ခိုင်ရီ ရေးသည်။
မြန်မာပြည်ကို ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ကအာဏာသိမ်းခဲ့ပြီးတဲ့နောက် အာဏာရှင်ကို အကြမ်းမဖက်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)ကို တစ်နိုင်ငံလုံး အုံလိုက်ကျင်းလိုက် စတင်လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။
မြန်မာပြည်တနံတလျားမှာရှိတဲ့ အစိုးရဌာနအသီးသီး၊ နယ်ပယ်အသီးသီးက အာဏာရှင်စနစ်ကို အလိုမရှိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်၊ ရာထူးကြီးငယ်ဝန်ထမ်းမှန်သမျှ Civil Disobedience Movement(CDM)မှာ ပါဝင်ခဲ့ကြတာ ဖေဖော်ဝါရီ ၄ ရက်မှာ သုံးနှစ်တင်းတင်းပြည့်ပါပြီ။
အာဏာရှင်ဖီဆန်တော်လှန်ရေးခရီးက နိုင်ငံတိုင်း၊ ခေတ်တိုင်း၊ မျိုးဆက်တိုင်းမှာ မချောမွေ့ခဲ့ပါဘူး။ မိသားစုတွေ တကွဲတ ပြားဖြစ်၊ ဖမ်းဆီးချုပ်နှောင်ခံရ၊ ဘဝတွေပျက်ခဲ့ရအောင် လက်နက်အားကိုးနဲ့ အာဏာရှင်နှိပ်စက်သမျှခံခဲ့ကြရတဲ့ စီဒီအမ် ဝန်ထမ်းပေါင်းများစွာထဲမှာ ဒေါ်အိမွန်မိုးတစ်ယောက်လည်း ပါဝင်ပါတယ်။
ဒေါ်အိမွန်မိုးဟာ နေပြည်တော်၊ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနရဲ့ တစ်ခုတည်းသော ဓာတ်ခွဲဌာနမှာ လုပ်သက် ၁၅ နှစ်ရှိခဲ့တဲ့ အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။
အစိုးရဝန်ထမ်း မိဘတွေက မွေးဖွားလာသူတစ်ဦးဖြစ်ပြီး ဝန်ထမ်းတွေ မျက်နှာပွင့်တဲ့ခေတ်မှာ ကြီးပြင်းခဲ့ရသူဖြစ်တဲ့သူ့ကို မိဘ တွေက “မိန်းကလေးဆိုတာ အစိုးရဝန်ထမ်းလုပ်မှသင့်တော်တယ်၊ အိန္ဒြေရတယ်၊ မလုပ်ရင် ဝန်ထမ်းမျိုးဆက်ပြတ်မယ်။” ဆိုတဲ့ တိုက်တွန်းမှုနဲ့အတူ ဒီလုပ်ငန်းခွင်ကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
ဒေါ်အိမွန်မိုးတစ်ယောက် ဝန်ထမ်းဘဝနဲ့ ၁၅ နှစ်တာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ တစ်မနက်ခင်းမှာ အာဏာသိမ်းပြီဆိုတဲ့ သတင်းကြောင့် ဝန်ထမ်းအဆောင်မှာ လုပ်ဖော်ကိုင်ဖက်တွေထဲက စစ်တပ်မိသားစုဝင်တွေကလွဲရင် တခြားသူတွေရဲ့ မကျေနပ်သံတွေ၊ တောက်ခေါက်သံတွေနဲ့ ဆူညံပွက်လောရိုက်နေခဲ့ပါတယ်။
ကိုဗစ်ကာလ၊ ဝန်ထမ်းတွေ အလှည့်ကျအဖွဲ့ခွဲပြီး ရုံးတက်နေရတဲ့ အခြေအနေဖြစ်လို့ အာဏာသိမ်းချိန်နဲ့ နားရက်တိုက်ဆိုင် နေတဲ့အချိန်လို့ သူက ပြောပါတယ်။
“ အဲဒီနေ့မနက်က ရုံးသွားရမလား၊ မသွားရဘူးလားဖြစ်နေတယ်။ နားရက်ဖြစ်နေပေမယ့် ရုံးကိုသွားကြပြီး ဘယ်သူမှ အလုပ် မလုပ်ကြဘူး။ အထက်လူကြီးတွေကလည်း အာဏာသိမ်းတဲ့အပေါ်မှာ မကျေမနပ်နဲ့ပြောဆိုနေကြတယ်။ အားလုံးက အခြေ အနေတွေ စောင့်ကြည့်နေခဲ့ကြတယ်။”လို့ ဒေါ်အိမွန်မိုးက အာဏာသိမ်းတဲ့ ပထမနေ့အကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။
စစ်တပ်ရဲ့ ရုပ်သံဌာနဖြစ်တဲ့ မြဝတီရုပ်မြင်သံကြားကနေ အာဏာသိမ်းကြောင်းကြော်ငြာပြီး လေးရက်မြောက်နေ့မှာတော့ ဒေါ် အိမွန်မိုးအပါအဝင်ဌာနထဲက ဝန်ထမ်းအားလုံးနီးပါး၊ ဝန်ကြီးဌာနအားလုံးနီးပါးက ရုံးမတက်ကြတော့ဘဲ အာဏာရှင်ကို အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ ဖဲကြိုးနီကမ်ပိန်းတွေစလုပ်ခဲ့ကြပါတော့တယ်။
“စီဒီအမ်ကတော့ ၄ ရက်မှာ စလုပ်ခဲ့တာ။ ငါတို့ဒီလိုလုပ်ရင် သူတို့ကြာရှည်မကိုင်ထားနိုင်ဘူး။ ပြည်သူရွေးချယ်ထားတဲ့ အရပ် သားအစိုးရကို ပြန်ပေးမယ်လို့ပဲတွေးခဲ့တယ်။ ဌာနပေါင်းစုံက ကားတွေနဲ့ ယူနီဖောင်းတွေနဲ့ ဆန္ဒတွေပြကြတာဆိုတော့ အားတက်ခဲ့ရတယ်။” လို့ ဒေါ်အိမွန်မိုးက ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက်မှာ တစ်နိုင်ငံလုံး တညီတညွတ်တည်း အာဏာရှင်ကို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) လုပ်ကြတော့မယ်လို့ ဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ပြီး အရှိန်မြင့်လာခဲ့ပါတယ်။
“မမြသွဲ့သွဲ့ခိုင် အပစ်ခံရတဲ့နေ့မှာ ကျမက အဆောင်ကိုစောစောပြန်သွားခဲ့တယ်။ လမ်းလျှောက်တာတွေ ရက်ဆက် ဖြစ်လာ တော့ ဒါဏ်မခံနိုင်တော့ နေမသိပ်မကောင်းတာနဲ့ ပြန်နားတာ။ အဲဒီလို ပစ်ခတ်တာတွေ ဖြစ်ပြီဆိုတော့ အိမ်ကပြန်ခေါ်တယ်။” လို့ သူက ပြောတယ်။
အဲဒီနောက်မှာ ရုံးမတက်ဘက်၊ ရုန်းထွက်ဖို့အားပေးတဲ့ မိသားစုရှိရာဇာတိမြို့ကိုပြန်သွားခဲ့ပြီး လမ်းလျှောက်ချီတက် ဆန္ဒပြပွဲ တွေမှာ ဆက်လက်ပူးပေါင်းပါဝင်ခဲ့ပါတော့တယ်။ မတ်လထဲရောက်လာတော့ ရုံးမတက်တဲ့ဝန်ထမ်းတွေကို ဌာနက ပြန်ခေါ်ကြ ပြီ။ အာဏာသိမ်းမှုဖြစ်စဉ်စတင်ကတည်းက ဒေါ်အိမွန်မိုးနဲ့အတူ အာဏာရှင်ကိုတော်လှန်လိုစိတ်နဲ့ ရုံးမတက်တော့ဘဲ လမ်း လျှောက်ချီတက်ပွဲတွေမှာ ဆက်တိုက်ပါဝင်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အလုပ်ခွင်ရှိရာဆီကို ပြန်ဝင်သွားကြပါတော့ တယ်။
ရုံးမတက်ဘဲ ဆန္ဒပြချီတက်ပွဲတွေမှာ ရက်ဆက်ပါဝင်ခဲ့တဲ့ ဒေါ်အိမွန်မိုးဟာ ရင်သားကင်ဆာရောဂါကို ခံစားနေရသူတစ်ဦး လည်းဖြစ်ပြီး ရင်သားတစ်ဖက်ကို ခွဲစိတ်ဖြတ်တောက်ထားရသူလည်းဖြစ်တယ်။
“ ငါဘာဆက်လုပ်ရမလဲ စတွေးရပြီ။ ကျမမှာက ရောဂါလည်းရှိတယ်။ သမီးလေးတစ်ယောက်လည်းရှိတယ်။ စီဒီအမ်ဆက် လုပ်ရင် လစာမရဘူး။ ဝင်ငွေမရှိရင် ရပ်တည်ရေးခက်မယ်ဆိုပြီး အမေနဲ့တိုင်ပင်ရတယ်။ အမေက ရှိတာနဲ့စားမယ်ဆိုပြီး ဆက်လျှောက်ဖို့ အားပေးခဲ့တယ်။” လို့ သူ့ရဲ့စီဒီအမ်ခရီးအစမှာ မိသားစုဆီက စိတ်ခွန်အားပံ့ပိုးတွေရရှိခဲ့တဲ့အကြောင်းကို ဒေါ်အိမွန် မိုးက စိတ်အားထက်သန်စွာနဲ့ ပြောပြပါတယ်။
ကင်ဆာရောဂါကို ကုသနေရတဲ့သူဟာ စုဆောင်းထားသမျှငွေကြေးကို ဆေးကုသစရိတ်အဖြစ်သုံးခဲ့ရတာဖြစ်လို့ သူ့ရဲ့စီဒီအမ် ရေရှည်ခရီးဟာ မိသားစုအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်မှာစိုးရိမ်မှုတစ်ဖက်၊ အာဏာရှင်လက်အောက်မှာ ဆက်လုပ်နေရမယ့်အလုပ် ကို ကျောခိုင်းလိုတာကတစ်ဖက်နဲ့ ဝေခွဲမရဖြစ်ခဲ့ပုံကို ဒေါ်အိမွန်မိုးရဲ့ လေယူလေသိမ်းတွေမှာ အထင်းသားမြင်နေရပါတယ်။
အဲဒီနောက် အာဏာသိမ်းကတည်းက တလျှောက်လုံး အာဏာရှင်တော်လှန်ချီတက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် တွေအားလုံး အလုပ်ခွင် ပြန်ဝင်သွားကြတယ်။ အထက်အရာရှိတွေက အကြိမ်ကြိမ်ရုံးပြန်တက်ဖို့ ခေါ်ခဲ့ကြပေမယ့် မအိမွန်မိုး အပါအဝင် စုစုပေါင်း ငါးဦးဟာ ပြည်သူနဲ့အတူ ဆက်လျှောက်ရမယ့်လမ်းကို ရွေးချယ်ခဲ့ပါတယ်။
“ဝန်ထမ်းလုပ်ခဲ့ရတာ ခွေးသာသာပဲ။ ဝန်ကြီးလာရင်ကပြရ၊ သီချင်းဆိုပြရ၊ သူတို့ ဖိနပ်ရွံ့ပေတာကအစ သုတ်ပေးရတာနဲ့ ကိုယ် ရေးကိုယ်တာ လူ့အခွင့်အရေးချိုးဖောက်တာတွေအများကြီးပဲ။ ကိုယ်မှန်နေလည်းပြန်မပြောရဲဘူး။” လို့ စစ်အစိုးရ လက်ထက် မှာ ဝန်ထမ်းလုပ်ခဲ့ရတဲ့ သူ့ခံစားချက်ကို ဒေါ်အိမွန်မိုးက မခံချင်စိတ်အပြည့်နဲ့ ပြန်ပြောင်းပြောပြတယ်။
သူ့ရဲ့ ဝန်ထမ်းလုပ်သက် ၁၅ နှစ်အတွင်းမှာ ပြည်သူရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရလက်ထက် ငါးနှစ်တာကာလ နဲ့ ကြုံခဲ့ရတဲ့အချိန်မှာတော့ အဲဒီလို အခွင့်အရေးချိုးဖောက်မှုတွေ မရှိတော့ဘဲ ပြောင်းလဲလာခဲ့တယ်လို့ သူကပြောပါတယ်။
မအိမွန်မိုးက “အရပ်သားအစိုးရလက်ထက်မှာ လူကြီးလမ်းကြောင်းနည်းလာတယ်။ အလုပ်လုပ်ရတာ စိတ်လက်ပေါ့ပါးပြီး လွတ်လပ်လာသလို ခံစားရတယ်။ အထက်လူကြီးတွေကလည်း သဘောထား ပျော့ပြောင်းလာတယ်။ အလုပ်လုပ်တာ အဆင် ပြေလားဆိုတာမျိုး မေးဖော်ရလာတယ်။ ကောင်းတဲ့ဘက်ကို သိသိသာသာပြောင်းလဲလာတယ်။” လို့ စစ်အစိုးရလက်ထက်နဲ့ အရပ်သားအစိုးရလက်ထက် အလုပ်လုပ်ခဲ့ရတဲ့ကြားထဲက အပြောင်းအလဲနဲ့ပတ်သက်တဲ့ သူ့ခံစားချက်ကို နှိုင်းယှဉ်ပြတယ်။
မူလကတည်းက မဟုတ်မခံစိတ်ရှိသူလည်းဖြစ်၊ အဲလို မတူခြားနားချက်တွေကိုလည်း ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေလည်း ရှိခဲ့တဲ့အတွက် အဲဒါတွေက မအိမွန်မိုးကို စီဒီအမ်ခရီးလမ်းကြောင်းပေါ်ကို တွန်းတင်ပေးခဲ့သလို ဖြစ်ပုံရပါတယ်။
မအိမွန်မိုးဟာ မိခင်ဖြစ်သူက ဝန်ထမ်းတစ်ဦးလည်းဖြစ်၊ စစ်အစိုးရအတိုက်အခံပါတီ NLD ရဲ့ အမာခံ အမျိုးသမီးအဖွဲ့ဝင် လည်း ဖြစ်တဲ့အတွက် မအိမွန်မိုးတို့မိသားစုဟာ စောင့်ကြည့်ခံရတာ၊ နောက်ယောင်ခံထောက်လှမ်းစုံစမ်းတာတွေ ခံခဲ့ရတဲ့ အတွေ့ အကြုံနဲ့ စိတ်မလုံခြုံမှုဆိုတာကို သူတို့ငယ်စဉ်ကတည်းက အမြဲခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
တစ်မိသားစုလုံးက နိုင်ငံရေးအသိအမြင်ရှိပြီး တက်ကြွသူတွေဖြစ်သလို မောင်အငယ်ဖြစ်သူကလည်း နွေဦးတော်လှန်ရေးမှာ အရေးကြီးတဲ့နေရာက ပါဝင်နေတဲ့အတွက် နေ့ရောညပါ အချိန်မရွေးအိမ်တိုင်ရာရောက် ရှာဖွေတာ၊ ပုဒ်မ ၅၀၅ ထုတ်တာတွေ လုပ်ခဲ့ပြီး သူတို့ တစ်မိသားစုလုံး ဖမ်းဆီးခံခဲ့ရပါတယ်။
“ လာရှာတိုင်းမှာ မိသားစုဝင်တွေကို ရိုင်းရိုင်းစိုင်းစိုင်းတွေပြောတယ်။ တစ်နေ့ကျတော့ ကျမနဲ့ စကားများတယ်။ ကျမက မြို့ရဲ့ ဟစ်တိုင်စာမျက်နှာမှာတင်လိုက်တော့ နောက်နေ့မှာ ကျမရဲ့ ၁၃နှစ်သမီးရော၊ အဖေနဲ့ကျမတို့ညီအစ်မပါလာဖမ်းတာ၊ ဖုန်းတွေ ကို စစ်တော့မှ ကျမကိုစီဒီအမ်မှန်းသိသွားတာ။” လို့ မအိမွန်မိုးက ပြောပြတယ်။
မအိမွန်မိုးရဲ့ အသက် ၈၀ကျော်အရွယ် ဖခင်ဖြစ်သူဟာ မြို့က ဂေါပကအဖွဲ့လူကြီးလည်းဖြစ်တဲ့အတွက် ဩဇာရှိတဲ့ ဘုန်းတော် ကြီးတစ်ပါးရဲ့ အာမခံနဲ့ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ဆိုပါတယ်။
“အွန်လိုင်းမှာလည်းစောင့်ကြည့်မယ်။ တစ်ခုခုဆိုရင် အိမ်ကိုချိတ်ပိတ်မယ်လို့ပြောပြီး အဖေ့မျက်နှာထောက်လို့ အာမခံနဲ့ ပြန် လွှတ်လိုက်တယ်။ အိမ်က ဘယ်သူပဲအပြင်ထွက်ထွက် နောက်ကနေလိုက်စောင့်ကြည့်တာခံရတယ်။ ဈေးသွားလည်းလိုက်တယ်။” လို့ သူက ပြောပြပါတယ်။
နေ့ရောညပါ အိမ်ရှေ့က ဖြတ်သွားဖြတ်လာလုပ်နေတဲ့ ရဲနဲ့ စစ်သားတွေကြောင့် အသက် ၁၃နှစ်အရွယ်သမီးငယ်မှာ စိတ် ဒဏ်ရာရလောက်အောင် ကြောက်ရွံ့ထိတ်လန့်တာတွေ၊ ပြေးပုန်းရတဲ့ စိတ်ပူပင်သောကတွေ၊ မအိမွန်မိုးရဲ့ မိခင်ဖြစ်သူ ကလည်း နှလုံးရောဂါအခံရှိတဲ့အတွက် သွေးလန့်တာတွေ စတဲ့အတွေ့အကြုံတွေနဲ့ သုံးလနီးပါး ဆက်တိုက်ခံစားခဲ့ရပြီးတဲ့ နောက် အိမ်ကနေ ထွက်ခွာဖို့အကြောင်း စတင်ဖြစ်ပေါ်လာပါတော့တယ်။
“CDM လုပ်ထားတဲ့ အတွင်းဝန်နဲ့ Focal အစ်မက လှမ်းဆက်သွယ်လာတယ်။ ရှောင်မှဖြစ်တော့မယ်ဆိုပြီးပြောတယ်။ ပြီးတော့ အလုပ်သမားဝန်ကြီးဌာနကနေ စီဒီအမ်ဝန်ထမ်းတွေကိုသင်တန်းခေါ်တယ်။ မဲဆောက်မှာ တက်ရမယ်ဆိုပြီးပြောတော့ အမေကလည်း ထွက်သွားရင် ဘေးကင်းတယ်လို့ ပြောပြီး ထွက်လာဖြစ်တာပါ။” လို့ ဒေါ်အိမွန်မိုးက ရှင်းပြတယ်။
တစ်ဦးတည်းသော မိဘတာဝန်ကိုယူထားရတဲ့ ဒေါ်အိမွန်မိုးဟာ မရေရာသေးတဲ့အခြေအနေတွေကြောင့် သမီးဖြစ်သူကို ချန် ထားခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့ကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲက စတင်ထွက်ခွာလာခဲ့ပါတယ်။
သူတစ်ခါမှ မရောက်ဖူးတဲ့ခရီး၊ တစ်ကြိမ်မှ မတွေးတောဖူးတဲ့အတွေ့အကြုံဖြစ်ပြီး တစ်ကိုယ်တည်း နယ်စပ်ထွက်ခွာခရီးဟာ စိုးရိမ်မှုအပြည့်နဲ့ ရင်တထိတ်ထိတ်ခရီးဖြစ်တယ်လို့ သူက ပြောတယ်။
“မြဝတီရောက်တော့ အိမ်တစ်လုံးမှာ အိပ်ရတယ်။ တညလုံးအိပ်မပျော်ဘူး။ နောက်နေ့လာကြိုမယ့်သူကလည်း ကိုယ်မမြင် ဖူး ဘူး။ ဖုန်းနံပတ်တစ်လုံးပဲရှိတယ်။ ဖြစ်ချင်တော့ ပေးထားတဲ့ဖုန်းနံပတ်က မှားနေသေးတယ်။”လို့ အတိတ်က စိုးထိတ်ခဲ့ရတဲ့ အကြောင်းကို အခုတော့ ရယ်ရယ်မောမောနဲ့ ပြောပြတယ်။
ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့နဲ့ မဲဆောက်မြို့ကြားက သောင်ရင်းမြစ်ကို လှေနဲ့ကူးခဲ့ရပြီး ထိုင်းနိုင်ငံထဲကို သံဆူးကြိုးတွေ ကြားက တိုးဝင်ခဲ့ရတဲ့ဒေါ်အိမွန်မိုးက “မဲဆောက်ဘက်ကမ်းရောက်တော့ ဈေးထဲဝင်ပြီး ဈေးဝယ်ချင်ဟန်ဆောင်နေရတာ၊ ချိတ်ပေးတဲ့လူက ဖုန်းထဲကနေပြောတယ်။ ရပ်မနေနဲ့ လမ်းပဲလျှောက်နေတဲ့။ လာကြိုမယ့်သူက အင်္ကျီ ဘာအရောင် ဝတ်ထား တယ်။ အဲ့နောက်က လိုက်သွားဆိုပြီး ဘယ်သူမှန်းမသိတဲ့ လူနောက်ကိုလိုက်သွားရတယ်။ အဲလိုနဲ့အိမ်တစ်လုံးထဲကို ရောက် သွားတယ်။ ကိုယ်အပါအဝင် သုံးယောက် အဲအိမ်ရဲ့ မီးဖိုချောင်ကျဉ်းကျဉ်းလေးထဲမှာ မတ်တပ်ရပ်နေခဲ့ရတယ်။” လို့ လျှို့ဝှက် သည်းဖို ဇာတ်လမ်းထဲကလို လုပ်ခဲ့ရတဲ့ အကြောင်းကို ပြောပြတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ခွဲက အတွေ့အကြုံကို ပြန်ပြောပြနေတဲ့ သူ့အသံအနိမ့်အမြင့်၊ အတက်အကျဟာ သူဘယ်လောက် စိတ် လှုပ်ရှားခဲ့ရတဲ့အကြောင်းကို ဖော်ြပနေသလိုပါပဲ။
“ခဏနေတော့ အိမ်ရှင်က ကျမကို ထိုင်းနဲ့တူလို့ဆိုပြီးအရင်ခေါ်တယ်။ အိမ်ရှင်အဒေါ်ကြီးကလေဖြတ်နေတယ်။ သူ့ဘေးနားမှာ နေခိုင်းတယ်။ တကယ်လို့ ရဲလာရင် နင့်ကို ငါ့အနှိပ်သယ်လို့ ပြောမယ်တဲ့။” လို့ သူက ဆက်ပြောတယ်။
အဲဒီနောက်မှာတော့ ဆိုင်ကယ်နဲ့လာကြိုတဲ့ အမျိုးသမီးငယ်တစ်ယောက်နောက်က လိုက်ခဲ့ရတယ်။ လမ်းမှာ ရဲနဲ့တိုးမှာစိုးတဲ့ မိန်းကလေးဟာ ဆိုင်ကယ်ကို အရှိန်အကုန်မောင်းခဲ့ပြီး လမ်းမှာဆိုင်ကယ်မှောက်တဲ့ အတွေ့အကြုံက မအိမွန်မိုးကို မဲဆောက် မြို့က ပထမဆုံးကြိုဆိုလိုက်တဲ့ အတွေ့အကြုံပါပဲ။
“ဖြည်းဖြည်းမောင်းပေးပါ။ ရဲနဲ့တွေ့လို့ဖမ်းခံရလည်းငါဖမ်းခံပါ့မယ်။ ဟိုဘက်ကမ်းပြန်ပို့လည်း ငါပြန်ပါ့မယ်လို့ တောင်းပန် ရ တယ်။ အရမ်းကြောက်သွားတာ။ ကိုယ့်ကိုယ်ကိုဒီနေရာက ငါ့သင်္ချိုင်းပဲဖြစ်မယ်လို့တောင်တွေးမိတဲ့အထိ ခံစားလိုက်ရတယ်။” လို့ သူက ပြောပါတယ်။
သူတစ်ခါမှ မရောက်ဖူးတဲ့ မဲဆောက်မြို့လယ်က ဟိုတယ်တစ်ခုရှေ့မှာ ချပေးခဲ့ပြီး ဘာမှ မေးချိန်မရလိုက်ခင်မှာပဲ ဆိုင်ကယ် ကယ်ရီ မိန်းကလေးက အတင်းမောင်းထွက်သွားပါတော့တယ်။ ထိုင်းဖုန်းကဒ်လည်း မရှိသေးတဲ့အတွက် မဲဆောက်ရောက်ရင် ဆက်သွယ်ရမယ့်နံပတ်ကို မဆက်နိုင်ခဲ့၊ အထဲလည်းမဝင်ရဲဘဲ ဟိုတယ်ရှေ့မှာအချိန်ကြာမြင့်စွာ ခေါက်တုန့်ခေါက်ပြန် လျှောက် နေခဲ့ရတယ်လို့ မအိမွန်မိုးက ပြောပြတယ်။
“ရဲဖမ်းခံရမယ်ဆိုရင်တောင် အဲ့အချိန်မှာ တကယ်အဖမ်းခံရမယ့်ကိန်း။” လို့ သူက ပြောပြတယ်။
ဟိုတယ်ရှေ့မှာ အချိန်အကြာကြီး လမ်းလျှောက်နေရင်း ရုတ်တရက် ဟိုတယ်ဝန်ထမ်းတစ်ယောက်ရဲ့ မြန်မာစကားပြောသံကို ကြားလိုက်ရတဲ့အချိန်မှာ မအိမွန်မိုးတယောက် ဟိုတယ်ထဲကို ဝင်ဖို့သတ္တိရှိလာပြီး သူတွေ့ရမယ့်သူရဲ့နာမည်ကို ပြောပြ လိုက် တယ်။ ဟိုတယ်ဝန်ထမ်းက အခန်းနံပတ်ပြောပြီး “အစ်မ တက်သွားလို့ရတယ်။” လို့ ပြောပြီးတဲ့နောက် သူတွေ့ရမယ့် သူရဲ့ အခန်းဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတော့တယ်။
ခရီးတလျှောက်လုံး တကိုယ်တည်းအားတင်းလာခဲ့တဲ့ မအိမွန်မိုးဟာ သူ့ကိုစောင့်ကြိုနေသူရဲ့ ရှေ့မှာ “အားရပါးရ ငိုချပစ် လိုက် တာ ပြန်တွေးရင် အားတောင်နာမိတယ်။” လို့ သူက ပြောပြတယ်။
သူဟာ NUG အစိုးရ၊ အလုပ်သမားရေးရာ ဝန်ကြီးဌာနကဖွင့်တဲ့ စက်ချုပ်သင်တန်းကို တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ ဒီဇိုင် နာရဲ့ အထည်ချုပ်လုပ်ငန်းမှာ ဆက်လက်လုပ်ကိုင်ခဲ့တာ ဒီနေ့အထိပဲဖြစ်ပါတယ်။
အစိုးရဝန်ထမ်းဘဝမှာ ကွန်ပြူတာကိုင်ပြီး အလုပ်လုပ်ခဲ့ရကာ အခုလက်ရှိမှာ သူ့အတတ်ပညာနဲ့မသက်ဆိုင်တဲ့ စက်ချုပ် လုပ်ငန်းကို လုပ်ကိုင်နေရပေမယ့် Non CDM ပြန်လုပ်ဖို့ ဘယ်တုန်းကမှ အတွေးမဝင်ခဲ့ဘူးလို့ ဆိုပါတယ်။
“အခက်အခဲဆိုတာ နေရာတိုင်းမှာရှိတယ်။ စီဒီအမ်လုပ်မှမဟုတ်ဘူး။ ကျမကတော့ စီဒီအမ်လုပ်ခဲ့ရတာကို လိပ်ပြာလုံတယ်။ စိတ်ရှင်းတယ်။ ရုံးကလူတွေက ကျမကိုရောဂါတစ်ဖက်၊ သမီးလေးတစ်ဖက်နဲ့မို့ ပြန်လာမှာပါလို့ ထင်ကြတယ်။ ကျမ ဘယ် တော့မှ ပြန်မလုပ်ဘူး။” လို့ မအိမွန်မိုးက ပြတ်ပြတ်သားသား ပြောပြတယ်။
အခုလက်ရှိမှာ စီဒီအမ်ထောက်ပံ့မှုအနေနဲ့ လစဉ် NUG ရိက္ခာအဖြစ် ဆန်နဲ့ ဆီရရှိနေပြီး မလုံလောက်ပေမယ့် အတူနေ စီဒီအမ် ဝန်ထမ်းအချင်းချင်း အတူချက်ပြုတ် မျှဝေစားသောက်တဲ့အတွက် အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။
“ရုံးမတက်နဲ့၊ ရုံးထွက်၊ အိမ်မှာနေပါ ဇိမ်နဲ့ဇိမ်နဲ့လို့ စီဒီအမ်တွေကို အားပေးခဲ့ကြတဲ့အတွက် အားရှိခဲ့တယ်။ အခုချိန်မှာ ပြည်သူ ဆီက ပံ့ပိုးမှုမရပေမယ့်၊ ကိုယ်ပိုင်ခံယူချက်နဲ့ ဆုံးဖြတ်ရွေးချယ်ခဲ့တဲ့လမ်းမို့လို့ ပြည်သူ့အပေါ် အပြစ်မမြင်ဘူး။ တဝမ်းတခါး ကတော့ ဘယ်မှာနေနေ ရှာစားရမှာပဲလေ။” လို့ မအိမွန်မိုးက သူ့ခံယူချက်ကို ပြောပြတယ်။
ဒါ့အပြင် သူအလုပ်လုပ်နေတဲ့ အလုပ်ရှင်ကလည်း နေထိုင်စရာနေရာနဲ့ စားသောက်စရာ ဟင်းတွေ စီစဉ်ပေးထားတဲ့အတွက် သူစက်ချုပ်လို့ရတဲ့ လုပ်အားခက တကိုယ်ရေတကာယသမား သူ့အတွက် သုံးစွဲဖို့ရာ အဆင်ပြေတယ်လို့ ပြောပါတယ်။
သူ့ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်အခြေအနေတွေကို ခြောက်လတစ်ကြိမ်စစ်ဆေးရမယ့် ကုန်ကျစရိတ်အတွက်ရော၊ ရွှေ့ ပြောင်းသွားလာချိန်မှာ ဆေးမှတ်တမ်းတွေ ပျောက်ဆုံးသွားတဲ့အတွက်ရော ဆေးမစစ်ရတာ နှစ်နှစ်ကျော်ခဲ့ပါပြီ။
ဒါ့အပြင် အင်တာနက်ခေတ်ဖြစ်တဲ့အတွက် မိသားစုနဲ့ရုပ်သံကနေ စကားပြောရတိုင်း အမေနဲ့အတူတူနေချင်တဲ့ သမီးဖြစ်သူရဲ့ ငိုကြွေးသံက မအိမွန်မိုးအတွက် စိတ်ထိခိုက်ရတယ်လို့ သူက ပြောပြပါတယ်။
ဒီအချိန်မှာ သူ့အတွက် မျှော်လင့်ချက်က အလုပ်လုပ်ပြီး ငွေကြေးစုဆောင်းလို့ရတဲ့အခါ စိတ်ရှင်းအောင် ဆေးစစ်ကြည့်ချင် တာရယ်၊ မြန်မာြပည်မှာ ချန်ထားခဲ့ရတဲ့ ကျောင်းသူစီဒီအမ်တစ်ဦးဖြစ်တဲ့ သမီးလေးကို သူ့ဆီအရောက်ခေါ်ချင်တဲ့ဆန္ဒရယ်က ဦးစားပေးဖြစ်နေတာက သူ့ပြောစကားတွေမှာ ပေါ်လွင်နေပါတယ်။
မအိမွန်မိုးဟာ သူကျောခိုင်းခဲ့တဲ့ အာဏာရှင်စနစ်အောက်က ဝန်ထမ်းဘဝကို ဘယ်တော့မှ ပြန်သွားမှာမဟုတ်သလို၊ ပြည်သူ့ အောင်ပွဲရတဲ့တစ်နေ့မှာလည်း အစိုးရဝန်ထမ်း ပြန်လုပ်ဦးမလားဆိုတဲ့ အမေးအတွက် တိကျတဲ့အဖြေတစ်ခု မရှိပါဘူး။
အခုလက်ရှိမှာ သမီးဖြစ်သူကို အတူခေါ်ထားနိုင်ရန် ကြိုးစားနေပြီး အသက်မွေးဝမ်းကျောင်းပညာထက်၊ ကျောင်းပညာရေးကို ပိုအားသန်တဲ့သမီးငယ်ကို သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်အောင် ကူညီပေးပြီး သွားတဲ့အခါ နိုင်ငံပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး အလုပ်လုပ်တော့မယ်လို့ သူက ဆုံးဖြတ်ထားပါတယ်။
“ မြန်မာပြည်ပြန်ကောင်းရင်း ပြန်ဝင်မယ်။ ဘဝတလျှောက်လုံး ဝန်ထမ်းဘဝနဲ့ အေးအေးလူလူအလုပ်လုပ်ခဲ့ပြီး တခြား ပြင်ပ ဘဝတွေကို မမြင်တတ်ခဲ့ဘူး။ အခုမှတွေ့မိပြီးနောင်တရတယ်။ ကလေးသူငယ်နဲ့အမျိုးသမီးရေးကိစ္စ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ပါချင်တယ်။ အရင်ကထက် ပိုကြိုးစားမယ်။” လို့ သူက ဆိုပါတယ်။
- ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ထောင်တွင်းကနိုင်ကျဉ်းအမျိုးသမီးတွေ - 05/11/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 04/11/2024
- ထောင်တွင်းငရဲခန်းကို ဖြတ်ကျော်လွတ်မြောက်လာသူ ပန်းချီဆရာမ - 30/10/2024