ဒေဝီ
“ငါ့သားကို စစ်တပ်ထဲခေါ်သွားတဲ့နေကစလို့ ညဘက်လည်းအိပ်မပျော်ပါဘူး၊ ကောင်လေးတစ်ယောက် သင်တန်း မှာ ရိုက်ခံ ရလို့ သေသွားတယ်ဆိုတုန်းကလည်း သူများလာပြလို့ ဖတ်နေရင်း ငါ့သားလေးလည်း ဘယ် လို ဖြစ် နေ လဲရိုက်ခံနေရလားဆိုတာတွေးပြီးငါ့မှာငိုမိတယ်”လို့အသက်၅၉နှစ်အရွယ်ဒေါ်စန်းဌေး(အမည်လွှဲ)ကဆိုပါတယ်။
သူ့ရဲ့အသက် ၂၇နှစ်အရွယ် သားဖြစ်သူက ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ စစ်မှုထမ်းဖို့မဲပေါက်ရာ ဆေးစစ်မယ်ဆိုကာ သင်တန်းကျောင်းကို တခါတည်းခေါ်သွားခံရပြီးတဲ့နောက်လူချင်းလည်း မတွေ့ရသလို၊ ဖုန်းနဲ့တောင် ဆက် သွယ်ဖို့ မလွယ်ကူတဲ့ အခြေအနေဖြစ်နေတော့ သူ့အတွက် နေ့ရက်တိုင်းက ပူပန်သောက ရောက်ရတဲ့နေ့တွေလို့ပြော ပါတယ်။
“ဆေးစစ်ဖို့ခနသွားရမယ်ဆိုပြီးသွားကတည်းကတခါတည်းခေါ်သွားတာခုထိပဲ၊သူစားဖို့မုန့်လေး၊ဟင်းလေးပေးချင်တာတောင်မရဘူး၊ ဖုန်းတောင် ခိုးဆက်လာချိန်လေး ပြောရတာ”လို့ ဒေါ်စန်းဌေးကပြောပါတယ်။
အရပ်သားပြည်သူတွေကိုစစ်တပ်ထဲမဝင်မနေရသတ်မှတ်တဲ့စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေရဲ့ပထမဆုံးသင်တန်းကိုဧပြီ ပထမပတ်ကစလို့ ပြည်နယ်နဲ့တိုင်းအသီးသီးက တိုင်းစစ်ဌာနချုပ် တွေမှာဖွင့်လှစ်ခဲ့ပေမယ့် တပ်သားစု ဆောင်း မှုကို မတ်လတတိ ယပတ်ကတည်းစုဆောင်းခေါ်ဆောင်နေတာပါ။
စစ်မှုထမ်းဖို့ တပ်သားသစ်တွေစုဆောင်းသွားပြီးတဲ့နောက်မှာပဲ တိုက်ကြီးမြို့နယ်က ဘာသာခြား လူငယ် တစ်ဦး ကို သင်တန်းမှာဝက်သားမစားလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သားတွေက ဝိုင်းဝန်းရိုက်နှက် ခဲ့တဲ့ အတွက် မင်္ဂလာဒုံစစ်ဆေရုံမှာဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် စစ်မှုထမ်း ခေါ်သွားခံရတဲ့သူတွေရဲ့ မိသားစုတွေမှာ စိုးရိမ်ရေချိန်မြင့်တက်နေကြတာပါ။
ဒေသအသီးသီးက လူငယ်တွေကို စစ်မှုထမ်းဖို့ခေါ်ဆောင်ပြီးတဲ့နောက်ယင်းလူငယ်တွေမှာ ဘယ်လို အခြေအနေ တွေကြုံတွေ့နေလဲ၊ စစ်တပ်ထဲ အနိုင်ကျင့်ရိုက်နှက်ခံရမလား၊ တိုက်ပွဲဖြစ်တဲ့နေရာတွေ ဆီစေလွှတ်ခံရမလား ဆိုပြီး ကျန်ရစ်ခဲ့တဲ့ မိသားစုတွေမှာ နေ့စဉ်နဲ့အမျှ သောကဝေနေကြရပါတယ်။
ဒီလိုမိသားစုတွေထဲ ဒေါ်စန်းဌေး တို့မိသားစုလည်းအပါအဝင်ပါ။သူ့သားဖြစ်သူ စစ်မှုထမ်းဖို့ မဲပေါက်ပြီး သိပ် မ ကြာခင်မှာပဲ လေ့ကျင့်ရေး ကျောင်းဆီခေါ်ဆောင်သွားခံရပြီးတဲ့နောက် မိသားစုတွေမှာဆောက်တည်ရာမရ ဖြစ်ခဲ့ ရပါတယ်။
လေ့ကျင့်ရေးသင်တန်းကျောင်းခေါ်သွားပြီးကတည်း ဖုန်းတွေ သိမ်းထားသလို မိသားစုတွေနဲ့ ဆက်သွယ်ခွင့် ပိတ်ပင် ထားတဲ့အတွက် သင်တန်းကျောင်းဝန်းထဲက စျေးဆိုင်လေးကနေ ရံဖန်ရံခါ ဖုန်းခိုးဆက်ရလေ့ရှိပါတယ်။
သားဖြစ်သူနဲ့ ဖုန်းပြောရတဲ့အခါ သင်တန်းက ဗိုလ်ကြီးတွေကသင်တန်းသားတွေကိုထွက်မပြေးဖို့ အမြဲပြော သလို၊ စည်းကမ်း မလိုက်နာတဲ့ သင်တန်းသားတချို့ကို ရိုက်နှိက်တာ ၊ထိုးကြိတ်တာတွေရှိတယ်လို့ ပြောတိုင်း စိတ် မကောင်း ဖြစ်ရပြီး ကိုယ့်သားဖြစ်သူအတွက်လည်း ပူပင်ရတယ်လို့ဆိုပါတယ်။
“လူငယ်ဆိုတော့ ဂျစ်ကန်ကန်နဲ့ တခုခုဆို ပြန်ပြောလိုက်လို့ ရိုက်လိုက်တာ၊ထိုးလိုက်တာတွေ ဖြစ်မှာဆိုးလို့ စိတ် ပူရတာ၊ သူကတော့ အရိုက်မခံရဘူး၊အဆင်ပြေတယ်လို့တော့ပြောတာပဲ၊ ကိုယ်မှ မမြင်ရတာ”လို့ ဒေါ်စန်းဌေး က ပြောပါတယ်။
စစ်မှုထမ်းဖို့ခေါ်ဆောင်ခံရသူတစ်ဦး သင်တန်းမှာ ရိုက်နှက်ခံရလို့သေဆုံးတယ်ဆိုတာကြားရတုန်းကလည်း သား ဖြစ်သူနဲ့ အဆက်အသွယ်မရတဲ့ အချိန်ဆိုတော့ သူတို့လင်မယားနှစ်ဦး တငိုငို ဖြစ်ရတဲ့ နေ့တွေလို့ဆိုပါတယ်။
“အဲ့ဒီရက်တွေတုန်းကဆိုစျေးရောင်းတောင်မထွက်နိုင်ဘူး၊ငါ့သားလေးဆိုဒုက္ခဆိုပြီးပူရတာ”လို့သူကဆက်ပြော ပါတယ်။
သားဖြစ်သူက နေ့ဘက်ဆို ကုမ္ပဏီဖယ်ရီမောင်းသလို ညဘက်မှာလည်း ညစောင့်အဖြစ် လုပ်ကိုင်ပြီး မိသားစုကို ဦးဆောင်ကျွေးမွေးနေသူတစ်ဦးပါ၊စစ်မှုထမ်းပါသွားပြီးတဲ့နောက် သူတို့မိသားစုမှာ ခွန်အားတရပ် လျော့ခဲ့တယ် လို့ ဆိုပါတယ် ။
ရပ်ကွက်အုပ်ချုပ်ရေးမှုးကတော့ လစာနဲ့ ရိက္ခာပုံမှန်ရနေမှာလို့ပြောသလို၊ သင်တန်းကျောင်းပါသွားပြီး တပတ် အကြာမှာ ငွေသုံးသိန်းခွဲ လာပေးပေမယ့် မယူလိုက်ဘူးလို့ ဒေါ်စန်းဌေးကပြောပါတယ်။
“သူကတော့ ရပ်ကွက်ကပေးတာပါတဲ့၊ ငါကတော့ မယူဘူးလို့ပဲပြောလိုက်တယ်၊ စစ်မှုထမ်းစရိတ်လည်း လစဉ် ရမယ်လို့ ပြောပေမယ့် မလိုချင်ဘူး၊ကိုယ့်သား ဒုက္ခရောက်ပြီး ရလာတာတွေကို” လို့ဆက်ပြောပါတယ်။
လက်ရှိမှာတော့ သူ့သားဖြစ်သူက သင်တန်းကျောင်းမှာ တပ်စိတ်မှုးအဖြစ်တာဝန်ပေးထားခံရသလို စစ်မှုထမ်း ပထမအသုတ်ပါတဲ့ သူတွေကို တိုက်ပွဲတွေရှိရာနေရကို မစေလွှတ်ဘဲ၊ ကိုယ့်မြို့နယ် ဒါမှမဟုတ် မြို့နယ်နဲ့ အနီးဆုံးနေရာ တွေမှာပဲ တာဝန်ချထားမယ်လို့ သင်တန်းကျောင်းက ဗိုလ်ကြီးတွေက ဆိုတဲ့အတွက် မယုံ ကြည် ပေမယ့်လည်း မျှော်လင့်မိတယ် လို့ဆိုတယ်။
“မင်းတို့ထွက်မပြေးနဲ့ အပြင်ကပြောတာတွေလည်းနားမယောင်နဲ့ ၊စစ်မတိုက်ရဘူး၊မင်းတို့နေတဲ့ မြို့နယ်မှာပဲ မင်း တို့ကို ထားမှာ ဆိုပြီးတော့ သူတို့ဗိုလ်ကြီးကပြောတယ်တဲ့၊ အဲ့ဒီလိုဆိုစိတ်သိပ်မပူရပေမယ့် ဟုတ်မဟုတ် စောင့် ကြည့်ရမှာပေါ့လို့” ဒေါ်စန်းဌေးက ဆိုပါတယ်။
စစ်မှုထမ်းဖို့ ခေါ်ဆောင်ရာမှာ အများစုကလူငယ်တွေ၊ငွေကြေးချို့တဲ့သူတွေများပါတယ်၊ ဒီလူငယ်တွေက မိ သားစုရဲ့ ရင်နှစ်သည်းချာတွေ၊ မိသားစုကို ဦးဆောင်နေတဲ့ သူတွေဖြစ်တဲ့အတွက် အတင်းအကြပ် စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတဲ့အခါ ကျန်ရစ်တဲ့ မိသားစုတွေမှာ ငွေကြေး လိုအပ်ချက်ရော၊ စိတ်လုံခြုံမှုပါလျော့ပါးလာခဲ့ ရတယ်လို့ အသက် ၂၄နှစ်အရွယ် မဂျူဂျူး ကပြောပါ တယ်။
မဂျူဂျူးရဲ့ အမျိုးသားကို စစ်မှုထမ်းဖို့ပါတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးက လာပြောပြတဲ့အချိန် မိသားစု တွေမှာ ဝမ်းနည်းပက်လက်နဲ့ ထမင်းတောင်မစားနိုင်ကြတာမျိုးဖြစ်ခဲ့ပါတယ်။ရပ်ကွက်ထဲက ငွေကြေးတက်နိုင်သူ တစ်ချို့က စစ်မှုထမ်းမဲ့စာရင်းထဲ လွတ်ကင်းအောင် အုပ်ချုပ်ရေးမှုးကို ငွေပေးပြီးမပါအောင် လုပ်ကြတာတွေရှိ ပေမယ့် သူတို့က ငွေကြေး အလုံအလောက်မရှိတဲ့ အတွက် ဘာမှ မတက်နိုင်ဘဲ စာရင်းထဲပါသွားတာလို့ ဆိုပါ တယ်။
ပါသွားတဲ့ ခင်ပွန်းဖြစ်သူအတွက် သူရော၊ ယောက္ခမတွေရောက အမျိုးမျိုးပူပန်နေရ သလို အထူးသဖြင့် ရှေ့တန်းလွှတ်ခံရမှာကို စိုးရိမ် နေရတယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်တဲ့ဒေသတွေရောက်ရင် အသက်ရှင်ဖို့ အခွင့် အလမ်း နည်းတဲ့ အပြင် ထွက်ပြေးရင် လည်း မိသားစုကိုပါ ထိခိုက်လာမလားဆိုတာလည်း စိတ်ပူရတယ်လို့ပြောပါတယ်။
စစ်မှုထမ်းခေါ်ဆောင်ခံရသူအများစု ကမတက်သာတဲ့အခြေအနေနဲ့ ပါသွားသူတွေဖြစ်တော့ တပ်စည်းမျဉ်းစည်း ကမ်းတွေကို စိတ်မဝင်စား၊နားမလည်ကြတဲ့အတွက် စည်းကမ်းမလိုက်နာလို့ ရိုက်ခံရ ထိုးကြိတ်ခံရတာတွေ လည်းကြုံရပြီး သူ့ခင်ပွန်း လည်း အဆူအဆဲခံရတာ၊ထိုးကြိတ်ခံရတာတွေ ကြုံရတယ်ဆိုတာ ပြန်ကြားရတယ်လို့ သူကဆက်ပြောပါတယ်။
“သူက အဲ့ဒီလိုပြောတော့ ကြားရတဲ့ကိုယ်က စိတ်မကောင်းဘူးပေါ့၊သူတို့စည်းကမ်းအတိုင်း လိုက်လုပ်လိုက်ပါ ယောကျာ်း ရယ်ပဲ ပြောရတယ်၊ သူကတော့ စိတ်ဓာတ်ကျနေပုံပဲ”လို့ မဂျူဂျူးဆိုပါတယ်။
ခင်ပွန်းဖြစ်သူကို စိတ်ပူရသလို တစ်ယောက်တည်းကျန်ခဲ့တဲ့ သူ့အနေနဲ့လည်း ရပ်တည်ရတာ မလွယ် ကူဘူး လို့ဆိုပါတယ်။ ခင်ပွန်းဖြစ်သူ စစ်မှုထမ်းထဲပါ သွားပြီးတဲ့နောက် သူလည်း တစ်ဦးတည်းဆိုတော့ စျေးရောင်းတာ ရပ်ထားရသလို၊ ယောက္ခမ တွေနဲ့လည်း အဆင်မပြေတဲ့ အတွက် အပြင်မှာအဆောင်ငှားနေပြီး အလုပ်ရှာဖို့ လုပ် နေရတယ်လို့ ဆိုပါတယ်။
“ကိုယ့်ကိုယ်လည်းစိတ်ညစ်ရ သူ့အတွက်လည်း ပူရနဲ့၊သင်တန်းတက်ပြီးရင်လည်းဘာဆက်ဖြစ်လာဦးမလဲ မသိ ဘူး၊ စိတ်ညစ်ရတယ်၊ရှေ့တန်းထဲမပါဖို့ပဲ မျှော်လင့်ရတာပဲ”လို့ သူကဆိုပါတယ်။
စစ်မှုထမ်းဉပဒေကို သင်္ကြန်ပြီးမှ အကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီကဆိုပေမယ့် မတ်လကတည်းက လုပ်ငန်းစဉ်တွေအကောင်အထည်ဖော်လုပ်ဆောင်သွားခဲ့သလို လက်ရှိမှာလည်း အပတ်စဉ် ၂အတွက် မြို့နယ် အ ချို့ မှာစာရင်း ကြိုကောက်ယူတာ၊ နယ်မြို့အချို့မှာ အတင်းအကြပ် ပေါ်တာဆွဲ ခေါ်ယူတာ တွေပြု လုပ် လျက် ရှိပါတယ်။
ဧပြီလ တတိယပတ်တုန်းကလည်း ရေတာရှည်မြို့နယ်ကအသက်၃၀အရွယ်လူငယ်တစ်ဦးကို စစ်တပ်ကတပ် သားသစ် အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အသက်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးတည်းက မိဘမဲ့ အ ဖြစ်ကျန်ရစ်ခဲ့ပါသေးတယ်။
ရပ်ကွက်က စာရင်းကောက်သွားရင် ပါဖို့ကျိန်းသေသလောက်ဖြစ်တဲ့အတွက် မကောက်ခင်ကတည်းက ရှောင်ရှား တာတွေ လုပ်တာ အကောင်းဆုံးလို့ ပထမအသုတ်စစ်မှုထမ်းမှာ ပါဝင်သွားတဲ့ အသက်၂၅ နှစ်အရွယ် လူငယ် တစ်ဦးရဲ့ အဒေါ်ဖြစ်သူ ဒေါ်ငယ်ကလည်း ပြောပါတယ်။
တူဖြစ်သူမဲပေါက်ပြီးနောက် သူ့သူငယ်ချင်းနဲ့အတူ နယ်စပ်ကို ထွက်ပြေးဖို့လုပ်ဆောင်ခဲ့ပေမယ့် ရပ်ကွက် ဆယ် အိမ်မှုးက ထွက်ပြေးရင် မိသားစုတွေပါ ဖမ်းဆီးစစ်ဆေးခံရမယ်လို့ ဆိုတဲ့အတွက် အမေနဲ့ အဒေါ်ကို ငဲ့ပြီး စစ်မှု ထမ်းတဲ့ ထဲပါသွားတာလို့ဆိုပါတယ်။
“သူက (ဆယ်အိမ်မှုးက) ဖျောင်းဖျသလိုနဲ့ ထွက်မပြေးနဲ့ ဒီအသုတ်က သူတွေက ကံကောင်းတာ၊ တိုက်ပွဲ ဖြစ် တဲ့နေရာတွေ ဘယ်မှ လွှတ်မှာမဟုတ်ဘူး ၊မင်းတို့ပြေးမှ မိသားစုတွေ ဒုက္ခရောက်မှာဘာညာနဲ့ပြောတော့ ကလေး ကလည်း ပါသွားတာ”လို့ဒေါ်ငယ်က ပြောပါတယ်။
သူ့တူဖြစ်သူမှာလည်း ငယ်စဉ်ကတည်းက မိသားစုနဲ့ခွဲပြီး ဝေးဝေးလံလံ မသွားတက်တဲ့သူဖြစ်တဲ့အတွက် စစ်မှု ထမ်းဖို့ ပါတယ်ဆိုတုန်းက ငိုယိုခဲ့သလို မိခင်ဖြစ်သူနဲ့ အဒေါ်ဖြစ်သူပါ စိတ်ထိခိုက်ခဲ့ရပါတယ်။
“သူ့အမေဆို ခုထိငိုတုန်း၊ စိတ်ထိခိုက်လွန်းလို့ လက်တုန်ခြေတုန်နဲ့ သားဆီက ဖုန်းကိုပဲမျှော်နေတာ”လို့ ဆိုပါ တယ်။
တိုက်ကြီးက သင်တန်းကျောင်းကို ပါသွားပြီးတဲ့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှုးကနေတဆင့် ဗိုလ်ကြီး တစ် ဦး ဖုန်းနဲ့စကားပြောဆိုခဲ့ရပြီး ရံဖန်ရံခါမှာသာ ဖုန်းခေါ်လို့ရပါတယ်။ မိသားစုဝင်တွေက သွားတွေ့ချင်ပေမယ့် တွေ့ခွင့်မရသေးဘဲ သင်တန်းတက်ပြီးမှ မိသားစုတွေနဲ့ တွေ့ခွင့်ရမယ်ဆိုတဲ့အတွက် တွေ့ဖို့ရက်ကို မျှော်လင့်နေ ရတယ်လို့ဒေါ်ငယ်ကပြောပါတယ်။
စစ်ကောင်စီက အရပ်သား စစ်မှုထမ်းတွေကို ရှေ့တန်းစေလွှတ်မှာမဟုတ်ဘူးလို့ ပြောဆိုကြပေမယ့် တပ်က အ ထက်အမိန့်တိုင်းကျင့်သုံးတဲ့အတွက် ဘာသဘောတူညီချက်မှ မရှိဘဲ တပ်အမိန့်အတိုင်း သူတို့စေလွှတ်ချင် တဲ့ နေ ရာကို စေလွှတ်မှာဖြစ်တဲ့အတွက် ဒါက မယုံကြည်ရဘူးလို့ CDM စစ်ဆေးဆရာဝန်တစ်ဦးက မှတ်ချက် ပြုပါတယ်။
“မင်းဘူးကလူကို မင်းဘူး အခြေစိုက်တပ်မှာပြန်ချပေးတယ်ဆိုပါစို့ ။ သူ့တပ်က ကရင်ကိုစစ်ထိုး နေရင် သူသည် ကရင်ထိလိုက်ရမှာပါ။ စစ်တပ်သည် Senior ၊ junior စနစ်ကိုအရမ်းအားထားတာဖြစ်တယ်၊ ကျင့်သုံးနေ တာ ဖြစ်တော့ ဘေးဖြစ်မယ့်ကိစ္စ အန္တရာယ်ရှိကိစ္စမှန်သမျှကိုအခုမှဝင်လာမယ့်ရဲဘော်သစ်တွေကိုခိုင်းမှာပါ။ ဥပမာ ပွိုင့်ထွက်တဲ့ကိစ္စ ကင်းထောက် ၊ကင်းစောင့် ၊ရေခပ်တာက အစ လုပ်ရမှာပါ သေဘေးနဲ့အနီးဆုံးပါ။”လို့သူကဆက် ပြောပါတယ်။
ဒါ့အပြင် သင်တန်းကျောင်းတွေမှာ ရိုက်နှက်ခံနေရတဲ့ ကိစ္စရပ်တွေကလည်း ယခင်ကတည်းက စစ်သင်တန်း ကျောင်းတွေမှာ ကြုံတွေ့နေကြ ကိစ္စရပ်ဖြစ်ပြီး လူသေတဲ့အထိဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။
လေ့ကျင့်ရေးပေးတဲ့သင်တန်းဆရာတွေကနှိပ်စက်ထိုးနှက်ရိုက်တာ၊အစုလိုက်အပြုံလိုက်ဝိုင်းထိုးတာတွေကလည်းတရားဝင်လိုဖြစ်လာပြီး၊ယခုလိုပြုမူတာက တပ်အနေနဲ့ အရပ်သားပုံပေါက်နေသူတွေကို တပ်စိတ် ပေါက် အောင် သွတ်သွင်းခြင်းလို့လဲ ယုံကြည်ကြတယ်လို့ရှင်းပြပါတယ်။
ဒါ့အပြင် စစ်သင်တန်းကျောင်းတွေက ခေါင်းစဉ်အမျိုးမျိုးအောက်က ပိုက်ဆံကောက်တာ၊ လာဘ်စားတာ၊ ဆရာ တပည့်မွေးတာ၊ နှိပ်စက်ခံရတာတွေကို တိုင်ကြားခံရရင်တောင်မှ အရေးယူမခံရပဲ တိုင်သူတွေကို ဖိနှိပ်ထပ်တိုးနှိပ် စက်ခံရတာတွေ အရင်ကတည်းက အများကြီးဖြစ်နေခဲ့ပြီး၊ လက်ရှိအရပ်သားစစ်မှုထမ်းတွေမှာ ဖြစ်နေတာက တပ်ရဲ့ နဂိုမူလအကျင့် လုပ်နေကြ လူမဆန်မှုတွေကိုနဖူးတွေ့ဒူးတွေ့ကြုံရတယ်လို့ ဆိုနိုင်ပါတယ်လို့ယင်းစစ်ဆေး ဆရာဝန်ကပြောပါတယ်။
“အဲ့ထဲမှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ကိုယ်တိုင်ကိုယ်ကျ နှိပ်စက်ခံခဲ့ရသူများဟာ အခြားသူများ အပေါ် မှာလည်း ထိုကဲ့သို့ ထပ်မံနှိပ်စက်တတ်သူများအဖြစ် ကူးပြောင်းသွားကြတာပဲဖြစ်တယ်။တပ်မှာဘယ်ဟာမှ အစိုး မရဘူး ဆိုတာ မှတ်ထားရင်ရပါပြီ”လို့သူကဆိုပါတယ်။
အရပ်သားလူငယ်တွေကတော့ မတက်သာတဲ့အခြေအနေတွေကြောင့် စစ်မှုထမ်းရပေမယ့် သင်တန်းတက် နေစဉ်မှာရော စစ်မှုထမ်းကာလမှာရော အသက်အန္တရာယ်ကင်းကင်းနဲ့ ရှိစေချင်တယ်လို့ မိသားစုဝင်တွေက ကဆို ပါတယ်။
ဒေါ်ငယ်ကလည်း သူ့တူဖြစ်သူကို သင်တန်းပြီးတဲ့အချိန်ကျရင် သူတို့ မြို့နယ်မှာသာ ပြန်တာဝန်ချ စေချင် ပြီး စစ် တပ်ကသတ်မှတ် ထားတဲ့ စစ်မှုထမ်းသက်တမ်း နှစ်နှစ် အမြန်ဆုံး ပြည့်ဖို့သာဆုတောင်းပြီး ၊ဒီကာလ အတွင်း မှာတော့ အန္တရာယ်ကင်းကင်းနဲ့ ရှိနေဖို့ ဆုတောင်းနေတယ်လို့ဆိုပါတယ်။
“အခုကတော့ သင်တန်းပြီးရင် တိုက်ပွဲတွေဆီမသွားရဖို့ပဲ ဘုရားမှာ ဆုတောင်းရ၊ ရွာတော်ရှင်ဆီပွဲပေးရနဲ့ ကိုယ် တက်နိုင် တာလေးလုပ်ရတယ် ၊ကိုယ့်ကလေးက ဒီကာလအတွင်းကို အန္တရာယ်ကင်းကင်း နဲ့ရှိဖို့ပဲဆုတောင်းပါ တယ်လို့ ဆိုပါတယ်။