Home ဆောင်းပါး မီးပျက်ရေပျက် အပူဒဏ်အခက်အခဲတွေကြား ဖြတ်သန်းနေကြရတဲ့ မြို့ပြနေထိုင်သူများ

မီးပျက်ရေပျက် အပူဒဏ်အခက်အခဲတွေကြား ဖြတ်သန်းနေကြရတဲ့ မြို့ပြနေထိုင်သူများ

 ဒေဝီ

 မနက်၉နာရီဆို လာရမယ့်မီးက အချိန်ငါးမိနစ် စွန်းလာပြီဖြစ်ပေမယ့် မီးမလာသေးတာကြောင့် ဂတ်စ် သွားဖြည့်ပြီးပဲ ထမင်း ချက်ရတော့မလားဆိုတာ မဆုတစ်ယောက် တွေးမိတယ်။ ၉ နာရီ၁၅လောက်  မီးလာလို့ ထမင်းအိုးတည်ဖို့ ပြင်ဆင်ချိန်မှာပဲ လျှပ်စစ်မီးက ငါးမိနစ်အကြာ ပြန်ပျက်သွားတော့ စိတ်တိုရပြန်ရော။

 “ပျက်လိုက်၊လာလိုက်ဖြစ်နေတာနေ့တိုင်းပဲ၊ ဒီပုံအတိုင်းဆို ၁၁ နာရီမှ ပြန်လာတော့မှာ၊လာရမယ့်အချိန်တောင်ခိုးထားသေး တယ်”လို့ မဆုကမကျေမနပ်ရေရွတ်ပါ တယ်။

 “မီးပျက်တယ် ၊ရာသီဥတုပူတယ်၊ အိုက်တယ်” ဆိုတာ ယခုကာလမှာ မြို့ပြနေပြည်သူတွေအကြား အမြဲကြားရတဲ့ စကားပါ။

ပုံမှန်ထက်ပိုပြင်းထန်တဲ့ အပူချိန်၊ဆိုးဆိုးရွားရွား ပျက်တဲ့ လျှပ်စစ်မီးအခြေအနေကြောင့် မြို့ပြနေသူတွေမှာ ပုံမှန်ထက် အပူ ဒဏ်ကို ခံစားရသလို  အိမ်ရှင်မတွေလည်း ချက်ရေးပြုတ်ရေးကအစ ကျန်းမာရေးအထိ ဒုက္ခရောက်နေရပါတယ်။

မီးမကြာခဏပျက်တော့ အိမ်မှုကိစ္စတွေလုပ်ရတာ ကမောက်ကမဖြစ်ရသလို၊ ကလေးတွေလည်း မကြာခဏ အပူရှပ် ဖျား နာ တာ၊လည်ချောင်းနာတာတွေ ခံစားရတော့ သူတို့ကို ဂရုတစိုက်စောင့်ရှောက်နေရတဲ့လူကြီးတွေပိုပင်ပန်းရတယ်လို့ အသက် ၃၂ နှစ်အရွယ် အိမ်ရှင်မတစ်ဦးဖြစ်တဲ့ မဆုက ငြီးတွားပြောဆိုပါတယ်။

လျှပ်စစ်မီးက မြို့နယ်တွေကို အုပ်စုခွဲပြီး ၄ နာရီခြားတစ်ခါအချိန်လှည့်မီးပေးပေမယ့်၊ပုံမှန်ပေးရမယ့်အချိန်အတိုင်း အပြည့် အဝမရကြပါဘူး။ System Breakdown(ဓာတ်အားစနစ်ချို့ယွင်း)တာ၊ဝန်အားလျှော့တာ၊သစ်ပင်ခုတ်တာစတဲ့အကြောင်း ပြ ချက်တွေနဲ့  မီးပျက်တဲ့အတွက် အချို့မြို့နယ်တွေမှာ တစ်နေကုန်မှ ၃နာရီသာ လျှပ်စစ်မီးရတဲ့ နေ့ တွေလည်း ကြုံနေရတာပါ။

သူတို့ရပ်ကွက်က ပုံမှန်ထက် လျှပ်စစ်မီး ပိုပျက်တဲ့အခါ ချက်ရေးပြုတ်ရေးကနေ ကျန်းမာရေးအထိ ဒုက္ခ ရောက်ပါ တယ် ကုန်စျေးနှုန်း ကြီးမြင့်လို့ အစစအရာရာချွေတာနေရချိန် မီးပျက်တော့ မီးသွေးဖိုး၊ ဂစ်စ်ဖိုး၊ရေဖိုး စတာ တွေအတွက်ပါ အပို ကုန်ရတယ်လို့သူကဆက်ပြောပါတယ်။

ဒါ့အပြင် ရာသီဥတုအပူပါ ထပ်ဆင့်လိုက်တော့  ကလေးတွေ အသက်ကြီးတဲ့ လူကြီးမိဘတွေ အပူရှပ်တာ ၊မျက်စိ နာတာ ၊ပင်ပန်နုံးချိတာ၊ အစားအသောက်ပျက်တာ၊အိပ်ရေးပျက်တာတွေပါ ခံစားရတယ်လို့ဆိုပါတယ်။

“ကြာရင်ကျန်းမားရေးထိလာမှာတောင်စိုးရတယ်၊ အရမ်းပူနေချိန် အဲကွန်းလေးဖွင့်ထားရင် အပူသက်သာသေးတယ်။ အခုကျ မီးက မလာတော့ ပိုပူပိုလှောင်နဲ့”လို့ မဆုကပြောပါတယ်။

ပုံမှန် မနက်၆နာရီလောက် ထပြီး ထမင်းချက် ဟင်းချက် လုပ်ရာကနေ၊ အခုဆို မနက်ပိုင်းအချိန်တွေက မီးမလာ သ လောက် ဆိုတော့ အခြားစရိတ် အပိုမကုန်အောင် မီးလာချိန်တွေမှာ ဝိရိယထားပြီး အိမ်မှုကိစ္စတွေကို စီမံနေရပါတယ်။

ညဘက်ဆိုလည်း မီးပျက်တော့ အိမ်ရှိ လူကုန် ကောင်းကောင်းမအိပ်စက်ရပါဘူး၊တစ်နှစ်နဲ့ ငါးနှစ်အရွယ် ကလေးနှစ်ဦး က လည်း ရာသီဥတုပူ မီးပျက်တော့ မအိပ်နိုင်တဲ့အခါ  လင်မယားနှစ်ယောက် တလှည့်စီယက်ခတ် ပေးကြရတယ်လို့ဆိုပါတယ်

“ညအိပ်ရင်လည်း တလူးလူးတလိမ့်လိမ့်နဲ့ ၊ကလေးတွေက အရေးကြီးတော့ သူတို့နေသာအောင် ယက်ခတ်ပေး နေရ တော့ အိပ်ရေးကမဝဘူး၊မီးလာရင်လည်း အိမ်ရှိလူကုန်က ရေထတင်၊ အိုးခွက်တွေဆေးကြော၊မီးအားတွေသွင်း ထလုပ်ရ သေး တယ်၊ ညဘက်လည်း ကောင်းကောင်းမအိပ်ရနဲ့ ည‌ရောက်မှာတောင်ကြောက်နေတယ်”။လို့ မဆုကဆက်ပြောပါတယ်။

ဒါ့အပြင် မီးခဏခဏပျက်တော့ လျှပ်စစ်ပစ္စည်းတွေလည်း အားအလုံအလောက်မသွင်းနိုင်သလို၊ အားသွင်းအသုံးပြု ရတဲ့ လျှပ်စစ်ပစ္စည်းတွေလည်း  မကြာခဏပျက်လို့ ဝယ်ရတဲ့ ဒုက္ခလည်းမသေးဘူးလို့ဆိုပါတယ်။

“ကလေးတွေက ပူပြီး မအိပ်နိုင်တာများတယ်၊ ညဘက်ဆိုလည်း ပန်ကာပါအားကုန်သွားရင် အခန်းကလှောင်တော့ ပို ဆိုး တယ်၊တညလုံးနီပါးလောက်ပျက်နေတော့တစ်ယောက်ထဲယက်ခတ်နေလို့ မရဘူး၊နှစ်ယောက်လုံးလုပ်ပေးနေရတာ၊ ယက်ခတ်ပေးလိုက် ညောင်းရင်အိပ်ပျော်သွားလိုက်နဲ့ မနက်ဆို ခေါင်းမကြည်မလင်ဖြစ်ကျန်ခဲ့တာ”လို့ မဆုရဲ့ ခင်ပွန်းဖြစ်သူ ကိုမျိုး ကလည်းပြောပါတယ်။

သူကကုမ္ပဏီဝန်ထမ်းဖြစ်လို့ရုံးတက်ရတာကြောင့် နေ့ခင်းနေ့လည်ဘက်တွေ အေးအေးဆေးဆေးနေရပေမယ့် သူ့ဇနီးနဲ့ က လေးတွေမှာ နေ့လည်နေ့ခင်းဆို အိမ်မှာပူပူလောင်လောင်နဲ့ နေရတာကြောင့်ဇနီးဖြစ်သူကို ပင်ပင်ပန်းပန်းလုပ်ရတဲ့အိမ် အ လုပ်တွေကို နားနားနေနေလုပ်ဖို့ ကလေးတွေကို အိမ်ထဲမှာပဲထားဖို့ မှာရတယ်လို့ဆိုပါတယ်။

မီးလာတဲ့အချိန်တွေနဲ့  ရုံးပိတ်ရက်တွေမှာတော့  စျေးဝယ်‌ပေးတာ၊ ရုံးအဝတ်အစားတွေမီးပူတိုက်ပေးတာ၊ ကလေးတွေကို ထိန်းပေးတာမျိုးတွေကို ကူပြီးလုပ်ပေး ဖြစ်တယ်လို့ပြောပါတယ်။

 “မနက်လည်း  ကလေးကျောင်းလည်းမရှိသေးတော့ စောစောထမချက်ခိုင်းတော့ဘူး၊အိမ်မှာရှိတဲ့နေ့တွေဆိုရင် တော့ သူတို့ အပူသက်သာအောင် ရေစိုအဝတ်တွေနဲ့  ပြတင်းပေါက်တွေ နားထားပေးတာမျိုး၊ကလေးတွေကိုရေချိုးပေးတာ၊ ရုံးပိတ်ရက် တွေကလေးတွေ ကစားကွင်းခေါ်ပြီး အပူရှောင်ပေးတာ မျိုးတွေ လုပ်ပေးဖြစ်ပါတယ်”လို့ ကိုမျိုးက ဆိုပါတယ်။  

လျှပ်စစ်မီးပြတ်တောက်တာများပြီးပူပြင်းတာကြောင့်အားသွင်းပန်ကာတွေ၊ Aircoolerအဲကူလာတွေ ရောင်းအား မြင့်တက် ခဲ့ပြီး၊ ပစ္စည်းပြတ်လပ်တဲ့ထိဖြစ်ခဲ့ရတယ်။ ငွေကြေးတက်နိုင်သူတွေမှာတော့ သိန်းဆယ်ဂဏန်းရှိတဲ့အင်ဗာတာ၊ သိန်းရာချီ တဲ့ ဆိုလာတွေတပ်ဆင်တာတွေလည်းများလာတယ်။ အလားတူပဲရန်ကုန်မြို့ကဟိုတယ်တွေမှာလည်း အပူရှောင်တဲ့အနေနဲ့ (Stay cation)  နေထိုင်တာတွေလည်း များလာတယ်လို့ ရန်ကုန်ဒေသခံတွေကပြောပါတယ်။

 “မီးကလာလိုက်၊အခုပျက်လိုက်နဲ့ အခုနောက်ပိုင်းဆို ပျက်တာများလွန်းလို့ဘယ်အချိန်၊လာချိန်လည်းတောင်မမှတ်မိတော့ လောက်အောင်ပဲ။” လို့ သုဝဏ္ဏမြို့နယ်မှာနေထိုင်တဲ့ အသက်၄၀အရွယ် ကလေးနှစ်ဦးဖခင်ဖြစ်တဲ့ ကိုအောင်ကပြောပါတယ်။

တစ်နေ့ကို၁၀နာရီလောက်ပျက်တဲ့လျှပ်စစ်မီးကြောင့် သူတို့မိသားစုမှာအရင်ထက်ငွေကုန်ကြေးပိုများလာပါတယ်။ ထမင်း ဟင်း ချက်ပြုတ်တဲ့အခါ လျှပ်စစ်မီးက အားကိုးလို့မရတော့ဂတ်စ်မီးဖိုဝယ်ရ၊ ဂတ်စ်ဝယ်ရနဲ့ ။ဒါ့အပြင် မီးပျက်တဲ့အပြင်မီး အားမပြည့်တာကြောင့် ရေမော်တာပါပျက်တဲ့အထိ ဖြစ်တဲ့အတွက် လဲလှယ်ရတဲ့စရိတ်တွေကုန်ပြန်တယ်လို့ဆိုပါတယ်။

“ပုံမှန်မီးလေးလာရင် ပန်ကာလေးနဲ့နေလို့ရသေးတယ်။ အခုမီးကပျက်တော့ ပန်ကာလည်းသုံးမရတော့ အပူပေါ် အပူဆင့်ပိုပြီးပူတာပေါ့။ ဒီနှစ်ကရာသီဥတုကလည်းပိုပူလာတယ်။တိုက်ခန်းလည်းဖြစ်၊အပေါ်ဆုံးထပ်ဆိုတော့ပိုဆိုးတာပေါ့၊နေစရာတောင်မရှိဘူး။”လို့ရန်ကုန်မြို့နေ ကိုအောင်ကပြောပါတယ်။

အပူလှိုင်းဖြတ်တာကြောင့် ယခုနှစ်နွေကာလမှာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ ပြင်းထန်တဲ့ အပူချိန် ကြုံတွေ့ရပြီး၊  ချောက်၊ညောင်ဉီး ၊မန္တလေးတို့မှာနှစ်ပေါင်းငါးဆယ်အတွင်းစံချိန်သစ်တင်သည်အထိ ပူပြင်းခဲ့ပါတယ်။

ရာသီဥတုပူပြင်းတာကြောင့် ပြည်သူတွေမှာ အရိပ်ကောင်းတဲ့ရပ်ကွက်ပန်းခြံတွေမှာ အပူရှောင်တာ၊စျေးဝယ်စင်တာတွေမှာ အပူရှောင်တာတွေများပြီး၊ ငွေကြေးတက်နိုင်သူတွေကတော့ ဟိုတယ်တွေမှာ အပူရှောင်နေထိုင်တာတွေလည်း များလာကြ တယ်လို့ဆိုပါတယ်။

နေ့အပူချိန်မြင့်တဲ့အပြင်မီးပျက်တာတွေကြောင့်နှစ်ဆပိုပူသလိုခံစားနေရပြီး၊ ကလေးတွေကအပူဒဏ်ကိုပိုခံကြရပါတယ်။ အပူချိန်စံချိန်သစ်တင်တဲ့ မန္တလေးမှာလည်း အပူရှောင်တဲ့အနေနဲ့ ဟိုတယ်တွေ ၊တည်းခိုခန်းတွေမှာနေကြ လို့ မြို့ က ဟိုတယ်တွေ၊ မိုတယ်တွေတောင်လူပြည့်တဲ့အထိဖြစ်နေတယ်လို့မန္တလေးမြို့မှာနေထိုင်တဲ့အသက်၃၀အရွယ် မိခင်တဦးဖြစ်တဲ့ မပန်း အိကပြောပါတယ်။

 “မီးကပျက်ပြီး ပူအိုက်တော့၊ အိမ်မှာနေလို့မရတော့ မီးစက်ဖွင့်တဲ့ဟိုတယ်တွေတည်ခိုခန်းတွေကအစလူပြည့်တာ၊တခါမှမ ကြုံဖူးပါဘူး” လို့မပန်းအိကပြောပါတယ်။

မီးက အရင်နှစ်တွေထက် ပိုပျက်တော့ အချိန်မှန်ချက်ပြုတ်စားသောက်ဖို့တောင် ခက်ခဲပါတယ်။ သူ့အလုပ်ချိန် မှီအောင် မိခင်ဖြစ်သူကမိုးမလင်းခင်ကတည်းကချက်ပြုတ်လေ့ရှိပေမယ့် ဒီကာလမှာတော့အချိန်မှန်မချက်ပြုတ်နိုင်တဲ့အထိဖြစ်ရတယ်လို့ ဆိုပါတယ်။

“မနက်လေးနာရီ ငါးနာရီလည်းမီးမလာတဲ့ ရက်ကများတော့ အမေ့မှာချက်လို့မပြီးဘူး၊ ရာသီဉတုလည်းပူတော့ မလုပ်နဲ့ နားနားမီးမွှေးပြီးလည်းချက်မနေနဲ့အိမ်မှာမြေးအဘွားနှစ်ယောက်ထဲကျန်တာဝယ်စားဆိုပြီးမှာရတယ်”လို့ပြောပါ တယ် ။

မီးပျက်ချိန်ပန်ကာတွေလည်း အသုံးမပြုနိုင်တဲ့အပြင် ညလေပူပူ၊ သွပ်အရှိန်ပူပူနဲ့ အိပ်စက်ရတော့ ကောင်းကောင်း မအိပ်နိုင်ဘဲ၊ အလုပ်မှာလည်း မလန်းမဆန်းနဲ့ ထိုင်းမှိုင်းနေတာများတယ်လို့သူကဆက်ပြောတယ်။ 

 ဒါ့အပြင် ရာသီဥတုအပူနဲ့ မီးပျက်ဒဏ်ပေါင်းပြီး နှစ်နှစ်ကျော်အရွယ် သားငယ်မှာလည်းပြီးခဲ့တဲ့ နှစ်ပတ်က အပူရှပ် ဖျား နာပြီး အပူချိန်အရမ်းမြင့်တဲ့အထိဖြစ်ခဲ့ရသလိုဆေးခန်းပြ ဆေးတိုက်လည်း အပူချိန်ကတော်တော်နဲ့ မကျတာကြောင့် မိသားစုတွေ  စိတ်ပူခဲ့ရတယ်လို့ဆိုပါတယ်။

 “ခါတိုင်းဆေးတိုက်ပြီးရင် အပူကျတာ၊အခုကမကျတဲ့အပြင်ပူခြစ်နေတော့ လန့်ပြီး ဆရာဝန်ဆီဖုန်းရတယ်။ ဆရာက ရေချိုး ပေးလို့ ရတယ်ဆိုလို့ ရေချိုးပေးပြီးမှပဲ အပူကျတော့တယ်၊ လူလည်းထူပူသွားတာပဲ”လို့ မပန်းအိကပြောပါတယ်။

မန္တလေးမြို့မြို့မှာ အပူချိန်မြင့်ပြီး လူကြီးတွေအပူရှပ်တာ၊သွေးတိုးတာတွေကြောင့် သေဆုံးတယ်ဆိုတဲ့ သတင်းတွေ လည်း ကြား နေရတော့ မိခင်ဖြစ်သူနဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးအတွက်လည်း စိတ်ပူပန်ရတယ်လို့ဆိုပါတယ်။

အပူချိန်စံချိန်သစ်တင်မြင့်တက်ခဲ့တာကြောင့် နာတာရှည်ရောဂါသည်တွေ သက်ကြီးရွယ်အိုတွေနဲ့ အိမ်ခြေယာမဲ့တွေ အများ အပြားသေဆုံးခဲ့ကြပြီး၊ လူမှုကူညီရေးအသင်းတွေမှာ  အကူအညီပေးရတာ မအားလပ်တဲ့ အထိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကတော့ မီးမကြာခဏပျက်ရတာက ဓာတ်အားလိုင်းတွေကို ဖောက်ခွဲဖျက်စီး တာတွေကြောင့် ဓာတ်အားပို့လွှတ်နိုင်မှုမရှိတဲ့အတွက် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်

ဒါ့အပြင် သဘာဝဓာတ်ငွေ့အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ ဓာတ်အားစက်ရုံတွေမှာ သဘာဝဓာတ်‌ငွေ့ ရရှိမှု လျော့နည်းတာ၊ ရေအားလျှပ်စစ်စက်ရုံတွေမှာ မိုးရေသိုလှောင်စုဆောင်းထားတာတွေကို ချိန်ညှိပြီး လျှပ်စစ် ဓာတ် အားထုတ် လွှတ်နေရတာတွေကြောင့် ယခုကာလမှာ တစ်ရက်ပျှမ်းမျှ (၂၈၀၀)မီဂ္ဂါဝပ်သာထုတ်လုပ်နိုင်တဲ့အတွက် လိုအပ်ချက် ၅၀ ရာ ခိုင်နှုန်းကိုသာထုတ်လုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။

အသက်ကြီးသူအများစုက အပူရှပ်တဲ့လက္ခဏာတွေနဲ့ သေဆုံးတာတွေကြားရပြီး၊ သွေး တိုးရောဂါဝေဒနာ သူ့မိခင်လည်း ပူတဲ့အချိန် မူးဝေတာ ချွေးထွက်ပြီးမောပန်းတာမျိုးတွေ ခံစားရတယ်လို့ လှိုင် မြို့ နယ်မှာ နေ ထိုင်တဲ့ ကိုထက် ကဆိုပါတယ်။

 မီးက မိုးလင်းမိုးချုပ်အမြဲပျက်နေပြီး မနက်ပိုင်းအချိန်ကတည်းက အပူဒဏ် ခံစားနေရတဲ့အတွက် ပုံမှန်လူတွေတောင် ပူ အိုက်ပြီး ပင်ပန်းလွယ်သလိုခံစားနေရတဲ့အခါ ရောဂါအခံရှိတဲ့ မိခင်လည်း အပူဒဏ်ကို ပိုခံစားရတာလို့ ဆိုပါတယ်။

အဲ့ဒီအတွက် သူတို့မောင်နှမနှစ်ယောက်က အလုပ်မသွားခင် အိမ်မှုကိစ္စတွေ အကုန်လုပ်ဆောင်ပေးသွားပြီး သူမိခင်ကို နားနား နေနေ နေထိုင်ဖို့၊ ရောဂါနဲ့ မတည့်တဲ့ အစားအသောက်တွေမစားဖို့၊ သတိထားပြီး စီမံရတယ်လို့ပြောပါတယ်။

“ ‌မနက်နေကျချိန်ကတည်းက ပူတော့ အမေ့မှာ နည်းနည်းလေးလှုပ်ရှားတာနဲ့ ချွေးထွက်ပြီး မောနေတာ  အိမ်အလုပ်လည်း သိပ်မလုပ်နိုင်ဘူး၊ချက်စရာရှိတာ အမက တခါတည်းချက်ပေး၊ကိုယ်က ဝယ်စရာရှိတာဝယ်ပေးခဲ့၊ နေ့ခင်း မီးပျက်ရင် ပန်ကာ တွေ အဲကူလာတွေဖွင့်လို့ရအောင် အဆင်သင့်လုပ်ပေးထားခဲ့ရတယ်” လို့ကိုထက်ကပြောပါတယ်။

အခြားမြို့နယ်အချို့က လျှပ်စစ်မီး လာချိန်၊ပျက်ချိန်ပုံမှန်ရှိပေမယ့် သူတို့ရပ်ကွက်ကတော့ လာချိန်လည်း ပုံမှန် မရတာ များ ပါတယ်၊ မီးမကြာခဏပျက်တော့ အသားငါးတွေကိုတောင် အရင်လို ငါးရက် တစ်ပတ်စာဝယ်ထားပြီး ရေခဲသေတ္တာ ထဲသိမ်းထားလို့ မရတဲ့အထိ ဖြစ်နေတယ် တာမွေမြို့နယ်မှာနေထိုင်တဲ့ မသက်နှင်းက‌လည်း ပြောပါတယ်။

“ဒီသုံးနှစ်အတွင်းမှာမီးပျက်တာက တော်တော်ဆိုးလာတာ၊ မီးပျက်ရင်ရေပါပြတ်တဲ့ဒုက္ခကလည်း မသေးဘူး၊ လူတွေကိုဘာမှ မစဉ်းစားနိုင်အောင် တမင်လုပ်နေသလားတောင် ထင်ရတယ်”လို့ ပြောပါ တယ်။

မီးလာတဲ့အချိန်လေး စာဖတ်၊တီဗီကြည့်နဲ့  အေးအေးသာသာနေချင်ပေမယ့်  ဒီအချိန်ပိုင်းလေးမှာ အိမ်အလုပ်တွေ စုပြုံ လုပ် ရတော့ ရာသီဉတုပူပူနဲ့ ပိုပင်ပန်းရတယ်လို့ပြောပါတယ်။

“Menstruation ကာလ(အမျိုးသမီးဓမ္မတာ)ချိန်ကြုံရင် ပိုဆိုးတယ်၊ နဂိုကမှ စိတ်ရှုတ်ထွေးရတဲ့အချိန် ရာသီဥတုကပါ ပူပြီး နေတော့ ဘယ်လိုမှ အဆင်မပြေဘူး၊ စိတ်ရှုပ်ရတာ” လို့ မသက်နှင်းကဆက်ပြောပါတယ်။

မီးပျက်လို့ အိမ်အလုပ်တွေ ထိခိုက်တာအပြင် ရေမလာ၊လာတဲ့ရေကလည်း အနည်တွေပါပြီးမသန့်တော့ ရေသန့် ဝယ်သုံး ရ တာ၊ ရေစည်လှည်းနဲ့ဝယ်သုံးရတာ၊ လူမှုရေးနဲ့ ပရဟိတအဖွဲ့တွေဆီက ရေအကူအညီတောင်း ရတာတွေ ပြန်လုပ်နေရတာ ပါ။

“အခုဆိုငယ်ငယ်တုန်းကလို ရေစည်လှည်းတွေပြန်တွန်းနေကြရတယ်ရပ်ကွက်လေးတွေမှာ၊ ရန်ကုန်လိုနေရာမျိုးက မီးမလာ ရေပြတ်နဲ့ဆို တော်တော် ဒုက္ခရောက်တာ၊ ဒီကြားထဲ ရာသီဥတုကပါအရမ်းပူတော့သေရောပဲ၊”လို့ သူကဆိုပါတယ်။    

ယခုနှစ်နွေရာသီက ရာသီဥတုအလွန်ပူပြင်းတဲ့အပြင် မီးကပါပိုပျက်တော့ အပူဒဏ်ပြသနာက သိသိသာသာ ခံစားနေရပါတယ်။ အထူးသဖြင့် ကလေးနဲ့ အသက်ကြီးသူတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေ ပိုခံစားနေရပြီး နောက်ဆက်တွဲ ကျန်းမာ ရေးပြသနာတွေလည်း အဖြစ်များတယ်လို့ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောပါတယ်။

 “ကလေးတွေဖျားတာတွေ အရမ်းများတယ်၊ကိုယ်အပူချိန်က၁၀၁၊၁၀၂ထိအဖျားတွေတက်ပြီး ကိုယ်အပူချိန်က သိသိသာသာ ကျမသွားတာတွေ၊နောက်ဝမ်းပျက်တာတွေဖြစ်တယ်။ ဆီးချို သွေးတိုးဝေဒနာသည်တွေ Heat exhaustion တွေရနေကြ တယ်” လို့ပြောပါတယ်။

ရာသီဥတုပူပြင်းတဲ့အတွက် ဖြစ်နိုင်ရင် နေခင်းဘက်တွေ အပြင်မထွက်ဘဲ အရိပ်ရတဲ့နေရာမှာနေထိုင်တာ၊ သက်တောင့် သက်သာဖြစ်တဲ့အဝတ်အစားတွေ ဝတ်ဆင်တာ၊ ရေများများသောက်တာ၊အရည်ရွှမ်းတဲ့အသီးအနှံတွေကိုစားပေးတာ၊ မကြာ ခဏ လက်ဆေးတာ၊ ဖျားနာလို့ အပူကြီးရင် ရေချိုးပေးတာ၊မသက်သာရင်နီးစပ်ရာဆေးခန်း အမြန်ဆုံးသွားတာတွေ ပြုလုပ် သင့်တယ်လို့ သူကအကြံပေးထားပါတယ်။

နွေကာလဆို မီးပျက်လေ့ရှိပေမယ့် လူထုအစိုးရလက်ထပ်တုန်းက လျှပ်စစ်မီး မှန်မှန်ရခဲ့တာကိုပဲ မဆုကအမှတ်ရနေပါတယ်။

အခုတော့ အာဏာသိမ်းပြီးကတည်းက နွေရောမိုးပါပျက်တဲ့မီးကြောင့် မီးတောင်မှန်အောင်မပေးနိုင်ဘဲ အတင်း အုပ်ချုပ်ချင်တဲ့စစ်ကောင်စီကိုပဲဆဲဆိုမိနေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ကတော့ ညနေတစ်ပိုင်း မိုးလေးရွာသွန်းခဲ့တာကြောင့် ခဏ တာ အေးသွားပေမယ့်မေလထဲတော့အပူရှိန်ရှိဦးမှာပဲလို့ဆိုပါတယ်။

“မိုးရာသီရောက်ရင်တော့ မိုးရွာတာကြောင့် အပူဒဏ်က ကင်းလွတ်နိုင်ပေမယ့် မီးကတော့ အရင် လို ပုံမှန်လာဖို့ သေချာ မှာ မဟုတ်ဘူး။မိုးတွင်းရောက်ဖို့ပဲ ဆုတောင်းတော့တယ်။မိုးရွာမှပဲ အပူလျော့မှာ၊ မီးကတော့ ဒီအစိုးရ ရှိနေသရွေ့ ကတော့ ပုံ မှန်ရ ဖို့ မရှိတော့ဘူး”လို့ မဆုကပြောပါတယ်။

Author:

Related Articles