Home ဆောင်းပါး နေရပ်ပြန်မယ့်မျှော်လင့်ချက်တွေ သဲထဲရေသွန်ဖြစ်ခဲ့ရတဲ့ ကွတ်ခိုင်ကစစ်ရှောင်တွေ

နေရပ်ပြန်မယ့်မျှော်လင့်ချက်တွေ သဲထဲရေသွန်ဖြစ်ခဲ့ရတဲ့ ကွတ်ခိုင်ကစစ်ရှောင်တွေ

နန်းဆိုင်နွမ်။ ။

စစ်ရေးလျော့လာပြီး နိုင်ငံရေး တည်ငြိမ်လာပါက နေရပ်ကိုပြန်ပြီး တောင်ယာလုပ်ဖို့ အားခဲမျှော်လင့်ထားကြတဲ့ ကွတ်ခိုင်က စစ်ရှောင်တွေရဲ့ မျှော်လင့်ချက်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်တဲ့အခါ ပျောက်ကွယ်ခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတက်လာပြီး သျှမ်းပြည်ဒေသတွေမှာလည်း တိုက်ပွဲတွေ လျော့ကျလာတဲ့ အတွက် နေရပ်ပြန်ပြီး တောင်ယာလုပ်ဖို့ ဒေါ်ဘောက်နောင်တစ်ယောက် မျှော်လင့်ခဲ့တာပါ။

ဒါပေမယ့် စစ်အာဏာသိမ်းခဲ့ပြီးနောက် မြန်မာပြည်တဝန်းမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့တိုက်ပွဲ တွေ ပြန်လည် ပြင်းထန်လာခဲ့ပါတယ်။ အဲ့ဒီအထဲ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်လည်း ပါဝင်ပါတယ်။

ဒေါ်ဘောက်နောင်ဟာ ၂၀၁၂ခုနစ်၊ ဒီဇင်ဘာက ကွတ်ခိုင်မြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ထွက်ပြေး တိမ်းရှောင်လာခဲ့ရသူပါ။

သူဟာ ကွတ်ခိုင်မြို့နယ်အတွင်းက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း (KBC) စခန်းမှာ နေထိုင်လာတာ ယခုဆိုရင် ၁၀ နှစ်နီးပါး ရှိလာခဲ့ပါပြီ။

စစ်ဘေး စတင်ရှောင်လာချိန်မှာတော့ သူတို့ရဲ့ စစ်ရှောင်စခန်းကို ကူညီစောင့်ရှောက်မှုတွေ အပြည့်အဝရရှိတဲ့အပြင် နေ့စားနဲ့ အပြင်ထွက်အလုပ်လုပ်နိုင်ခဲ့တာကြောင့် စားဝတ်နေရေး ပြေလည်ခဲ့ပါတယ်။ ဒါပေမယ့် ကိုဗစ်ကပ်ရောဂါ ဝင်လာ ပြီးနောက် စစ်ရှောင်အဝင်၊ အထွက်တွေ ပိတ်လိုက်သလို စစ်ကောင်စီက အာဏာသိမ်းလိုက်တာကြောင့်လည်း စားဝတ်နေ ရေးဟာ ခက်ခဲလာတယ်လို့ သူကဆိုပါတယ်။

၂၀၂၀ ခုနစ် နှစ်စပိုင်းကတည်းက ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာပြီးနောက်မှာ ခရီးသွားလာမှုပိတ်ခဲ့မှုကြောင့် စစ်ရှောင်တွေ အပြင်ကိုထွက်ပြီး အလုပ်လုပ်မရတော့တာပါ။

“ အရင်ကတော့ သက်သက်သာသာနေရတယ်။ အရမ်းကွာတယ်။ အများကြီးခြားနားတယ်။ ဖြစ်နိုင်ရင်သေတောင်သေ လိုက်ချင်တယ်။ အခုစားနေရတာကလည်း မသေရုံပါပဲ” လို့ ဒေါ်ဘောက်နောင်က ငိုရိူက်သံနဲ့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင် ကိုဗစ်မဖြစ်ခင်ကာလမှာ စစ်ဘေးရှောင်တွေဟာ စစ်ရှောင်အနီးပတ်ဝန်းကျင်နဲ့ ကွတ်ခိုင်မြို့ပေါ်တက် ကာ နေ့စားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ကြသလို တချို့တွေဟာ တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်ပြီး ဝင်ငွေ ရှာဖွေခဲ့ကြပါတယ်။

“ အရင်ကတော့ အဝေးမသွားနိုင်တဲ့သူ တရုတ်ပြည်မသွားနိုင်တဲ့သူဆိုရင် အနီးနား၊ မြို့ပေါ်တက်ပြီး အလုပ်လုပ်ကြတယ်။ နေ့စားခ တစ်ရက် ၅,၀၀၀ ကျပ်ရတယ်။ အခုတော့ ဘာမှမရှိ၊ တရုတ်လည်း အဝင်၊အထွက်မရဘူး” လို့ ဒေါ်ဘောက်နောင် က ဆိုပါတယ်။

လက်ရှိကာလမှာ ဝင်ငွေမရှိ ထောက်ပံ့မှုမရှိတဲ့အပြင် ကုန်ဈေးနှုန်းကလည်း နှစ်ဆ မြင့်တက်လာတဲ့အတွက် ကွတ်ခိုင် ရောက် စစ်ရှောင်တွေဟာ ကြက်ဥတစ်လုံးစားရဖို့အရေးတောင် ခက်ခဲနေကြပါပြီ။

ကွတ်ခိုင်မြို့ ၊ ပန်ကူစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ ဒေါ်အေးအိုက “ ကြက်ဥတွေ ခေါက်ဆွဲတွေ အသားတွေမစားရဘူး။ ကြက်ဥ ၁၀ လုံးက ၅၀၀ ဖြစ်နေတော့ ဘယ်လောက်ပဲချွေတာ ချွေတာစားရဖို့က ခက်ခဲတယ်” လို့ ဆိုပါတယ်။

ဒေါ်အေးအိုလည်း ပန်ကူစစ်ရှောင်စခန်းကို ၂၀၁၅ ခုနစ်မှာ စတင်ရောက်ရှိလာသူဖြစ်ပါတယ်။

ပန်ကူစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ရှောင် ၂၀၀ ကျော်ရှိပြီး မိသားစုများတဲ့အိမ်မှာဆို အစားအသောက်ခက်ခဲမှုများစွာ ကြုံနေရကာ ထမင်းနပ်မှန်အောင်ပင် မစားနိုင်တဲ့အဆင့်ဖြစ်နေကြောင်းလည်း ဒေါ်အေးအိုက ရင်ဖွင့်ပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်းရောက်ရှိတဲ့ စစ်ရှောင်တွေရဲ့ အိမ်ထောင်စုတိုင်းဟာ ပြောင်းဖူးစိုက်ပျိုးကြပြီး ထမင်းအစား ပြောင်း ကို အစားထိုးစားသောက်နေရကြပါတယ်။

“ ပြောင်းဖူးစိုက်တယ်။ သုံးနပ်စားရင် နှစ်နပ်က ထမင်းစား၊ တစ်နပ်က ပြောင်းဖူးစားတယ်။ ချွေတာစားရတယ်။ အိမ်တိုင်း ပြောင်းဖူးစိုက်တယ်။ ပြောင်းဖူးနဲ့အသက်ကယ်ရတယ်”လို့ ဒေါ်အေးအိုက လက်ရှိ သူတို့ကြုံတွေ့နေရတဲ့အကြောင်းကို ပြော ပြပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်း ၂၀၁၂ ခုနစ်မှ စတင်လာတဲ့ TNLA နှင့် စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် စစ်ရှောင်စခန်း ၁၁ခု ရှိနေပြီး စစ်ဘေးရှောင်ဦးရေ ၃,၅၀၀ ကျော်ရှိကြောင်း ကွတ်ခိုင်က စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့အစည်း တွေရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ကိုဗစ်အပြင် ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် စစ်ရှောင်ကူညီတဲ့အဖွဲ့တွေလည်း လာကူညီပေးခြင်းမရှိတော့တဲ့အတွက် အခက်အခဲတွေ ကြုံနေရတာပါ။

ကွတ်ခိုင် IDPs Camp (Photo: Mai Nyi Win Maung)

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ရှောင်အသစ်တွေလည်း ထပ်မံရောက်ရှိလာတဲ့အတွက် စစ်ရှောင်မှ စစ် ရှောင်ကို ပြန်ကူပေးနေရတဲ့အထိ အခက်အခဲ ကြုံနေရပါတယ်။

“ ပြီးခဲ့တဲ့လပိုင်းက လွယ်ကန်ရွာက စစ်ရှောင်ရတော့ အသစ်ရောက်လာတယ်။ လူ ၂၀၀ ကျော် ရိက္ခာရဖို့လည်း ကျမတို့ စစ်ရှောင်ကပဲ ပြန်ကူညီပေးရတယ်” လို့ ကွတ်ခိုင်မြို့နယ် ၊ ဟိုခိုစစ်ရှောင်စခန်းမှ ဒေါ်အမ်းမွန်းက ပြောပြပါတယ်။

စစ်ရှောင်မှာနေထိုင်ပြီး စိုက်ပျိုးရေး တောင်ယာမလုပ်နိုင်တဲ့သူတွေနဲ့ ကူညီထောက်ပံ့မှုကို အားကိုးရတဲ့သူတွေဆိုရင် ဆန် ပြုတ်သာ သောက်နေရကြောင်း ဒေါ်အမ်းမွန်းက ဝမ်းနည်းစွာနဲ့ ဆိုတယ်။

“ မိသားစုများတော့ လှူဒါန်းရင်လည်းမလောက်ဘူး။ တစ်ခါတစ်လေ ဆန်ပြုတ်သောက်ရတာရှိတယ်” လို့ဒေါ်အမ်းမွန်းက ဆိုတယ်။

ကျန်းမာရေးကောင်းမွန်တဲ့ လူကြီးတွေကတော့ ဖြစ်သလိုစားသောက်နိုင်ပေမယ့် ကိုယ်ဝန်သည်နဲ့ မွေးဖွားစမိခင်တွေ ကလေးငယ်တွေအတွက်ကတော့ အဟာရရှိမယ့် အစားအသောက် အရေးပေါ်လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။

“ စားသောက်တာကတော့ အဓိက ကိုယ်ဝန်သည်မိခင်တွေ ကလေးမွေးဖွားစတွေ ကလေးငယ်တွေကို ဦးစားပေးစား သောက်နေရတယ်။ သူတို့က အဟာရပိုလိုတယ်လေ” လို့ ဒေါ်အမ်းမွန်းက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အပြင်ထွက်မှု ကန့်သတ်လိုက်သလို ကိုဗစ်-၁၉ ကာလအတွင်း ကွတ်ခိုင်ဆေးရုံမှာ ကိုဗစ်-၁၉ လူနာအပြင် တခြားလူနာကိုလက်ခံဆေးကုသမှုမရှိတဲ့အတွက်လည်း စစ်ရှောင်များအတွက် ကျန်းမာရေးကိစ္စ မှာလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကဆိုရင် အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး အထက်လှန်အောက်လျောဖြစ်တဲ့အခါ ဆေးဝါးကုသမှု မခံရတာကြောင့် အသက်မသေသင့်ဘဲ အသက်ဆုံးရှုံးခဲ့ရကြောင်း ကွတ်ခိုင်မြို့နယ်၊ ပန်ကူစစ် ရှောင် စခန်းက တာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

“ ညသန်းခေါင် အထက်လှန်အောက်လျောဖြစ်တော့ ဆေးရုံသွားလို့မရ။ ဓာတ်ဆားမရှိဆိုတော့ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးလိုက်တယ်။ မနက်မိုးလင်းမှ ပြေးဝယ်တဲ့ဆေးနဲ့ဓာတ်ဆားတောင် သောက်မသွားလိုက်ရဘူး” လို့ အဆိုပါစစ်ရှောင် တာဝန်ခံ အမျိုးသမီးက ပြန်လည်ပြောပြပါတယ်။

လက်ရှိမှာ စစ်ရှောင်တွေအတွက် အခြေခံဆေးဝါးတွေဖြစ်တဲ့ ပရာစီတမောနဲ့ဓာတ်ဆား အရေးပေါ်လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

“ ပါရာစီတမောတောင်မရှိဘူး။ ဟိုဘက်အိမ်ခေါင်းကိုက် ဒီဘက်ခေါင်းကိုက်ပေးလိုက်တော့ ကျမဆီမှာ ပါရာစီတမော တောင် မရှိတော့ဘူး။ ရှေ့ဆက်တော့ တော်တော်ခက်ခဲလာနိုင်တယ်” လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။

နိုင်ငံရေးအခြေအနေ တနေ့တခြား ပိုဆိုးရွားလာပြီး အသက်ရှင်သန်နေစဉ်ကာလမှာ ဝမ်းရေးအတွက် ပူဆွေးသောက ရောက်ရမယ်လို့ သူ့အနေနဲ့ တကြိမ်တခါမျှ မတွေးခဲ့မိကြောင်းလည်း အဆိုပါတာဝန်ခံကဆိုပါတယ်။

“ ကျမတို့ဘဝက သေမထူးနေမထူးတွေပါ။ ဘယ်လိုပဲဖြေရှင်းဖြေရှင်း စစ်ရှောင်ကာလ မကျော်လွန်သေးဘဲ ရောဂါ ရောက် လာတယ်။ ရောဂါရောက်ပြီးနောက်မှာ စစ်အာဏာသိမ်းတယ်။ ကျမတို့အားတွေလည်း မရှိတော့ဘူး” လို့ စစ်ရှောင်တာဝန်ခံ က ပူဆွေးတဲ့လေသံနဲ့ ပြောပါတယ်။

နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ယခင်စစ်ရှောင်စခန်းကို ကူညီထောက်ပံ့နေတဲ့ လူမှုအဖွဲ့အစည်းတွေ အမျိုးသမီး အဖွဲ့အစည်းတွေကလည်း ယခင်ကလို လွတ်လပ်စွာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်မကူညီနိုင်တော့ကြောင်းလည်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“ ကျမတို့နိုင်သလောက်တော့ သွားကူညီတယ်။ ကျမတို့အဖွဲ့ဝင်တွေ ကိုယ်တိုင်ကလည်း ထွက်ပြေးနေရတော့ အရင်လို ကိုယ်တိုင်ကိုယ်ကျ သွားမကြည့်နိုင်တော့ဘူး။ စိတ်မကောင်းဘူး” လို့ သူက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ နေထိုင်တဲ့သူတွေဟာ အများစုက အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေ အများ စု ဖြစ်တဲ့အတွက် ၎င်းတို့အတွက် လိုအပ်ချက်ဟာ အလွန်များနေကြောင်း၊ နိုင်ငံရေး ရေရှည်ဆိုးရွားနေပါက စစ်ရှောင်စခန်း နေထိုင်သူတွေအတွက် အခက်အခဲများစွာရှိလာနိုင်ကြောင်းလည်း အဆိုပါအမျိုးသမီးက ပြောပါတယ်။

စစ်ရှောင်အမျိုးသမီး ဒေါ်အေးအိုကလည်း “ စစ်ရှောင်တွေအတွက် စားဝတ်နေရေး မထောက်ပံ့နိုင်ရင်တောင် ဆေးတွေ ဓာတ်ဆားတွေ ပါရာစီတမောတွေ ထောက်ပံ့ချင်ပါတယ်။ အဲ့ဒါတွေလုပ်ပေးချင်ပါတယ်။ အထက်လှန် အောက်လျော တောင် ဓာတ်ဆားမသောက်နိုင်ဘူး” လို့ ငိုပြီးပြောလာပါတယ်။

ကွတ်ခိုင်စစ်ရှောင်စခန်းမှာ ၁၀ နှစ်နီးပါး နေထိုင်ခိုလှုံနေရတဲ့ စစ်ရှောင်တွေအတွက်တော့ လက်ရှိ စစ်အာဏာသိမ်းမှု ကြောင့် မျှော်လင့်နေကြတဲ့ ငြိမ်းချမ်းရေးဟာလည်း အလှမ်းဝေးသွားရပါပြီ။

အထောက်အပံ့တွေ အကူအညီတွေ မလိုလားတော့ဘဲ နေရပ်ပြန်ရန် အားခဲထားကြတဲ့ စစ်ရှောင်တွေမှာ လက်ရှိမှာ အစာ မငတ်ဖို့ အသက်ရှင်ဖို့အတွက်သာ ဆုတောင်းနေကြရပါတယ်။ ၁၀ စုနှစ်တစ်ခုကြာ စစ်ရှောင်စခန်းမှာ နေထိုင်နေရတဲ့ ဒေါ်ဘောက်နော်ကတော့ သူတို့မျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရတာကို ငုံသံပါနဲ့ ယခုလိုဆိုတယ်။

“ စစ်အာဏာသိမ်းပြီးနောက် အရာရာခက်ခဲလာပြီး ကျမတို့မျှော်လင့်နေတဲ့ငြိမ်းချမ်းရေး၊ နေအိမ်ပြန်ရေးကလည်း အလှမ်း ဝေးသွားပြီ ”

Related Articles