မေ
စာအုပ်တွေအပြည့်ရှိနေတဲ့အခန်းတစ်ခုရဲ့ အလယ် စားပွဲခုံတစ်ခုပေါ်မှာ အမျိုးသမီးတစ်ဦးဟာ တစ်စုံတစ်ခုကို အာရုံစိုက်ပြုလုပ်နေပါတယ်။
အမျိုးသမီးပြုလုပ်နေတာကတော့ စာရေးနေတာပါ။ သူရဲ့စာရေးပုံကတော့ ထူးခြားပါတယ်။ စာရွက် ဘောပင်တွေ ၊ ကွန်ပျူတာတွေနဲ့ရေးတာမျိုးမဟုတ်ဘဲနဲ့ Tablet တစ်ခုပေါ်မှာ စာလုံးတစ်လုံးချင်းစီရေးသားနေတာပါ။
အဲ့ဒီအမျိုးသမီးကတော့ အသက်(၄၀)အရွယ် စာရေးဆရာမတစ်ဦးဖြစ်တဲ့ ဧကြည်ဖြူပါ။ စာရေးဆရာမ ဧကြည်ဖြူဟာ မွေးရာပါအမြင်အာရုံအားနည်းသူတစ်ဦးပါ။ ဒါကြောင့်စာတွေကိုအကြီးချဲ့ကာ စာလုံးတစ်လုံးချင်းစီရေးသားနေတာဖြစ်ပါတယ်။
သူဟာ အမြင်အာရုံလုံးဝမမြင်ရတာမျိုးမဟုတ်ပေမယ့် မွေးရာပါအမြင်လွှာပါးတာကြောင့် တချို့အရာတွေကို အနီးကပ်ကြည့်ရင်တော့မြင်ရတာမျိုးပါ။
အကွာအဝေး သုံးပေ၊ ငါးပေလောက်အထိတော့မြင်ရပါတယ်။ ကျောင်းနေအရွယ်ရောက်တော့ ပါဝါ (၁၆၀၀)ရှိတဲ့ မျက်မှန်ကိုစတပ်တဲ့အခါ ဆယ်ပေကျော်အထိ လူရုပ်တွေကိုကောင်းကောင်းမြင်ခဲ့ရတယ်။
ကျောင်းမှာစာသင်တဲ့အခါ ကျောက်သင်ပုန်းကစာကိုမမြင်ရလို့ သူငယ်ချင်းဆီက စာတစ်ဆင့်ပြန်ကူးရင် ပညာသင်ယူခဲ့ရပါတယ်။ အမြင်အာရုံအားနည်းမှုကြောင့် လမ်းသွားတိုင်းချော်လဲတဲ့ အဖြစ်နဲ့လည်း အမြဲရင်ဆိုင်ခဲ့ရပါတယ်။
“စာသင်ရင်ကျောက်သင်ပုန်းက စာကိုမမြင်ရတာကတော့ အခက်ခဲဆုံးပါ။ မျက်ရည်လည်းအမြဲကျရတယ်”လို့ စာရေးဆရာမ ဧကြည်ဖြူကငယ်ဘဝအဖြစ်အပျက်ကိုပြောပြပါတယ်။
စတုတ္တတန်းကျောင်းသူအရွယ်မှာ ပထမဆုံးကိုယ်ပိုင်စာအုပ်အငှားဆိုင်လေးစဖွင့်ခဲ့ပါတယ်။ စာအုပ်ငှားဖတ်ရတာ ပိုက်ဆံကုန်တဲ့အတွက် ရထားတဲ့မုန်းဖိုးလေးတွေစုပြီးဝယ်ထားတဲ့ စာအုပ်တွေ ပြန်စငှားရာကနေစာအုပ်အဌားဆိုင်လေးဖွင့်ဖြစ်သွားတာပါ။ သူဟာ အဲ့ဒီအချိန်ကတည်းက ကိုယ်ပိုင်ဝင်ငွေရှာနိုင်ခဲ့ပါပြီ။
“ဝင်ငွေစရတော့ကိုယ်လဲသူများတွေလိုလုပ်နိုင်သားပဲလို့ယုံကြည်မှုရှိလာတာပေါ့”လို့စာရေးဆရာမဧကြည်ဖြူက ဆိုပါတယ်။
အသက်(၁၂) နှစ်အရွယ် လောက်မှာပဲ စာအုပ်အငှားဆိုင်ကရတဲ့ဝင်ငွေလေးတွေကိုစုဆောင်းပြီး မိခင်ဖြစ်သူကို အိမ်ဆိုင်သေးသေးလေးဖွင့်ပေးနိုင်ခဲ့ပါတယ်။ ပညာရေးလမ်းကြောင်းကတော့ ကိုးတန်းအောင်ပြီးတဲ့အခါ ကျောင်းထွက် လိုက်ပြီး စက္ကူစက်ရုံမှာ ပထမဆုံးအလုပ်စဝင်ခဲ့ပါတယ်။ ကိုးတန်းအောင်ပြီးတော့မှ ကျောင်းထွက်ခဲ့ရ တာကတော့ မိဘတွေဆုံးပါးသွားလို့ပါ။
စာရေးတာကို အလယ်တန်းစတက်ကတည်းကဝါသနာပါပြီး စရေးခဲ့ပါတယ်။ ကိုယ့်ကျောင်းစာအုပ်ထဲ ဇာတ်လမ်းလေးတွေစရေးခဲ့တယ်။
၂၀၀၃ ခုနှစ်လောက်မှာတော့ မဂ္ဂဇင်းတိုက်ကို စာမူစပို့ဖြစ်တယ်။ ၂၀၀၇ ခုနှစ်မှာတော့ ရွှေအမြုတေ မဂ္ဂဇင်းမှာ “နှင်းအိမ်လေး”ကလောင်နဲ့ စာမူတွေစတင်ဖော်ပြခံခဲ့ရတယ်။ မဂ္ဂဇင်းတိုက်တွေကို စာမူပို့တဲ့အခါ အမြင်အာရုံအားနည်းတဲ့အတွက် အခက်အခဲတွေနဲ့ကြုံတွေ့ရပါတယ်။
“စာတွေကိုသိပ်မမြင်ရလို့ စာရေးရင်လက်ရေးတအားဆိုးပါတယ်။ ကွန်ပျူတာလည်းစာမစီနိုင်တော့ လက်ရေးပြင် ရေးဖို့ အမြဲသတိပေးခံခဲ့ရတယ်”လို့ သူ့အတွေ့အကြုံကိုပြောပြပါတယ်။
ဒါကြောင့်လည်း စာစောင်တွေ၊ မဂ္ဂဇင်းတွေကိုစာမူ သိပ်မပို့ဖြစ်ခဲ့ပါဘူး။ မိုဘိုင်းဖုန်းတွေမပေါ်ခင် အထိ ပုံနှိပ်စာမူ နှစ် ပုဒ်ပဲဖော်ပြခံရဖူးတယ်လို့ သူကဆက်ပြောပါတယ်။
နောက်ပိုင်း မိုဘိုင်းဖုန်းတွေ၊ ဆိုရှယ်မီဒီယာတွေ အသုံးများလာတော့ စာရေးဆရာမ ဧကြည်ဖြူအတွက် နည်းပညာကိုအသုံးပြုပြီး စာရေးရတာပိုအဆင်ပြေသွားခဲ့ပါတယ်။
“စာရေးတဲ့အခါ Gboard နဲ့ရေးပါတယ်။ အဲ့ဒီလိုရေးတော့ပိုပြီး အဆင်ပြေလာပါတယ်။ စာလဲပိုရေး ဖြစ်လာပါတယ်” လို့ ပြောပါတယ်။
ဒါပေမယ့် လုံးဝချောမွေ့တာမျိုးတော့မဟုတ်ပါဘူး။ ပုံမှန်သူများတွေ နာရီဝတ်လောက်ရေးရင်ပြီးတဲ့အနေအထားကို သူ့အတွက်တော့ (၂)နာရီလောက်အချိန်ပေးပြီးရေးရပါတယ်။
“စာလုံးပြန်စစ်ရတာလဲ သိပ်မမြင်တော့စာလုံးဆိုဒ်တွေကြီးထားရပါတယ်။စာလုံးဆိုဒ်ကြီးတဲ့ app ကို Down ပြီး သုံးရတာပါ။စက်တော့ တအားလေးသွားတာပေါ့”လို့ဆိုပါတယ်။
နောက်ပိုင်း ဆိုရှယ်မီဒီယာခေတ်မှာ ရေးထားတဲ့စာမူတွေကို လူမှုကွန်ရက်မှာတင်ကြည့်ရာကနေ စာဖတ် သူတွေ အားပေးလက်ခံတဲ့အတွက် စာတွေပိုရေးဖြစ်ခဲ့ပါတယ်။
ပုံနှိပ်ဖော်ပြခံရတဲ့ ဝတ္တုတို ဆယ်ပုဒ်ဝန်းကျင်ရှိပြီး လူမှုကွန်ရက်မှာတော့ ဝတ္တုတို (၅၀)ကျော်၊အရှည် (၂၅)ပုဒ် အထိ ဖော်ပြရေးသားခဲ့ပြီးဖြစ်ပြီး ဘဝရသ၊ လျှို့ဝှက်သဲဖို အကြောင်းအရာတွေအဓိကရေးသားပါတယ်။
ဝါသနာအရစာရေးတာအပြင်တစ်ဖက်မှာလည်း စားဝတ်နေရေးအတွက်အဓိက ဝင်ငွေရှာတာကတော့ အွန်လိုင်းကနေစာအုပ်တွေရောင်းတာပါ။
အွန်လိုင်းစာဖတ်ပရိတ်သတ်တွေက စာအုပ်ဝယ်တဲ့ဖောက်သည်တွေပါပဲ။ဆယ်ကျော်သက်အရွယ်ကတည်းကစာ အုပ်အငှားဆိုင်လေးဖွင့်ပြီးဝင်ငွေရှာခဲ့တဲ့သူဟာ အရွယ် ရောက်တော့လည်း မိသားစုအကူအညီမပါပဲ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရပ်တည်ခဲ့ပါတယ်။
စာရေးတဲ့အလုပ်ကိုမလုပ်ခင်ကတည်း စာအုပ်ငှားဆိုင်၊လမ်းဘေးစာအုပ်အရောင်းဆိုင်လေးတွေလုပ်ခဲ့ပြီး အတော်လေးလည်းခက်ခဲခဲ့တယ်လို့ ဖွင့်ဟပါတယ်။
“မြို့ထဲမှာ စာအုပ်ထွက်ဝယ်တဲ့အခါတိုင်းမှာ ကားစီးရတာ၊ကားလမ်းကူးရတာကြီးမားတဲ့အခက်အခဲတွေပေါ့။ မီးပွိုင့်မရှိရင်ကားလမ်းမကူးရဲတာမျိုးတွေ၊ ကားနံပါတ်ကိုမမြင်ရတာတွေပေါ့။ ဒါတွေကိုကျတော့ကိုယ့်အမှတ်အသား လေးနဲ့ကိုယ်လုပ်ပြီးသွားလာနေခဲ့ရတာပေါ့”လို့စာရေးဆရာမကသူ့အခက်အခဲတွေကိုပြောပြပါတယ်။စာအုပ် ရောင်းတဲ အခါမှာလည်း အရမ်းသေးတဲ့စာတွေကိုမမြင်ရတဲ့အခက်အခဲတွေလည်းရှိပါသေးတယ်။
အမြင်အာရုံသိပ်မကောင်းတဲ့သူတွေအတွက် သွားလာရေးတွေ အဆင်ပြေအောင်လုပ်ပေးစေချင်တယ်။ ရန်ကုန်မှာက လိုင်းကားတွေကလည်းရပ်ချင်တဲ့နေရာမှာရပ်တယ်။ နောက်ပြီးတော့ မြင်းကြားဘာညာလဲသူတို့တွေက ကားကိုအရှိန်မလျော့ကြဘူး။
အဲဒီလိုမျိုးလေးတွေစည်းကမ်းတကျလုပ်ဆောင်ပေးထားမယ်ဆိုရင် ကျွန်မတို့လိုသိပ်မမြင်ရတဲ့သူတွေအတွက် တခြားသူကိုအားကိုးစရာမလိုတော့ဘူး။ ကျွန်မတို့ဘဝရှေ့ရေးအတွက်ပိုပြီးလွယ်ကူနိုင်မယ်ထင်ပါတယ်။
အခက်အခဲတွေရှိပေမယ့်လည်း အမြင်အာရုံအခြေအနေကြောင့် တခြားအလုပ်တွေဝင်လုပ်လို့မရခဲ့တဲ့အတွက် စာအုပ်ရောင်းတဲ့အလုပ်ကိုပဲလုပ်ကိုင်ခဲ့ရပါတယ်။
အမြင်အာရုံအခြေအနေကလည်း မွေးရာပါအမြင်လွှာပါးတာကြောင့် မျက်စိခွဲစိတ်ထားပေမယ့် ညာဘက်မျက် လုံး ကလုံးဝကွယ်သွားခဲ့ပြီး ဘယ်ဘက်မျက်လုံးတစ်ဘက်လည်းကွယ်သွားနိုင်ခြေ အခြေအနေနဲ့ ရင်ဆိုင်နေရတာလို့ဆိုပါတယ်။
အမြင်အာရုံလုံးဝကွယ်သွားမယ့်အခြေအနေအတွက် အမြင်အာရုံချို့တဲ့သူတွေသုံးတဲ့ နည်းပညာတွေကို သင်ယူနေပါတယ်။ ဖုန်း၊ Tabletတွေနဲ့ရေးနိုင်တဲ့နည်းပညာတွေကိုတော့ သင်ယူနိုင်ခဲ့ပြီး ကွန်ပျူတာအသုံးပြုရေးနိုင်တဲ့ နည်းလမ်းတွေကိုသင်ယူဖို့ စာရေးဆရာမဧကြည်ဖြူတစ်ယောက် ပြင်ဆင်နေပါတယ်။
စာရေးဆရာကြီးတွေရဲ့စာအုပ်တွေကိုလည်း နည်းပညာအားကိုးပြီး ဖုန်းနဲ့ဖတ်တာ ဖုန်းနဲ့ကြာရှည် မဖတ်နိုင်တဲ့အခါ အသံနားထောင်တာတွေပြုလုပ်ရင်း ဝမ်းစာလည်းဖြည့်နေပါတယ်။
မောင်နှမကိုးယောက်ထဲမှာ သူက ရှစ်ယောက်မြောက်ဖြစ်ပါတယ်။ မိဘတွေကတော့ သူအသက်(၁၅)နှစ်လောက် ကတည်းကကွန်လွန်ခဲ့ပါတယ်။
ငယ်ဘဝအချိန်တော်တော်များများကို စာအုပ်အငှားဆိုင်လေးဖွင့်ရင်းကုန်ဆုံးခဲ့ပြီးငယ်ဘဝ အိပ်မက်ကတော့အနု ပညာရှင်ဖြစ်ချင်ခဲ့တာပါပဲ။စိတ်ဓာတ်ကျတဲ့အချိန်ထက်ကိုယ့်ကိုကိုယ်အားမဖြစ်မိတဲ့အချိန်တွေပဲများတယ်လို့ သူကဆိုပါတယ်။
မျက်စိကြောင့်နဲ့ခွဲခြားဆက်ဆံခံရတာမျိုးထက်အလှောင်ခံရတာပါ။ အနှိမ့်ခံရတာပါ။ လူတချို့ကမျက်လုံးလုံးဝမမြင်တာကိုသူတို့လက်ခံနိုင်တယ်။ ဒါပေမဲ့သိပ်ပြီးမမြင်ရဘူးဆိုတာကိုသူတို့နားမလည်နိုင်ဘူး။
ဥပမာပစ္စည်းတခုခုရှာခိုင်းတဲ့အခါသူတို့တွေအတွက် အလွယ်တကူတွေ့နိုင်ပေမယ့်ကိုယ်ကမတွေ့နိုင်တဲ့အခါဒါကိုနားလည်မပေးနိုင်ဘူး။ သူတို့တွေအတွက်အလွယ်တကူတွေ့နိုင်ပေမယ့်ကိုယ်ကမတွေ့နိုင်တဲ့အခါဒါကိုနားလည်မပေးနိုင်ဘူး။
စိတ်ညစ်တဲ့အချိန်တွေကိုတော့ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာတွေနဲ့ကျော်ဖြတ်ခဲ့ပါတယ်။
သန်စွမ်းသူအမျိုးသမီးပဲဖြစ်ဖြစ် မသန်စွမ်းသူအမျိုးသမီးပဲဖြစ်ဖြစ် ကိုယ်ဝါသနာပါရာကို ယုံယုံကြည်ကြည် နဲ့ဇွဲ မလျော့ဘဲ လုပ်ကိုင်ရင် တစ်နေ့အကျိုးအမြတ်ခံစားရမယ်လို့သူကယုံကြည်ထားပါတယ်။
မသန်စွမ်းအမျိုးသမီးတွေအနေနဲ့လည်းကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိ၊ လုပ်နိုင်မယ်ဆိုတဲ့စိတ်၊တစ်ခုခုကိုမလုပ်ကြည့် ဘဲနဲ့ငါမလုပ်နိုင်ဘူးဆိုတဲ့စိတ်မျိုးမရှိရင် ပိုပြီးတော့အောင်မြင်နိုင်မယ်လို့ သူ့အမြင် ကိုပြော ပါတယ်။
“ကျွန်မက ကိုယ့်ကိုယ်ကိုယ်မသန်စွမ်းသူလိုလည်းတစ်ခါမှမခံယူခဲ့ဖူးဘူး။ အလုပ်တစ်ခုကိုလုပ်မယ်ဆိုရင် အောင်မြင်အောင်လုပ်မယ်လို့ပဲတွေးလိုက်တာပဲ။ အဓိကကတော့ ငါက မသန်စွမ်းဘူးလို့ခံယူပြီး ရှက်နေတာမျိုးတွေ ရှိနေမယ်၊ သိမ်ငယ်နေမယ်ဆိုရင်တော့အဆင်မပြေမှုတွေပိုများမှာပဲ၊ အခက်အခဲဆို တာကတော့ မသန်စွမ်းတွေမှ မဟုတ်ဘူး လူကောင်းတွေမှာလည်းရှိတာပဲလေ”လို့ဆက်ပြောပါတယ်။
တခြားမသန်စွမ်းအမျိုးသမီးတွေကိုလည်း ကိုယ်လုပ်ချင်တဲ့အရာ၊ကိုယ်ဝါသနာပါရာကို သတ္တိရှိရှိနဲ့ လုပ် ဆောင် သွားဖို့တိုက်တွန်းပါတယ်။ရှေ့ဆက်ပြီးလည်း“စာပဲရေးသွားမှာပါ ဖတ်မယ့်သူမရှိတုန်းကလည်းရေးခဲ့တာဆို တော့ပို ရေးဖြစ်သွားမယ် ထင်ပါတယ်”လို့စာရေးဆရာမ ဧကြည်ဖြူကဆိုပါတော့တယ်။