောင်စီကိုတော်လှန်နေ တဲ့အညာဒေသ၊ ကရင်နီနဲ့ချင်းပြည်နယ်ကစာသင်ကျောင်းတွေကိုပစ်မှတ်ထား တိုက်ခိုက် လေ့ ရှိ တာ ကြောင့် ကျောင်းတက်နေတဲ့ကလေးငယ်တော်တော်များများသေဆုံး၊ထိခိုက်ဒဏ်ရာရတဲ့သာဓကတွေရှိခဲ့တော့မိဘတွေ အတွက်ပူပင်စရာတွေချည်းပါပဲ။

တိုက်ပွဲတွေနဲ့မငြိမ်သက်တာကြောင့်လယ်ယာမြေတွေလည်းကောင်းကောင်းမွန်မွန် မစိုက်ပျိုးနိုင်၊ ဘဝတိုးတက်ရာတိုးတက်ကြောင်းလည်းမလုပ်နိုင်၊ စားဝတ်နေရေး အဆင်ပြေမှုတွေ ကြားထဲ ပဋိပက္ခဒေသက ပြည် သူတွေမှာ ဖြတ်သန်းနေရချိန် သားသမီးပညာရေးအတွက်ပါထပ်ဆင့်အပူတိုးနေပြီး ၊အထူးသဖြင့် သားသမီးတွေကို အနီး ကပ်စောင့်ရှောက်ရတဲ့ မိခင်တွေမှာ ပိုလို့သောကရောက်ရပါတယ်

NUG ကဖွင့်လှစ်တဲ့ မြေပြင်ကျောင်းတွေက မပြည့်စုံတဲ့ကြားက အကောင်းဆုံးဖြစ်အောင် သင်ကြားနေပေမယ့်   စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေ အန္တရာယ်တွေ စိုးရိမ်ရသလို၊ NUG ကျောင်းတွေမှာ မတက်ရင် အရေးယူမယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတော့ စိတ်ပူရတယ်လို့ မကွေးတိုင်းဒေသကြီး မြိုင် ဒေသက ကလေးသုံးဦး မိခင် ဒေါ်ရီ(အမည်လွှဲ) ကပြောပါတယ်။

သားသမီး သုံးဦးရှိတဲ့အနက် သမီးဖြစ်သူက NUGက ဖွင့်တဲ့ ကျောင်းမှာတက်ရောက်နေတဲ့အတွက်ယခုနှစ်မှာ G9 တက်ရောက်ရာမှာဖြစ်ပြီး၊ သားဖြစ်သူက ပြီးခဲ့တဲ့ နှစ်နှစ်ကို ရန်ကုန်က ပုဂ္ဂလိကကျောင်းတစ်ခုမှာ တက်ခဲ့ပြီး Grade 2 ပြီးလို့ Grade 3 တက်ရောက်ရမှာဖြစ်ပေမယ့် ရွာကကျောင်းကို ပြန်အပ်တဲ့အခါ ကိုဗစ်မတိုင်ခင်က အတန်းဖြစ်တဲ့ သူငယ်တန်းအတန်းပဲပေးတဲ့အတွက် အခက်တွေ့နေရတယ်လို့ဆိုပါတယ်။

 “ဒီဘက်ကျောင်းပြောင်းတက်တော့ သူငယ်တန်းက ပြန်တက်ရမယ်၊ G3 မပေးဘူး မူဝါဒနဲ့မကိုက်လို့ဆိုပြီး၊ တချို့ ရွာတွေကတော့အဲ့လိုမရှိဘူး၊တစ်ရွာနဲ့တစ်ရွာလည်း မတူတော့ခက်တယ်၊ အခုက နှစ်ဖက်ကြားမှာ ကလေးတွေကမြေစာပင်ဖြစ်နေရတာ။”လို့သူကပြောပါတယ်။

ပြီးခဲ့တဲနှစ်တွေ ရွာမှာတိုက်ပွဲတွေ စစ်ကြောင်းထိုးတာတွေနဲ့ မငြိမ်သက် တာကြောင့် ကလေးတွေကို ရန်ကုန်မြို့ မှာနေတဲ့ ‌မောင်နှမတွေက ‌ခေါ်ယူပြီး ပုဂ္ဂလိကကျောင်းမှာ ကျောင်းထားပေးခဲ့တာပါ။

ရန်ကုန်မှာက စရိတ်စကတွေကြီးတဲ့အပြင် ကလေးတွေကလည်း မနေချင်တော့တဲ့အတွက် ကိုယ့်ရွာမှာ ပဲကျောင်း ထားဖို့ ပြန်လည်ခေါ်ယူခဲ့ပြီး၊ ကျောင်းတက်ဖို့လုပ်တဲ့အခါ သားဖြစ်သူက ကိုဗစ်မတိုင်ခင်က ပြီးခဲ့တဲ့အတန်း ဖြစ်တဲ့ သူငယ်တန်းကသာပြန်တက်ရောက်ရမှာလို့ဆိုတဲ့အတွက် ဘဝင်မကျမိဘူးလို့သူကဆက်ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးနယ်မြေဖြစ်တဲ့ မြိုင်မှာ NUG ကဖွင့်လှစ်တဲ့ ကျောင်းအရေအတွက်များပေမယ့် ဒီကျောင်းတွေကလည်း တစ်ရွာနဲ့တစ်ရွာ စည်းကမ်း သတ်မှတ်ပုံချင်းမတူကြသလို အစိုးရနဲ့ပုဂ္ဂလိက ကျောင်းက ကလေး တွေပြောင်းလာရင် အတန်းကို အသိအမှတ်မပြုဘဲကိုဗစ်မတိုင်ခင်အတန်းကိုပြန်ပေးတာ၊ NUG ကျောင်း တွေမတက်ရင် အရေးယူမယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတဲ့အတွက် ပြည်သူတွေမှာ စိုးရိမ်မှုတွေရှိနေ တယ် လို့ဆိုပါတယ်။

 “စားဝတ်နေရေးအတွက်ရုန်းကန်ရ၊ဘယ်အချိန် တိုက်ပွဲတွေဖြစ်မလဲဆိုတာ စိတ်ပူရ တဖြည်းဖြည်း ကြီး လာနေ တဲ့ ကလေးတွေအတွက် စိတ်ပူရနဲ့ ကောင်းကောင်းစိတ်လွတ်လက်လွတ်  အိပ်ပျော်ရတယ် ဆိုတာ မရှိပါဘူး၊”  လို့ ဒေါရီကဝမ်းနည်းစွာပြောပါတယ်။     

 တော်လှန်ရေးတပ်ဖွဲ့တွေ   ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မြေပြင်ကျောင်းတွေ ဖွင့်လှစ် လာတာ ဒေသခံ ကလေး တွေ ပညာရေးအတွက် စိတ်အေးရပေမယ့် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကိုတော့ ကြောက်ရ သေးတယ် လို့မြိုင် ဒေသက မြေပြင်ကျောင်းတခုမှာ KGတန်းတက်ရမယ့် ကလေးဖခင်တစ်ဦးဖြစ်တဲ့ ဦးမောင်ဝင်း(အမည်လွှဲ) က လည်း ဆိုပါတယ်။

သူတို့ဒေသမှာတော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့အတွက် အရင်လိုစစ်ရှောင်ရတာနည်းသွားပေမယ့်နှစ် ဖက် ထိတွေ့မှုတွေ၊လေကြောင်းအန္တရာယ်တွေတော့ ရှိပါသေးတယ်။

 NUGကဖွင့်လှစ်တဲ့ မြေပြင် ကျောင်းတွေမှာ တက်ရောက်တဲ့ကျောင်းသားတွေက ကျောင်းလခ တစ်လ ငါး ထောင်နှုန်းပေးရပေမယ့်၊ကျောင်းသားမရှိတဲ့အိမ်တွေဆိုသုံးထောင်ကောက်တဲ့အတွက်ဒေသခံတွေမှာ ကြပ်တည်း တဲ့ကြားကရှာဖွေ ပြီးပေးရတာတွေလည်းရှိတယ်လို့သူကဆက်ပြောပါတယ်။

 “အခြေအနေကတော့ အရမ်းလည်းမဆိုးသလို အရမ်းလည်းကောင်းမနေပါဘူး၊ ဟိုဘက်ဒီဘက်ကြောက်ရ တာ တွေတော့ ရှိတာပေါ့၊ ဒရုန်းအန္တရာယ်လည်းကြောက်ရတယ်၊ ကလေးတွေလည်းကျောင်းသွားရင် ဟိုဟို ဒီဒီ လျှောက်မသွားဖို့ တခုခုဆို ဆရာမတွေနဲ့နေဖို့ ပဲမှာရတယ်”လို့ဦးမောင်ဝင်းကဆိုပါတယ်။

 ဒါ့အပြင်အတန်းငယ်တဲ့ကလေးတွေက ပုံမှန်အတိုင်းသင်ယူနိုင်သေးတဲ့ အတွက်ကိစ္စမရှိပေမယ့် အတန်းကြီး က လေးတွေရဲ့ မိဘတွေကတော့ မြေပြင်ကျောင်းတွေကနေအခြေခံအတန်းပြီးသွားရင်ဘာဆက်လုပ်ရမလဲဆိုတာ တွေးပူနေရတယ်လို့  သူက‌ဆက်ပြောပါတယ်။

  “အထက်တန်းပြီးသွားလည်း ဘယ်ကျောင်းဆက်တက်ရမလဲ၊ သူ့အတန်းကို ဘယ်သူက အသိအမှတ် ပြုမလဲ ဆိုတာမသိဘူး၊ ဒီလိုအခြေအနေထက် မြန်မြန်ပြီးသွားရင်တော့အခြေအနေတမျိုးပေါ့” လို့ ပြောပါ တယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေတစ်စိတ်တဒေသ စိုးမိုးထားတဲ့ဒေသတွေမှာ မြေပြင်ကျောင်းအများစုက အရှိန် အဟုန် ကောင်းကောင်းနဲ့ဖွင့်လှစ်နေပြီး အချို့ဒေသတွေမှာ G12 အထိ ဖွင့်လှစ်သင်ကြားပေးနိုင်သလို စာမေးပွဲတွေလည်း ပုံမှန်ပြုလုပ်ပေးနိုင်တယ်လို့မကွေးတိုင်းဒေသကြီး ကြားကာလပညာရေးတာဝန်ခံတစ်ဦးက ပြောပါ တယ်။

ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့နဲ့  ဆရာဆရာမတွေအတွက် ရပ်ရွာက ကိုယ်ထူကိုယ်ထ ထောက်ပံ့နေရပြီး ရပ်ရွာလူထု လည်း ကြပ်တည်းချိန်ဖြစ်တဲ့အတွက် ထောက်ပံ့ကြေးရငွေ အင်မတန်နည်းပါးတယ်လို့ သူကဆက်ပြောပါတယ်။

ပညာရေးအဆက်မပြတ်စေဖို့  အခြေခံပညာရေး အတန်းတွေ တင်မက မြေပြင်တက္ကသိုလ်တွေပါ ဖွင့်လှစ်ဖို့ ပြင် ဆင်နေတဲ့အတွက်အခြေခံပညာ အတန်း G-12အထိ ပြီးသွား တဲ့ကလေးတွေရဲ့ မိဘတွေအနေနဲ့ သားသမီး ပညာရေးအတွက် ပူပန်မှုတွေ လျော့သွားမှာြဖစ်တယ်လို့သူကဖြေကြားခဲ့ပါတယ်။  

 ၂၀၂၃-၂၄ခုနှစ် ပညာသင်နှစ်မှာ ကြားကာလပညာရေးအဖြစ် အခြေခံကျောင်းပေါင်း ငါးထောင်ကျော် ဖွင့်လှစ်နိုင် ခဲ့ပြီးအရင်နှစ်နဲ့ နှိုင်းယှဉ်ပါက ကျောင်းပေါင်း ၂၀၀၀ကျော် ပိုဖွင့်လှစ်လာနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

မြေပြင်ကျောင်းတွေ ဖွင့်လှစ်နိုင်ခဲ့သလို စစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဆရာဆရာမတွေကို ဖမ်းဆီးအရေးယူတာ၊ လူသားတံတိုင်း အဖြစ်ဖမ်းဆီး ခေါ်ဆောင်တာတွေလည်းရှိနေပါတယ်။

 မြေပြင်ကျောင်းတွေအရှိန်ရလာတာနဲ့နည်းတူ စစ်ကြောင်းထိုးတာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေရှိနေတဲ့ အတွက်ကျောင်းသားတွေရောသင်ကြားပေးသူတွေရောအန္တရာယ်ကြားကနေလုပ်ဆောင်နေရတာလို့ မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့နယ်က မြေပြင်ကျောင်းမှာစာသင်ကြားပေးနေတဲ့ CDM ဆရာမဒေါ်ဇင်ဇင်ကပြောပါတယ်။

“လေယာဉ်နဲ့ လှမ်းပစ်တာတို့  လက်နက်ကြီးနဲ့လှမ်းထုတာတို့ လုပ်တော့ စိတ်လွတ်ကိုယ်လွတ် မသင်ရဘူးပေါ့နော်၊ ကျီးလန့်စာစားဖြစ်သေးတယ်၊ စစ်ရှောင်ရတဲ့အခါမျိုး ပိတ်တာကလွဲလို့ ပုံမှန်ကတော့လည်ပတ်နေပါတယ် ။” လို့ဆိုပါတယ်။   

မြေပြင်ကျောင်းတွေကလည်းး ကိုယ့်ရပ်ရွာအလိုက် ကိုယ်ထူကိုယ်ထ လုပ်ဆောင်တဲ့အတွက် စာသင် ကျောင်း ဆောင် က စလို့ ကလေးတွေအတွက် စာရေးကိရိယာ၊သင်ထောက်ကူစသဖြင့် လိုအပ်ချက်တွေရှိနေသေးသလို သင်ကြားပေးမယ့် ဆရာ၊ဆရာမအင်အားလည်း လိုနေသေးတယ်လို့သူကဆက်ပြောပါတယ်။

ကျောင်းတွေစဖွင့်တဲ့ ၂၀၂၁ခုနှစ်ကစလို့ စာသင်ကာလကတစ်နှစ်ကို ၇လဝန်းကျင်သာသတ်မှတ် သင်ကြားနိုင် ခဲ့ပေမယ့်ယခုနှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာတော့ ၁၀လ  သတ်မှတ်ပြီး သင်ကြားသွား မယ်လို့ ဆိုပါတယ်။

ကလေးတွေမှာလည်း ကိုဗစ်ကတည်းကနေ အာဏာသိမ်းပြီးနောက်အထိ စာသင်ခန်းနဲ့ဝေးကွာခဲ့တဲ့အတွက် စာသင်ခန်းနဲ့ပြန်ရင်းနှီးအောင်လုပ်ဆောင်နေရသလို၊ တိုက်ပွဲတွေကြားရှင်သန်ခဲ့ရတော့နဂိုရှိပြီးသားစိတ်ဒဏ်ရာတွေ ရှိ တဲ့အတွက် စိတ်ဒဏ်ရာ ထပ်မရအောင်ထိန်းကျောင်းရတာတွေလည်းရှိတယ်လို့ပြောပါတယ်။ 

စစ်ကောင်စီနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီဒေသမှာလည်း လာမယ့်ရက်ပိုင်းအတွက် ကျောင်းတွေ ပြန်ဖွင့်လှစ်ဖို့ ပြင်ဆင်နေ ကြပြီး လေယာဉ်နဲ့လက်နက်ကြီး အန္တရာယ်ကိုတော့ စိုးရိမ်နေရဆဲလို့ ကရင်နီဒေသစစ်ဘေး ရှောင်‌တွေကို ကူညီပေးနေသူ စစ်စ္စတာ ဖရန်စစ္စကားကပြောပါတယ်။  

“ဒီနှစ်စာသင်နှစ်မှာတော့ ပြန်လည်ဖွင့်ဖို့လုပ်နေကြပါပြီ၊ ကျောင်းဖွင့်ရင်တော့ လေယာဉ်နဲ့ လက်နက်ကြီး ကိုတော့ ကြောက်နေရတယ်၊ ဘယ်အချိန်လာမယ်မှန်းလဲမသိသလို၊  အမြဲတမ်းလည်း ချလေ့ချ ထလည်းရှိတော့လေ” လို့ ပြောပါတယ်။

 နေရာထိုင်ခင်းနဲ့စာရေးကိရိယာအထောက်အပံ့အချို့ လိုအပ်ပေမယ့် ကျောင်းတွေက ရတဲ့ အခြေ အနေမှာသင်ကြားမှု ကောင်းကောင်းနဲ့ ပြုလုပ်နေတဲ့အပြင် နွေရာသီမှာလည်း ဘာသာစကား သင်တန်း တွေ ၊သက်မွေးမှုပညာရပ်လို သင်တန်း တွေပြုလုပ်နေတာရှိတယ်လို့ဆိုပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြင်းထန်တဲ့ဒေသဖြစ်တာကြောင့် ကလေးတွေအတွက် စာရေးကိရိယာ ၊ စာ အုပ်တွေ လိုအပ် ချက်ရှိပေမယ့်  ဦးဆောင်တဲ့ ဆရာဆရာမတွေနဲ့အလှုရှင်တွေက ပညာရေးကနေ ကျန်မာရေး စောင့် ရှောက်မှု အထိ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ပေးနေကြတယ်လို့ စ်စ္စတာဖရန်စစ္စကားကပြောပါတယ်။

မိဘတွေကလည်း တိုက်ပွဲဒေသမှာနေထိုင်ကြတဲ့အတွက်စိုးရိမ်စိတ်ကြပေမယ့် အားလုံးလိုလို နေသားကျ နေတဲ့ အတွက် ကလေးတွေရဲ့ ပညာရေးမှာလည်းမလစ်ဟင်းအောင်လုပ်ဆောင်ပေးကြတယ်လို့ဆိုပါတယ်။

“အမြဲတမ်းတော့စိုးရိမ်နေရတာတော့ရှိပါတယ်    ကြောက်တယ်ဆိုပြီး ကျောင်းမလွတ်တာတော့မရှိပါဘူး၊ ဖြစ်တဲ့ အချိန် တော့ကြောက်ကြတယ်၊အားလုံးကတော့ ကျောင်းစဖွင့်တာနဲ့ဗုံးဆို လေယာဉ်ဆို ဘယ်လိုမျိူး ရှောင် တိမ်း ရမယ် သွားရမယ် လာရမယ် သိထားကြတယ်”လို့စစ်စ္စတာ ဖရန်စစ္စကားကဆက်ပြောပါတယ်။

ပဋိပက္ခဒေသက ပြည်သူတွေမှာတော့ တိုက်ပွဲတွေဖြစ်ရင်၊ လေကြောင်းကနေ တိုက်ခိုက်လာရင် လွတ်ရာရှောင်လိုက် အခြေအနေငြိမ်သက်သွားရင် ပြန်လာပြီး လုပ်မြဲ ကိစ္စတွေ လုပ်လိုက်နဲ့ဖြတ်သန်းနေရပေမယ့်  ကလေးတွေကိုတော့ အေးအေးချမ်းချမ်းနဲ့ ပညာသင်ကြားစေချင်တယ်လို့ဆိုပါတယ်။

မိခင်တဦးဖြစ်တဲ့ဒေါ်ရီကလည်းသူတို့ဒေသမှာကြုံနေရတဲ့ မငြိမ်သက်မှုတွေကြားနေထိုင်ရတာ နေသားကျဖြစ်နေတော့ ထူးပြီး မပူပန်ချင်တော့ပါဘူး၊ ဒါပေမယ့်ကလေးတွေ ရှေ့ရေးကောင်းဖို့အတွက်ပဲ မျှော်လင့်တော့တယ်လို့ဆိုပါတယ်။

Author:

Related Articles