Home ဆောင်းပါး နွေဦးရဲ့ အဖူးအငုံလေးတွေ အချိန်မနှောင်းခင်မှာကာကွယ်ပေးဖို့လိုနေပြီ

နွေဦးရဲ့ အဖူးအငုံလေးတွေ အချိန်မနှောင်းခင်မှာကာကွယ်ပေးဖို့လိုနေပြီ

မြတ်စုမွန်။ ။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က အကြမ်းဖက်သတ်ဖြတ်လို့ အသက်ဆုံးရှုံးနေရတဲ့ ကလေးငယ်စာရင်း ဟာ ရပ်တန့်မသွားဘဲ တနေ့ထက်တနေ့ တိုးလာနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း HI Burma က မှတ်တမ်းပြုစုထားတဲ့စာရင်းအရ မြန်မာနိုင်ငံမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်တွင်းကြီး၊ မုံရွာ၊ ပုသိမ်၊ ကလေး၊ မြင်းခြံ၊ သပိတ်ကျင်း၊ ဝမ်းတွင်း၊ ဘုတ်ပြင်း၊ ရွှေဘို၊ မိတ္ထီလာ၊ မိုးကုတ်၊ ထားဝယ်၊ မော်လမြိုင်၊ ကော့သောင်းစတဲ့ မြို့ကြီး၊ မြို့နယ်အသီးသီးမှာ ကလေးပေါင်းများစွာ အကြမ်းဖက်သတ်ဖြတ်ခံ ခဲ့ကြရပါတယ်။

Save the Children Myanmar က လက်နက်ကိုင်စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဆန္ဒပြမှုတွေကို ဖြေရှင်းတဲ့အခါ ကလေးတွေရဲ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ အကြမ်းဖက်မှုတွေကို မပြုလုပ်ဖို့၊ သေစေနိုင်လောက်တဲ့လက်နက်တွေ ကို အသုံးမပြုဖို့ ကြေညာချက်တွေ ထုတ်ခဲ့ပေမယ့် ကလေးတွေသေဆုံးမှုစာရင်းတွေဟာ ဆက်လက်မြင့်တက်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု စတင်ခဲ့တဲ့အချိန်ကစပြီး နှစ်လတာကာလအတွင်းမှာ စစ်တပ်ရဲ့လက်နက်ကိုင်အင်အားစုတွေကြောင့် အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးစုစုပေါင်း ၄၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ Save the Children Myanmar က ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေငြာလိုက်တယ်။

ပြီးခဲ့တဲ့ ၁၂ ရက်တာ ကာလအတွင်း(မတ်လ တတိယပတ်နဲ့နောက်ဆုံးပတ်) စစ်တပ်ရဲ့ လက်နက်ကိုင်အင်အားစုတွေ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကလေးငယ်သေဆုံးမှုဟာ နှစ်ဆမြင့်တက်ခဲ့တယ်လို့လည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။ အသက်ဆုံးရှုံးရသူတွေထဲမှာ ၁၆ နှစ်အောက်ကလေးငယ်ပေါင်း ၁၅ ဦးရှိခဲ့ပြီး၊ အသက် ၁၁နှစ်အရွယ် တစ်ဦးနဲ့ ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးစီလည်း ပါဝင်တယ်လို့ ဆိုထားပါတယ်။

ကလေးမြို့နယ်၊ နတ်ချောင်းရွာနဲ့ချောင်းခွရွာကြားက ရထားလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက်ပစ် ခတ်ခဲ့တဲ့အတွက် အိမ်ထဲက ပြေးထွက်လာတဲ့ ၁၃ နှစ်အရွယ် မောင်ညီနိုင်ဖြိုးဟာ ဝမ်းဗိုက်ကိုကျည်ထိမှန်ပြီး သေဆုံးခဲ့ တယ်။ သူဟာ Save the Children Myanmar ကလေးသေဆုံးမှုစာရင်းကို ထုတ်ပြန်ပြီးနောက်နေ့မှာပဲ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ကအသက် ၁၁ နှစ်အရွယ် မအေးမြတ်သူဆိုရင် မတ် ၂၇ က သူ့အိမ်ရှေ့မှာ ဆော့ကစားနေတုန်း အာဏာ သိမ်းစစ်တပ်က လူနေရပ်ကွက်တွေထဲကို အကြမ်းဖက် ဝင်ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းနောက်စေ့ ကျည်ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရတာပါ။

အဲဒီကလေးသေဆုံးသွားတော့ သူ့အလောင်းပေါ်မှာ သူဆွဲခဲ့တဲ့ ကာတွန်းရုပ်ကလေးရယ်၊ ပုံဆွဲစာအုပ်လေးတွေရယ်၊ ရောင်စုံခဲတံလေးတွေရယ်၊ ကော်ရုပ်မလေးရယ် အစီအရီတင်ထားတာကိုကြည့်ပြီး လူတွေရဲ့နှလုံးသားမှာ မချိတင်ကဲ ဖြစ်ခဲ့ ကြရတယ်။

မအေးမြတ်သူလိုပဲ လူနေရပ်ကွက်တွေထဲကို အကြမ်းဖက်ဝင်ရောက်ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ နောက်တယောက်ကတော့ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မီးရထားဝန်ထမ်းအိမ်ယာထဲက မောင်စိုင်းဝေယံပါ။ အသက် ၁၃ နှစ်အရွယ် မောင်စိုင်းဝေယံဟာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတို့ရဲ့လက်ချက်ကြောင့် ဦးခေါင်းကျည်ထိမှန်ခဲ့ရတဲ့အခါ မိဘတွေက ကလေး အလောင်းကို လုယူဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ယူနီဖောင်းဝတ်တွေက သေနတ်နဲ့ချိန်ထားပြီး အလောင်းကိုကားပေါ် တင်သွားတယ်လို့ မျက်မြင်တွေ့သူနဲ့ ကာယကံရှင်မိဘကိုလိုက်လံကူညီပေးနေသူတွေက လူမှုကွန်ရက်မှာ ရေးတင်ခဲ့ကြပါ တယ်။

“ ဆန္ဒပြတဲ့လူတွေရှိလို့ ဝင်ပစ်တာမဟုတ်ဘဲ အတားအဆီးတွေချထားရမလားဆိုပြီး ဝင်ပစ်တာပါတဲ့။ ကလေးက နောက် လမ်းမှာ သွားကစားနေတာ၊ ကလေးကိုတော့ ဘေးနားက ဆိုက်ကားပေါ်မှာတွေ့တဲ့ တာလပတ်အပြာနဲ့ပတ်ပြီး ခေါ်သွားပါ တယ်တဲ့။ မိဘတွေက ခန္ဒာကိုယ်ပြန်ရရင်ကျေနပ်ပါပြီတဲ့၊ ကူညီလို့ရတာရှိရင် ကူညီပေးကြပါဦး”လို့ ရေးသားခဲ့ပါတယ်။ မောင်စိုင်းဝေယံရဲ့မိဘတွေဟာ ရက်အနည်းငယ်ကြာမှ ကလေးငယ်ရဲ့အလောင်းကို စစ်ဆေးရုံကနေ ပြန်လည် ရရှိခဲ့ကြပါ တယ်။

ဒါတွေအပြင် မြန်မာပြည်အောက်ပိုင်းက ထားဝယ်မြို့ရဲ့ လူသူရှင်းတဲ့ လမ်းမတခုမှာ ဆိုင်ကယ်တစီးကို စစ်ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အဖြစ်အပျက်ကို CCTV ကတဆင့် ရုပ်သံဖိုင်တစ်ခုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဆိုင်ကယ်ပေါ်မှာစီးနင်းလာတဲ့ လူသုံးဦးထဲမှာ နှစ်ဦးကထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဆိုင်ကယ်နဲ့အတူ လဲကျကျန်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မောင်ကျော်မင်းလတ်ကိုတော့ လက်နက်ကိုင်စစ်တပ်နဲ့ရဲက ကားပေါ်ကို အတင်းဆွဲခေါ်သွားခဲ့ပါ တယ်။

ဒါကိုမြင်ရသူတိုင်းက အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်စစ်ကောင်စီရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ဒေါသဖြစ်ခဲ့ကြတယ်။ အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာ နားရွက်အောက်ကို ရှပ်ထိခဲ့တာကြောင့် စိုးရိမ်စရာမရှိဘူးလို့ မိသားစုဝင်တဦးက ပြော ကြောင်း သတင်းတွေတက်လာတဲ့အတွက် စိတ်အေးခဲ့ကြရတယ်။

ဒါပေမယ့် နောက်ရက်အနည်းငယ်မှာတော့ ထားဝယ်မြို့၊ အမှတ် ၁၂ တပ်မတော်ဆေးရုံ(ခုတင်၁၀၀)က ဗိုလ်ကြီးအဆင့်ရှိ ဆေးမှူးသန့်စင်ဟိန်းဆိုသူ လက်မှတ်ထိုးထားတဲ့ သေဆုံးခြင်းလက်မှတ်တစောင် ထွက်လာပါတယ်။

ပြည်သူပိုင်လမ်းမပေါ်မှာ ဆိုင်ကယ်စီးသွားရင်း မျက်နှာချင်းဆိုင်စစ်ကားပေါ်ကနေ သေနတ်တွေနဲ့ ပစ်ခံချလိုက်ရတဲ့ မောင် ကျော်မင်းလတ်ရဲ့ သေဆုံးခြင်းလက်မှတ်မှာ “ဆိုင်ကယ်ပေါ်ကပြုတ်ကျ၍ ကနဦး ဦးခေါင်းပြင်းထန်စွာဒါဏ်ရာ ရရှိခြင်း” လို့ ဖော်ပြခံခဲ့ရပါတယ်။

မန္တလေးမြို့က အသက် ၁၆ နှစ်အရွယ် မောင်မျိုးဇော်ထက်ဆိုတဲ့ကလေးဟာလည်း လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ဖို့ ရောက်လာပြီး နောက်နေ့မှာပဲ စစ်ကောင်စီရဲ့ တပ်တွေ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးခဲ့ရပါတယ်။

လူတွေရဲ့စိတ်နှလုံးကို ဆွဲကိုင်လှုပ်ရမ်းစေခဲ့တဲ့ နောက်ဖြစ်ရပ်တခုကတော့ အသက် ၇နှစ်အရွယ် မခင်မျိုးချစ်ဆိုတဲ့ ကလေး ငယ် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ပါ။

မန္တလေးမြို့က အသက် ၇နှစ်အရွယ် မခင်မျိုးချစ်ဟာ သေနတ်ပစ်ခတ်ခံတွေကြားလို့ ကြောက်လန့်ပြီး ဖခင်ဖြစ်သူရဲ့ ရင်ခွင် ထဲတိုးဝင်နေတုန်းမှာ လက်နက်ကိုင်တွေက အိမ်ထဲအထိဝင်လာပြီး မိဘရင်ခွင်ထဲကကလေးကို ပစ်သတ်သွားခဲ့တာပါ။ သူဟာ အကြမ်းဖက်စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရသူတွေထဲမှာ အသက်အငယ်ဆုံး မိန်းကလေးလည်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကြောင့် အသက်သေဆုံးခြင်းမရှိပေမယ့် ခန္ဒာကိုယ်အစိတ်အပိုင်း ဆုံးရှုံးလိုက်ရတဲ့ ကလေးငယ် တစ်ဦးကတော့ ရန်ကုန်မြို့၊ မရမ်းကုန်းရပ်ကွက်က တစ်နှစ်အရွယ်ကလေးငယ်ပါ။ စစ်တပ်နဲ့ရဲတို့ရဲ့ အဆင်ခြင်မဲ့ပစ်ခတ်မှု ကြောင့် ဘယ်ဘက်မျက်လုံး ရာဘာကျည်ထိမှန်ခဲ့ပါတယ်။

မိခင်နို့တောင် မပြတ်သေးတဲ့ တနှစ်သားအရွယ် အဲဒီကလေးငယ်ဟာ မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ပြီး မျက်လုံးနောက်ဘက်က အရိုးလည်းကျိုးသွားခဲ့ပါတယ်။ မျက်လုံးထဲမှာ ရှိနေတဲ့ ရာဘာကျည်ဆံကတော့ ကလေးကြီးလာတဲ့အခါမှ ခွဲထုတ်ရမှာ ဖြစ် တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ရဲ့အပိုဒ် ၁၉ မှာ “ကလေးသူငယ်များအား လုံးတွင် နာကျင်အောင် ပြုလုပ်ခံရခြင်း၊ ဆိုးရွားစွာဆက်ဆံခံရခြင်းတို့မှ အကာအကွယ်ရရှိပိုင်ခွင့်ရှိသည်”လို့ ဖော်ပြထားပါ တယ်။

ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကတည်းကစလို့ ဒီနေ့အချိန်ထိ အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေ၊ ဒဏ်ရာအနာတရဖြစ်ခဲ့ရတဲ့ ကလေးတွေ၊ မိဘတွေဆွေမျိုးတွေ အသက်ဆုံးရှုံးခဲ့ရလို့ စိတ်ဓာတ်ရာထိခိုက်ခဲ့ရတဲ့ ကလေး တွေဟာ ဒုနဲ့ဒေးပါ။

Save the Children Myanmar က မြန်မာနိုင်ငံဟာ ကလေးတွေအတွက် လုံခြုံမှုရှိတဲ့နေရာတခု မဟုတ်တော့တဲ့အတွက် အပြောနဲ့မလုံလောက်ဘဲ လက်တွေ့လုပ်ဆောင်ချက်တွေ လိုအပ်နေပြီ၊ ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူလူထုကို ကာကွယ်ဖို့ ချက်ချင်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်းတွေက ကလေးငယ်တွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာ၊ လူသေစေနိုင်လောက်တဲ့ လက်နက်တွေ သုံးစွဲနေတာကို ရပ်တန့်ဖို့ အကြိမ်ကြိမ်တောင်း ဆိုခဲ့ကြပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်တပ်ဟာ ကလေးသူငယ်အခွင့်အရေးတွေနဲ့ လိုက်နာရမယ့်ကျင့်ဝတ်တွေ၊ ကတိကဝတ်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တယ်ဆိုတဲ့ အထောက်အထားပေါင်းများစွာရှိခဲ့သလို ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ် နှိမ်နင်းမှုတွေကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အတုဖန်တီးထားဖွယ်ရှိတဲ့ ဓာတ်ပုံတစ်ခု လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံထဲမှာ ယောက်ျား လေးယောက်ဟာ သဲအိတ်တွေကာထားတဲ့ အတားအဆီးတွေရဲ့နောက်မှာ ရပ်နေပါတယ်။ ဓာတ်ပုံရိုက်သူကို ကျောပေးထားတဲ့ အဲဒီလူတွေထဲက တစ်ယောက်ဟာ သေနတ်တစ်လက်ကို ကိုင်ထားပြီး၊ သူ့ကျောမှာ လသားအရွယ် ကလေးငယ်တဦးကို ချီပိုးထားပါတယ်။

ဓာတ်ပုံပညာကျွမ်းကျင်သူတွေကတော့ ဒီဓာတ်ပုံဟာ ရည်ရွယ်ချက်ရှိရှိ တမင်ဖန်တီးရိုက်ထားတာဖြစ်တယ်လို့ ဝေဖန် ထောက်ပြခဲ့ကြပါတယ်။ ဘယ်မိဘမဆို အခုလို အခြေအနေတခုမှာ လသားအရွယ်ကလေးကို ခေါ်သွားနိုင်စရာ မရှိဘူးလို့ ထောက်ပြကြပါတယ်။

ဒီဓာတ်ပုံပျံ့နှံ့လာတဲ့သဘောဟာ အာဏာသိမ်းစစ်ကောင်စီက လူထုအပေါ် နိုင်ထက်စီးနင်းပြုခဲ့သမျှ၊ ကလေးတွေအပေါ် ကျူးလွန်သမျှအရာတွေအတွက် သူတို့မှာအပြစ်မရှိကြောင်း ကာကွယ်ဖို့၊ အိမ်ထဲမှာနေတဲ့ ကလေးငယ်တွေကိုပါ ပစ်သတ် ခဲ့တယ်ဆိုတာ မဟုတ်ကြောင်း လိမ်ညာဖို့ ကြိုးစားချင်တဲ့သဘောပါ။

ဒီလိုကျူးလွန်မှုတွေအပေါ် ဝန်မခံတဲ့အပြင် လိမ်ညာဝါဒဖြန့်ဖို့ ကြိုးစားနေတာတွေကို ကြည့်ခြင်းအားဖြင့် ရှေ့ကပြုဖူးတဲ့ ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတိုင်း ဆက်လက်ကျူးလွန်နိုင်တယ်ဆိုတာ ငြင်းမရတဲ့အချက်ပဲဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာစစ်ဘေးကြောင့်၊ အရေးအခင်းနဲ့ အကြမ်းဖက်မှုတွေကြောင့် ကလေးတွေရဲ့ ဆုံးရှုံးနေတဲ့အခွင့် အရေးတွေကို အချိန်မီတားဆီးကာကွယ်ပေးဖို့ လိုအပ်နေပြီဆိုတဲ့ သံချောင်းခေါက်သံဟာ ကျယ်လောင်နေပြီ ဖြစ်ပါတယ်။

ကလေးတွေရဲ့ အခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ပိုင်ခွင့်ကို ဒီထက်အချိန်မနှောင်းခင်မှာပဲ ဆောလျှင်စွာ ထိထိရောက် ရောက်ကာကွယ်ပေးနိုင်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။

Related Articles