ဆိုဖီ
“ ကျမတို့ရဲ့ အိမ်ကိုကြည့်ကြပါအုံး။ လုပ်ရက်လိုက်ကြတာ။ဘာမှမရှိတော့ဘူး” လို့ ဆိုပြီး ပါ့ဆိုင်စိန်တစ်ယောက် ရှမ်းဘာသာနဲ့ ပြောဆိုကာ အော်ငိုနေပါတယ်။
အသက် ၅၀ အရွယ်ရှိ ပါ့ဆိုင်စိန်ဟာ လက်နက်ကြီးဒဏ်ရာဒဏ်ချက်နဲ့ ပျက်စီးသွားတဲ့ အာစီနှစ်ထပ်တိုက်ရှေ့ကို ရောက် သွားချိန် ခြေမကိုင်မိလက်မကိုင်မိဘဲ ဆုံးရှုံးမှုကြောင့် ဝမ်းနည်းစိတ်ဖြင့် ချုံးချုံးချ အော်ငိုလိုက်ပါတယ်။
သူရဲ့နေအိမ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင်း အောင်ချမ်းသာရပ်ကွက်ထဲမှာ တည်ရှိပြီး စစ်ကောင်စီနဲ့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ရဲ့တိုက်ပွဲကြား၊ နိုဝင်ဘာလဆန်းပိုင်းမှာ စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့ပါတယ်။
နိုဝင်ဘာလဆန်းပိုင်း မှာ စစ်ကောင်စီ နဲ့ TNLA တို့ကြား ပြင်းထန်တဲ့တိုက်ပွဲကြောင့် ပါ့ဆိုင်စိန်တို့ မိသားစုဟာ နမ့်ခမ်းမြို့ ကနေ ထွက်ပြေးရပြီး ရွှေလီမြစ်ဘေး ရှမ်းရွာ (၁၉)ရွာ ရှိ ဆွေမျိုးအိမ်မှာ သွားရောက်ခိုလှုံ နေထိုင်နေရပါတယ်။
ညီနောင်မဟာမိတ် သုံးဖွဲ့ဟာ “၁၀၂၇ စစ်ဆင်ရေး” ဆိုတဲ့ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ကို အမြစ်ဖြုတ်ချေမှုန်းဖို့ ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ လောက်ကိုင်မြို့၊ သိန္နီမြို့တွင် စစ်ဆင်ရေး စတင်ခဲ့ရာ နိုဝင်ဘာလဆန်းပိုင်းမှာတော့ နမ့်ခမ်းမြို့သိမ်းတိုက်ပွဲ စတင်လာခဲ့ပါတယ်။
“ ကျမတို့ စစ်စဖြစ်ကတည်းထွက်ပြေးလာကြတာ။ ရွှေလီမြစ်ဘေးရှမ်းရွာက အမျိုးအိမ်မှာနေနေကြတာ။ ထွက်လာတုန်းက အရေးကြီးတဲ့ ပစ္စည်းတွေ စာရွက်စာတမ်းတွေလောက်ပဲယူလာတယ်။” လို့ စစ်ရှောင်လာချိန်အခြေအနေကို ပါ့ဆိုင်စိန် တစ် ယောက် ပြန်ပြောပြပါတယ်။
နမ့်ခမ်းမြို့ကို TNLA ဦးဆောင်တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ဟာ နိုဝင်ဘာလဆန်းပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ ကာ နိုဝင်ဘာ ၁၀ ရက်ကစပြီး စစ်ကောင်စီက လေကြောင်းကိုအသုံးပြုပြီး ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ စတင်လာပါတယ်။
“ ကျမရဲ့အိမ်ဆိုရင် လက်နက်ကြီးဒဏ်ရာဒဏ်ချက်တွေနဲ့ အိမ်တစ်ခုလုံး ရစရာမှရှိအောင် ပျက်စီးနေပါတယ်။ ကျမတို့ရဲ့ အိမ်ဘေးပတ်လည်လည်း တော်တော်ပျက်စီးသွားတယ်။ မရှိမဲ့ ချွေးနည်းစာ စုပြီးဆောက်ထားတာလေ။” လို့ ပါ့ဆိုင်စိန်က ရှမ်းဘာသာနဲ့ ပြောလာပါတယ်။
ဒီဇင်ဘာ ၁၉ရက် မှာ TNLA တပ်ဖွဲ့တို့ တစ်လကျော်ကြာ တိုက်ခိုက်နေတဲ့ နမ့်ခမ်းမြို့နဲ့ သုံးမိုင်ခန့်ဝေးကွာတဲ့ စစ်ကောင်စီရဲ့ စခန်းသစ်ကုန် တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ထိုစစ်ရေးအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် အကြိမ်ရေ ၃၆၀ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ နေအိမ် အလုံး ၁၀၀နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း TNLA က ဒီဇင်ဘာလလယ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲ့နေအိမ် အလုံး ၁၀၀ နီးပါး ပျက်စီးဆုံးရှုံးတဲ့ထဲမှာ ပါ့ဆိုင်စိန်တို့ နေအိမ်လည်း အပါအဝင်ဖြစ်ပါတယ်။ TNLA က နမ့်ခမ်းမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ပြီးနောက်ပိုင်း တိုက်ပွဲငြိမ်သက်တဲ့အချိန် ဒီဇင်ဘာ ၂၀ရက် မနက်ပိုင်းမှာ ပါ့ဆိုင်စိန်နဲ့သူ့သားဟာ နေအိမ် ကို ပြန်ကြည့်ရာ စိတ်မကောင်းစရာမြင်ကွင်းကို မြင်လာခဲ့ခြင်းဖြစ်ပါတယ်။
“ ကျမတို့ ရပ်ကွက်ကို စဝင်သွားချင်းမှာပဲ နှလုံးအောင့်ပြီး ဝမ်းနည်းသွားတယ်။ စမြင်တော့ ကျမလည်း ဘယ်လိုမှ မနေနိုင် အော်ငိုလိုက်မိတာပေါ့။ ကျမတို့ရဲ့နှစ်ပေါင်းများစွာ ရှာဖွေစုဆောင်းပြီးဆောက်ထားတဲ့တိုက်လေ။ အခုဝင်ငွေမရှိတော့ ဘယ်လို ပြန်ဆောက်မှာလဲ။ အားတောင် မရှိတော့ဘူး။” လို့ ပါ့ဆိုင်စိန်က အားပျက်တဲ့လေသံနဲ့ တိုးတိုးလေးပြောလာပါတယ်။
လက်ရှိမှာတော့ သူတို့တွေဟာ နမ့်ခမ်းမြို့နေအိမ်ပျက်စီးသွားတဲ့အတွက် နမ့်ခမ်းမြို့အနီး ရွှေလီမြစ်ဘေး ရှမ်းရွာ (၁၉)ရွာ ရှိ ဆွေမျိုးအိမ်မှာနေထိုင်ပြီး နေအိမ်ပြန်ဆောက်ရန်အတွက် တွေဝေနေပါတယ်။
နမ့်ခမ်းမြို့ကို TNLA က နိုဝင်ဘာ (၁၀) ရက် မှာ သေချာစွာ ထိန်းချုပ်နိုင်ပြီး ပြည်သူများလည်း ပုံမှန် အရောင်းအဝယ် လုပ်ကာ မြို့ထဲ စည်ကားနေပြီတယ်လို့ ပြောဆိုထုတ်ပြန်ခဲ့ပေမယ့် လက်ရှိမှာ နမ့်ခမ်းမြို့ဟာ မြို့ပျက်သဖွယ် ဖြစ်ပွားနေဆဲပါ။
၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၁၆ ခုမှာ ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ဘေး ရှောင် ဦးရေ စုစုပေါင်းတစ်သိန်းနှစ်သောင်း (၁၂၀,၀၀၀) နီးပါး ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA)က ဒီဇင်ဘာ ၁၈ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲ့ထဲမှာ မူဆယ်ခရိုင်အတွင်း ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီတိုက်ပွဲကြောင့် နမ့်ခမ်းမြို့တွင် စစ်ရှောင်သုံးထောင့် ခုနစ် ရာကျော်၊ မူဆယ်မြို့တွင် နှစ်ထောင့်နှစ်ရာကျော်နဲ့ ရွှေလီမြစ်ဘေး ရှမ်းရွာ (၁၉)ရွာတွင် သုံးထောင်သုံးရာကျော် ရှိကြောင်း စစ်ရှောင်ကူညီပေးနေသူတွေက ဆိုပါတယ်။
ညီနောင်မဟာမိတ်နဲ့ စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ဒီဇင်ဘာ ၁၁ ကနေ ဒီဇင်ဘာ ၁၃ ထိ တရုတ်ကြားဝင်စေ့စပ်ပေးမှုနဲ့ တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုအပြီးမှာတော့ နမ့်ခမ်းမြို့နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုတွေဟာ ယနေ့ အချိန်ထိ ရပ်ဆိုင်းသွားခဲ့ကြောင်း နမ့်ခမ်းဒေသခံတွေက ဆိုပါတယ်။
ဒါပေမယ့် ပြည်သူတွေကတော့ ကိုယ့်အိမ်ကို စိတ်ချလက်ချ ပြန်မနေရဲသေးသလို အများစုကတော့ လက်နက်ကြီးကြောင့် နေအိမ်တွေပျက်စီးခဲ့ရတဲ့အတွက် နေရပ်ပြန်ဖို့လဲ အလှမ်းဝေးနေပြီး နီးစပ်ရာ စစ်ရှောင်စခန်းတွေမှာသာ နေထိုင်နေရပါတယ်။
ပ့ါဆိုင်စိန်နည်းတူ နန်းရွှေအောင်တို့မိသားစုနေအိမ်လည်း နိုဝင်ဘာလကုန်ပိုင်းက စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့ ရပါသေးတယ်။
“ တိုက်ပွဲတွေ လေကြောင်းပစ်ခတ်မှုတွေငြိမ်တော့ ကျမအိမ်ကို ခဏသွားကြည့်သေးတယ်။ လက်နက်ကြီးက ကျမတို့ အိမ်ပေါ် မှာ ကျပေါက်ကွဲတယ်။ အိမ်လယ်ခေါင် တည့်တည့်မှာကျလာတော့ အားလုံးနီးပါးပျက်စီးကုန်တာပေါ့။” လို့ နန်းရွှေအောင်က ဆို့နင့်နေတဲ့အသံနဲ့ ရှမ်းလိုပြောပြလာပါတယ်။
သူတို့မိသားစုဟာ စစ်ဘေးရှောင်နေချိန်မှာဖြစ်သွားခဲ့တဲ့ နေအိမ်ကိုစစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိတဲ့အတွက် အဆိုးထဲကအကောင်းဟု နန်းရွှေအောင်က ဆိုပါတယ်။
“ ကျမတို့ မိသားစုအိမ်ကို လက်နက်ထိမှန်ပေမယ့် ကျမတို့ခန္ဓာကိုယ်ကို မထိမှန်တာ ကံကောင်းတယ်လို့ပြောရမယ်။ မဟုတ် ရင် အိမ်ရော ဆေးကုသစားရိတ်ရော မလွယ်ဘူး။ ကျမရဲ့အသိဆိုရင် အိမ်ထဲမှာနေရင်းနဲ့ ကျည်ထိသေတာတွေလည်းရှိတယ်။” လို့ စိတ်မကောင်းစွာနဲ့ သူက ထပ်လောင်းပြောပါတယ်။
နန်းရွှေအောင်တို့ရဲ့ အသိတစ်ဦးဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၆ရက် နံနက် ပိုင်းတွင် စစ်ကောင်စီရဲ့ ဂျက်လေယာဥ် ဗုံးကြဲမှုကြောင့် ခန္ဓာကိုယ်တစ်စစီဖြစ်ပြီး အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။
“ ကျမတို့ရဲ့ အသိထဲက ကောင်မလေးတစ်ယောက်ဆိုရင် သူတို့အိမ်လည်း ဗုံးကြဲခံရတဲ့ အိမ်ရောပျက် လူရောသေတယ်။ သူ့ အဖေလည်း ခြေဖြတ်လိုက်ရတယ်။ အမေကတော့ အရူးတပိုင်းလိုပဲ။ ကလေးက ငယ်လည်းငယ်နောက် မိဘကို ရှာကျွေးနေ တဲ့သူလေ။” လို့ သူက ဝမ်းနည်းစွာနဲ့ ပြောပြနေပါတယ်။
သူတို့နေအိမ်ပြန်ကြည့်ချိန်မှာ နေအိမ်တွေပျက်စီးမှုတွေရှိနေတဲ့အပြင် အထဲမှာရှိတဲ့ တန်ဖိုးကြီးတဲ့ပစ္စည်းတွေ၊ အဝတ်အစား အကောင်းတွေလည်း အခိုးခံရကြောင်း ဒီဇင်ဘာ ၂၃ရက်မှာ နေအိမ်ပြန်ကြည့်တဲ့ နန်းရွှေအောင်က မြင်တွေ့ခဲ့တာကို ပြန်ပြော ပါတယ်။
“ ကျမ ရပ်ကွက်ထဲရောက်သွားချိန်မှာ အပျက်အစီးတွေပဲ။ မြို့ပျက်တစ်ခုလိုပါပဲ။ အိမ်ကိုတော့ ဘယ်တော့ပြန် တည်ဆောက် နိုင်မယ်မသိပေမယ့် အသက်ရှင်သန်ဖို့တော့ ပြေးလွှားရဦးမယ်။” လို့ နန်းရွှေအောင်က ရှမ်းလို တီးတိုးရွတ်လိုက်ပါတယ်။
လက်ရှိနန်းရွှေအောင်တို့ဟာ မူဆယ်မြို့အတွင်းသို့ လာရောက်ခိုလှုံနေရပြီး၊ စုဆောင်းထားတဲ့ငွေတွေနဲ့ပဲ သုံးစွဲနေရပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” နှစ်လအတွင်း ညီနောင်မဟာမိတ်နဲ့ စစ်ကောင်စီတိုက်ပွဲကြောင့် နမ့်ခမ်းမြို့အတွင်း အရပ်သားသေဆုံးသူ ၁၇ဦးရှိကာ အမျိုးသမီးနဲ့ကလေးငယ် ၁၀ ဦးပါဝင်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၆ ဦးရှိကြောင်း မြေပြင်စာရင်းကောက်ယူ နေတဲ့သူတွေက ဆိုပါတယ်။
“၁၀၂၇ စစ်ဆင်ရေး”မှာ သေဆုံးဒဏ်ရာရတဲ့ စာရင်းတွေ၊ စစ်ဘေးရှောင်စာရင်းတွေမှာ အမျိုးသမီး၊ကလေးနဲ့ သက်ကြီးရွယ် အိုတွေ အများဆုံးဖြစ်ကြောင်းနဲ့ ဒါ့အပြင် လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေမှာလည်း အမျိုးသမီးနဲ့ကလေး ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေများကြောင်း တအာင်း (ပလောင်)အမျိုးသမီးအဖွဲ့ (TWO )မှ တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။
“ စစ်ကောင်စီက လေကြောင်းနဲ့ရမ်းသမ်းပစ်တာတွေကြောင့် အခုလိုလူထိခိုက်သေဆုံးမှုများတာပါ။ ကျမတို့အနေနဲ့ ပြောချင် တာက လူထုကိုဦးတည်တဲ့ ပစ်ခတ်မှုတွေမလုပ်ဖို့၊ လူထုနဲ့နီးကပ်တဲ့နေရာမျိုးမှာ လူထုမသိတဲ့အချိန် တိုက်ပွဲတွေ ဖော်ဆောင် တာမျိုးကို မလုပ်ဖို့။” လို့ TWO မှ တာဝန်ရှိသူတစ်ဦးက တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (ဒါမှမဟုတ်) တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲဖော်ဆောင်တော့ မယ့် အနေအထားမျိုးမှာ ပြည်သူတွေရှောင်ရှားနိုင်ဖို့ ကြိုတင် အသိပေးဖို့ လိုအပ်ကြောင်းနဲ့ အခုအနေအထားအရ တိုက်ပွဲဟာ ရက်ရှည်ဆက်ရှိလာကြောင်း TWO က တာဝန်ရှိသူက ဆက်ပြောပါတယ်။
“ ရှမ်းပြည်မြောက်ပိုင်းရဲ့တိုက်ပွဲဟာ ရက်ရှည်ကြာနိုင်တဲ့အလားအလာရှိပါတယ်။ လမ်းကြောင်းတွေ ပြတ်တောက်ထားတဲ့ အတွက် စစ်ရှောင်တွေ အစာရေစာပြတ်တောက်လာနိုင်တယ်။” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
လက်တလောအခြေအနေအရ အမျိုးသမီးအတွက် တက်ကြွဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေဟာ အမျိုးသမီး မိခင်နဲ့ကလေး ကျန်းမာရေးဝန်ဆောင်မှုဆိုရင် လုံးဝရပ်တန့်နေတဲ့ အနေအထားမျိုးဖြစ်နေကြောင်းနဲ့ စစ်ရှောင်အမျိုးသမီးတွေအတွက် အသိ ပညာပေးမှုတွေလည်း မပြုလုပ်နိုင်ကြောင်း TWO က ဆိုပြန်ပါတယ်။
စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့အတွက် တော်လှန်ရေးဝင်နေတဲ့တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အနေနဲ့ ပြည်သူတွေ ရှိတဲ့နေရာ ပြည်သူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မဖျက်ဆီးဖို့နဲ့ ပြည်သူနဲ့အလှမ်းဝေးတဲ့နေရာမှာ တိုက်ပွဲဖြစ်ဖို့အတွက် ပါ့ဆိုင်စိန်က တောင်းဆိုလိုက်ပါတယ်။
လက်နက်ကြီးကျည်ကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေ၊ ဗုံးဒဏ်ကြောင့် နေအိမ်ပြာကျတဲ့ပြည်သူတွေအနေနဲ့ စစ်ရေး ပဋိပက္ခ ပြီးဆုံးပြီး တော်လှန်ရေးအောင်မြင်တဲ့တစ်ရက် အိမ်ပြန်ဖို့ မျှော်လင့်နေတယ်လို့ သူက ပြောပါတယ်။
“ကျမ ပြောချင်တာက တိုက်ပွဲတွေ ရပ်ပေးစေချင်ပါတယ်။ အခုဖြစ်နေတာကလည်း မြို့ပေါ်ပျက်စီးမှုတွေကလည်း များနေပြီ။ ပြည်သူတွေအထိနာဆုံးပါပဲ။ မြန်မြန် အေးချမ်းချင်တယ်” လို့ ပါ့ဆိုင်စိန်က ပြောဆိုလိုက်ပါတယ်။
- ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ထောင်တွင်းကနိုင်ကျဉ်းအမျိုးသမီးတွေ - 05/11/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 04/11/2024
- ထောင်တွင်းငရဲခန်းကို ဖြတ်ကျော်လွတ်မြောက်လာသူ ပန်းချီဆရာမ - 30/10/2024