Home ဆောင်းပါး စစ်အုပ်စုရဲ့ငွေကြေးယန္တရားကို သုတ်သင်ရှင်းလင်းမယ့် အမျိုးသမီးစစ်သူကြီး မူလန်

စစ်အုပ်စုရဲ့ငွေကြေးယန္တရားကို သုတ်သင်ရှင်းလင်းမယ့် အမျိုးသမီးစစ်သူကြီး မူလန်

ရှင်ငြိမ်း   

“ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ဖို့ဆိုရင် အာဏာရှင်စနစ်ကို လည်ပတ်စေတဲ့အဓိကဒေါက်တိုင်တွေကို စနစ်တကျ နည်းဗျူဟာ ကျကျနဲ့ ဖြိုဖျက်ဖို့လိုတယ်။”လို့ ထောက်ပြလာသူကတော့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု ရဲ့ ဦးဆောင်သူတစ်ဦး ဖြစ်တဲ့ အမျိုးသမီးစစ်သူကြီး မူလန်ပါ။

သူဟာ စစ်တပ်ယန္တရားလည်ပတ်ဖို့ လိုအပ်တဲ့ငွေကြေးဒေါက်တိုင်ဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE)ရဲ့ ငွေကြေးတွေ ရပ်တန့်စေဖို့အတွက် ဖိအားပေးတောင်းဆိုနေတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

“MOGE က နိုင်ငံခြားဝင်ငွေ ၈၀ ရာခိုင်နှုန်းရတယ်။ အဲ့ဒီငွေတွေနဲ့ စစ်အုပ်စုက လက်နက်ဝယ်တယ်။ လေယာဉ် ဆီဝယ်တယ်။ တိုက်လေယာဉ်တွေ ဝယ်တယ်။ စစ်ဆင်ရေးတွေမှာ သုံးတယ်။ အကြမ်းဖက်စစ်အုပ်စု ယန္တရားလည်ပတ်တယ်။  အဲ့ဒီအတွက် MOGE ကို ဖြိုဖို့လိုတယ်။”လို့ မူလန်က ဆိုပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE)ဟာစစ်အာဏာရှင်ရဲ့အဓိကဝင်ငွေလမ်းကြောင်းဖြစ်နေတာကြောင့် ဒါကိုစစ်တပ်က အသက်ပေးကာကွယ်ထားတာဖြစ်ပါတယ်။

ဒီလိုကာကွယ်ထားတာကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံခြားဝင်ငွေရှိနေသရွေ့ မပြိုလဲနိုင်ဘူးလို့ သူက တွက်ဆထားတာကြောင့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကိုအင်တိုက်အားတိုက် ဆောင်ရွက်နေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က“ ဒီ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကရနေတဲ့ ငွေကြေးတွေကို များများနဲ့ မြန်မြန်ဖြတ်တောက်နိုင်လေလေ ကျနော်တို့ရဲ့ တော်လှန်ရေးကအောင်ပန်းနဲ့နီးပါလိမ့်မယ်။”လို့ ရေနံနဲ့ သဘာဝဓါတ်ငွေ့စကားဝိုင်းမှာ ထောက်ပြထားပါတယ်။

ဒါကို မဖြတ်တောက်နိုင်ဘူးဆိုရင်တော့ တော်လှန်ရေး ရှည်ကြာတဲ့အကျိုးဆက်ကို ကြုံတွေ့ရမှာဖြစ်တယ်လို့လည်းဝန်ကြီးကသတိပေးစကားဆိုပါတယ်။

မူလန်တို့ရဲ့သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုမှာ ပြည်တွင်းပြည်ပအင်အားစုတွေရော၊ ပြည်သူလူထုတ ယောက်ခြင်း ဆီကပါ ပူးပေါင်းပါဝင်လာဖို့ အကောင်းဆုံးကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။

အင်အားစုတွေပူးပေါင်းပြီး စနစ်တကျ၊ ဗျုဟာကျကျလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် စစ်အုပ်စုကို စီးပွားရေးကဏ္ဍ မှာနိုင်ငံရေးအရ အကြီးအကျယ်ရှုံးနိမ့်သွားအောင် ထိုးနှက်နိုင်ခဲ့တာပါ။

ဒါကြောင့်လည်း နိုင်ငံတကာကုမ္ပဏီတွေဖြစ်တဲ့ TOTAL၊ Chevron တို့ဟာ မြန်မာနိုင်ငံကနေထွက်ခွာသွားခဲ့သလို အခြား ကုမ္ပဏီပေါင်းများစွာဟာလည်း စစ်အုပ်စုနဲ့ လက်တွဲဖြုတ်ခဲ့တဲ့လုပ်ရပ်တွေက သက်သေခံနေပါတယ်။

သို့သော် မူလန်အနေနဲ့ ဒီလိုအောင်မြင်မှုလမ်းကြောင်းကို လျှောက်တဲ့အခါမှာ လူငယ်အမျိုးသမီး တစ်ဦးဖြစ်တာ ကြောင့် အစပိုင်းမှာ မျိုးဆက်ကွာခြားမှုအပေါ်အခြေခံပြီး အထင်သေးတာ မယုံကြည်တာတွေနဲ့ အများဆုံးရင် ဆိုင်ခဲ့ရတယ်လို့ ပြောပါတယ်။

အာဏာရှင်စနစ်လည်ပတ်ဖို့ အရေးကြီးဆုံး ငွေကြေးဒေါက်တိုင်ကို ဖြိုဖျက်ဖို့ ပြည်တွင်းပြည်ပကအဖွဲ့တွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ တိုင်ပင်အသိပေးမှုတွေလုပ်တဲ့အစပိုင်းမှာ တချို့ကမဖြစ်နိုင်ဘူးဆိုတဲ့သဘောမျိုး ပြောတာတွေ လည်း ကြုံတွေ့ခဲရတယ်လို့ပြောပါတယ်။

“လူငယ်တွေပဲ အားပေးရမှာပေါ့။ နေရာပေးရမှာပေါ့။ လုပ်လို့ပြောပေမယ့် တချို့က မယုံကြည်ကြဘူး။”လို့ မူလန်ကဆိုပါတယ်။

 MOGE နဲ့ပတ်သက်ပြီး စတင်လုပ်ဆောင်တဲ့အချိန်ကလည်း မဖြစ်နိုင်တာတွေလုပ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

သို့ပေမဲ့အောင်မြင်မှုအပေါ် ချီးကျူးခံရတာရှိလာတော့“တော်လှန်ရေးမှာ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ ငါတို့အား လုံး အတူတူလုပ်ရင် အကုန်ဖြစ်တယ်။ ငါတို့ရှေ့ဆက်လုပ်နေဖို့ပဲ လိုတယ်ဆိုတဲ့ဟာကို ကျနော်တို့ ပိုပြီးသိခဲ့ရ တယ်။”လို့သူက ဆက်ပြောပါတယ်။

ဒီလိုအခက်အခဲ၊ စိန်ခေါ်မှုတွေဟာ မူလန်အတွက်တော့ အခုမှကြုံရတာမဟုတ်ပါ။ အစ္စလာမ်ဘာသာဝင် တစ်ဦး ဖြစ်တဲ့ မူလန်အနေနဲ့ ဘာသာရေးအပေါ်အခြေခံတဲ့ ခွဲခြားမှုတွေကို ငယ်စဉ်ကတည်းက ရင်ဆိုင်ခဲ့ရတာဖြစ်ပါ တယ်။

မော်လမြိုင်ဇာတိဖြစ်တဲ့ မူလန်ဟာ မွေးချင်းမောင်နှမ သုံးယောက်ထဲမှာ အကြီးဆုံးသမီးပါ။ နာမည်အရင်းရှိပေ မယ့် တော်လှန်ရေးမှာတော့ စစ်သူကြီး မူလန်အနေနဲ့လူသိများပါတယ်။

အသက်  ၁၉နှစ် အရွယ်ကတည်းကသူဟာ လူငယ်ပီပီ မဟုတ်မခံစိတ်ရှိပြီး အသင်းအဖွဲ့တွေ၊ လှုပ်ရှားမှုတွေ မှာတက်တက်ကြွကြွပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။

တက္ကသိုလ်တက်တဲ့အချိန်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ) ကျောင်းသူဖြစ်ခဲ့ပါတယ်။ ကျောင်းသူဘဝတုန်းက ဗကသများအဖွဲ့ချုပ်ဟာ မြေအောက်လှုပ်ရှားမှုတွေလုပ်ဆောင်နေပြီး ၂၀၁၂ လောက်မှ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရခဲ့တာပါ။

အဲ့ဒီအချိန်ကတည်းက မူလန်ဟာ ဗကသများအဖွဲ့ချုပ်ရဲ့ အိုးဝေပညာရေးမှာ ပညာရေးအခွင့်အလမ်း လိုအပ်ချက် ရှိတဲ့ ကလေးတွေကို အဓိကပညာသင်ကြားပေးပြီး တခြားလှုပ်ရှားမှုတွေမှာလည်း ပူးပေါင်းပါဝင်ခဲ့တာပါ။

မသန်စွမ်းကလေးတွေနဲ့  ပညာသင်ကြားခွင့် အခွင့်အလမ်းဆုံးရှုံးရတဲ့ ကလေးငယ်တွေကို Volunteer အနေနဲ့ သင်ကြား ရေးတွေပြုလုပ်ခဲ့သလို စာကြည့်တိုက်နဲ့ စာဖတ်အလေ့အကျင့် ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ရပ်ရွာ ဖွံ့ဖြိုး ရေးတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် လူငယ်နဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးလှုပ်ရှားမှုတွေ၊ စေတနာ့ဝန်ထမ်းစိတ်ဓါတ်မြှင့်တင်ခြင်း၊ သဘာဝပတ်ဝန်း ကျင်၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာလည်း လူငယ်တစ်ဦး အနေနဲ့ အားဖြည့်လှုပ်ရှားတာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းပြီးသွားတော့လည်း အဖွဲ့အစည်းတွေရဲ့အလုပ်တွေမှာ ဆက်လက်လုပ်ကိုင်နေသလို အခမဲ့ စာသင်ပေးတာအပြင် ဝင်ငွေရလုပ်ငန်းတစ်ခုအနေနဲ့ စာသင်ပေးတာလည်းရှိပါတယ်။ 

“အာဏာသိမ်းလိုက်တဲ့ညကတော့ သွားပြီ။ ဒီကောင်တွေတော့ အရင်လိုအချိုးချိုးပြီ။ ငါတို့တော့ ငြိမ်ခံနေလို့ မဖြစ်ဘူး။ ဒါကို လုံးဝလက်မခံနိုင်ဘူး။ ဆန့်ကျင်ရမယ်၊ တော်လှန်ရမယ်ဆိုတာ အဲ့ဒီနေ့ ညကတည်းက အတွေးရှိတယ်။”လို့ မူလန်က ဆိုပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့သပိတ်တွေလမ်းပေါ်ထွက်လာတဲ့အချိန်မှာလည်း အားလုံးနဲ့အတူ တတ်နိုင်တဲ့ နေရာကနေ အင်အားဝင်ဖြည့်ခဲ့ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး  လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ(GSCN) သပိတ်တွေမှာ ပါဝင်ခဲ့တဲ့အပြင် ဆက်ပြီး GSCN ကမ်ပိန်းလှုပ်ရှားမှုမျိုးစုံမှာလည်းသူက တက်တက်ကြွကြွ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းဖို့ကြိုးပမ်းတဲ့အစပိုင်း ကောလဟာလသတင်းမျိုးစုံလွှင့်တဲ့အချိန်မှာ သူငယ်ချင်းတွေစု  fact check လုပ်ပြီး နီးစပ်ရာသတင်းသမားတွေကို ကူညီတာလေးတွေလည်း လုပ်ခဲ့ပါသေးတယ်။

အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM)တွေကို ထောက်ပံ့ကူညီရေးတွေမှာလည်း သူပါဝင်ခဲ့တာဖြစ်ပါ တယ်။ နောက်ဖယ်ဒရယ် FM စတင်တဲ့အဖွဲ့ဝင်မှာလည်း ပါဝင်ခဲ့ပြီး Management Team မှာ Coordinator အဖြစ်နဲ့ဆောင်ရွက်ခဲ့ပြီး ရေဒီယိုထုတ်လွှင့်မှုအပိုင်းမှာလည်း Presenter, Producer and Program Supervisor အဖြစ် မူလန်က တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလလောက်မှာသူဟာ အာဏာရှင်ကိုတော်လှန်တဲ့နိုင်ငံတွေက ဘယ်လိုမျိုးဆန့်ကျင်တော်လှန် သလဲ။ လက်နက်မကိုင်ဘဲတော်လှန်တဲ့နည်းနာတွေကို ဝေမျှတဲ့သင်တန်းတစ်ခုကို တက်ဖြစ်ခဲ့ပါတယ်။

“အာဏာရှင်စနစ်ရဲ့ဒေါက်တိုင်တွေအကြောင်းသင်ရတဲ့အခါမှာ အာဏာရှင်စနစ်တစ်ခုလုံးလည်ပတ်ဖို့အတွက် အရေးကြီးတာက ငွေကြေးဒေါက်တိုင်ဆိုတာကို အဲ့မှာကျနော် ကောင်းကောင်းနားလည်ခဲ့တယ်။”လို့ မူလန်က ဆိုပါတယ်။

ဒီသင်တန်းမှာ ငါးယောက်တစ်အုပ်စုလေးဖွဲ့ဖွဲ့ပြီး စစ်တပ်ပြိုလဲသွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ နည်းလမ်း တွေဆွေးနွေးကြပါတယ်။ အဲ့ဒီမှာ မူလန်က MOGE ကိစ္စကို ဦးတည်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“အဲ့မှာလေ့ကျင့်ရင်းနဲ့ ကျနော်တို့တွေ ဒါကိုအပြင်မှာ တခါထဲလုပ်ကြမယ်ဆိုပြီး သင်တန်းသားငါးယောက် ပေါင်း ပြီးလုပ်ဖြစ်တယ်။ တိုင်ပင်ဖြစ်တယ်။ အဲ့ဒီကနေသွေးစွန်ငွေဖြတ်တောက်ရေးလှုပ်ရှားမှုကို စလုပ်ဖြစ်ခဲ့တာပေါ့” လို့ မူလန်က ဆိုပါတယ်။

စစ်တပ်က အရက်စက်ဆုံးနည်းတွေနဲ့ ပြည်သူတွေကို ပစ်ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေဖြစ်လာတော့ အတူလုပ်ကိုင်နေတဲ့သူငယ်ချင်းတွေက လုံခြုံရေးအခြေအနေကြောင့် ရှောင်တိမ်းနေရတဲ့အခြေအနေတွေဖြစ်လာပြီးသွေးစွန်ငွေလှုပ်ရှားမှုအဖွဲ့မှာ မူလန်တစ်ယောက်သာကျန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဂျူလိုင်လကုန်ပိုင်းလောက်မှာတော့ နယ်ပယ် အသီးသီးက တက်ကြွလှုပ်ရှားတဲ့လူငယ်တွေနဲ့အတူ Blood Money Campaign (သွေးစွန်းငွေဖြတ်တောက်ရေး)လှုပ်ရှားမှုကိုထပ်မံဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ သားတွေနဲ့အတူ လက်ရှိအချိန်ထိ လက်တွဲလုပ်ဆောင်နေတာလို့ဆိုပါတယ်။

ဒီအဖွဲ့မှာဆိုရင် ဘယ်သူက ဦးဆောင်သူ၊ ဘယ်သူက တည်ထောင်သူစတဲ့အာဏာတွေ၊ လုပ်ပိုင်ခွင့်တွေ၊ ကျား- မ တွေ မခွဲခြားအတူတကွလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ စုပေါင်းခေါင်းဆောင်မှုနှင့် စုပေါင်းဆုံးဖြတ်ချက် စံနှုန်း တန်ဖိုးတွေကို ကျင့်သုံးကြပါတယ်။

ယခင်ကတော့ အမျိုးသမီးနဲ့ တော်လှန်ရေးဟာ မဆိုင်ဘူး။ အမျိုးသမီးတွေက စစ်ရေးလည်း နားမလည်ဘူးဆိုပြီး ပါဝင်ခွင့် တွေဆုံးရှုံးခဲ့ရတာပါ။ လက်ရှိတော်လှန်ရေးမှာတော့ အမျိုးသားဖြစ်လို့ အမျိုးသမီးဖြစ်လို့ဆိုပြီး ခွဲခြား ဆက်ဆံခံရတာတွေ မရှိသလောက်နည်းသွားခဲ့ကြောင်း မူလန်က ထောက်ပြပါတယ်။

“အမျိုးသားရော၊ အမျိုးသမီးပါလုပ်နိုင်တယ်ဆိုတဲ့ဟာက ဒီတော်လှန်ရေးမှာ တခါထဲတော်လှန် ပြီးသားဖြစ်သွားတဲ့တော်လှန်ရေးအတွေးအခေါ်ပေါ့။”လို့ သူကဆက်ပြောပါတယ်။

သူတို့အဖွဲ့ရဲ့ရည်ရွယ်ချက်က မြို့ရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို ပံ့ပိုးပေးနေတဲ့ Blood Money သွေးစွန်းငွေတွေရပ်တန့်သွားဖို့နဲ့ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

“ ပြီးခဲ့တဲ့ ၈၈မှာက မြန်မာပြည်ကို အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေလုပ်တယ်။ ဒါပေမဲ့ စစ်အုပ်စုပဲ ချမ်းသာသွားတယ်။ ပြည်သူတွေကတော့ ဆင်းရဲသွားတယ်။ အဲ့ဒါရဲ့အဓိကအကြောင်းက တကယ့် MOGE ရဲ့ နိုင်ငံခြားဝင်ငွေကို မဖြတ်နိုင်ခဲလို့ MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေမလုပ်ခဲ့လို့ဆိုတဲ့ သမိုင်းသင်ခန်းစာအနေနဲ့ ပြန်လည်သုံးသပ်မှုတွေလုပ်တဲ့အခါမှာတွေ့ရတယ်။”လို့ မူလန်က ရှင်းပြပါတယ်။

၁၉၈၈ မှာလည်း MOGE ကို ဖြိုဖို့လုပ်ခဲ့ပေမယ့် မအောင်မြင်တာကြောင့် စစ်အုပ်ချုပ်မှုဟာ နှစ်ကြာသွားခဲ့ရတာ ဖြစ်ပါတယ်။

MOGE အကြောင်းကို လူထုကို အသိပညာပေးတာတွေမလုပ်ခင်မှာပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းတွေကို ဦးစွာ ဆွေးနွေးပြီး  MOGE က ဘယ်လိုအရေးကြီးတယ်။ ဘာလုပ်ရမလဲဆိုတာတွေပါ တိုင်ပင်ခဲ့ကြပါတယ်။

ဆွေးနွေးမှုလုပ်ရာမှာ ပြည်ပအဖွဲ့အစည်းတွေဖြစ်တဲ့ ၈၈ အရေးအခင်းက ဝါရင့်နိုင်ငံရေးသမားတွေ၊ ABSDF မှာ ပါဝင် သူတွေနဲ့လည်း MOGE နဲ့ပတ်သက်ပြီး သူတို့ခေတ်က လုပ်ဆောင်ခဲ့တဲ့အခြေအနေတွေနဲ့ လက်ရှိကာလမှာ ဘယ်လိုလုပ် ကြမလဲဆိုတာတွေကိုပါ ဆွေးနွေးဖလှယ်ခဲ့ကြတာဖြစ်ပါတယ်။

MOGE နဲ့ပက်သက်ပြီး၊ သဘာဝအရင်းအမြစ် သံယဇာတနဲ့ပက်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ စီးပွားရေး ပညာရှင် သုတေသန၊ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးတိုင်ပင်တာတွေပြုလုပ်ခဲ့ကြပါတယ်။

လှုပ်ရှားမှုတွေစတဲ့အချိန်မှာ အားပေးတဲ့သူတွေ အများအပြားရှိသလို တချို့လည်း အနုတ်လက္ခဏာဆောင်တဲ့ မေးခွန်းတွေ ပြောကြ၊ မေးကြတာတွေလည်ရှိခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ဆို စစချင်းတုန်းက အရမ်းမေးခံရတယ်။ မဖြစ်နိုင်တာကို လုပ်တယ်ဆိုပြီး  ဝိုင်းကြပ်တာတွေလည်း ရှိ တာပေါ့။ ခနဲ့တဲ့တဲ့မေးတာတွေလည်း ကြုံခဲ့ရပါတယ်။”လို့ မူလန်က ဆိုပါတယ်။

သူတို့အနေနဲ့ သူတို့ Blood Money Campaign(BMC)အဖွဲ့ကို ယုံကြည်လာဖို့ တကယ်အလုပ်တွဲလုပ်ကိုင် လာဖို့ စတာတွေကို အင်တိုက်အားတိုက်ကြိုးစားခဲ့ရတာဖြစ်ပါတယ်။

MOGE လို့ပြောလိုက်ရင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ဆိုတာ လူထုနဲ့တိုက်ရိုက်သက်ဆိုင်တယ်ဆိုတာ အများစုက မသိကြတဲ့စိန်ခေါ်မှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။

“ဒီငွေတွေက ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေး၊ လှုမှုရေးဖွံ့ဖြိုးမှုအတွက် တိုက်ရိုက်သက်ဆိုင်တဲ့ငွေတွေ ဒါတွေကို စစ်အုပ်စုက စစ်ယန္တရားလည်ပတ်ရေးအတွက် ဘယ်လိုတွေသုံးနေတယ်ဆိုတာကို အရင်ဆုံး ကျနော်တို့က အချင်းချင်းကော အဖွဲ့တွင်းတွေကော အများပြည်သူကိုကော သတင်းစကားပေးတာ မျှဝေတာတွေ အများ ကြီး ပြုလုပ်ခဲ့ကြပါတယ်။”လို့မူလန်က ရှင်းပြပါတယ်။            

အဓိကကတော့ လူငယ်တွေဖြစ်တဲ့အပြင်အားလုံးက လုံခြုံရေးကြောင့် နာမည်ဝှက်တွေနဲ့  low profile လှုပ်ရှားရပြီး ဒီကဏ္ဍကလည်း များစွာခက်ခဲမှုရှိတဲ့အပေါ်လုပ်နိုင်ပါ့မလားဆိုတဲ့တချို့သူတွေရဲ့ မယုံတယုံပြောတာတွေ၊ အမေးခံရတာ တွေစတဲ့စိန်ခေါ်မှုတွေက ပိုများတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ ဒီလိုဝေဖန်မှုတွေကြားကနေ အကောင်းဆုံးကြိုးစားဆောင်ရွက်ခဲ့တာကြောင့် အခုဆိုရင် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုဟာ အောင်မြင်မှုအတိုင်းအတာတစ်ခုအထိရောက်ရှိနေပြီဖြစ်ပါတယ်။

ထင်သာတဲ့လုပ်ငန်းတွေပြောမယ်ဆိုရင် TOTAL၊ Chevron, POSCO, PTTEP တို့က စစ်အုပ်စုကို ပေးနေတဲ့ ဝင်ငွေတွေရပ်ဖို့အပြင် ပြည်သူတွေနဲ့ထိတွေ့မှုရှိတဲ့ Telenor ထွက်သွားဖို့ လုပ်တဲ့အချိန်မှာ တာဝန်ယူမှု တာဝန်ခံ မှုရှိတဲ့ထွက်ခွာမှုမျိုးဖြစ် ဖို့တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။

နောက် စကာၤပူအစိုးရကို လက်နက်၊ လေယာဉ်ဆီ နည်းပညာတွေ စစ်အုပ်စုကို ရောင်းချပေးနေတာတွေရပ်ဖို့၊ ကြားခံ ပွဲစားနိုင်ငံအနေနဲ့ ကူညီထောက်ပံ့နေတာတွေရပ်ဖို့ စတဲ့လှုပ်ရှားမှုတွေကို  မူလန်တို့အင်တိုက်အားတိုက် လုပ်ခဲ့ကြတာပါ။

ဒါ့အပြင် USA, UK, EU က MOGE, MFTB, MICB  ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ တောင်းဆိုလှုပ်ရှားခဲ့ပြီး  အမေရိကန် က  MFTB, MICB တို့ကိုပိတ်ဆို့အရေးမှုတွေ ပြုလုပ်ခဲ့ပြီး  EU က MOGE ကို ဒဏ်ခတ် ပိတ်ဆို့အ ရေးယူခဲ့တာဖြစ်ပါတယ်။

“နိုင်ငံရေးအရ အောင်မြင်မှုရတာလည်းရှိတယ်။ ဒါပေမဲ့ စစ်အုပ်စုဆီဝင်နေတဲ့ငွေတွေကတော့ မလျော့သေးဘူး ပေါ့။ ဥပမာ MOGE ကို US က ငွေကြေးဆိုင်ရာကန့်သတ်မှု၊ ဒေါ်လာသုံးစွဲခွင့်ပိတ်တယ်။ အပြည့်အဝဒဏ်ခတ် ပိတ်ဆို့ မှုတော့ မလုပ်နိုင် သေးဘူး။ အဲ့အတွက် ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက အကြမ်းဖက်စစ်အုပ်စုကို ဒေါ် လာကနေ ဘတ်ပြောင်းပြီး ငွေတွေဆက်လွှဲနေတာတွေရှိတယ်။”လို့ မူလန်က ထောက်ပြပါတယ်။

EU ဘက်က ချမှတ်ထားတဲ့ပိတ်ဆို့မှုကျတော့  ဘယ်လောက်ထိလဲဆိုရင် တရုတ်ကိုပို့နေတဲ့ ရွှေစီမံကိန်း ဓါတ်ငွေ့ ကနေရတဲ့ဝင်ငွေကို အီးယူက စီးပွားရေးအရပိတ်ဆို့မှုလုပ်တဲ့အတွက် စစ်အုပ်စုထံတိုက်ရိုက်ငွေလွှဲလို့ မရတော့ ဘဲ ကြားခံနယ် ဘဏ်တစ်ခုမှာ freeze ဖြစ်နေတာတွေရှိလာကြောင်း ပြောပါတယ်။

ဒါပေမယ့်တခြားရတနာစီမံကိန်း၊ ဇောတိကစီမံကိန်းတို့မှ ရတဲ့ငွေကြေးတွေက စစ်အုပ်စုထံဝင်နေဆဲဖြစ်လို့ ဝင် ငွေက လျော့မသွားသေးတာဖြစ်ပါတယ်။ ဒီအတွက်လည်း သူတို့ကြိုးစားနေတာရှိကြောင်း ဆိုပါတယ်။

အောင်မြင်တယ်ဆိုတာကလည်း သူတို့အဖွဲ့တစ်ခုထဲလုပ်ဆောင်မှုကြောင့် မဟုတ်ပါဘူး။ ပြည်တွင်း ပြည်ပတော် လှန်ရေးအင်အားစုတွေ၊ သပိတ် အင်အားစုတွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်း တွေနဲ့ သမဂ္ဂအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေး social influencer တွေနဲ့ ထောက်ပံ့ကူညီ ပါဝင်အားဖြည်သူတွေနဲ့ အဓိကတော့ လူထုရဲ့ပါဝင်မှုနဲ့ စစ်အုပ်စုရဲ့ငွေကြေးတွေ ရပ်တန့်သွားဖို့ ဝိုင်းဝန်းတောင်း ဆိုတာတွေကြောင့်ဖြစ်ပါတယ်။ လို့ မူလန်က ပြောပါတယ်။

လက်ရှိမှာ MOGE ရဲ့သွေးစွန်းငွေဖြတ်တောက်ရေးနဲ့အတူ လေယာဉ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှုတွကိုလည်း အဖွဲ့ အစည်းတွေနဲ့အတူ ဆက်လက်လှုပ်ရှားဆောင်ရွက်နေလျှက်ရှိပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့တောင့်ခံအားနဲ့ အဓိကမှီခိုနေတာက လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။ ဒီတော့ တော် လှန်ရေး အမြန်ဆုံးအောင်နိုင်ဖို့ဆိုရင် လေယာဉ်ဆီ ဖြတ်တောက်နိုင်ဖို့လိုပါတယ်လို့ မူလန်က ထောက်ပြပါတယ်။

လေကြောင်းနဲ့ ဗုံးကြဲမှုတွေရပ်ဖို့၊ အမျိုးသမီးတွေ ကလေးသူငယ်တွေနဲ့ပြည်သူတွေ အသက်ဆုံးရှုံးနေရတာ တွေရပ်တန့်ဖို့၊ မြေပြင်တော်လှန်ရေးအင်အားစုတွေ နယ်မြေတွေ ဆက်တိုက်သိမ်းနိုင်ဖို့၊ လွတ်မြောက်နယ်မြေ တွေ အမြန်ပေါ်လာဖို့နဲ့ စစ်အုပ်စု အမြန်ဆုံးပြုတ်ကျဖို့အတွက် လေယာဉ်ဆီဖြတ်တောက်ရေးက အခရာကျ ကြောင်း သူကဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့အချိန်ကစလို့ အကြမ်းဖက်စစ်တပ်ဟာ လက်နက်အားကိုးနဲ့ နိုင်ငံသားတွေ အပေါ်မှာ နည်းမျိုးစုံနဲ့ ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေကို အစွမ်းကုန်ကျူးလွန်နေတာဖြစ်ပါတယ်။

ဒီအတွက် စစ်အုပ်စုဟာ သဘာဝသယံဇာတက ရတဲ့နိုင်ငံခြားဝင်ငွေတွေနဲ့ စစ်လက်နက်တွေ ဝယ်ယူနေ တာ ကြောင့် ဝင်ငွေအများဆုံး ရနေတဲ့ MOGE ရဲ့စစ်အုပ်စုထံ စီးဆင်းနေတဲ့ငွေကြေးတွေ ဖြတ်တောက်ဖို့လို အပ်နေ တာပါ။

“BMC အဖွဲ့သားတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်သူနဲ့အတူ ဆက်ပြီး လက်နက် လေယာဉ်ဆီဝယ်နေနိုင်တဲ့ နိုင်ငံခြားဝင်ငွေတွေ MOGE ကဏ္ဏကနေ စစ်အုပ်စုထံ စီးဆင်းနေတာတွေ ရပ်တန့်သွားဖို့” ကြိုးစားလှုပ်ရှားနေတာဖြစ်ပါတယ်။

တပြိုင်ထဲမှာ လေယာဉ်ဆီဖြတ်တောက်ရေးအတွက်လည်း နည်းလမ်းပေါင်းစုံနဲ့လှုပ်ရှားနေတာဖြစ်တဲ့အတွက် ပြည်သူတစ်ဦးချင်းစီကလည်း ဒီလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ပေးဖို့ ထပ်မံတိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းဖို့ကြိုးပမ်းနေတဲ့ ၃ နှစ်ကျော်ကာလကို ပြန်လည်ခြုံငုံကြည့်မယ်ဆိုရင် ပြည်သူတွေဘက်က တော်လှန်ရေးက ခြေလှမ်းသာလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တော်လှန်ရေးမှာ အသက်ပေးသွားတဲ့ ရဲဘော်အာဇာနည်တွေအတွက် မူလန်တို့အပါအဝင် ပြည်သူ တစ်ဦးချင်း စီတိုင်း အနာဂတ်ကလေးငယ်တွေအတွက် တာဝန်ကျေကြရအောင်လို့ သူက နှိုးဆော်နေပါတယ်။

ဒါ့ကြောင့် မူလန်က“တော်လှန်ရေး အောင်မြင်ဖို့ နီးလာပြီလည်းဖြစ်လို့ အားလုံးသွေးစည်းညီညွတ်စွာနဲ့ မတရားမှု မှန် သမျှဆက်ပြီး တော်လှန်ကြရအောင်။”လို့ ဆော်သြတိုက်တွန်းနေပါတော့တယ်။

Author:

Related Articles