Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

  • မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီ ထောင်တစ်သက်တစ်ကျွန်းချ

ဆုရမှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ ခုနဲ့ စစ်ခုံရုံးက ဇန်နဝါရီ ၁၀ ရက် မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှိ မြောက်ဥက္ကာလာပမြို့နယ် စစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည၊ ၅၄ ဃ တို့နဲ့ အမိန့်ချမှတ်လိုက်တာဖြစ်တယ်။

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ မှတ်တမ်းရုပ်ရှင်ဆုများရရှိထားတဲ့ရှင်ဒေဝီဟာ မြောက်ဥက္ကလာမှာ အွန်လိုင်းမှ မှာယူထား တဲ့ရိုက်ကူးရေးသုံးဒရုန်းသွားရောက်ယူစဉ် အောက်တိုဘာ ၁၅ ရက်မှာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ တစ်ပတ်ကြာ ရိုက် နှက်စစ်ဆေးခံခဲ့ရတယ်လို့ သိရပါတယ်။

Source – Myanmar Now

  • ထိုင်းရောက်မြန်မာအလုပ်သမား အမျိုးသမီး ဦးအပါအဝင် ၁၇ ဦး လစာမရဘဲ အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့က STW ကုန်ပစ္စည်းထုတ်ပိုးစက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား ၁၇ ဦး ဟာ လုပ်အားခမရရှိဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရပါတယ်။

 ဒီအလုပ်သမားတွေဟာ မြန်မာနိုင်ငံက Diamond Power ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုပြီး ၂ဝ၂၃ ဧပြီလမှာထိုင်းနိုင်ငံကိုရောက် လာတဲ့သူတွေပါ။ သူတို့တွေဟာ လုပ်အားခမရဘဲ အလုပ်ထုတ်ခံလိုက်ရတာဖြစ်သလို ဘိုင်ကျံ့အော်လို့ ခေါ်တဲ့ အလုပ် ပြောင်းစာလဲ မရှိတဲ့အတွက် နောက်ထပ်အလုပ်သစ်ရှာဖို့ အခက်အခဲဖြစ်နေကြပါတယ်။

ဒီအလုပ်သမားတွေဟာ အလုပ်ရှင်ဆီက လစာ တစ်ဦးကို ဘတ် တစ်သောင်း နှစ်ထောင်စီ ရဖို့ရှိတယ်လို့ ဆိုပါတယ်။ သူတို့တွေကို အခုလို လုပ်အားခမပေးတဲ့အတွက် အလုပ်ရှင်ကို အမှုဖွင့်တိုင်ကြားဖို့ ဘန်ကောက်မြို့အခြေစိုက် မြန်မာအလုပ် သမားများကူညီစောင့်ရှောက်ရေးအဖွဲ့ Woker assistance Group for Myanmar (WAG) WAG အဖွဲ့ကို အကူအညီ တောင်းခံထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေးအခက်အခဲတွေကြောင့် ထိုင်းနိုင်ငံကို အလုပ်လာလုပ်ကြတဲ့ မြန်မာနိုင်ငံသား ၆ သန်း နီးပါး ရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။ အဲဒီထဲမှာ MOU စာချုပ်နဲ့ထွက်လာကြတဲ့ မြန်မာ အလုပ်သမား သုံးသန်းကျော်ရှိနေပြီး အများစုဟာ စာချုပ်ချုပ်ဆိုစဉ်ကအတိုင်း အလုပ်မရကြဘဲ အခုလို ဒုက္ခရောက်ကြရသူ တွေလည်း အများအပြားရှိနေကြတာဖြစ်တယ်။

Source – RFA

  • မတ္တရာမှာ စစ်တပ်က ဖမ်းသွားတဲ့အမျိုးသမီး ပါးတခြမ်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးလျက်ပြန်တွေ့

မတ္တရာမြို့နယ်အနောက်ခြမ်းကို ဇန်နဝါရီ ၉ ရက်က စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်တပ်ဟာ အလည် ရွာမှ အသက် ၅၀ အရွယ်ဒေါ်မူကို ဖမ်းဆီးသွားခဲ့ရာ ၃ ရက်ကြာပြီးနောက် ပါးတခြမ်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံး လျက်ပြန်တွေ့ ခဲ့ရပါတယ်။

ဒေါ်မူကို ဖမ်းဆီးသွားပြီး ၃ ရက်အကြာမှာ အလည်ရွာရဲ့ အနောက်ဘက်က အောက်ကင်းကျေးရွာရဲ့ ကိုင်းတောထဲမှာ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်။

မတ္တရာမြို့နယ်အတွင်းမှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒေသခံတွေကို အကြောင်းမဲ့ သတ်ဖြတ်တာတွေကြောင့် ယခုနှစ် ဇန်နဝါရီ ၁၀ ရက် အတွင်း အမျိုးသမီး ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့သလို အသက် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၆ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာတွေရရှိခဲ့ပါတယ်။

Source – မြေလတ်အသံ

  • ဝန်းသိုမှာ သေဆုံးနေတဲ့အမျိုးသမီး ဦးအပါအဝင် ၁၉ ဦးရဲ့ရုပ်အလောင်းများတွေ့ရှိ

စစ်ကိုင်းတိုင်းက ကောလင်း-ဝန်းသို-ပင်လည်ဘူးလမ်းဆုံနား ဒေသအ‌ခေါ် ကျောက်စိမ်းဘုရားအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ရုပ်အလောင်း ၁၉ လောင်းထက်မနည်းကို ဇန်နဝါရီ ၇ ရက်မှာ တွေ့ရှိခဲ့တယ်လို့ ကောလင်းကာကွယ်ရေး တပ်ဖွဲ့ (PDF)မှ ထုတ်ပြန်လာပါတယ်။

သေဆုံးတဲ့လူတွေထဲမှာ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်ပြီး သူတို့တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်က ဖမ်းဆီး ခံရတဲ့စပါးကုန်သည်တွေနဲ့ ကားသမားအချို့ ပါဝင်နေတာဖြစ်တယ်။

သေဆုံးတဲ့သူတွေက ရင်ဘတ်နဲ့ဦးခေါင်းတို့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပြီး အဲဒီနေရာအနီးတဝိုက်မှာ စစ်တပ် ပိုင် ကာကွယ်‌ရေးပစ္စည်းစက်ရုံကထုတ်တဲ့ ၅.၅၆ အမျိုးအစား ကျည်ခွံတွေ တွေ့ရှိတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ကောလင်း PDF မှ ထုတ်ပြန်လာတဲ့ဓာတ်ပုံတွေအရ သေဆုံးခဲ့တဲ့သူတွေဟာ ခြေကျင်းဝတ်တွေချည်နှောင်ခံထားရပြီး လက် ပြန်ကြိုးတုပ်ခံထားရတဲ့အနေအထားတွေနဲ့ သေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။

Source – BBC

  • ကျိုက်ထိုမြို့ အင်းဝဘဏ်ပစ်ခတ်မှုမှာ အရပ်သားအမျိုးသမီးတစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိအင်းဝဘဏ်မှာ လုံခြုံရေးယူထားတဲ့ပြည်သူ့စစ်တဦးကို တော်လှန်ရေးရဲဘော်တွေက လာ ရောက်ပစ်တာကို ခုခံပြန်ပစ်တာကြောင့် လမ်းတဖက်ရှိ နေအိမ်တွင်းက အမျိုးသမီးတစ်ဦးရဲ့ပေါင်ကို ကျည်ထိမှန်ခဲ့ရပါ တယ်။

ဇန်နဝါရီလ ၁၂ ရက်က ပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့တဲ့အမျိုးသမီးဟာ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ပစ်ခတ်မှုအပြီးမှာ စစ်သားတွေက အနီးပတ်ဝန်းကျင်မှ ဒေသခံတွေကို စစ်ဆေးမေးမြန်းတာတွေလုပ်ကာ မြို့ပေါ် ရပ်ကွက် လမ်းတွေမှာ ကင်းလှည့်ခဲ့တယ်လို့ သိရပါတယ်။

Source – Mizzima 

  • ကန့်ဘလူမှာ စစ်ကြောင်းလာထိုးတဲ့စစ်တပ်က သက်ကြီးအမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်က အသက် ၆၅ နှစ်အရွယ် ဒေါ်ကြည်ဌေးနဲ့ ၃၅ နှစ်အရွယ် ကိုကုလားကို ရက်ရက်စက်စက်သတ်ဖြတ်သွားပါတယ်။

ရွာထဲ စစ်သားတွေဝင်ရောက်လာချိန်မှာ တခြားဒေသခံတွေနဲ့အတူ ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ဒေါ်ကြည်ဌေးကို သတ် ဖြတ် ခဲ့သလို ကိုကုလားကတော့ စစ်သားတွေထွက်သွားပြီအထင်နဲ့ မီးရှို့ခံထားရတဲ့တဲတွေကို မီးငြိမ်းဖို့သွားရာက သတ်ဖြတ်ခံရ တာဖြစ်တယ်။

ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီကမကြာခဏ စစ်ကြောင်းထိုးလေ့ ရှိသလို ၆၀၀၆ တပ်ရင်းထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာတွေထဲ ကျရောက်ပေါက်ကွဲပြီး လူ ထိခိုက်သေဆုံးမှုနဲ့ နေအိမ်၊အဆောက်အအုံပျက်စီးမှုတွေလည်းကြုံနေကြရတာပါ။

Source – Delta News Agency   

  • ဝမ်းတွင်းမှာ ယက္ကန်းရုံအလုပ်သမားက တူနဲ့ထုသတ်လို့ ပိုင်ရှင်အမျိုးသမီး လောင်းပြိုင်သေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့၊ အမှတ် ၃ ဗဟိုရပ်ကွက်က ယက္ကန်းရုံမှာ ပိုင်ရှင်အမျိုးသမီး ၄ ဦးကို အလုပ်သမားဖြစ်သူက တူနဲ့ ထုသတ်လို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ငွေကြေးကိစ္စစကားများရာမှ အသက် ၃၀ ကျော်အရွယ် အလုပ်သမားဖြစ်သူက ဇန်နဝါရီ ၁၁ ရက် မနေ့ မနက် ၂ နာရီ ကျော်က ယက္ကန်းရုံထဲမှာ ပိုင်ရှင်အမျိုးသမီး ၄ ဦးကို ဝင်ရောက်သတ်ဖြတ်ခဲ့တာဖြစ်တယ်။

သေဆုံးသူတွေဟာ ပိုင်ရှင်ဖြစ်သူ ဒေါ်မြသွေး ၆၈ နှစ်၊ မိသားစုဝင်တွေဖြစ်တဲ့ ဒေါ်ကြည် ၇၈ နှစ်၊ ဒေါ်စန္ဒာ ၅၃ နှစ်နဲ့ အလုပ် သမ မဇင်ဇင်အေး ၃၈ နှစ်မှာ ဦးခေါင်းနဲ့ကိုယ်ခန္ဓာမှာ ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ကျူးလွန်သူဟာ သတ်ဖြတ်ပြီးနောက် ရဲစခန်းကို ဖုန်းဆက်ပြီး သူသတ်ခဲ့တာဟုတ်မှန်ကြောင်း ဝန်ခံခဲ့တာဖြစ်တယ်။

Source – မြေလတ်အသံ

  • နမ့်ဆန်မှာ ဗုံးကြဲခံရတာကြောင့် အမျိုးသမီး ဦးအပါအဝင် အရပ်သား ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့၊ မြို့သစ်ရွာမှာ ဇန်နဝါရီ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လေ ကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရပါတယ်။

နမ့်ဆန်မြို့ပေါ်နဲ့ မြို့အနီးကျေးရွာတွေတဝိုက်ကို TNLA က ထိန်းချုပ်နေချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်သွားတာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတဲ့အထဲမှာ တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC) ကျောင်းဆရာတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုလေကြောင်းတိုက်ခိုက်ခံရမှုဟာ မြို့သစ်ရွာအတွက် ဒုတိယအကြိမ်ကြုံရတာဖြစ်ပြီး ပထမတစ်ကြိမ်ကလည်း အမျိုး သမီး ၁ ဦးသေဆုံးပြီး ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၈ ရက်(တရက်ထဲ) လားရှိုးနဲ့ နမ့်ဆန်မြို့တို့က အရပ်သား ၉ ဦးသေဆုံးပြီး နောက်ထပ် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်း အပါအဝင် ဒေသခံနေအိမ် ၃၀ နီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

Source – BBC

  • ခင်ဦးမှာ ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် အရပ်သားလေးဦးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းက ဒေသခံကိုယ်ဝန်ဆောင်တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး အပါအဝင် အရပ်သား ၄ ဦးကို သတ်ဖြတ်ခဲ့တာဖြစ်တယ်။

သတ်ဖြတ်ခဲ့သူတွေဟာ အသက် ၆၇ အရွယ် မြင်းကျရွာခံတွေ ဖြစ်တဲ့ ဦးလှဝင်း၊ ဦးမြင့်ဆွေ ဆိုသူတို့နှစ်ဦး၊ ကျွန်းတောကြီး ရွာက အသက် ၄၀ အရွယ် မယဉ်ယဉ်နဲ့  ကားဆိပ်ရွာက အသက် ၄၇ အရွယ် မယဉ်မိုးတို့ဖြစ်ပါတယ်။ ဒီထဲက မယဉ်ယဉ် ဟာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးပါ။

“အခုအသတ်ခံရတဲ့ ပြည်သူတွေပေါ့။ သူတို့က တောထဲမှာပုန်းရှောင်နေရင်းဖမ်းမိသွားတာ၊ မြင်းကျရွာက ဦးမြင့်ဆွေနဲ့ ဦးလှဝင်း၊ မြင်းကျရွာနဲ့ ကျွန်းတောအကြားမှာ သတ်ထားခဲ့တာ၊ ကျွန်းတောကြီးရွာအဝင်ကန်ဘောင်မှာ မယဉ်ဆိုတဲ့ ကိုယ်ဝန်သည်ကိုလည်း ကန်ထဲမှာ ပစ်သတ်ထားခဲ့တယ်၊ ကားဆိပ်ရွာမှာလည်း လင်မယားနှစ်ယောက် အပစ်ခံရတယ်၊ မယဉ်မိုးကတော့ ပွဲချင်းပြီးသေတယ်၊ သူ့အမျိုးသား ကိုရှမ်းကြီးကတော့ ပေါင်ရှပ်မှန်တယ်၊ အခုဆေးကုပေးနေတာ သက်သာတယ်”လို့ ပြောပါတယ်။

Source – Delta News Agency   

  • မိုးမိတ်မှာ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးကျတာကြောင့် လင်မယား ဦးသေးဆုံးပြီး အမျိုးသမီး ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် အုန်းကြောရွာသစ်နဲ့ ရွာဟောင်းမှာ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီး ကျရောက်ပေါက် ကွဲပြီး လင်မယား ၂ ဦး‌သေဆုံးကာ အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်။

ဇန်နဝါရီ ၁၂ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာပါ။ အပစ်ခတ်ရပ်စဲရေးလုပ်ပေမယ့် မိုးမိတ်ဘက်မှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်လုပ်နေဆဲလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင် အုန်ကြောရွာဟောင်းမှာလည်း လက်နက်ကြီးကြောင့် အမျိုးသား လူငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ခဲ့ပါသေးတယ်။

Source – ရွှေဖီမြေ

  • ဖမ်းဆီးခံရတဲ့ လင်မယား ဦးထဲက ဇနီးဖြစ်သူ စစ်ကြောရေးမှာ သေဆုံး၊ ခင်ပွန်းအား စစ်တပ်မှ ငွေညှစ်

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် ရှမ်းရွာသစ်ကွင်းမှာ စွပ်စွဲဖမ်းဆီးခံရတဲ့ အသက် ၄၇ နှစ်အရွယ် လင်မယား ၂ ဦးအနက် ခင်ပွန်းဖြစ်သူကို စစ်ကောင်စီက ငွေညှစ်နေတယ်လို့ သိရပါတယ်။

၂ဝ၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက် ည ၁၀ နာရီကတည်းက PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၎င်းတို့  ၂ ဦးကို စစ်ကောင်စီ တပ်မ ၅၅ လက်အောက်ခံတပ်က ဆိုင်ကယ် ၄ စီးနဲ့ လာရောက် ဖမ်းဆီးခဲ့တာဖြစ်တယ်။

နိုဝင်ဘာ ၂၄ ရက်မှာတော့ ဇနီးဖြစ်သူဟာ စစ်ကြောရေးမှာ သေဆုံးသွားရသလို ခင်ပွန်းဖြစ်သူကိုလည်း ချုပ်နှောင်ထားဆဲ ဖြစ်တယ်။

သူတို့ ၂ ဦးဟာ မန္တလေးတိုင်း သာစည်မြို့နယ် သန်းတောကျေးရွာမှာ နေထိုင်ကြပြီး ရွာငံမြို့နယ် ရှမ်းရွာရှိ တောင်ပေါ် သစ်ကွင်းကို နေ့တိုင်းသွားရောက်အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ ၂ ဦး ဖမ်းဆီးခံရစဉ်က အသက် ၃၀ ဝန်းကျင် သစ် အလုပ်သမား အမျိုးသား ၄ ဦးလည်း ဖမ်းဆီးခံထားရပြီး သိန်းဆယ်ချီ ငွေညှစ်ခံနေရတယ်လို့ သိရပါတယ်။

Source – ရွှေဖီမြေ

Author:

Related Articles