သန့်ရှင်းထွန်း
ခင်ပွန်းသည်ကို မြုပ်နှံထားတဲ့ မြေကြီးတောင် မခြောက်သေးတဲ့အချိန်တိုအတွင်းမှာ သေဆုံးရတဲ့ဖြစ်ရပ်ဆိုးကို ပြန်ပြောင်း ပြောပြဖို့ ဒေါ်ဟာဆီနာ(အမည်လွှဲ)အတွက် မလွယ်ကူသေးပါဘူး။
နေအိမ်မှာ နာရေးသတင်း လာမေးကြသူတွေမပြတ်သေးဘဲ ခင်ပွန်းသေဆုံးရတဲ့အကြောင်း မေးမြန်းကြသူတွေကို ပြောပြဖို့ ဒေါ်ဟာဆီနာအတွက် ခွန်အားမရှိသေးသလို ဖြစ်ရပ်မှန်ကိုပြောပြဖို့ထက် သူ့မိသားစုလုံခြုံဖို့နဲ့ အကာအကွယ်ရဖို့က ပိုပြီး အရေးကြီးတယ်လို့ သူကဆိုပါတယ်။
“ကျမယောကျ်ားသေဆုံးရတာထက် ကျမမိသားစုရဲ့လုံခြုံရေးကို ပိုပြီးပူပင်နေရပါတယ်။”လို့ ဒေါ်ဟာဆီနာက တိုးတိုးလေး ပြောပါတယ်။
ဒေါ်ဟာဆီနာရဲ့ခင်ပွန်းဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ မွတ်ဆလင်အမျိုးသားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ ၇ နာရီလောက်က နေအိမ်ရှေ့မှာရပ်နေချိန် ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးခဲ့တာဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ဖို့နှင့် တရားမျှတမှုရှာဖွေဖို့ လမ်းစမရှိဖြစ်နေတယ်လို့ ဆိုပါတယ်။
အသက် ၅၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ဟာဆီနာဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြို့နယ်တစ်ခုထဲက မြို့ပေါ်ရပ်ကွက် တစ်ခုမှာ နေထိုင်နေသူဖြစ်ပြီး အဲဒီရပ်ကွက်မှာ နေထိုင်တဲ့သူတွေအားလုံးဟာ မွတ်ဆလင်တွေ ဖြစ်ကြပါတယ်။
“ ကျမယောကျ်ားအကြောင်း မြို့သူမြို့သားတွေအကုန်သိကြတယ်။ တစ်နေ့တော့ ဒီလိုဖြစ်လာမယ်လို့ ကျမစိတ်ထဲထင်နေ မိတယ်။” လို့ ဒေါ်ဟာဆီနာက ပြောပါတယ်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ဒေါ်ဟာဆီနာတို့လို မွတ်ဆလင်တွေ အတွက် ပဋိပက္ခတွေကြား ကြားညှပ်မှုကလည်း ပိုပြင်းထန်လာခဲ့တယ်လို့ ပြောပါတယ်။
“ ကျမတို့က ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ချင်ကြတယ်။ ဒါပေမယ့် ရခိုင်ပြည်မှာနေရင် ရခိုင်ပြည်မှာဖြစ်တဲ့ ကောင်းကျိုး ဆိုးကျိုး ကိုလည်း ကျမတို့ ခံရမှာပဲ။ ပြည်သူဖြစ်တာကြောင့် အာဏာရှိသူတွေရဲ့ ပြောသမျှကို ကျမတို့ လိုက်နာရတယ်။ စစ်တပ်ဖြစ်ဖြစ် AA ဖြစ်ဖြစ်။”လို့ ဒေါ်ဟာဆီနာတို့ ကြားညှပ်နေပုံကို ပြောပြပါတယ်။
ခင်ပွန်းဖြစ်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ယူထားရတာကြောင့် ဌာနဆိုင်ရာ အစည်းဝေးတွေ၊ အရေးပေါ် အစည်းဝေးတွေ တက်ရောက်ရသလို တစ်ဖက်မှာအာဏာရှိသူတွေရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးရတယ်လို့ ပြောပါတယ်။
မကြာသေးခင်ကပဲ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာကြောင့် လူပျို၊ အပျိုရှိတဲ့ မိသားစုတွေက မိဘတွေဟာ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်လာခဲ့သလို ဒေါ်ဟာဆီနာတို့လို မွတ်ဆလင်လူထုအတွက်လည်း စိတ်မအေးရတဲ့ အခြေအနေဖြစ်လာတယ်လို့ သူကပြောပါတယ်။
“တလောက အစည်းဝေးတစ်ခုမှာ မွတ်ဆလင်တွေကိုပါ စစ်မှုထမ်းဖို့ စစ်တပ်ကတောင်းဆိုတယ်။ ကျမခင်ပွန်းက ငြင်းခဲ့တယ်လို့ ကျမကိုပြောတယ်။”လို့ ခင်ပွန်းမသေခင် ပြောပြခဲ့တဲ့စကားကို ဒေါ်ဟာဆီနာက ပြန်ပြောပြပါတယ်။
နောက်ပြီး ရခိုင်ပြည်မှာရှိတဲ့ ရခိုင်နဲ့မွတ်ဆလင်တွေကို သွေးထိုးလှုံ့ဆော်တဲ့ အကြောင်းအရာတွေ သတင်းစကားတွေကိုလည်း ခပ်စိပ်စိပ်ကြားလာခဲ့တယ်လို့ ပြောပါတယ်။
အခုလို သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ပြည်သူတွေစစ်မှုထမ်းရေးကိစ္စတွေ ရှုပ်ထွေးလာချိန်မှာ ခင်ပွန်းဖြစ်သူဟာ နေအိမ်ရှေ့မှာ သေ နတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ သူကပြောပါတယ်။
ရခိုင်ပြည်မှာနေထိုင်ကြတဲ့ ရခိုင်နဲ့မွတ်ဆလင်တွေ ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေက အခုအချိန်မှ ဖြစ်ပေါ်နေတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေကလည်း အခုလို သွေးထိုးလှုံ့ဆော်မှုတွေကြောင့် လူမျိုးရေး ပဋိပက္ခတွေဖြစ်ခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲဒီလို သွေးထိုးလှုံ့ဆော်မှုကြောင့် ပဋိပက္ခဖြစ်ခဲ့ရတဲ့ဖြစ်စဉ်တွေထဲမှာ ၂၀၁၂ ခုနှစ်ဖြစ်စဉ်ဟာ လူ့အဖွဲ့အစည်းနှစ်ခုစလုံးက လူအသေအပျောက် အများဆုံးနဲ့ ထိခိုက်နစ်နာမှုအများဆုံးဖြစ်ခဲ့ရတဲ့ ဖြစ်စဉ်လို့သူက ဆိုပါတယ်။
“ လက်ရှိ ရခိုင်နဲ့မွတ်ဆလင်တွေက ပဋိပက္ခရဲ့ဆိုးကျိုးကို ကောင်းကောင်းနားလည်သွားကြပါပြီ။ ဘယ်လိုပဲ သွေးထိုးမှုတွေ လုပ်လုပ် ကျမတို့ရဲ့နှစ်ဖက်အဖွဲ့အစည်းက နားလည်သည်းခံတတ်ကြပါတယ်။” လို့ ပညာတတ် မွတ်ဆလင်အမျိုးသမီး တစ်ဦး က ပြောပါတယ်။
ဒါပေမယ့် ပဋိပက္ခဖန်တီးချင်သူတွေကတော့ တနည်းမဟုတ် တနည်းနဲ့ ဖန်တီးနေကြမယ်လို့ သူက ပြောပါတယ်။
ဒေါ်ဟာဆီနာရဲ့နေအိမ်ရှေ့ကို သေနတ်နဲ့လာရောက်ပစ်ခတ်သွားသူနှစ်ဦးဟာ အရပ်ဝတ် ဝတ်ဆင်ထားသူတွေဖြစ်တာကြောင့် ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ တစ်ထစ်ချပြောဖို့ ခက်တယ်လို့ အခင်းဖြစ်ချိန် မြင်တွေ့လိုက်ရတဲ့ မျက်မြင်တစ်ဦး က ပြောပါတယ်။
“ သေနတ်ကိုင်ခွင့်ရှိတဲ့သူတွေပဲ ပစ်သွားတာပါ။ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ကျနော်ပြောပြဖို့ ခက်ပါတယ်။”လို့ သူက ပြောပါတယ်။
ဒေသတွင်းသတင်းဌာနတွေကတော့ ဒေါ်ဟာဆီနာရဲ့ခင်ပွန်းကို သေနတ်နဲ့ ပစ်သတ်သွားတဲ့သူတွေဟာ မြန်မာစစ်တပ်က ဖြစ်ပြီး အစည်းဝေးမှာ စစ်ကောင်စီဘက်ကပြောတဲ့ သတင်းစကားတွေ ပေါက်ကြားခဲ့တဲ့အတွက်လို့ ရေးသားကြပါတယ်။
အခုလိုမျိုး ရခိုင်ပြည်မှာ လက်သည်မပေါ်ဘဲ သေဆုံးနေရတဲ့ လူတွေအများကြီးရှိလာသလို နေအိမ်ကနေ ပျောက်ခြင်းမလှ ပျောက်သွားပြီး သတင်းအစအနမရတဲ့ လူတွေလည်း အများကြီးရှိလာပါတယ်။
အခုလို နစ်နာမှုတွေဖြစ်ပေါ်နေပေမယ့် တရားဥပဒေစိုးမိုးမှုမရှိ၊ သက်ဆိုင်ရာကို တိုင်တန်းဖို့ခက်ခဲနေတဲ့ကာလမှာ နစ်နာမှု အတွက် တိုင်တန်းရင်တောင် ကိုယ့်ရဲ့လုံခြုံရေးက အာမခံချက်မရှိဘူးလို့ ဒေါ်ဟာဆီနာက ဆက်ပြောပါတယ်။
သေဆုံး၊ ပျောက်ဆုံးသူတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ တစ်ဖွဲ့ကိုတစ်ဖွဲ့ ထိုးချပြီးတော့ သေသူတွေအတွက် တရား မျှတမှု ပျောက်ဆုံးနေတယ်လို့ အိန္ဒိယနိုင်ငံမှာ ဥပဒေတန်းတက်ရောက်နေသူတစ်ဦးက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ တရားမျှတမှုဆိုတာမရှိတော့ပါဘူး။ အသိဉာဏ်နဲ့ဆင်ခြင်ပြီး နေထိုင်မှအဆင်ပြေမှာပါ။ အသက်ကို ဉာဏ် စောင့်တယ်ဆိုတဲ့ စကားအတိုင်း နေထိုင်နိုင်မှ တော်ရာကျပါမယ်။”လို့ သူက အကြံပြုပါတယ်။
နောက်ပြီး စစ်ကောင်စီဘက်က သွေးထိုးလှုံ့ဆော်မှုတွေဟာ ပိုမိုပြင်းထန်လာတဲ့အတွက် လူ့အဖွဲ့အစည်းအချင်းချင်း နားလည် သည်းခံပြီး နေထိုင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။
ပဋိပက္ခတွေမဖြစ်ရအောင် ထိန်းသိမ်းကြတဲ့နေရာမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက အရေးကြီးပြီး ရခိုင်ပြည်မှာ လူ့အဖွဲ့ အစည်းနှစ်ခုကြား ပြန်လည်သဟဇာတဖြစ်လာတာဟာ အမျိုးသမီးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်ဖြစ်တယ်လို့ လူမှု ကူညီရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့တဲ့ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ ဈေးတွေမှာ အမျိုးသမီးအချင်းချင်း စကားပြောကြတယ်။ တွဲလက်လိုနေတဲ့ မွတ်ဆလင်အမျိုးသမီးတွေကို ရခိုင်အမျိုးသမီး တွေက တွဲခေါ်ကြတယ်။ ဒီလိုနဲ့အချင်းချင်း ယုံကြည်မှုပြန်ရလာခဲ့တာ။” လို့ ၂၀၁၂ ခုနှစ် ပဋိပက္ခအပြီး ရခိုင်နဲ့မွတ်ဆလင်တွေ ပြန်လည်သင့်မြတ်လာခဲ့ပုံကို အထက်ပါမွတ်ဆလင်အမျိုးသမီးက ပြောပြပါတယ်။
လက်ရှိ ရခိုင်ပြည်မှာစစ်ရှုံးလာတဲ့ စစ်ကောင်စီဟာ ရခိုင်နဲ့မွတ်ဆလင်ကြား ပဋိပက္ခပြန်ဖြစ်ဖို့ နည်းမျိုးစုံကို သုံးလာတာတွေ့ရ တယ်လို့ လူ့အဖွဲ့အစည်းနှစ်ခုလုံးက လူတချို့က ပြောပါတယ်။
အဲဒီအထဲမှာ ဒေါ်ဟာဆီနာ ခင်ပွန်းသေဆုံးရတဲ့ဖြစ်စဉ်ဟာလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့ လွှတ်တော်အမတ် ဟောင်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒေါ်ဟာဆီနာကတော့ အခုလို သွေးထိုးလှုံ့ဆော်မှုတွေကြားထဲမှာ ခင်ပွန်းဖြစ်သူ သေဆုံးရတဲ့အကြောင်းကို ဖွင့်ဟမပြောဘဲ နှုတ်ဆိတ်နေခြင်းကသာ ငြိမ်းချမ်းမှုကို ပိုပြီးခံစားရတယ်လို့ ဆိုပါတော့တယ်။