Home ဆောင်းပါးသတင်းဆောင်းပါး လက်နက်ကိုင်တာဟာ အမျိုးသမီးတွေကိုအကြမ်းဖက်ဖို့အတွက်လား

လက်နက်ကိုင်တာဟာ အမျိုးသမီးတွေကိုအကြမ်းဖက်ဖို့အတွက်လား

နန်းဆိုင်နွမ်။ ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဒီနှစ်ပိုင်းတွေမှာ အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကြမ်းဖက်တာတွေ မကြာခဏပြုလုပ်လာကြတယ်လို့ ရှမ်းမြောက်အခြေစိုက် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။

Hi သတင်းဌာနကနေ စောင့်ကြည့်သုံးသပ်မိတဲ့ အနေအထားအရ ၂၀၂၀ တနှစ်ထဲမှာတောင် ရှမ်းမြောက်က အမျိုးသမီး( ၆ )ဦးထက် မနည်းဟာဆိုရင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်အချို့ရဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းတို့ကို တွေ့ ကြုံခံစားခဲ့ကြရပါတယ်။ အဆိုပါအရေအတွက်ဟာ သတင်းဌာနများ လက်လှမ်းမှီသလောက်ကိုသာ ရေးသားကြတဲ့ သတင်းများအပေါ်အခြေခံတွက်ချက်ထားတဲ့ စာရင်းဖြစ်ပြီး အမှန်တကယ် ဖြစ်ပွားခဲ့တဲ့အရေအတွက်တွေဟာ ဒီထက်ပိုများကောင်းများနိုင်ပါတယ်။

ရှမ်းမြောက်ဒေသဟာ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့နေရာဖြစ်သလို လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားတဲ့နယ်မြေ တခုလည်းဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားနေခဲ့တဲ့ ရှမ်းမြောက်ဒေသမှာ မြန်မာ့တပ်မတော်က အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခဲ့ကြောင်း မကြာခဏစွပ်စွဲခံရမှုများရှိခဲ့ပါတယ်။ သို့သော် ယခုနောက်ပိုင်းအနေအထားတွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာလည်း အမျိုးသမီးတွေအပေါ် အလားတူ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေပြုလုပ်နေတာတွေ ရှိတယ်လို့လည်း စွပ်စွဲမှုတွေ ထွက်ပေါ်လာနေပါတယ်။

“မူးယစ်နှိမ်နှင်းရေးအကြောင်းပြ အကြမ်းဖက်မှုများ”
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ဟာ မူးယစ်နှိမ်နှင်းရေးဆိုတာကို အကြောင်းပြပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရတာတွေရှိပါတယ်။

ယခုနှစ် အောက်တိုဘာ ၁၈ ရက်တုန်းက နမ့်ခမ်းမြို့ပေါ်နေ ရပ်ကွက်လျှပ်စစ်ပစ္စည်းရောင်းချနေတဲ့ အသက် (၅၀)အရွယ် အမျိုးသမီးကို တအာင်း(ပလောင်) အမျိုးသားတပ်မတော်(TNLA)က အရပ်ဝတ်နဲ့ စစ်သားတွေက နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ လက်ထိပ်ခတ်ပြီးဖမ်းဆီးသွားခဲ့ပါတယ်။ ၂၄ နာရီနီးပါး ဖမ်းဆီးထားခဲ့ပြီး နောက်တရက်မှာတော့ အဲ့ဒီအမျိုးသမီးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

“TNLA ၏မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ မှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု သတင်းကြားရသဖြင့် ၎င်း အမျိုးသမီးကို လာရောက်ခေါ်ဆောင်ရခြင်းဖြစ်ကြောင်း၊ သို့သော် လူမှားခေါ်မိသဖြင့်တောင်းပန်ကြောင်း” ဆိုပြီး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ နေ့ခင်းကြောင်တောင် လူအများသွားလာချိန် အတင်းအဓမ္မလာခေါ်တော့ ကျမတို့လည်း ကြောက်နေရတယ်။ ဘယ်ချိန်ကိုယ့်အလှည့်ဆိုတာ ပြောမရဘူး” လို့ အဆိုပါ အမျိုးသမီးဖမ်းဆီးခံခဲ့တာကို ကိုယ်တွေ့မြင်ခဲ့ရတဲ့ နမ့်ခမ်းသူ နန်းထွမ်း က ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်တုန်းကလဲ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ မှာနေထိုင်တဲ့ နေ့စေ့လစေ့ ကိုယ်ဝန်သည် မဂျီအောင်ဟာ TNLA တပ်သားတွေရဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီည ၈ နာရီလောက်မှာ သူ့အိမ်ကို လက်နက်ကိုင် TNLA တပ်သားတွေ ရောက်လာခဲ့ပြီး ‘မူးယစ်ဆေးဝါးတိုက်ဖျက်ရေး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အိမ်ကိုဝင်စီးပြီး မွှေနှောက်ရှာဖွေခဲ့ကြတယ်လို့ မဂျီအောင်က ပြောပါတယ်။ သို့ပေမယ့် နေအိမ်အတွင်း မူးယစ်ဆေးရှာဖွေ မတွေ့ခဲ့တဲ့နောက် သူ့အမျိုးသားကို ရိုက်နှက်စစ်ဆေး၊ ထိုးနှက်မှုတွေလုပ်ကြတယ်လို့ သူကဆိုပါတယ်။

“ကျမ ယောက်ျားကို ဖမ်းတယ်။ ရိုက်တယ်။ ကျမက မရိုက်နဲ့ မခေါ်သွားနဲ့ ကျမက မွေးခါနီးပြီ။ အဲဒါနဲ့ ကျမ ပါးစပ်ကို လက်သီးနဲ့ ထိုးလိုက်တယ်” လို့ မဂျီအောင်က သြဂုတ်လ အတွင်းက Hi သတင်းဌာနကိုပြောပါတယ်။ TNLA တပ်သားတွေ ဖမ်းသွားပြီး နောက်တစ်ရက်အကြာမှာ သူ့အမျိုးသားပြန်လွှတ်လာခဲ့ပါတယ်။

ဇူလိုင် ၂၆ ည သန်းခေါင်ချိန်မှာ ကွတ်ခိုင်မြို့နယ် ကာလိုင်ရွာက နေအိမ်တစ်ခုမှာ မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေတဲ့ TNLA တပ်သားတွေဟာ အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် ထိုးကြိတ်တာတွေလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

“ အိမ်ကို သူတို့ဝင်လာပြီး တအိမ်လုံး မွှေနှောက်တယ်။ မတွေ့တော့ ကျွန်တော့်ကိုရိုက်တယ်။ အဲ့မှာ ကျွန်တော့်ရဲ့ မိန်းမ အခန်းထဲကနေအော်တော့ သူတို့ဝင်သွားပြီး ထိုးတယ်။ ကျွန်တော့် မိန်းမက လဲကျသွားတယ်။ ကလေးလည်း လဲသွားတယ်”လို့ ကွတ်ခိုင်မြို့နယ် ကာလိုင်ရွာက ကိုလဆန် က ပြန်ပြောပြပါတယ်။

နမ့်ဖတ်ကာ နဲ့ ကာလိုင်ကျေးရွာကအဖြစ်အပျက်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ အလားတူလုပ်ရပ်တွေကို ရပ်တန့်ဖို့ ကချင်၊ ချင်း၊ ရှမ်းနဲ့ တအာင်း အပါအဝင် လူမျိုးစုကိုယ်စားပြုအသင်းအဖွဲ့ ၄၆ ဖွဲ့က ဇူလိုင် ၃၁ က သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်။ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော် ကတော့ တပ်ဖွဲ့ဝင်တွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ညွှန်ကြားမယ်လို့ ကတိပြုခဲ့ပါတယ်။

ကွတ်ခိုင်မြို့က၊ ကချင် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားတဲ့ ဒေါ်ထန်ဒင် က ကွတ်ခိုင်၊ နမ့်ဖတ်ကာ နဲ့ နမ့်ခမ်း မှာ နေထိုင်တဲ့အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာ တနေ့ထက် တနေ့ပိုပြီး စိုးရိမ်လာရတယ်လို့ ဆိုပါတယ်။

“ ဒီတနှစ်မှာ မွေးဖွားခါနီး ကိုယ်ဝန်သည်တောင် ရိုက်တာတွေရှိတယ်။ နောက် ဖမ်းခေါ်သွားတာတွေ မကြာခဏဖြစ်တယ်။ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာဆိုရင် တော်တော်များတယ်။ ကျမ လက်လှမ်းမှီသလောက်ဆိုရင် ၅ ခု လောက်ရှိတယ်” ဟု ဒေါ်ထန်ဒင် က ပြောပြပါတယ်။

ယခုနောက်ပိုင်း ကျေးရွာထဲသို့ လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ဝင်ထွက်မှုတွေ များလာတဲ့အတွက် ဒေသခံတွေအနေနဲ့ နေ့စဉ်နဲ့အမျှ စိုးရိမ်ကြောက်စိတ်တွေရှိနေကြောင်းလည်း ဒေါ်ထန်ဒင် က ဆိုပါတယ်။

“ လက်နက်ကိုင်အနေနဲ့လက်နက်မဲ့ပြည်သူ အဓိကအားဖြင့် အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက်လုပ်တာ၊ မှားယွင်းတဲ့သတင်းတွေကြောင့် ခေါ်ယူစစ်ဆေးတာတွေ မပြုလုပ်စေချင်ဘူး” လို့လည်း ဒေါ်ထန်ဒင် က ထပ်လောင်းပြောပါတယ်။

“ဖမ်းဆီးချုပ်နှောင်ခြင်းနှင့်လိင်ပိုင်းဆိုင်ရာစော်ကားမှုများ”
ရှမ်းမြောက်ဒေသခံ အမျိုးသမီးတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းများလည်း ရှိခဲ့ကြောင်း စွပ်စွဲမှုတွေလည်း ရှိခဲ့ပါတယ်။

ဇန်နဝါရီ ၂၄ တုန်းကလည်း TNLA တပ်သား တဦးက ကွတ်ခိုင်မြို့နယ် ဟွေ့ခုတ်ကျေးရွာ မူလတန်းပြ ဆရာမ ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပါတယ်။ ကျူးလွန်တဲ့ တပ်သားကို ဖမ်းဆီးပြီး အရေးယူထားတယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီအဖြစ်အပျက်အပြီး ခြောက်လခန့်အကြာ ဇူလိုင်လ ၂၆ မှာ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ ယုန်မောကျေးရွာက အသက် ၁၆နှစ် အရွယ် တအာင်းအမျိုးသမီးငယ်လွေးအီဟာမိခင်ဖြစ်သူနဲ့အတူ နေအိမ်ထဲမှာရှိနေစဉ် လက်နက် အပြည့်နဲ့လာတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) စစ်သားတွေရဲ့လာရောက်ခေါ်ဆောင်တာကို ခံခဲ့ရပါသေးတယ်။

ဖခင်ဖြစ်သူဟာ KIA တပ်ဖွဲ့ဝင်ဖြစ်ပြီး ထွက်ပြေးနေတာကြောင့် သမီးဖြစ်သူကို စစ်ဆေးဖို့ ၁၆ ရက်ကြာ ဖမ်းဆီးထားပြီးမှ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အလားတူပဲ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်သားတချို့ဟာလည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကျူးလွန်ကြောင်း စွပ်စွဲခံရမှုတွေ ထွက်ပေါ်လာပြန်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းဆာရွာမှ အသက် ၁၆ နှစ်အရွယ် ပလောင်(တအာင်း)အမျိုးသမီးတစ်ဦးကို ဇွန်လ ၁၇ရက်နေ့က (RCSS/SSA) တပ်ဖွဲ့ဝင် စိုင်းအိုက်ပန်ဆိုသူက အဓမ္မပြုကျင့်ခဲ့သည်ဆိုတဲ့အဖြစ်အပျက်ကို စစ်ဆေးပေးဖို့ ပလောင် (တအာင်း) အရပ်ဘက်အဖွဲ့ ၁၈ ဖွဲ့က ဇူလိုင်လ ၂ဝရက်နေ့တွင် ကြေညာချက်ထုတ်ပြီး တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီစွပ်စွဲမှုဟာ မမှန်ကန်ဘူးလို့ RCSS/SSA အရာရှိတွေက သတင်းဌာနတွေကဆင့် ငြင်းဆန်ခဲ့ပါတယ်။

“လက်နက်နဲ့အာဏာက အမျိုးသမီးတွေကိုအနိုင်ကျင့်ဖို့မဟုတ်ပါ”
လက်နက်အားကိုး၊ အာဏာတခုခုကို အားကိုး၊ ကိုယ်ခန္ဓာကို အားကိုးပြီး အမျိုး သမီးတွေကို နိုင်ထက်စီးနင်း ပြုလုပ်ခြင်းဟာ အကြမ်းဖက်မှုဖြစ်စေပြီး၊ အောက်ခြေတပ်သားများ ပြုလုပ်ပါက ခေါင်းဆောင်များအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိသင့်ကြောင်းလည်း အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) တွဲဖက် အထွေထွေအတွင်းရေးမှူး(၂) လွေးပိုးငယ်က ပြောပါတယ်။

“ အမျိုးသမီးတွေဟာ စစ်ရဲ့ အသုံးချခံတာကြုံရတယ်။ အရင်ကတော့ ကျမတို့ လက်လှမ်းမမှီလို့လားမသိဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေ ကျူးလွန်တဲ့ဟာတွေ လက်လှမ်းမမှီတာဖြစ်ကောင်းဖြစ်မယ်” လို့ လွေးပိုးငယ်က ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးရပါက အမျိုးသားတွေဟာ တိုက်ပွဲကိုသာ ကြောက်ရပြီး၊ အမျိုးသမီးတွေဟာ တိုက်ပွဲအပြင် မိမိခန္ဓာကိုယ်လုံခြုံရန်လည်း စိုးရိမ်စိတ်ပူရကြောင်း လွေးပိုးငယ်က ပြောပါတယ်။

“ များသောအားဖြင့် ကျမတို့ ဒေသမှာ တိုက်ပွဲကြောင့်ပါသလို ဂျန်ဒါ မသိလို့ လည်းပါတယ်။ အမျိုးသမီးတွေကို ကာကွယ်မယ့် ဥပေဒ မရှိသရွေ့တော့ အမျိုးသမီးတွေ ဆက်ပြီးတော့ ခံနေရအုံးမှာပါပဲ” လို့ အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ ) တွဲဖက် အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က ပြောပါတယ်။

မြန်မာနိုင်ငံတွင် တရားမျှတမှုရရန် အတွက် အလွန်ခက်ခဲနေဆဲဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်မှ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို တရားမျှတမှုရအောင် ကူညီဆောင်ရွက်ပေးမှုများရှိကြောင်းလည်း လွေးပိုးငယ်က ပြောပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ အရပ်သား၊ အထူးသဖြင့် အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေ မလုပ်သင့်၊ မကျူးလွန်းသင့်ကြောင်း၊ ကန့်ကွက်ကြောင်း Shan Women’s Action Network မှ ညွှန်ကြားရေးမှူး နန်းမွန်းကိန် က ပြောပါတယ်။

ခေတ်အဆက်ဆက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ အမျိုးသမီးတွေအပေါ် ကျူးလွန်ခဲ့တဲ့ အရာတွေကို အရေးယူဆောင်ရွက်မှု အားနည်းတဲ့အတွက် လက်နက်ကိုင်တွေကို ပြဏ်မှုကျူးလွန်ခွင့် ဆက်လက်ပေးနေခြင်းဖြစ်နေပါတယ်လို့နန်းမွန်းကိန် ကဆိုပါတယ်။

“ အမျိုးသမီး တယောက်ဟာကိုယ်မသိတဲ့ ယောင်္ကျားတွေ က လက်နက်တွေနဲ့အတင်းအဓမ္မဖမ်းပြီးခေါ်သွားတယ်။ ရက်အကြာကြီး ကိုယ့်မသိတဲ့နေရာမှာနေရတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ရှိသလို အမြဲတမ်းခြိမ်းခြောက်စေတဲ့အရာပါ” လို့နန်းမွန်းကိန်က ထောက်ပြပြောဆိုလိုက်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့ တွေ အများကြီးရှိတဲ့နေရဆိုရင်တော့ အမျိုးသမီးတွေ အတွက်လုံခြုံမှုမရှိတဲ့ နယ်မြေဖြစ်ကြောင်းလည်း နန်းမွန်းကိန် က ပြောပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့တိုင်း အမျိုးသမီး နဲ့ သက်ဆိုင်တဲ့ ကျား၊မရေးရာ တန်းတူညီမျှမှု ဂျန်ဒါ ပေါ်လစီ၊ မူဝါဒ တရပ်ရှိထားသင့်ကြောင်း၊ ရှိထားလျှင်လည်း ချပြသင့်ကြောင်းကို အမျိုးသမီး အရေး ဆောင်ရွက်နေသူများက ထောက်ပြပြောဆိုလိုက်ပါတယ်။

“ တိုင်းရင်းသားတန်းတူရေးပြောရင် ကျား၊မတန်းတူရေး ဂျန်ဒါ ပေါ်လစီတွေလည်း ကိုယ့်အဖွဲ့အစည်းတိုင်းမှ ထားရမယ်” ဟု လွေးပိုးငယ်က ပြောဆိုလိုက်ပါတယ်။

အမျိုးသမီးတွေ ကို စစ်ပဋိပက္ခနယ်မြေအတွင်း၊ လုံခြုံမှုမရှိတဲ့နေရာတွေမှာ အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကို အကြမ်းဖက်မှုနည်းလမ်းများအားလုံးမှ အကာအကွယ်ပေးရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ်(၁၃၂၅) တွင်အလေးထားဖော်ပြခဲ့ပါတယ်။

အမျိုးသမီး နဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ နဲ့ အခြားသော အကြမ်းဖက်မှုများနဲ့ စစ်ရာဇာဝတ်မှုများနဲ့လူမဆန်စွာ ကျူးလွန်တဲ့ ပြစ်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများအတွက် တာဝန်ရှိသူများကို တရားစီရင် ရန်နဲ့ ထိုကျူးလွန်မှုများအတွက် ထိုက်တန်သော ပြစ်ဒဏ်စီရင်ခြင်းမှ လွတ်ကင်းနေခြင်းကို အဆုံးသတ်ရန် (၁၃၂၅)တွင် ဖော်ပြထားပါတယ်။

(၁၃၂၅) ဟာ လက်နက်ကိုင် တပ်ဖွဲ့တိုင်း လိုက်နာရန် ကတိကဝတ်ဖြစ်ပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ အလေးထားလိုက်နာကျင့်သုံးမှု အားနည်းနေဆဲလို့အမျိုးသမီးအဖွဲ့အစည်းတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။

“ ကျမတို့ရှမ်းမြောက်မှာ အမျိုးသမီးတွေ နဲ့ကလေးငယ်တွေ မကြာခဏ ဖမ်းဆီးခေါ်ဆောင်တာ၊ ကိုယ်ထိ လက်ရောက်လုပ်တာ၊ လက်နက်ကို အားကိုးပြီး အနိုင်ကျင့်တာ ဟာ ဒီနှစ်တော့ အများဆုံးကြားရတဲ့သတင်းပါပဲ။ ဒါတွေကို ကြည့်ချင်း အားဖြင့် (၁၃၂၅)ကို မလိုက်နာကြတာ သိသာတယ်” လို့ သျှမ်းမြောက် တအာင်းလူငယ်အဖွဲ့မှ လွေးလှားရိုန်း က ထောက်ပြလိုက်ပါတယ်။

Related Articles