သန့်ရှင်းထွန်း
“အုန်း…” ဆိုတဲ့ အသံကို ကြားလိုက်ပြီးနောက် ဒေါ်မေဝင်း(အမည်လွှဲ)ရဲ့ အိမ်ဘေးနားက နေအိမ်တစ်လုံး မီးထလောင်တာကို တွေ့လိုက်ရပါတယ်။
စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အခုလို မီးတွေလောင်နေတာပါ။ ဒေသခံတွေမှာလည်း ဘေးလွတ်မယ်ထင်တဲ့နေရာတွေကို ထွက်ပြေးကြရပါတယ်။
နေ့စေ့၊ လစေ့ကိုယ်ဝန်ကို လွယ်ထားရတဲ့ ဒေါ်မေဝင်းလည်း ခါးဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ခင်ပွန်းသည်နဲ့အတူ ဘေးလွတ်မယ်ထင်တဲ့ ရွာတစ်ရွာကို ထွက်ပြေးခဲ့ရပါတယ်။
အခုလို ထွက်ပြေးနေချိန်မှာပဲ ကလေးမွေးဖို့ ဗိုက်နာလာတဲ့အတွက် လမ်းခုလတ်မှာရှိတဲ့ ရွာတစ်ရွာက ဆွေမျိုးမကင်းတဲ့ အိမ်တစ်အိမ်မှာ ကလေးမွေးရဖို့ အခြေအနေဖြစ်လာပါတော့တယ်။
လက်နက်ကြီးကျည်ကျမယ့် အန္တရာယ်ထက် သက်တောင့်သက်သာ ကလေးမွေးရမယ်လို့ မျှော်လင့်ထားတဲ့ ဒေါ်မေဝင်းရဲ့ အတွေးက ရွာလူကြီးတွေရဲ့ စကားကြောင့် ထိတ်လန့်သွားခဲ့ရပါတယ်။
“ ရွာလူကြီးတွေက တခြားနေရာကလာတဲ့ ကိုယ်ဝန်သည်က အဲဒီရွာမှာ မွေးခွင့်မရှိဘူးဆိုပြီးတားတယ်။” လို့ ဒေါ်မေဝင်းက ပြောပါတယ်။
ဒေါ်မေဝင်းဟာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ပေါ်ရပ်ကွက်တစ်ခုမှာ နေထိုင်ခဲ့သူဖြစ်ပြီး ဘေးလွတ်ရာကို ပြေးလွှားရင်းနဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလလယ်ပိုင်းက မြို့နဲ့အလှမ်းမဝေးတဲ့ ရွာတစ်ရွာမှာ ကလေးမွေးဖို့ အကြောင်းဖန်လာခဲ့ပေမယ့် အဲဒီရွာရဲ့ ရွာစည်းကမ်းက ဒေါ်မေဝင်းအတွက် ဒုက္ခနှစ်ခါဖြစ်ခဲ့ရတာပါ။
ဖွံ့ဖြိုးတိုးတက်မှုလည်းမရှိ၊ ပဋိပက္ခပေါင်းစုံနဲ့လည်းကြုံနေရတဲ့ ရခိုင်ပြည်နယ်ထဲက ကျေးလက်အများစုနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ အမျိုးသမီးတွေနဲ့ပတ်သက်လို့ အယူသည်းမှု၊ ခွဲခြားမှုတွေက အခုအချိန်ထိရှိနေပြီး များသောအားဖြင့် ကိုယ်ဝန်ဆောင်တွေ နဲ့ပတ်သက်လို့ အယူသည်းမှုတွေပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်တွေမြို့က အမျိုးသမီးအရေးလှုပ်ရှားနေသူတစ်ဦးက ပြောပါတယ်။
“ ဗိုက်ကလည်းအရမ်းနာ။ ရွာကလူတွေလည်းမွေးခွင့်မပေးနဲ့ နောက်ဆုံးကျမယောကျ်ားက ချီပြီးတော့ ရွာပြင်က တဲတစ်လုံးမှာ သွားမွေးခဲ့ရတယ်။” လို့ ဒေါ်မေဝင်းက ပြောပါတယ်။
ခင်ပွန်းသည်နှင့် လက်သည်အဒေါ်ကြီးရဲ့ ပံ့ပိုးကူညီမှုကြောင့် ဒေါ်မေဝင်းမှာ အန္တရာယ်တစ်စုံတစ်ရာမရှိဘဲ ကလေးကို ကောင်းကောင်းမွန်မွန် မွေးနိုင်ခဲ့ပေမယ့် သူ့ရင်ထဲမှာတော့ အခုချိန်ထိ အောင့်သက်သက် ခံစားနေရတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစလို့ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဟာ နေရာဒေသအသီးသီးမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာဖြစ်ပြီး တိုက်ပွဲနှင့်လက်နက်ကြီးကျည်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ပြေးလွှားရင်း ကလေးမွေး ရတာတွေရှိခဲ့သလို ဒေါ်မေဝင်းလို ဒုက္ခနဲ့ကြုံတွေ့ခဲ့ရသူတွေလည်း ရှိနိုင်တယ်လို့ ဒေါ်မေဝင်းရဲ့ခင်ပွန်းက ပြောပါတယ်။
“ မိန်းမက ဗိုက်နာလို့ ကလေးမွေးချင်နေပြီ။ ရွာကသက်ကြီးအများစုက မွေးခွင့်မပေးတဲ့ကြားမှာ ကျနော်ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်သွားတယ်။ လက်နက်ကြီးကိုကြောက်လို့ထွက်ပြေးလာတာ၊ ရွာကလူတွေက လက်နက်ကြီးထက် ကြောက်စရာ ကောင်းနေတယ်။” သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ဒေါ်မေဝင်းရဲ့ခင်ပွန်းက ပြောပြပါတယ်။
အခုလို ရွာစည်းကမ်းထားတာက လက်ရှိခေတ်စနစ်နဲ့မကိုက်ညီတော့သလို အမျိုးသမီးတွေအတွက် တမင်တကာ ဒုက္ခရောက် အောင် ဖန်တီးထားတာနဲ့ တူနေတယ်လို့ သူက ဆက်ပြောပါတယ်။
“တကယ်လို့ ကိုယ့်ရွာမှာ ကလေးမမွေးနိုင်လို့ တခြားရွာမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ သွားမွေးရရင် အဲဒီရွာမှာလည်း ရွာ စည်းကမ်းထားတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။” လို့ သူက မေးခွန်းထုတ်ပါတယ်။
ရခိုင်ပြည်နယ်ထဲက ကျေးရွာတွေမှာ ရွာစည်းကမ်းတချို့ကို သတ်မှတ်ထားကြပြီး ရွာထဲမှာ အရက်လုံးဝမရောင်းရ၊ လောင်း ကစားလုံးဝမလုပ်ရ၊ တခြားရွာက ကိုယ်ဝန်ဆောင်က ကိုယ့်ရွာမှာကလေးမမွေးရစတဲ့ စည်းကမ်းတွေကို ရွာကသက်ကြီးပိုင်း လူကြီးတွေက သတ်မှတ်ထားတာဖြစ်တယ်လို့ အသက် ၇၀ ကျော်အရွယ် အဘွားတစ်ဦးက ပြောပါတယ်။
အဲဒီလို ရွာစည်းကမ်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်လောက်ကတည်းက သတ်မှတ်လာခဲ့ကြတာဖြစ်ပြီး အယူစွဲတဲ့ရွာ တွေက အဲဒီစည်းကမ်းတွေကို ဆက်ပြီးလိုက်နာနေကြသလို အယူမစွဲတဲ့ရွာတွေမှာတော့ အဲဒီရွာ စည်းကမ်းတွေက ပျောက်သွား ပြီလို့ အဘွားက ပြောပါတယ်။
“အဘွားတို့ ငယ်ငယ်တုန်းက အပျိုဖြစ်လို့ ရာသီလာရင် ခုနစ်ရက်၊ တစ်လ သူများအိမ်ကို မသွားရဘူး။”လို့ ပြောပါတယ်။
ဒီခေတ်မှာတော့ ကိုယ်ဝန်ဆောင်တွေ လေယာဉ်ပေါ်မှာ၊ သင်္ဘာပေါ်မှာ ကလေးမွေးရင်လာဘ်ကောင်းလို့ ဆုတောင်ချတဲ့ခေတ် ဖြစ်နေပြီလို့ အဘွားက ရယ်မောပြီး ပြောပါတယ်။
ဒေါ်မေဝင်းလိုပဲ ပုဏ္ဏားကျွန်းမြို့ စစ်ဘေးရှောင်စခန်းက တခြားရွာတစ်ရွာမှာ ခိုလှုံနေတဲ့ နေ့စေ့၊ လစေ့ကိုယ်ဝန်ဆောင် အမျိုး သမီးတစ်ဦးဟာလည်း သူတို့ခိုလှုံနေတဲ့ရွာမှာ ကလေးမွေးခွင့်မရဘူးလို့ ပြောပါတယ်။
“ကိုယ်တိုင်က စစ်ဘေးရှောင်ဖြစ်နေတယ်။ ပိုက်ဆံကလည်းတပြားတချပ်မရှိ။ ကလေးမွေးဖို့ ရွာကလည်း ခွင့်မပြု၊ ဘယ်မှာ သွားမွေးရမလဲ မသိတော့ဘူး။” လို့ ပုဏ္ဏားကျွန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးက ရင်ဖွင့်ပါတယ်။
ပုဏ္ဏားကွန်းမြို့နယ်ထဲက ရွာတစ်ရွာကို ခိုလှုံဖို့ရောက်နေတဲ့ နေ့စေ့၊ လစေ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကတော့ ကံ ကောင်းခဲ့ပါတယ်။ အိမ်ရှင်ဖြစ်တဲ့သူတွေက ရွာမှာထုတ်ထားတဲ့ စည်းကမ်းထက် လူ့အသက်က ပိုအရေးကြီးတယ် ဆိုပြီး က လေးမွေးခွင့် ပေးခဲ့တယ်လို့ နေအိမ်ပိုင်ရှင်က ပြောပါတယ်။
“ ရွာမှာ ကလေးမမွေးရလို့ ဘယ်သူတွေဘာပြောပြော ကျနော့်ခွင့်ပြုချက်နဲ့ ကျနော့်အိမ်မှာ မွေးခွင့်ပေးခဲ့တယ်။” လို့ သူက ပြောပါတယ်။
ရွာစည်းကမ်းကို ဖောက်ဖျက်လို့ အရေးယူမယ်ဆိုရင်လည်း ကျနော့်ကို အရေးယူလို့ရတယ်လို့ သူက ပြတ်ပြတ်သားသား ပြော ပါတယ်။ ဒါပေမယ့် သူ့ကိုဘယ်သူမှာ အရေးမယူဘူးလို့ ပြောပါတယ်။
အခုလိုမျိုး ခေတ်နဲ့မညီ လူသားမဆန်တဲ့ အတွေးအခေါ်အယူအဆတွေ၊ အယူသည်းမှုတွေကို သက်ဆိုင်ရာ တာဝန် ရှိတဲ့လူတွေ က ပယ်ဖျက်ပေးဖို့လိုသလို အမျိုးသမီးထုရော၊ အမျိုးသားထုကပါ တိုက်ဖျက်ဖို့လိုတယ်လို့ စစ်တွေမြို့က အမျိုးသမီးအရေး လှုပ်ရှားသူက ပြောပါတယ်။
“ ဩဇာရှိတဲ့သူတွေက ဒီစည်းကမ်းတွေကို ဖျက်ပစ်ရမယ်။ မလိုလားအပ်တဲ့ စည်းကမ်းတွေ ဘယ်ရွာမှာ ဘယ်လိုမျိုး ထုတ်ထား တယ်ဆိုတာကို ရွာသူရွာသားတွေက ဩဇာရှိတဲ့သူတွေ သိအောင်ပြောရမယ်။” လို့ သူကပြောပါတယ်။
တိုက်ပွဲကြောင့်ပဲဖြစ်ဖြစ် ဘေးအန္တရာယ်တခုခုကြောင့်ပဲဖြစ်ဖြစ် အန္တရာယ်ကျရောက်လာရင် တခြားသူတွေထက် ကိုယ်ဝန် ဆောင်တွေအတွက် ပိုပြီးစဉ်းစားပေးရမယ်လို့ လူမှုကူညီရေးလုပ်နေသူ ကိုနေသူရိန်က ပြောပါတယ်။
“ ကိုယ်ဝန်ဆောင်တွေမှာ အသက်နှစ်သက်ပါတယ်။ တခြားသူတွေထက် ကိုယ်ဝန်ဆောင်တွေရဲ့ လိုအပ်ချက်ကို အလေးထားရ ပါမယ်။”လို့ ကိုနေသူရိန်က ပြောပါတယ်။
တိုက်ပွဲနှင့် လက်နက်ကြီးကျည်ဘေးက အသက်မသေအောင် ဘေးလွတ်ရာကို ပြေးခဲ့ရတဲ့ နေ့စေ့၊ လစေ့ ကိုယ်ဝန် ဆောင် ဒေါ်မေဝင်းကတော့ စစ်ဘေးဒုက္ခသည်သာမက အယူသည်းတဲ့ ဓလေ့ထုံးစံတွေရဲ့ မြေဇာပင်လည်း ဖြစ်ခဲ့ ရပါတယ်။
ရွာပြင်က တဲအိမ်မှာ မွေးခဲ့ရတဲ့ သူ့သမီးလေးဟာ အခုဆိုရင် နှစ်လကျော်အရွယ်ဖြစ်နေပြီဖြစ်ပါတယ်။ မရယ်တတ် ရယ်တတ် ရယ်ပြနေတဲ့ သူ့သမီးလေးကို နှုတ်ဆက်ပြီးတော့ ဒေါ်မေဝင်းက အခုလိုပြောနေပါတော့တယ်။
“အမေတို့အတွက် အသုံးမဝင်တဲ့ဓလေ့တွေ၊ စည်းကမ်းတွေကို ပယ်ဖျက်ဖို့သမီးလည်း ပါဝင်ပေးရမယ်နော်။”