Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇွန်လ ၁၆ ရက်ကနေ ၂၂ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

ဒိုက်ဦးအကျဥ်းထောင်သို့ ပြောင်းလာရတဲ့ နိုင်ကျဉ်းအမျိုးသမီးများကို ထောင်အာဏာပိုင်များက ဆဲဆိုရိုက်နှက်

မွန်ပြည်နယ် ကျိုက်မရောအကျဥ်းထောင်မှ ထောင်ပြောင်းရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသူ (၄၀)ကျော်ကို ဒိုက်ဦး အ ကျဥ်းထောင်အာဏာပိုင်များက ဥပဒေမဲ့ရိုက်နှက်ကာ အမျိုးသမီးများကို ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ဆဲဆိုတယ်လို့ မြန်မာနိုင် ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရပါတယ်။

 ထောင်ပြောင်းလာသူတွေကို ဒိုက်ဦးအကျဉ်းထောင်ရှိ အမျိုးသမီးများကိုထားတဲ့ တိုက်တစ်ခုတွင်ထား၍ ပါလာတဲ့ ပစ္စည်း တွေကို ထောင်ဝန်ထမ်းများမှ ရှာဖွေခဲ့ကာ ပစ္စည်းရှာဖွေမှုပြီးဆုံး၍ နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီးများထားရာ အိပ် ဆောင် သို့ ပို့ဆောင်ချိန်တွင် ရှာဖွေပြီးပစ္စည်းများကိုလာပေးသော်လည်း ကျိုက်မရော ထောင်မှပါလာသည့် အသုံးအဆောင်နဲ့ အစားအသောက်တွေကို သိမ်းယူထားတဲ့အတွက် ထောင်ပြောင်းနိုင်ငံရေး အကျဉ်းသူတွေမှ ပြန်ပေးရန် တောင်းဆိုခဲ့ပါတယ်။

 တောင်းဆိုမှုကို အမျိုးသမီးဝန်ထမ်းတွေက ကောင်းမွန်စွာမဖြေရှင်းပေးဘဲ အမျိုးသားအရာရှိဝန်ထမ်းတွေကို ခေါ်ယူဖြေ ရှင်းခိုင်းခဲ့ကာ ရောက်ရှိလာတဲ့ အကျဉ်းဦးစီးအရာရှိ ဝန်ထမ်းတွေက ရာထူးအာဏာကို အလွဲသုံးစားပြု၍ နိုင်ငံရေး အကျဉ်း သူတွေကို အော်ဟစ်ဆဲဆိုခဲ့ပြီး”မိုက်တဲ့ကောင်မထွက်ခဲ့ မုဒိန်းကျင့်ပေးမယ်”ဟု ပြောဆိုခဲ့သလို အမိုးပေါ် သို့ သေနတ်(၄)ချက် ပစ်ဖောက်ခဲ့ကာ အခြားအဆင့်ဝန်ထမ်းတွေကလေးခွနဲ့ ပစ်ခတ်တာ၊ အရာရှိဝန်ထမ်းများကိုယ်တိုင် ကျဉ်စက်၊ ရာဘာတုတ်၊ သစ်သားတုတ်၊ကျစ်ကြိုးတွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် ထောင်ပြောင်းနဲ့ရောက်ရှိလာသူ နိုင်ငံရေးအကျဉ်းသူ (၅၀) ကျော် ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသူ (၅) ဦးကျော် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာရိုက်နှက်ခံထားရတဲ့အမျိုးသမီးတွေကို တိုက်ပိတ်ထားပြီး အပြင်းအထန်ရိုက်နှက်ခံထားရသူများမှာ ဒိုက်ဦးဆေးရုံ အဆောင်တွင် ဆေးဝါးကုသမှု ခံယူနေရပါတယ်။

ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသူ (၆၀)ဦးနဲ့ အကျဉ်းသား(၁၀၀)ဦးတို့ကို ၂၀၂၄ခုနှစ် ဇွန်လ(၁၅)ရက်နေ့က ဒိုက်ဦး အကျဉ်းထောင်နဲ့ သာယာဝတီအကျဉ်းထောင်များသို့ ပြောင်းရွှေ့ခဲ့ရာ အမျိုးသမီး အကျဉ်းသူ(၆၀)ဦးတွင် နိုင်ငံရေး အကျဉ်း သူ(၄၀)ဦးကျော်ပါဝင်ခဲ့ပါတယ်။

Source – Tachileik News Agency

တောင်ကုတ်မြို့ လေကြောင်းတိုက်ခိုက်တာကြောင့်အမျိုးသမီး ၃ဦးသေဆုံး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကံဆိပ်တောင်ကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၈ရက်နံနက်ပိုင်းက လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာအမျိုးသမီး ၃ ဦးသေဆုံးပြီး ဒေသခံ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြားအဲ့ဒီနေ့မှာ တိုက်ပွဲမရှိခဲ့သော်လည်း ထိုတိုက် ခိုက်မှု ပေါ်ပေါက်လာြပီး အရပ်သားများ ပစ်မှတ်ဖြစ်ခဲ့တယ်လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်

 သေဆုံးသူတွေထဲမှာ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးသုံးဘာသာနဲ့ အောင်မြင်ထားသူ လူငယ်တစ်ဦး၊ အ သက် ၇၀ အမျိုးသမီး တစ်ဦးတို့ ပါဝင်ပြီး ဒဏ်ရာရသူ ၇ ဦးအနက် ဆေးကုသမှုခံယူရန် လိုအပ်တဲ့အပြင်းအထန် ဒဏ်ရာရ ထားသူအမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ဆိုတယ်။

  တောင်ကုတ်မြို့အနီးမှာ ဇွန်လ ၁၅ ရက် ညနေပိုင်းကလည်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီးနောက် စစ်ကောင်စီက လက်နက် ကြီး နဲ့ပစ်ခတ်တာ လေယာဉ်၊ ဒရုန်းပျံသန်းခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး မြို့ပေါ်ဒေသခံအများစုက ဘေးလွတ်ရာသို့ ထွက်ခွာသွားကြပြီးဖြစ်ကာ ကျန်ရှိနေတဲ့ဒေသခံတွေမှာ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့မှုကို ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

Source – Myanmar Now

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အီတလီ Abbiategrasso မြို့တော်၀န်ချီးမြှင့်

 မြန်မာနိုင်ငံမှာ ထောင်ဒဏ် (၂၇)နှစ်နဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူး ဆောင်နိုင်ငံသားအဖြစ် အီတလီနိုင်ငံ Abbiategrasso မြို့က ဇွန်လ ၁၇ ရက်နေ့မှာ ချီးမြှင့်ခဲ့ပြီး မိခင် ကိုယ်စား သားငယ် ဖြစ် သူကင်မ် အဲရစ် တက်ရောက်ခဲ့ပါတယ်။

 ဇွန်လ (၁၉) ရက်နေ့မှာ ကျရောက်မယ့် အသက် (၇၉)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို Abbiategrasso မြို့ သူမြို့သားတွေက ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို သူတို့မြို့ရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ချီးမြှင့်တာဖြစ်ပြီး ဒီအခမ်းအနားကို အီတလီလွှတ်တော်အမတ် Umberto Maerna အပါအ၀င် Lombardy ဒေသကောင်စီဝင် Andrea Sala၊ အီတလီ လွှတ်တော်အမတ်ဟောင်းလည်းဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ Albertina Soliani၊ မြန်မာနိုင်ငံ ဆိုင်ရာ အီတလီသံအမတ်ဟောင်း Alessandra Schiavo တို့ တက်ရောက်ခဲ့ကြပါတယ်။

သားဖြစ်သူ ကင်မ်အဲရစ်ကတော့ သူ့မိခင်ရဲ့စာကို ဒီနှစ်ဇန်နဝါရီက ရခဲ့ပြီးနောက်စစ်ကောင်စီက အဆက်အသွယ်ကို ဖြတ် တောက်ထားတယ်လို့ အီတလီသတင်းမီဒီယာဖြစ်တဲ့ the PIME missionaries ကိုပြောပါတယ်။ သူ့မိခင်ကို ဘယ်မှာ ထိန်း သိမ်းထားသလဲ၊ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိသလဲဆိုတာ မိသားစုအနေနဲ့ ဘာမှမသိရဘူးလို့ ကင်မ်က ဆိုပြီး မြန်မာ ပြည်မှာ လူတိုင်းမလွတ်မြောက်မချင်း ဘယ်သူမှ လွတ်မြောက်မှာ မဟုတ်ဘူးလို့လည်း ကင်မ်အဲရစ်က ပြောပါတယ်။

  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲက ၆ နှစ်ကို မနှစ် သြဂုတ် လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့် နဲ့ လျှော့ပေါ့ ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။နေပြည်တော်အကျဉ်းထောင်မှာ အကျဉ်းချထားတဲ့သူ့ကို အကျဉ်းထောင်ကနေ၊ နေရာ ပြောင်းရွှေ့ ချုပ်နှောင်ထားတယ်လို့ စစ်ကောင်စီက ဆိုထားပေမယ့် ဘယ်နေရာ မှာ ထားရှိထားသလဲကို မသိရပါဘူး။

Source – VOA

 မဲဆောက်မှာ မြန်မာအမျိုးသမီးတဦးသေဆုံးမှု ထိုင်းရဲစခန်းမှာအမှုဖွင့်

 ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လွန်ခဲ့တဲ့ နှစ်လကျော်လောက်က မြန်မာအမျိုးသမီးတဦး အိမ်တွင်းအကြမ်းဖက်ခံရပြီး အသက် သေဆုံးခဲ့ရတယ်ဆိုတဲ့ဖြစ်ရပ်ကို ထိုင်းရဲက အမှုဖွင့်ထားပြီး တရားခံအဖြစ်စွပ်စွဲခံထားရတဲ့ ခင်ပွန်းဖြစ်သူကတော့ ထွက်ပြေး တိမ်းရှောင်နေတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဆေးရုံမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးသွားသူအမျိုးသမီးငယ်ဟာ အသက် (၂၆) နှစ်ဝန်းကျင်ရှိ မထက်ထက်ဇော် လို့ဆေးရုံမှတ်တမ်းမှာ ဖေါ်ပြထားပြီး သူဟာ ဧပြီလက မဲဆောက်မြို့မှာရှိတဲ့ ခင်ပွန်းသည် (အမည်- ဝဠာ) ဆီကို မြန်မာဘက်ခြမ်းကနေ လာတွေ့ချိန်မှာ အခုလို သေဆုံးခဲ့တာဖြစ်ကြောင်း အမှုမှန်ပေါ်ပေါက်ရေး ကူညီပေးနေတဲ့ Sister to Sister အဖွဲ့က မထိပ်ထားက  ပြောပါတယ်။

မျက်နှာကို လက်သီးနဲ့အချက်ပေါင်းများစွာအထိုးခံခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကိုကုသဖို့ မထက်ထက်ဇော်ကို မယ်တော် ဆေးခန်းကတဆင့် မဲဆောက်ဆေးရုံကြီး၊အဲဒီကတဆင့် တာ့ခ်ဆေးရုံအထိရောက်ခဲ့ပြီး နောက်ဆုံး အဲဒီဆေးရုံမှာပဲ သေဆုံး ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ထိုင်းရဲတွေက မထက်ထက်ဇော်သေဆုံးတဲ့ ဖြစ်ရပ်ကို အမှုဖွင့်ပြီး ဆက်စုံစမ်း နေပေမယ့် တရားခံ အဖြစ်ယူဆရတဲ့ ခင်ပွန်းဖြစ်သူဝဠာကတော့ အခုချိန်ထိ ထွက်ပြေးတိမ်ရှောင်နေဆဲဖြစ်တဲ့အတွက် အမှုမှန်ပေါ်ပေါက်ရေး အခက်အခဲ တွေရှိ နေတယ်လို့ မထိပ်ထားကဆိုပါတယ်။

 Source – VOA

လော့ခေါ်စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်များ အကူအညီလိုအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း သောင်ရင်းမြစ်ဘေးက လော့ခေါ်စစ်ရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်များ အတွက် အကူအညီများလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံနှင့် ကိုယ်ဝန်ဆောင်မိခင်များထံက သိရပါတယ်။

လော့ခေါ်စစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင် လေးဦးရှိကာ မီးဖွားရန်အတွက် အခက်အခဲရှိနေပြီး စားရေးသောက်ရေး၊ ငွေရေးကြေးရေးကစ ပြုစုစောင့်ရှောက်မယ့်သူမရှိဘူးလို့ကိုယ်ဝန်ဆောင်တွေကပြောပါတယ်။

စစ်ရှောင်စခန်းအတွင်း ဆေးခန်း၊ ကျန်းမာရေးစောင့်ရှောက်တဲ့ ဆရာ၊ ဆရာမများရှိပေမယ့် ဆေးဝါးတွေ လုံလောက်မှု မရှိသလို ကျန်းမာရေးနှင့် သက်ဆိုင်တဲ့ ထောက်ပံ့ကြေးတွေ မလုံလောက်တာကြောင့် ကိုယ်ဝန်ဆောင်များအတွက် ကာကွယ် ဆေး များလည်းမရှိဘူးလို့  သိရပါတယ်။

လော့ခေါ် စစ်ရှောင်စခန်းမှာ လော့ခေါ်၊ ကနဲလေးထနှင့် ထီးကော်ထောစတဲ့ ကျေးရွာတွေက စစ်ရှောင်ဦးရေ ၈၀၀ ကျော် နေထိုင်လျက်ရှိပါတယ်။

Source –သံလွင်ခက်

 ဒိုက်ဦး ကျိုက်စကောအကျဉ်းထောင်မှာ အကျဉ်းသူတွေ အမျိုးသမီး လစဉ်သုံးပစ္စည်းရဖို့ ထောင်အာဏာပိုင်တွေကို လာဘ် ပေးနေရ

ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်ရှိ ကျိုက်စကောထောင်က အကျဉ်းသူတွေထားတဲ့ အဆောင်တွေမှာ အရင်က ပုံမှန်ပေး နေကြ ဖြစ်တဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်း အပါအဝင် ဆပ်ပြာ အစရှိတဲ့ ပုံမှန်ပေးနေကြ ပစ္စည်းတွေ မပေးတော့တာ ၆ လကျော် ရှိ နေပြီးအမျိုးသမီးတွေမှာ လစဉ်သုံးပစ္စည်းရဖို့၊ လျှော့ရက်ရဖို့နဲ့ အလုပ်ကြမ်း မလုပ်ရဖို့အတွက် ထောင်အာဏာပိုင်တွေကို လာဘ်ငွေပေးနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

 ထောင်တာဝန်ရှိသူတွေကို တင်ပြတဲ့အခါမှာလည်း အထက်ကမပေးတာ၊ ထောက်ပို့ အလုပ်မလုပ်တာ ဆိုပြီး လွှဲချနေ တာ ကြောင့် ထောင်ဝင်စာမလာနိုင်တဲ့သူတွေအတွက် အခက်အခဲ ဖြစ်နေပါတယ်။

 ကျိုက်စကောထောင်ဟာ တောနယ်ဘက်မှာ ဆောက်လုပ်ထားတာကြောင့် မိုးတွင်းအခါ ခြင်အရမ်းကိုက်ပြီး ယားနာနဲ့ ဝဲစွဲ တာတွေလည်း ဖြစ်နေပါတယ်။ ယားနာဆေး အပါအဝင် တခြားဖျားနာဆေးဝါးတွေလည်း ထောင်ဆေးရုံမှာ လုံလောက်မှု မရှိတဲ့အပြင် ခြင်ကိုက်တယ်၊ယင်များတယ်လို့ တင်ပြရင် လူတယောက်ကို တနေ့ ခြင်ဘယ်နှစ်ကောင်၊ ယင်ဘယ်နှစ်ကောင် ဖမ်းခိုင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒိုက်ဦး အမျိုးသမီးထောင်မှာ အဆောင်တဆောင်ရှိပြီး အဲဒီအဆောင်မှာ အခန်း ၈ ခန်းရှိပေမဲ့ ၆ ခန်းမှာပဲ အကျဉ်းသူ တွေ ထားပြီး စုစုပေါင်း ၂၄၀ လောက် ရှိပါတယ်။ ထောင်ထဲမှာ ရေမသန့်တာ၊ မီးလာပေမဲ့ ရေမောင်းမပေးတာ၊ လျှော့ရက်ရဖို့ ငွေပေးရတာ၊ လုပ်ရသလို ဆေးမရှိလို့ အိမ်ကဆေးမှာပြီး သွင်းရင်လည်း ထောင်ကယူထားပြီး အကျဉ်းသားကို မပေး တာ ကြောင့် TB ရောဂါဖြစ်နေသူတယောက်နဲ့ အပူကြီးသူတယောက်တို့ ထောင်ထဲမှာ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ရပါတယ်။

Source – DVB

 PDF ကို ကျည်ဆန်တွေ ရောင်းချမှုနဲ့ စစ်တပ်က ဗိုလ်ကြီးတစ်ဦးနဲ့ စစ်သားဇနီး ၂ ဦးတို့ကို စစ်ကောင်စီ ဖမ်းဆီး စစ်ဆေး

 မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းကနေ PDF ဆီကို ကျည်ဆန်တွေ ရောင်းချမှုနဲ့ အဆိုပါတပ်က ဗိုလ် ကြီးမျိုးဝင်းသူနဲ့ စစ်သားဇနီး ၂ ဦးတို့ကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ အဲဒီတပ်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။

ဗိုလ်ကြီးမျိုးဝင်းသူဟာ ဂန်ဂေါမြို့က ပျူစောထီးခေါင်းဆောင် ကိုဖိုးဇော်ကတဆင့် ရောင်းချခဲ့တာဖြစ်ပြီး စစ်သား ၂ ဦးရဲ့ မိန်းမကတော့ ပြင်ပပွဲစား ၂ ဦးနဲ့ ချိတ်ဆက်ကာ AK ကျည်တတောင့်ကို ၁၂,၀၀၀ နှုန်းနဲ့ အတောင့်ရေ ၇,၀၀၀ နီးပါးကို PDF ဆီ ရောင်းချခဲ့တာလို့ သိရပါတယ်။

ကျည်ဆံ‌ရောင်းချတဲ့အတွက်ဗိုလ်ကြီးမျိုးဝင်းသူကိုဗဟိုကင်း အချုပ်ထဲမှာထားပြီး စစ်ဆေးနေသလို စစ်သားတွေရဲ့ မိန်းမ ၂ ယောက်ကတော့ ရိုက်စစ်တာ လက်လွန်သွားလို့ ဂန့်ဂေါဆေးရုံမှာ တင်ထားရပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ ဆို ပါတယ်။

 Source –DVB

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့က အမျိုးသမီးတစ်ဦး တစ်ကိုယ်တော် လှုပ် ရှားမှုပြုလုပ်

 ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရေဘဝဲ ပြည်သူ့ အကျိုးပြုလူငယ်အဖွဲ့က အမျိုးသမီးတစ်ဦးက အဲ့ဒီနေ့မနက်အစောပိုင်းမှာ တစ်ကိုယ်တော်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်စာလုံးပါတဲ့ “SUU”စာတန်းနဲ့ “နှင်းဆီပုံ”ပါ ဘန်နာကို ကိုင် ဆောင်ပြီး ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေမှာ လှုပ်ရှားမှုလုပ်ခဲ့တာပါ။ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ် ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်းကြောင်းလည်း ရေဘဝဲအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ နိုင်ငံတစ်ဝန်း ပန်းသပိတ်လှုပ်ရှားမှုနဲ့ ဆန္ဒပြပွဲတွေမဖြစ်အောင် လုံခြုံရေးအင်အားအပြည့်နဲ့ စောင့်ကြည့်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

 Source –RFA

မန္တလေးတွင် ပန်းပန်​သောပြည်သူအချို့ ဖမ်းဆီးခံရ

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့အဖြစ် ပန်းပန်သပိတ်များပြုလုပ်လျက်ရှိရာ     မန္တလေးမြို့တွင် ပန်းပန်ထားသူအမျိုးသားနဲ့ အမျိုးသမီးအချို့ ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံများက ပြော ပါ တယ်။

မန္တလေးမြို့ရှိ ရွှေယမင်း လဖက်ရည်ဆိုင်အတွင်း စုဖွဲ့ပြီးပန်းသပိတ်လုပ်နေသူများအား ဖမ်းဆီးထားကြောင်း အမျိုး သမီး ငယ် ၂ ဦး၊ အမျိုးသမီးကြီး ၂ ဦး စုစုပေါင်း ၄ ဦး၏ ရုပ်ပုံနဲ့တကွ စစ်အုပ်စုက တယ်လီဂရန်ချန်နယ်များမှာ ဝါဒဖြန့်ထားပါတယ်။

 ဒ့ါအပြင်ချမ်းအေးသာစံမြို့နယ်၊ ၃၁ လမ်းနှင့် ၈၃ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ လူငယ်အမျိုးသားတစ်ဦး ပန်းပန်ထား၍ ဆိုကာ စစ်ကောင်စီတပ်က insight ကားနှင့်အတူ အရပ်ဝတ်များဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသလို ထိုလူငယ် နဲ့ အတူ အဖော်လိုက်ပါလာတဲ့ လူငယ်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of MDY က ဖော်ပြပါတယ်။

 စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသော်လည်း လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်း အမှတ် အဖြစ် မန္တလေးမြို့ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ မန္တလေးတောင်ခြေ၊ ကျုံးဘေး၊ အိမ်တော်ရာဘုရားနဲ့ စန္ဒာမုနိဘုရားတွေမှာ ပန်းသပိတ်များ ပြုလုပ်ခဲ့တယ်လို့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက် ညှိနှိုင်းရေးကော်မတီ (မန္တလေး) – AFCC (Mdy)က ထုတ်ပြန်ထားပါတယ်။

 Source – People Spring

  နိုင်ငံတကာသံရုံးတွေလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်လှုပ်ရှားမှုမှာပါဝင်

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉နှစ်မြောက် မွေးနေ့မှာ နိုင်ငံတဝန်း လက် နက်ကိုင် တော်လှန် ရေး တပ်ဖွဲ့တွေအပါအဝင် ပန်းသပိတ်လှုပ်ရှားမှုတွေပြုလုပ်နေကြပြီး မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ သံရုံးတွေ ကလည်းသူ တို့ ရဲ့  လူမှုကွန်ရက်စာမျက်နှာတွေကနေ ပူးပေါင်းပါဝင်နေကြပါတယ်။

သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတင်တာ၊ပန်းသပိတ်လှုပ်ရှားမှုမှာ ပါဝင်တဲ့ အ နေနဲ့ ပန်းပွင့်ပုံတမျိုးတည်းကိုပဲ ဖော်ပြတာမျိုးလုပ်ကြတဲ့အထဲ ဥရောပသမဂ္ဂ၊ဗြိတိန်၊ဂျာမနီ၊နော်ဝေ ၊ဒိန်းမတ်၊ အီတလီ စတဲ့ ဥရောပနိုင်ငံသံရုံးတွေပါဝင်ပါတယ်။

 ဒီလိုပန်းသပိတ်လှုပ်ရှားမှုမှာပါဝင်တာအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် ဖမ်းဆီးခံ ထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လည်း သံရုံးတချို့က ထုတ်ဖော်တောင်းဆိုကြပါတယ်။

 ဗြိတိန်သံရုံး ကတော့ “ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်များမှာ နိုင်ငံရေးအရလှုံ့ဆော်စွပ်စွဲချက်များ ဖြစ်ကြောင်း ပေါ်လွင်ထင်ရှား ပါတယ်”လို့ ပန်းပန်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားပုံနဲ့အတူ ပူးတွဲ ဖော်ပြပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့အပေါ် ရှုတ်ချပြီး သူမနဲ့တကွ မတရားဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ် ပေးဖို့ ဆက်လက်တောင်းဆိုတယ်လို့လည်း ဆိုထားပါတယ်။

အလားတူ ပြည်တွင်းက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ၊သပိတ်အဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ၊ပြည်သူတွေ က လည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉နှစ်မြောက်မွေးနေ့ ပန်းသပိတ်လှုပ်ရှားမှုတွေမှာ ပုံစံမျိုးစုံနဲ့ ပူးပေါင်းပါဝင်နေ ကြပါတယ်။

 Source –Delta News Agency

ထိုင်းမှာ အထောက်အထားမဲ့ အမျိုးသမီး ၁၁ ဦးအပါအဝင်  မြန်မာနိုင်ငံသား ၁၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်အနောက်တောင်ပိုင်း ဖုဖရခရိုင်မှာ ဇွန်လ ၁၇ ရက်နေ့ညပိုင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံ သား ၁၉ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဓာတ်ပုံနဲ့အတူ ဖော်ပြထားပါတယ်။

Isuzu အမှတ်တံဆိပ် ပစ်ကပ်ကားပေါ်လိုက်ပါလာတဲ့ အမျိုးသားရှစ်ဦးနဲ့ အမျိုးသမီး ၁၁ ဦးကို ကားနဲ့အတူ ဖမ်းဆီးမိ ခဲ့တာလို့ ဆိုပါတယ်။ ယာဉ်မောင်းသူကတော့ အနီးမှာရှိတဲ့ ထိုင်း-မြန်မာနှစ်နိုင်ငံကြားက သောင်းရင်းမြစ်ထဲ ခုန်ချထွက်ပြေး လွတ် မြောက်သွားတယ်လို့ ဖော်ပြထားပါတယ်။

 ဖမ်းဆီးမိသူတွေကို ထိုင်းစစ်တပ်က ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီး ဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ရက် ၁၂၀ စီမံကိန်းနဲ့ စစ်ဆေးနေပြီး ဇွန်လ ၅ ရက်နေ့ကနေ ဇွန်လ ၁၂ ရက်နေ့အတွင်း အလုပ်သမား နှစ်သောင်းခြောက်ထောင်ကျော်ကို စစ်ဆေးခဲ့တယ်လို့ ထိုင်း အလုပ်သမား ညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီလိုစစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ရာနီးပါး ဖမ်းဆီးခံခဲ့ရ တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားအရေး ကူညီသူတွေက ပြောပါတယ်။

Source –RFA

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ရပ်တန့်ရန် တော်လှန်အမျိုးသမီးများ တောင်းဆို

 တော်လှန်ရေးတပ်ဖွဲ့တွေထဲက အမျိုးသမီးတွေဟာ ပဋိပက္ခအတွင်း လိင်နဲ့ ကျား၊မ အခြေပြုအကြမ်းဖက်မှုတွေ တွေ့ကြုံ ခံစားနေရပြီး သက်ဆိုင်ရာအဖွဲ့အသီးသီးမှာ အကြမ်းဖက်ခံရတာတွေနဲ့ပတ်သက်တဲ့ တိုင်ကြားမှုယန္တရား စနစ်ကျမှု အားနည်း နေတာကြောင့် အကြမ်းဖက်မှုကျူးလွန်သူတွေက  ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေတာဟာ အမျိုးသမီးတွေအတွက် အလွန် ကြီးမားတဲ့ လုံခြုံရေး စိန်ခေါ်မှုတခုဖြစ်နေ တဲ့အတွက် ပဋိပက္ခအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုတွေ ရပ်တန့်ဖို့  မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ (Myanmar-Women, Peace and Security) က ဇွန် ၁၄ ရက်စွဲနဲ့ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

 ဒါကြောင့်မို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို ထိရောက်စွာ တားဆီးကာ ကွယ်ဖြေရှင်းနိုင်ရေးအတွက် တော်လှန် ရေးတပ်ဖွဲ့အသီးသီးက ခေါင်းဆောင်တွေကို အချက် ၇ ချက်ကို တောင်းဆိုလိုက်ပြီး အဲဒီအချက်တွေထဲမှာတော့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊မအခြေပြုအကြမ်းဖက်မှုတွေ ကျူးလွန်မှုမရှိစေဖို့ သက်ဆိုင်ရာ ခေါင်းဆောင်တွေက မူဝါဒတွေ ချမှတ်ပေးဖို့နဲ့ အဆိုပါမူဝါဒတွေကို အလေးထား လိုက်နာအကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး တွန်းအားပေးဖို့၊ မိမိတို့အဖွဲ့အတွင်း အသက်ဝင်တဲ့ အကြမ်းဖက်မှုတိုင်ကြားရေးယန္တရားကို တည် ဆောက်ပေးဖို့၊ ပြည်သူတွေကို တိုင်ကြားရေးယန္တရားနဲ့ ဝန်ဆောင်မှု အဆင့်ဆင့်ကို သိရှိလာစေရေး ဆောင်ရွက်ပေးဖို့ တိုက် တွန်းထားပါတယ်။

 ဒါ့အပြင် တိုင်ကြားမှုတွေကို တရားမျှတစွာ ဘက်လိုက်ခြင်းမရှိဘဲ အချိန်နဲ့ တပြေးညီ ကိုင်တွယ်ဖြေရှင်းပေးဖို့၊ အကြမ်း ဖက်မှုကျူးလွန်သူကို ပြစ်မှုပြစ်ဒဏ်ပေးတာတွေ၊ အရေးယူမှုဖြစ်စဉ်တွေကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပေး ဖို့လည်း ထည့်သွင်းထားတဲ့အပြင် တိုင်ကြားရေးယန္တရားတွေ၊ ကော်မတီတွေထဲမှာ အမျိုးသား၊ အမျိုးသမီး၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေ၊ မသန်စွမ်းသူတွေ အားလုံး ပါဝင်မှုရှိစေရေး အလေးပေးဆောင်ရွက်ပေးဖို့လည်း ပြောထားပါတယ်။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးမှုတွေကိုလည်း အောက်ခြေမှ စတင်ကာ ခေါင်းဆောင်တွေအထိ သိရှိစေဖို့ အဆင့်ဆင့် လုပ်ဆောင်ဖို့၊ စစ်သင်ရိုးညွှန်းတမ်းတွေ၊၊ သင်တန်းတွေမှာ ထည့်သွင်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။

    အကြမ်းဖက်မှုကို ခံစားရသူတွေ၊ မိသားစုဝင်တွေကို ဝန်ဆောင်မှုပေးရာမှာ ရှင်သန်ကျန်ရစ် သူဗဟိုပြုချဉ်းကပ်နည်းနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေကို ထည့်သွင်း စဉ်းစားတဲ့ အစီအမံတွေ ချမှတ်ထားဖို့နဲ့ မိမိတို့အစုအဖွဲ့အတွင်း ဘယ်လို အကြမ်းဖက်တဲ့ လုပ်ရပ်မျိုးကိုမဆို လုံးဝလက်သင့် မခံရေးမူနဲ့ အဆိုပါမူကို ကျင့်သုံးမှု ရှိစေရေး အလေးပေးဆောင်ရွက်ဖို့ စတဲ့ အချက်တွေ ပါဝင်နေပါတယ်။

      မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ (Myanmar-Women, Peace and Security) ကတော့ ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်တည်ဆောက်ရာမှာ အမျိုးသမီးတွေနဲ့ ကျား၊ မ တန်းတူညီမျှရေး ပါ၀င်လာစေဖို့ ရည်ရွယ်ကာ မြန်မာနိုင်ငံက ကျား၊ မ တန်းတူ ညီမျှရေး၊ အမျိုးသမီးအခွင့်အရေး၊ ငြိမ်းချမ်းရေးကို လုပ်ဆောင်နေတဲ့ အဖွဲ့တွေ၊ ကွန်ရက်တွေနဲ့ စုစည်းထားတာပဲဖြစ်ပါတယ်။ Source – DVB

မွန်မြို့နယ်အချို့မှာ အမျိုးသမီးတွေ စစ်မှုမထမ်းလို၍ ကျပ်တစ်သိန်း ပေးနေရ

       မွန်ပြည်နယ်၊ မြို့နယ်တစ်ချို့မှာ စစ်မှုမထမ်းလိုတဲ့ အမျိုးသမီးတွေက စစ်ကောင်စီရဲ့ ရပ်ကျေးအဖွဲ့ဝင်တွေ ကို ကျပ်တစ်သိန်း ပေးဆောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

     ပြီးခဲ့တဲ့ မေလကုန်ပိုင်းက စစ်ကောင်စီအရာရှိ၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက စစ်မှုထမ်းဥပဒေအပတ်စဉ် (၅) မှာ အမျိုးသမီးများကို စစ်မှုထမ်းရန်ခေါ်ယူသွားမယ်လို့ ပြောကြားခဲ့ပြီးနောက် မွန်ပြည်နယ်ရှိ ရေး၊ သံဖြူဇရပ်၊ မုဒုံနဲ့ ပေါင်မြို့နယ် မှ ကျေးရွာများမှာ စစ်မှုမထမ်းလိုတဲ့ အမျိုးသမီးများကစစ်ကောင်စီရပ် ကျေးအဖွဲ့ထံ ပိုက်ဆံပေး၍ ဖြေရှင်းနေသလို ဒေသခံ တစ်ချို့ကလည်း ယင်းတို့သားသမီးတွေ စစ်မှုမထမ်းစေလို၍ ပိုင်ဆိုင်မှုများရောင်းချကာ ပြည်ပသို့ ရှောင်တိမ်းခိုင်းမှုများ ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

     ဒါ့အပြင်ပေါင်မြို့နယ်ရှိ ကျေးရွာတချို့မှာ ဒေသခံတွေအပေါ် ဩဇာသက်ရောက်တဲ့ဘုန်းတော်ကြီးတွေ ကိုယ်တိုင်က ငွေကြေးကောက်ယူနေတယ်လို့ ဆိုတယ်။ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာစတင် အသက်သွင်းခဲ့ပြီး သင် တန်း အပတ်စဉ် (၄) အထိ အကောင်အထည်ဖော်ဆောင်ရွက်နေကာ အပတ်စဉ် (၅) အတွက် အမျိုးသမီးတွေကို ဇူလိုင်လတွင် စတင်ခေါ်ယူသွားမည်ဟုကြေညာထားပြီး မွန်ပြည်နယ်မှာတော့ အမျိုးသမီးများစာရင်းကို စောလျင်စွာ စာရင်းကောက် ယူမှုများပြုလုပ်နေပါတယ်။ Source -သံလွင်ခက်

 အမျိုးသမီးများအပါအဝင် ရွာငံဒေသခံ ၁၃ဦးကို စစ်ကောင်စီဖမ်းပြီး စစ်ကြောရေးသို့ပို့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့မှာ အမျိုးသမီးတွေအပါအဝင် ဒေသခံ ၁၃ဦးကို PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးသို့ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေနဲ့ ရွာငံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(YNPDF) ထံမှ သိရပါတယ်။

 ရွာငံမြို့ စျေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဖိုးလခုံနှင့်ပျူစောထီးခေါင်းဆောင်ဆိုသူဖိုးလုံးတို့ရဲ့ တိုင်ကြားချက်ကြောင့် အမျိုး သမီး ကိုးဦးနဲ့ အမျိုးသား ၆ ဦး စုစုပေါင်း ၁၅ဦးကို ဇွန်လ ၁၇ရက်၊၁၈၊ ၁၉ရက်နေ့တို့မှာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါ တယ်။ဖမ်းဆီး ခံရသူများအနက် အမျိုးသမီးနှစ်ဦးကို ဇွန် ၁၉တွင် ပြန်လွတ်ပေးခဲ့သော်လည်း ကျန် ၁၃ဦးမှာ တောင်ကြီးမြို့ ရှိအရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ကြောရေးစခန်းမှာ စစ်ဆေးခံနေရတယ်လို့ YNPDFထံမှသိရပါတယ်။

ဖမ်းဆီးခံထားရသူတွေနဲ့ ယနေ့(ဇွန်လ ၂၁ရက်)အထိအဆက်အသွယ်မရတာကြောင့် မိသားစုဝင်များက စိုးရိမ်နေကြပါတယ်။

Source –Mizzima

NUG ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်က ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှု ပြုလုပ်မှုဖြစ်စဉ် တရားမျှတမှုရဖို့ကြိုးပမ်းနေ

 အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ဟာ သူ့ရဲ့ ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုလုပ်ခဲ့တယ်ဆိုကာ ၂၀၂၄ မတ်လကစပြီး တိုင်ကြားခံထားရပေမယ့် သက်ဆိုင် ရာဌာနဘက်က ဒီတိုင်ကြားချက်အပေါ် ဖြေရှင်းမှုပုံစံကို တိုင်ကြားသူအမျိုးသမီးဘက်က ကျေနပ်မှုမရှိခဲ့ တာကြောင့်  လူ့ အ  ခွင့်ရေး အဖွဲ့တွေ၊ အမျိုးသမီးအခွင့်အရေးဆောင်ရွက်တဲ့အဖွဲ့တွေရဲ့ အကူအညီနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းနေ တယ်လို့ သိရ ပါတယ်။

တိုင်ကြားသူ အမျိုးသမီးရဲ့ အလုပ်ကနုတ်ထွက်ခွင့်ပြုဖို့ သူကိုယ်တိုင်တင်ပြထားတဲ့စာကတဆင့် ဒီသတင်းက လူမှုကွန်  ရက်မှာ ပျံ့နှံ့ခဲ့ပြီးအဲဒီစာမှာ ဖော်ပြချက်အရ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက တိုင်ကြားသူရဲ့ အထက်လူကြီး ဖြစ်တဲ့ ဆလိုင်းအိုက်ဇက်ခင် က”လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တဲ့အပြုအမူ၊ ရုံးဝန်ထမ်းတွေကို လူကြီးမပီသ စွာနှိမ့်ချပြောဆိုမှု” တွေရှိလို့ ၂၀၂၄ မတ်လမှာ အချက်အလက်နဲ့တကွ တိုင်ကြားခဲ့ပါတယ်။

  ဧပြီ ၂၀ ရက်မှာ ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်အရ တိုင်ကြားချက်ပါကိစ္စတွေကို ထပ်ပြီးမဖြစ်ဖို့ နှုတ်နဲ့သတိပေးထား တယ်လို့ သိရပေမဲ့ တိုင်ကြားသူနဲ့ နောက်ထက် ဝန်ထမ်းတစ်ဦးကို ဧပြီ ၃၀ ရက်မှာ အလုပ်မှထုတ်ပယ်ခဲ့တဲ့အတွက် ဝန်ကြီးဌာနရဲ့ ဆုံး ဖြတ်ချက်ဟာ တရားမျှတမှုမရှိဘူးဆိုပြီး တိုင်ကြားသူအမျိုးသမီးက သူ့ရဲ့ စာထဲမှာ ပြောထားပါတယ်။ ဒါကြောင့် တိုင်ကြား သူ အမျိုးသမီးနဲ့ နောက်ထပ်ဝန်ထမ်းတစ်ဦးက ၂၀၂၄ ခုနှစ် မေ ၁၄ ရက်မှာ သူတို့ကိုယ်တိုင်ထွက်စာ တင်ခဲ့သလို တိုင်ကြားတာ လည်းဆက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

 လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တယ်လို့ စွပ်စွဲခံရသူ NUG ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကတော့ သူ့ရဲ့ လူမှုကွန် ရက်စာမျက်နှာမှာ တိုင်ကြားချက်ရှိကြောင်း နဲ့ တာဝန်ရှိဝန်ကြီးဌာနက စုံစမ်းစစ်ဆေးပြီး အသိပေး/ သတိပေး ဆောင်ရွက် မှုတွေလုပ်ခဲ့ပြီးပြီလို့ဇွန်လ ၁၉ရက်က ရေးသားထားသလို၊ နောက်တရက်မှာ ” လေးစားစွာနဲ့ အပြည့်အဝ ပူးပေါင်း ဆောင် ရွက်သွားပါမည်” လို့လည်း ထပ်မံရေးသားထားပါတယ်။

 Source – BBC

   စစ်တွေမြို့နယ် ရွာနှစ်ရွာက အမျိုးသမီးနဲ့ က‌လေးငယ်တွေအပါအဝင်ဒေသခံလေးဆယ်ကျော် ဖမ်းဆီးခံရ

  ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သိန်းတန်ရွာနဲ့ နာရီကန်ရွာက နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ အမျိုးသမီးနဲ့ က‌လေးငယ် တွေပါဝင်တဲ့ ဒေသခံလေးဆယ်ကျော်ကို ဇွန်လ ၂၀ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ စစ်တွေ ဒေသခံ တွေက ပြောပါတယ်။

 သူတို့ဟာ စားရေးသောက်ရေးခက်ခဲတဲ့အပြင် စစ်ကောင်စီတပ်ဘက်က မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်တာ တွေ ကြောင့် အခြားဘေးကင်းမဲ့နေရာတွေကို ထွက်ပြေးခဲ့ကြတာဖြစ်ပြီး  ဖမ်းဆီးခံထားရသူတွေဟာ ကျောက်တော်၊ ရသေ့ တောင်နဲ့ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့တို့ကိုသွားဖို့ ရည်ရွယ်ထားသူတွေလို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဒေသခံတွေကို မကြာခဏ အကြောင်းမဲ့ဖမ်းဆီးတာတွေ များလာတာကြောင့် အများစုဟာ စစ်တွေ မြို့ပေါ်မှာ ဆက်မနေရဲကြတော့ဘူးလို့ ဆိုပါတယ်။

 ဖမ်းဆီးခံရသူတွေထဲမှာ ကလေးသူငယ်၊ အမျိုးသမီး၊ အမျိုးသားနဲ့ အသက်အရွယ်ကြီးသူတွေပါဝင်ပြီး အားလုံးကို စစ်တွေ အခြေစိုက် ခလရ – ၂၀ တပ်ရင်းထဲမှာ ချုပ်နှောင်ထားသလို မိသားစုနဲ့ဆက်သွယ်ခွင့်လည်း မပေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လူတစ်ဦးကို ငွေကျပ် ဆယ်သိန်းနဲ့ပြန်လာရွေးဖို့နဲ့ မသင်္ကာသူတချို့ကို ဆက်လက်ဖမ်းဆီးထားမယ်လို့ စစ်ကောင်စီ တပ်က ပြောကြောင်း သတင်းထွက်နေပေမဲ့ ဒီအပေါ်အတည်မပြုနိုင်ပါဘူး။

 Source –RFA

Author:

Related Articles