Home ဆောင်းပါး ပြည်သူတွေ အကျပ်အတည်းပိုဆိုက်နေရတဲ့ ဆေးဝါးဂယက်

ပြည်သူတွေ အကျပ်အတည်းပိုဆိုက်နေရတဲ့ ဆေးဝါးဂယက်

ဒေဝီ။ ။
” ဒီဆေးတွေမရဘူး ပစ္စည်းပြတ်နေတယ်”ဆိုတဲ့ ဆေးဆိုင်ပိုင်ရှင်ဆီက စကားကြောင့် မမေသက်စိတ်ညစ်သွားတယ်။

ဆေးတွေဈေးတက်ပြီး ပစ္စည်းပြတ်တယ်ဆိုတဲ့သတင်းကြောင့် နှလုံးသွေးကြောကျဉ်း ဝေဒနာသည်မိခင်နဲ့ခါးနာဝေဒနာ သည် အဖွားတို့သောက်သုံးဖို့ ဆေးဝါးတွေကို ဆေးပစ္စည်းစုံစုံလင်လင်ရတဲ့ ဗိုလ်ချုပ်ဈေးသစ်အထိ သွားရောက်ဝယ်ယူခဲ့ ပေမယ့်လိုချင်တဲ့ဆေးတွေတစ်ခုမှမရခဲ့။

” အမေကငြီးနေတာ သူစုဆောင်းမိသမျှကုန်နေပြီ။ ဆေးဈေးတွေ အဲဒီလိုသာတက်ရင်၊ ဆေးတွေဝယ်ရခက်ရင် သူ့ဘာသာ ရောဂါကျွမ်းအောင်ပဲ ထားလိုက်တော့မယ်။ ဆေးကုမနေတော့ဘူးလို့ပဲပြောနေတယ်” လို့ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ မမေသက်က ပြောပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ကုန်သွယ်မှုနဲ့နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ပြည်ပက တင် သွင်းတဲ့ ဆေးဝါးဈေးနှုန်းတွေက ဇူလိုင်လကနေ တဖြည်းဖြည်းမြင့်တက်လာပြီး တစ်ချို့ဆေးဝါးတွေဆို ပစ္စည်းပြတ်လပ်တဲ့ အထိဖြစ်ခဲ့ရတယ်။

ဒါကြောင့် ပြည်ပကနေမှီခိုအားထားနေရတဲ့ ဆေးဝါးတွေ ဈေးနှုန်းမြင့်တက်ပြီး ပစ္စည်းပြတ်လပ်မှုဂယက်ကြောင့် ဆေးဝါး ပုံမှန်သုံးစွဲနေရတဲ့ နာတာရှည်‌ဝေဒနာသည်တွေမှာ အခက်ပွေနေရပါတယ်။

မမေသက်ရဲ့ နှလုံးသွေးကြောကျဉ်းဝေဒနာသည်မိခင်က နှလုံးဆေးဝါးတွေကိုနေ့စဉ် မနက်နဲ့ည ပုံမှန်သောက်သုံးနေရ တာပါ။

အရင်ကတည်းက ဆေးဝယ်ယူတဲ့အခါ ၁၀ ရက်စာ ပုံမှန်ဝယ်ယူလေ့ရှိပြီး ဇူလိုင်လအစမှာ ဒေါ်လာဈေးတွေတက်ပြီး ဆေးဈေးတွေတက်မယ်ဆိုတာ ကြားပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ကြိုတင်မဝယ်ထားခဲ့မိဘူး။ မိခင်ဖြစ်သူသောက် သုံးရမယ့်ဆေးတွေ ကုန်ခါနီးအချိန်လိုက်လံရှာဖွေဝယ်ယူတဲ့အခါမှာတော့ ဆိုင်အများစုက ပစ္စည်းတွေ ပြတ်လပ်နေတယ် လို့ဆိုတယ်။

” ဆေးကုန်ခါနီးမှဝယ်တော့ ဈေးကပိုတက်နေတဲ့အပြင် ဆေးဝယ်ရတာခက်တယ်။ ဆေးဆိုင်တစ်ဆိုင်ထဲဝယ်မရဘူး။ နှစ်ဆိုင်၊ သုံးဆိုင်ဝယ်ရတယ်”လို့မမေသက်ကပြောပါတယ်။

ဆေးဝါးပစ္စည်းအစုံအလင်ရောင်းချတဲ့ ဗိုလ်ချုပ်ဈေးမှာမရတဲ့အတွက် သူနေထိုင်ရာမြို့နယ်ကဆေးဆိုင်တွေမှာ လှည့်ပတ် ရှာဖွေတဲ့အခါ လိုချင်တဲ့ဆေးတွေရရှိခဲ့ပေမယ့် ဈေးနှုန်းကတော့ အရင်ထက် ထက်ဝက်ကျော်လောက် တက်သွားတယ်လို့ ဆက်ပြောတယ်။

” ခါးနာပျောက်ဆေးနဲ့ နှလုံးဆေးဆိုတော့ မရမကရှာဝယ်ရတာပဲ။ ဈေးကအကုန်တက်တယ်။ အိမ်သုံးဆေးတွေ အကုန် တက်တာပဲ” လို့ မမေသက်က ပြောတယ်။

သူဝယ်ယူခဲ့တဲ့ နှလုံးသွေးကြောကျဉ်းသမားတွေအတွက် သောက်သုံးရတဲ့ဆေး၊အရိုးအတွက်သောက်သုံးရတဲ့ ဆေးတွေက ယခင်တစ်ကဒ်ကို နှစ်ထောင်ကျော်ဝန်းကျင်ပေးရတာကနေ အခုခါမှာသုံးထောင်ကျော် လေးထောင်အထိ ဈေးတက်သွား သလို၊ ပုံမှန်သုံးစွဲနေကျ တံဆိပ်မဟုတ်ဘဲ ပါဝင်ပစ္စည်းတူညီပြီး တံဆိပ်မတူတဲ့ဆေးဝါးတွေပဲ ရရှိခဲ့တာလို့ဆက်ပြောတယ်။

မိသားစုဝင်လေးဦးရှိတဲ့သူတို့မိသားစုမှာ ပုံမှန်ဝင်ငွေရှာဖွေသူကတစ်ဦးတည်းရှိတဲ့အတွက် အရာရာကို ချွေတာသုံးစွဲနေ ရချိန် အခုလို ဆေးဝါးတွေပြတ်လပ်ပြီးဈေးနှုန်းတွေ ပိုမြင့်တက်လာတာက သူတို့မိသားစုကို ပိုခက်ခဲစေတယ်လို့ ဆိုတယ်။

” ကုမ္ပဏီကွာပြီး ဆေးအရည်အသွေးညံ့တဲ့ဆေးတွေကဆို အရင်အရည်အ‌‌‌သွေးကောင်းတဲ့ ဆေးဈေးနှုန်းဖြစ်နေပြီ၊ ကုန်ဈေးနှုန်းတက်၊ ဆေးဖိုးဝါးခ ကုန်ကျစရိတ်တက်နဲ့ပိုက်ဆံကိုလောက်နိုင်တယ်မရှိဘူး။”လို့ မမေသက်က ညည်းတယ်။

ဆေးဆိုင်တွေက ဆေးဈေးနှုန်းတွေ ပိုတက်ဦးမယ်လို့ပြောတာကြောင့် ဒီထက်ဈေးပိုမတက်ခင်ဝယ်ယူ စုဆောင်းထားသင့် ပေမယ့် အရင်ကတည်းက ဝင်ငွေအပေါ်ချင့်ချိန်ပြီး ဝယ်ယူသောက်သုံးရတာကြောင့် အခုချိန်မှာလည်း ပိုဝယ်ဖို့မလွယ်ကူ ဘူး လို့ဆိုတယ်။

ဆေးဝါးဆေးနှုန်းတွေ အဆမတန်မြင့်တက်မှုဒဏ်ကို မမေသက်လိုပဲ မိသားစုဝင်ထဲမှာ နာတာရှည်ရောဂါသည်ရှိတဲ့ တစ်ခြားလူနာတွေလည်း ခံစားနေကြရပါတယ်။

သာကေတမြို့နယ်မှာနေထိုင်တဲ့ ဒေါ်မာမာဦးက ဆေးဈေးနှုန်းတွေ အရင်ထက်မြင့်တက်လာပြီး ဝယ်ရခက်လာတာ ကြောင့် လူနာတွေမှာရေရှည်စွဲသောက်ဖို့ ဝန်ထုတ်ဝန်ပိုးလိုဖြစ်မိတယ်လို့ ပြောပါတယ်။

ဒေါ်မာမာဦးရဲ့ခင်ပွန်းဖြစ်သူက ဆီးချိုသွေးချိုရောဂါခံစားနေရသူပါ။ ရောဂါစဖြစ်ကတည်းကအစိုးရဆေးရုံမှာ ကုသနေတာ ကြောင့် စရိတ်စက သက်သာပေမယ့် နှစ်ပတ်တခါ ဝယ်ယူရတဲ့ဆေးဝါးစရိတ်က သူတို့အတွက် မသက်သာပါ။

အစိုးရဆေးရုံက ဆီးချိုရောဂါအတွက် ထိုးဆေးတစ်မျိုးကို အခမဲ့ပေးပြီး ကျန်သောက်ဆေးတွေကိုအပြင်မှာ ဝယ်ယူရတာ ကြောင့် နှစ်ပတ်တစ်ခါ ပုံမှန်လေးသောင်းဝန်းကျင် ကျသင့်နေရာကနေ ယခုအခါငါးသောင်းဝန်းကျင်လောက် ကျသင့်နေ တယ်လို့ ဆက်ပြောတယ်။

“အစိုးရဆေးရုံဆိုတော့ ပိုက်ဆံမပေးရဘူး၊ ထိုးရမယ့်ဆေးတစ်မျိုးပေးတယ်၊ အီးစီဂျီဆွဲတာက အစအလကားလုပ်ပေးတာ အပြင်မှာဆို ကုန်မှာ၊ ဒါတောင်ဒီတစ်ပတ်ထိုးဆေးတမျိုးဝယ်ရလို့ မြို့ထဲကဆိုင်တွေမှာလှည့်ပတ်ပြီး ရှာဝယ်ရတယ်”လို့ ဆိုတယ်။

ပင်စင်ယူထားတဲ့ ခင်ပွန်းဖြစ်သူမှာ ဆီးချိုသွေးချိုအပြင် နှလုံးရောဂါစတဲ့ဝေဒနာခံစားနေရတဲ့အတွက် ဝင်ငွေမရှိချိန် အစစ အရာရာ ကုန်ဈေးနှုန်းတက်တာအပြင် သူ့ဆေးဝါးစရိတ်ကပါထပ်တိုးလာတဲ့အခါ လူနာမှာ စိတ်ဓာတ်ကျတာ စိတ်အားငယ် တာတွေ ဖြစ်နေတယ်လို့ဒေါ်မာမာဦးကပြောတယ်။

“ သားသမီးတွေရှာတဲ့ပိုက်ဆံက ဆေးဖိုးအတွက်ပါ ထပ်ကုန်တော့ သူလည်းစိတ်ညစ်မှာပေါ့၊ ကုန်ဈေးနှုန်းတွေကလည်း တက်တော့ လကုန်ရင်အကြွေးဆပ်လိုက် စားဖို့ဝယ်လိုက်နဲ့ကုန်နေတာ၊ ဆေးဖိုးသာ ဒီထပ်ထပ်တိုးလာရင်တော့ ဘာလုပ်ရ မလဲစဉ်းစားလို့မရဘူး”လို့ဒေါ်မာမာဦးကပြောတယ်။

ဆေးဝါးတွေ ဈေးတက်တယ်ဆိုတဲ့သတင်းကြောင့် လက်လီလက်ကားအရောင်းဆိုင်တွေသာမက ရပ်ကွက်ထဲက ဆေးဆိုင် တွေမှာပါ လူတွေကြိတ်ကြိတ်တိုး ဝယ်ယူမှုတွေရှိခဲ့ပါတယ်။

လူသုံးများတဲ့ အိမ်သုံးဆေးဝါးတွေဖြစ်တဲ့ ဘိုင်အိုဂျက်စစ် ၊ပါရာစီတမော၊ ဒီကိုဂျင် ၊ air.x စတဲ့ဆေးတွေက တစ်ကဒ်ကို ၃၀၀ ကနေ ၅၀၀ အထိ ဈေးတက်သွားသလို၊ ကလေးအဖျားပျောက်ဆေး Biogestic kid ၊ ချောင်းဆိုးပျောက်ဆေး Flemex kid စတဲ့ ကလေးဆေးဝါးတွေမှာလည်း မူလဈေး ၃,၅၀၀ ဝန်းကျင်ကနေ ၈,၅၀၀ အထိ ဈေးတက်ခဲ့တယ်။

အားဆေးတွေဖြစ်တဲ့ Becozinc ၊Becoactin ၊ Livolin Forte စတဲ့ဆေးတွေမှာလည်း တစ်ကဒ်ကို ၇၀၀ က‌နေ တစ်‌ထောင် အထိဈေးတက်ခဲ့သလို၊ အာရုံကြောအားဆေးနဲ့ သွေးကျဆေး၊ သွေးထိန်းဆေးစတာတွေကလည်း တစ်ကဒ်ကို တစ်ထောင် ကနေ တစ်ထောင့်ငါးရာအထိဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ဒါ့အပြင်သာမိုမီတာ၊သွေး‌ပေါင်ချိန်စက်စတဲ့ ဆေးကိရိယာရောင်းတဲ့ ဆိုင်အချို့ကလည်း မူလဈေးထက် ငါးရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်း ထပ်ပေါင်းပြီးရောင်းချတာတွေ လည်းရှိနေပါတယ်။

ဆေးဝါးတွေဈေးတက်တာကြောင့် ကြိုတင်ဝယ်ယူစုဆောင်းသူတွေ အများအပြားဖြစ်ခဲ့ပြီး ဘိုင်အိုဂျက်ဆစ် အရည်တစ်ပု လင်းကို လေးထောင့်ငါးရာကနေ ခုနှစ်ထောင်အထိ နောက်ဆုံးဈေးနှုန်းနဲ့ရောင်းချခဲ့ရသလို အပြင်မှာ ကိုးထောင်အထိ ရောင်းချနေတာတွေရှိတယ်လို့ ဗိုလ်ချုပ်ဈေးသစ်ကဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

” ဆေးတွေက ပစ္စည်းတော်တော်ပြတ်နေတာ၊ ဒီအချိန်မှာ ဒီဆေးရမှပဲဆိုပြီး ဝယ်လို့မရတော့ဘူး။ အာနိသင်တူ တဲ့အခြား ဆေးတွေ ဝယ်ဖို့ဝယ်သူတွေကိုပြောပြရတယ်။ ဆေးတွေကဈေးတက်နေတော့ဆေးကြီးပဲ အားကိုးလို့မရဘူး၊ ဆေးဝယ်မယ့် ပိုက်ဆံနဲ့မိသားစုတွေ အဟာရပြည့်အောင်စားပြီး ဘာရောဂါမှမဖြစ်အောင်နေတာအကောင်းဆုံးပဲ”လို့ ယင်းဆိုင်ရှင်က ပြောတယ်။

ဆေးဈေးနှုန်းတွေက ယခင်ထက်ဈေးပိုတက်လာသလို စူပါမားကတ်ကဆေးဆိုင်နဲ့ဆေးအရောင်းဆိုင် အချို့တွေမှာလည်း လူသုံးများတဲ့ဆေးဝါးတွေကို အရေအတွက်အကန့်အသတ်နဲ့သာ ရောင်းချလျက်ရှိပါတယ်။

” မြင်ရသလောက်ကတော့ စွဲသောက်ရတဲ့ဆေးတွေဈေးပိုတက်တယ်၊ နာတာရှည်တွေဆိုတော့ဆေးကို ရပ်လို့မရဘူး” လို့ မြောက်ဒဂုံမြို့နယ်က အသက်၅၀ကျော်အရွယ် သွေးတိုးရောဂါရှင် ဦးနိုင်ကပြောတယ်။

သူ့အနေနဲ့လည်း သွေးထိန်းဆေးနဲ့သွေးကျဆေးကို ပုံမှန်သုံးစွဲနေရတာဖြစ်ပြီး လိုအပ်တဲ့ဆေးတွေကို ထောက်ပံ့ကူညီသူ တွေရှိတာကြောင့် လတ်တလောအဆင်ပြေနေပေမယ့် ဒီထက်ဈေးပိုတက်မယ်ဆိုရင် ဆေးဝယ်ယူ ကူညီပေးသူတွေ ကုန်ကျစရိတ်ပိုများလာမှာစိုးရိမ်တယ်လို့ဆိုတယ်။

သူသောက်သုံးနေရတဲ့ ဆေးဝါးတွေကို တစ်လစာဝယ်ယူရာမှာ လေးသောင်းလောက် ကျသင့်နေတာကနေ လတ်တလော မှာ ခြောက်သောင်းအထိကျနေတယ်လို့လည်း ဆက်ပြောတယ်။

” ရေရှည်ဆိုရင် ဈေးတက်ပုံနဲ့ဆို အထိနာမှာကလူနာတွေပေါ့၊ တချို့ဆို doseလျှော့သောက်နေကြတယ်။ ဆရာဝန်က မလျော့ခိုင်းဘူး။ ဘတ်ဂျတ်ကြောင့်လျော့တာ၊ အဲ့ဒါဆိုရောဂါပိုတိုးဖို့ပဲရှိတော့တာပေါ့၊” လို့ ဦးနိုင်က ပြောပါတယ်။

လတ်တလောမှာ ဒေါ်လာဈေးအခြေအနေကြောင့် ဆေးဝါးနဲ့အခြားပစ္စည်းတွေ ဈေးတက်နေပေမယ့်ဈေးပြန်ကျမယ်လို့ ယူဆတယ်လို့ဆိုတယ်။

” ဒေါ်လာဈေးကတော့ တက်ပြီးရင်ပြန်ကျမှာပဲဆိုတော့ မူလအခြေအနေတိုင်း ပြန်ရောက်မယ်တော့ထင်တယ်၊ ဒီကာလ လေးတစ်ခုပဲပေါ့” လို့ ဦးနိုင်ကပြောပါတယ်။

ဆေးဝါးတွေပစ္စည်းပြတ်လပ်တာတွေကြောင့် ဆေးကုမ္ပဏီကြီးတချို့က အရောင်းပိတ်တာရှိသလိုပြင်ပမှာလည်း ဈေးအမျိုး မျိုးနဲ့ ရောင်းချနေတာတွေရှိတယ်လို့ နေပြည်တော်ကဆေးအရောင်းဆိုင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဆေးဝါးတွေက ၅ရာခိုင်နှုန်းကနေ ၄၀ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး အာရုံကြောဆေး၊သွေးကျဲဆေး ၊သွေးထိန်း ဆေးနဲ့ ပါရာစီတမောတို့လို အိမ်သုံးဆေးအချို့ ပစ္စည်းပြတ်သည်အထိဖြစ်နေတာလို့ ယင်းကဆိုတယ်။

” လက်ကြီးသမားတွေက သူတို့လိုချင်တဲ့ဈေးကိုခေါ်ပြီးကစားတာပေါ့၊ ဈေးတင်ပြီးကစားလိုက်တာပဲ၊ အခုချိန်က wholesale (လက်ကားအရောင်းသမား)သမားတွေက ရွှေပဲဈေးနှုန်းကအစ သူတို့ပါးစပ်ထဲမှာပဲ၊ သူတို့လိုချင်တဲ့ဈေးရရင် ခေါ်ပြီး‌ရောင်းတာပဲ” လို့ ယင်းဝန်ထမ်းကဆက်ပြောတယ်။

ဆေးအရောင်းဆိုင်တွေမှာ ဈေးနှုန်းတက်ပြီး ရောင်းချနေရပေမယ့် နောက်ရက်မှာ ကုမ္ပဏီတွေဆီက ဆေးဝါးတွေ ဝယ်ယူ လို့မရမှာ၊ ရောင်းလိုက်တဲ့ဈေးထက် နှုန်းပိုမြင့်ပြီးဝယ်ယူရတာတွေ ကြုံနေရတယ်လို့ဆိုတယ်။

” ဒီနေ့ရောင်းရတဲ့ငွေက နောက်နေ့ပစ္စည်းပြန်ဝယ်ရင် မိုင်းနပ်စ်ပြပြီ အရှုံးပဲ ဈေးတွေက အခုထိလည်းမငြိမ်သေးဘူး ထိန်း ရောင်းနေရတာ၊ တစ်နေ့လေးငါးသိန်းဖိုးရောင်းရရင်တောင်ပျော်နေလို့မရဘူး၊ နောက်နေ့ကျရင်ကိုယ့်ထဲကပါသွားပြီ” လို့ ယင်းဝန်ထမ်းကပြောတယ်။

ပြည်ပကနေဆေးဝါးတင်သွင်းပြီး အနယ်နယ်အရပ်ရပ်ကဆိုင်တွေကို ပြန်ဖြန့်နေတဲ့ကုမ္ပဏီတစ်ချို့မှာပစ္စည်း မရှိတော့တဲ့ အတွက် လက်လီလက်ကားရောင်းချတဲ့ဆေးဆိုင်တွေက ရှိတဲ့ပမာဏကို ထိန်းရောင်းနေရသလို၊ ဆေးကုမ္ပဏီအချို့က လည်း ဆေးဆိုင်တွေလိုချင်တဲ့ဆေးကိုအခြားလူသုံးနည်းတဲ့ ဆေးတွေနဲ့တွဲရောင်းချနေတာတွေလည်း ရှိတယ်လို့ဆိုတယ်။

” ကုမ္ပဏီတစ်ချို့ကတော့ လုံးလုံးပစ္စည်းပြတ်လို့ ပိတ်ထားရတယ်၊ သူတို့ရှိတာလေးတော့ထုတ်ရောင်းပေးတယ်၊ တချို့ ကုမ္ပဏီတွေကျတော့ ဆိုင်တွေက လိုချင်တဲ့ဆေးနဲ့သူတို့ဆီမှာ ရောင်းအားနည်းတဲ့ဆေးနဲ့တွဲပြီးတော့ဝယ်ခိုင်းတာ”လို့ ယင်း ဝန်ထမ်းကဆက်ပြောတယ်။

လတ်တလောမှာ ဆေးပြတ်လပ်ပြီး ဈေးထပ်တက်မယ့်အလားလာရှိတာကြောင့် ငွေကြေးတတ်နိုင်သူတွေ ကြိုတင်ဝယ်ယူ နေကြတဲ့အတွက် ဆေးဝါးလောကက ရေရှည်မှာဆိုအဆင်ပြေမှာမဟုတ်ဘဲ ဒေါ်လာဈေးတွေ တည်ငြိမ်အောင်လုပ်မှသာ ပြန်အဆင်ပြေမယ်လို့ သူကဆိုတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာဈေးနှုန်းကိုသတ်မှတ်တာ၊ကျပ်‌ငွေနဲ့လဲလှယ်ဖို့ညွှန်ကြားတာ၊ ပြည်ပက နေ တင်သွင်းတဲ့ဆေးနှင့် ဆေးပစ္စည်းတင်သွင်းခွင့်ပါမစ်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတင်မက စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွေကို အဆင့် ဆင့် တင်ပြရတာကြောင့် တင်သွင်းခွင့်ရရှိဖို့ ကြန့်ကြာနေပါတယ်။

ဒေါ်လာဈေး၊အစိုးရရဲ့ နိုင်ငံခြားငွေ အစီအစဉ်ကြေညာချက်တွေကြောင့် ဒေါ်လာငွေနဲ့ ပတ်သက်တဲ့နိုင်ငံခြားသွင်းကုန် ပစ္စည်းတွေ ဈေးကွက်တွေ မတည်ငြိမ်ဖြစ်လာတာလို့ စီးပွားရေး သုတေသီတစ်ဦးကပြောပါတယ်။

” ဈေးကွက်ဆိုတာ အစိုးရဝင်ရောက်ပတ်သက်လို့ တည်ငြိမ်လာတာရှိသလို အစိုးရဝင်ရောက်ပတ်သက်မှပဲ မတည်မငြိမ် ဖြစ်တာလဲရှိပါတယ်”လို့ ယင်းစီးပွားရေးသုတေသီကပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် အဓိကကျတဲ့ ဆေးဝါးကုန်စည်မြင့်တက်မှုဟာ နေ့စဉ်လူနေမှုဘဝကို တိုက်ရိုက် သက်ရောက်မှုရှိပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ လူတန်းစားတွေကိုအကြီးမားဆုံးထိခိုက်မှု ရှိတယ် လို့ဆိုတယ်။

လက်ရှိအချိန်မှာ ဈေးနှုန်းမြင့်တက်ပြီး ပစ္စည်းပြတ်လပ်နေပေမယ့် ဆေးဝါးပစ္စည်းတွေက သက်တမ်းသတ်မှတ်ထားတဲ့ ကုန် ပစ္စည်းအမျိုးအစားဖြစ်တဲ့ အတွက်ဈေးကွက်မှာ လုံးလုံးလျားလျား ပြတ်လပ်တာမျိုးမဖြစ်ဘဲ ဈေးနှုန်းပြန်ကျ နိုင်ခြေတော့ ရှိမယ်လို့ ဆိုတယ်။

” ငွေကြေးလဲလှယ်နှုန်းကြောင့် ဈေးနှုန်းလှုပ်လှုပ်ရှားရှားဖြစ်ခြင်းလို့သုံးသပ်ပါတယ်။ ဈေးနှုန်းပြန်ကျပေမယ့် မူလဈေးနှုန်း အနေအထားကိုတော့ ပြန်မရောက်နိုင်ပါဘူး” လို့ယင်းသုတေသီကဆိုတယ်။

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်အသင်းကတော့ ဆေးဝါးနှင့်ဆေးပစ္စည်းတင်သွင်းတဲ့ကုမ္ပဏီတွေ လုပ်ငန်း ကြန့်ကြာမှုမရှိစေရေးနဲ့ အများပြည်သူသုံးစွဲသူများ ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေးအတွက် နိုင်ငံခြားငွေဝယ်ယူခြင်း မပြုဘဲ ကုမ္ပဏီအစီအစဉ်နဲ့ တစ်ဖက်ကုန်ရောင်းသူသို့ ငွေလွှဲမည်ဆိုပါက ကုမ္ပဏီဒါရိုက်တာကိုယ်တိုင် လက်မှတ်ရေးထိုး ထားသော ဝန်ခံဂတိပြုစာဖြင့် အသင်းကိုတင်ပြရမယ်လို့ ဇူလိုင်၂၁ရက် နေ့က ထုတ်ပြန်ထားပါတယ်။

အသင်းမှတဆင့် နိုင်ငံခြားငွေသုံးကြီးကြပ်မှု ကော်မတီကိုတင်ပြပြီး နိုင်ငံခြားငွေ ဝယ်ယူခြင်းမပြုတဲ့ ကုမ္ပဏီစာရင်းကို စီစစ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသို့စာရင်း ပြုစုပေးပို့သွားမယ်လို့ ထုတ် ပြန် ချက်မှာဖော်ပြထားပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့အသင်းမှပေးပို့လာတဲ့ ကုမ္ပဏီတွေကို ကုန်ပစ္စည်းရောက်ရှိကြောင်း အထောက်အထား (DO)တင်ပြရန်မလိုဘဲ သွင်းကုန်လိုင်စင်ခွင့်ပြု ပေးသွားမှာဖြစ်ပြီး နိုင်ငံ ခြားငွေဝယ်ယူခွင့်ရယူ၍ သွင်းကုန်လိုင်စင်လျှောက်ထားလိုတဲ့ကုမ္ပဏီတွေကတော့ လက်ရှိဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်း စဉ်များအတိုင်းသာဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတယ်။

ဆေးဈေးနှုန်းတက်ပြီးပစ္စည်းပြတ်လပ်မှုနဲ့ အသင်းရဲ့လုပ်ဆောင်မှုအခြေအနေတွေနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံ‌ဆေးနှင့် ဆေး ပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဌ‌ဒေါက်တာဇော်မိုးခိုင်ကို ဆက်သွယ်မေးမြန်းသော်လည်း ဥက္ကဌခရီးသွားနေတာ ကြောင့် အသင်းရုံးသို့သာဆက်သွယ်မေးမြန်းရန် ဥက္ကဌရုံးအဖွဲ့မှုးကပြန်လည် ဖြေကြားခဲ့ပြီး အသင်းရုံးသို့ဆက်သွယ်သော် လည်း ဆက်သွယ်မရခဲ့ပါ။

ဆေးဝါးတွေဈေးတက်တဲ့အပြင် ဆေးဝါးအချို့မှာလည်း လိုသလောက်ဝယ်မရတာတွေကြောင့်ပြင်ပဆေးရုံ၊ ဆေးခန်း တွေမှာလည်း ဆေးကုသစရိတ်ဈေးနှုန်းအနည်းငယ်တက်ယူတာတွေရှိလာပါတယ်။

” လူတွေက ပိုမိုကျပ်တည်းလာချိန်မှာ ဆေးဝါးတွေဈေးတက်တော့ ကျွန်မတို့ဆရာဝန်တွေအနေနဲ့ ဆေးကုသခပိုမို ဈေးတက်ယူရမှာလည်းအခက် ၊အရင်နှုန်းနဲ့ဆိုရင်လည်း နောက်ထပ်ဆေးတွေ ပြန်ဝယ်ရချိန်မှာ အခက်အခဲ တွေကြုံလာရ တယ်”လို့ မြောက်ဥက္ကလာ မြို့နယ်မှာဆေးခန်းဖွင့်လှစ်ထားတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ပိုးသတ်ဆေးတွေက နှစ်ဆနီးပါးတက်လာ‌တာကြောင့် မဖြစ်မနေ ဈေးနှုန်းတက်ယူနေရတယ်လို့ ဆက်ပြောတယ်။

ဆေးဝါးဈေးနှုန်းမြင့်တက်ပြီး ပစ္စည်းပြတ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ စပ်‌ဆေးတွေ အရည်အသွေးစိတ်ချရခြင်း မရှိတဲ့ဆေးတွေ၊ စတီးရွိုက်ပါဝင်တဲ့ဆေးတွေက ပြည်သူတွေကြားမှာခေါင်းထောင်လာတယ်လို့ ယင်းကပြောတယ်။

” တစ်ထုတ်မှ ၂၀၀ဆိုတော့ အခြေခံလူတန်းစားနဲ့ဝင်ငွေနည်း လူလတ်တန်းစားတွေက စပ်ဆေးကို ပြန်အားကိုးလာကြ တယ်” လို့ ဆိုတယ်။

ဆေးဝါးတွေ ဈေးပိုမိုတက်လာပြီး ပစ္စည်းပြတ်လပ်သွားမယ်ဆိုရင် ရှေရှည်မှာ ကျန်းမာရေးအတွက်အခက်အခဲ ဖြစ်လာ နိုင်ပြီး အထူးသဖြင့် NCD လို့ ခေါ်ကြတဲ့ သွေးတိုးဆီးချို၊အာရုံကြောရောဂါသမားတွေမှာ ပိုမိုစိုးရိမ်ရမှာဖြစ်ပြီး ဆေးရပ်လိုက် တဲ့အခါ အခြားရောဂါတွေဝင်လာမှာလို့ ယင်းဆရာဝန်ကပြောပါတယ်။

လတ်တလောဆေးဝါးတွေ ပြတ်လပ်ချိန်မှာ ကိုယ်သောက်သုံးနေကျတံဆိပ်မရှိပေမယ့်လည်း ပါဝင်ပစ္စည်းတူညီတဲ့ အခြား တံဆိပ်ကို ရွေးချယ်သောက်သုံးသင့်တယ်လို့ ယင်းက အကြံပြုပါတယ်။

“ ကိုယ်သောက်နေကျတံဆိပ်မဟုတ်လည်း ပါဝင်ပစ္စည်းတူရင်သောက်ရတော့မယ့် အခြေအနေရောက်နေပါပြီ၊ တစ်ချို့ ပစ္စည်းတွေ ဈေးကွက်ထဲဝင်လာဖို့ခက်နေပြီ”လို့ ဆိုတယ်။

ပုံမှန်သောက်နေကျဆေးဝါးတွေဈေးနှုန်းမြင့်တာ၊ ဝယ်မရတာ၊ ဆေးရုံဆေးခန်းစရိတ်တွေတက်လာတဲ့အခါ လူနာတွေမှာ ဆေးခန်းတွေကို မသွားလိုတာ၊ သောက်နေကျ‌ဆေးကိုရပ်ထားတာ၊ ခံစားရတဲ့ ရောဂါဝေဒနာ တွေအတွက် အခြားဆေးကို အစားထိုးသုံးစွဲတာတွေလည်း ရှိနေပါတယ်။

” သွေးကျဆေးကို ဝယ်နေကျဆေးဆိုင်ကမရလို့ အခုကရက်ခြားသောက်နေတာပဲ၊ ရင်ကြပ်လာရင်တော့ မြန်မာဆေးပဲ သောက်တော့မယ်”လို့ သာကေတမြို့နယ်ကအသက် ၆၅ နှစ်အရွယ်ဒေါ်တင်ကပြောပါတယ်။

သွေးတိုးလေ့ရှိတဲ့သူ့အတွက် သွေးကျဆေးကိုပုံမှန်သောက်သုံးဖို့ ဆရာဝန်ကညွန်ကြားထားတာကြောင့် နေ့စဉ် သောက် သုံးနေတာ တစ်နှစ်နီးပါးရှိနေပါပြီ။ အခုရက်ပိုင်းသူဝယ်ယူတဲ့ဆိုင်မှာ ပစ္စည်းပြတ်လပ်တာကြောင့် ချွေတာတဲ့အနေနဲ့ တစ်ရက်ခြားတစ်ခါ သောက်သုံးနေတယ်လို့ဆိုတယ်။

” ဆေးဆိုင်ကိုတော့မှာထားတာ ရက်ပိုင်းလောက်ကျရင် ပြန်ရမယ်ပြောတယ်၊ ဒီရက်ထဲကုန်မှာဆိုးလို့ ရက်ခြားစီသောက် နေတာ၊ အစားအသောက်တော့ဆင်ခြင်ရတာပေါ့” လို့ ဒေါ်တင်ကဆိုတယ်။

သူ့ဝေဒနာက ကြီးကြီးမားမားမဟုတ်တဲ့အတွက် လစဉ်ဆေးဖိုးသောင်းဂဏန်းဝန်းကျင်ပဲ သုံးရတာကြောင့် သိပ်မသိသာ သေးပေမယ့် ဆေးခန်းတွေဈေးတက်တာ ဆေးတွေဈေးတက်တာကြောင့် ရေရှည်မှာစိုးရိမ်မိတယ်လို့ ဆိုတယ်။

” အခုတောင်ပြနေကျ ရပ်ကွက်ဆေးခန်းက ခြောက်ထောင်ယူနေပြီပြောတယ်၊ လူတွေမှာစားဖို့သောက်ဖို့လုံးပန်းနေရတဲ့ အပြင် ဆေးစရိတ်ပါထပ်တိုးလာတော့ ဘယ်လိုရှေ့ဆက်ကြမလဲ” လို့ ဒေါ်တင်ကပြောပါတယ်။

ငွေကြေးတတ်နိုင်သူတွေက ဆေးဝါးတွေကို ကြိုတင်ဝယ်ယူတာ၊ ပြည်ပနိုင်ငံတွေကနေ ဝယ်ယူတာတွေ ပြုလုပ်နေတာ ကြောင့် အဆင်ပြေနိုင်ပေမယ့် သာမန်လူတန်းစားတွေနဲ့ ဝင်ငွေနည်းတဲ့ အခြေခံလူတန်းစားတွေမှာတော့ ဖြစ်နေတဲ့အခြေ အနေတွေကြောင့် မရှိရင်မသောက်ရမယ့် အခြေအနေထိရောက်နေပြီလို့ဆိုတယ်။

လက်ရှိအချိန်ထိ ဆေးဝါးပစ္စည်းတွေ ဈေးတက်ပြီးပစ္စည်းတွေပြတ်လပ်နေတဲ့ အပြင်ဈေးပိုတက်လာမယ့် အလားလာလည်း ရှိတဲ့အတွက် ရေရှည်ဆို လွယ်ကူမှာမဟုတ်တာကြောင့် ဝေဒနာသည်မိခင်မှာလည်း စိုးရိမ်ပူပန်နေရတယ်လို့ မမေသက်က ပြောတယ်။

” ကုမ္ပဏီတွေကဆေးဆိုင်တွေဆီ ဆေးမချပေးဘူးကြားတယ်။ အောက်လမ်းကနေ ဆေးအတုတွေဝင်လာပြီး ရောင်းနေမှာ စိုးတယ်။ ဆေးအတုတွေသောက်မိရင် ရောဂါတစ်ခုကနေ သုံးလေးခုတိုးလာနိုင်တယ်” လို့ မမေသက်က ပြောတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် စီးပွားရေးတွေကမောက်ကမဖြစ်၊ ကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး ပြည်သူတွေဘဝ အကျပ်အတည်း ကြုံနေပေမယ့် စားရေးသောက်ရေးအတွက် တန်ဖိုးနည်းတဲ့ထုတ်ကုန်တွေ ဒေသအစားစာတွေကို ရှိတာ လေးနဲ့ရွေးချယ်ပြီး ချွေတာစားသောက်လို့ရနိုင်ပါသေးတယ်။

ဒါပေမယ့်ကျန်းမာရေးအတွက်ကတော့ အခြားရွေးချယ်စရာနည်းပါးတဲ့အတွက် ဆေးတင်သွင်းခွင့်နဲ့ ပတ်သတ်တာတွေကို အရေးကြီးကိစ္စအနေနဲ့ လွယ်ကူအောင်လုပ်ဆောင်သင့်ပြီး ဒီလိုမှမဟုတ်ရင်တော့ ပြည်သူလူထုကို ဒုက္ခပေးတာနဲ့အတူတူပဲ လို့ မမေသက်က ဆိုတယ်။

ပါမစ်ပိတ်လို့ ဆေးဝယ်‌သောက်သုံးခွင့်မရဘဲ လူနာတွေနစ်နာရပြီဆို စစ်ကောင်စီက “ ပြည်သူလူထုကို သတ်လိုက်တာနဲ့ အတူတူပဲ” လို့ မမေသက်က ပြောတယ်။

Author:

Related Articles