သန့်ရှင်းထွန်း
အုတ်အော်သောင်းနင်းဖြစ်နေတဲ့ လူစုလူဝေးရှိရာအရပ်ကို အသက် ၃၀ အရွယ် မဘော်စင်တီဟာ ပုံမှန်သွားနေကျ ခြေလှမ်းထက်မြန်တဲ့ ခြေလှမ်းနဲ့ ခပ်သွက်သွက် လမ်းလျှောက်လာခဲ့ပါတယ်။
လူအများစုဝေးနေတဲ့နေရာမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို မသိပေမယ့် သူ့မှာလည်း ရည်ရွယ်ချက် တစ်ခုနဲ့ အဲဒီနေရာကို လျှောက်လှမ်းခဲ့တာလို့ မဘော်စင်တီကပြောပါတယ်။
“ဒီအချိန်မှာ ဆန်တစ်ဘူးရနိုင်ဖို့က လူများတွေထက် ခြေလှမ်းသာဖို့ လိုပါတယ်။ လက်ရှိ ကျမတို့ရဲ့ နေ့စဉ်ဘဝက ထမင်းနှပ် မမှန်တော့ပါဘူး။ လူကြီးတွေ စားဖို့ထက် ကလေးအတွက် ဆန်တစ်ဘူး ရဖို့က ဒီအချိန်မှာအရေးကြီးဆုံးဖြစ်နေတယ်။”လို့ သူက ပြောပါတယ်။
မဘော်စင်တီဟာ လူတွေစုဝေးပြီး ဝယ်ယူနေတဲ့ ဆန်ဆိုင်ကို အပြေးအလွှားသွားပြီး ရှိတဲ့ငွေနဲ့ ရသလောက်ဆန်ကို ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။
မဘော်စင်တီဟာ ရခိုင်ပြည်နယ်ထဲက မြို့နယ်တစ်ခုမှာနေထိုင်နေသူဖြစ်ပြီး သူ့မှာ အရွယ်မရောက်သေးတဲ့ သားသမီးသုံးယောက်ကို တခြားအိမ်မှာ အိမ်အကူလုပ်ရင်း အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကစပြီး ရက္ခိုင့်တပ်တော်(AA) နဲ့မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်ကတစ်ပြည်နယ်လုံးကိုကုန်လမ်းရေလမ်းပိတ်လိုက်တဲ့အတွက် အခြေခံ စားသောက်ကုန် အဝင်မရှိတာကြောင့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မဘော်စင်တီတို့လို အခြေခံ လူတန်းစားတွေဟာ လက်ရှိမှာ စားနပ်ရိက္ခာ ပြတ်လပ်ပြီး အငတ်ဘေးနဲ့ ကြုံရမယ့် အခြေအနေကို ရောက်ရှိနေပါတယ်။
အခုလို စစ်ကောင်စီဘက်က ကုန်လမ်း၊ ရေလမ်းအကုန်လုံး ပိတ်ထားတာကြောင့် ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ လူပေါင်း သုံး သန်းကျော်ဟာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်မှုကို ကြုံတွေ့နေရပါတယ်။
“အရင်ရှိတဲ့ ဆန်တွေကို ဝယ်စားနေကြတာပါ။ အခုလမ်းပိတ်ထားတာ တစ်လကျော်လာပါပြီ။ လမ်းဖွင့်မလား ဆိုပြီးတော့ အကုန်လုံးက မျှော်နေကြတာပဲ။”လို့ မဘော်စင်တီက ပြောပါတယ်။
မဘော်စင်တီဟာ ဟိန္ဒူအမျိုးသမီးတစ်ဦးဖြစ်ပြီးတော့ တခြားနေအိမ်တွေမှာ အိမ်အကူအလုပ်တွေဖြစ်တဲ့ အဝတ်လျှော်တာ၊ ရေခပ်တာ၊ ထမင်းဟင်းချက်ပြုတ်ပေးတဲ့ အလုပ်တွေကိုလုပ်ပြီး ဝင်ငွေရှာနေတာလို့ ပြောပါ တယ်။
တစ်နေကုန်တစ်နေခမ်းအောင် အလုပ်လုပ်ရပေမယ့် သူ့ရဲ့တစ်ရက်တာ ဝင်ငွေကတော့ ငွေတစ်သောင်းတောင် မရဘူး လို့ မဘော်စင်တီက ညည်းပါတယ်။
“ငွေတစ်သောင်းက ဆန်ဝယ်၊ ဆီဝယ်နဲ့ ကုန်သွားတယ်။ အသား၊ငါးဆိုတာ မမြင်ဖူးတာကြာပြီ။”လို့ သူက ဆိုပါတယ်။
မဘော်စင်တီတို့ နေထိုင်တဲ့ မြို့မှာတော့ အခြေခံလူတန်းစားတွေ စားတဲ့ ဆန်ကြမ်းတစ်အိတ်ကို ငွေကျပ် နှစ်သိန်းအထိ ဈေးရှိနေပါတယ်။
ရှေ့ဆက်ဘာဖြစ်လာမယ်မှန်း မသိကြတဲ့ ရခိုင်ပြည်သူတွေထဲက ငွေကြေးတတ်နိုင်သူတချို့ဟာ လိုအပ်တဲ့ အခြေခံ စားသောက်ကုန်တွေကို တစ်လစာလောက် ဝယ်ယူစုဆောင်းထားကြတယ်လို့ မောင်တောမြို့က အမျိုးသမီးတစ်ဦးကပြောပါတယ်။
“ဝယ်ထားတဲ့ တစ်လစာ မကုန်ဖို့ ညှာတာစားနေရတယ်။ ဒီဟာကုန်လို့ ကုန်အဝင်မရှိရင်တော့ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။”လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။
တချို့ကတော့ ရိက္ခာခြောက်တွေဖြစ်တဲ့ ခေါက်ဆွဲခြောက်၊ မုန့်တီခြောက်၊ မာမီးခေါက်ဆွဲထုပ်တွေကို နည်းနည်းပါးပါး ဝယ်ယူထားကြတာကို တွေ့ရတယ်လို့လည်း သူကဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲက လေကြောင်းခရီးစဉ်တွေရှိတဲ့ မြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ အမ်းနဲ့ သံတွဲမြို့က ငွေကြေး ချမ်းသာသူတချို့ကတော့ ရခိုင်ပြည်နယ်မှာ မနေတော့ဘဲ လေကြောင်းခရီးစဉ်တွေနဲ့ တခြားဒေသတွေကို ထွက်ခွာသွား သူတွေလည်းရှိနေတယ်လို့ စစ်တွေမြို့ခံတချို့က ပြောပါတယ်။
ဒါပေမယ့် အခြေခံလူတန်းစားတွေ အများစုကတော့ သူတို့နေထိုင်တဲ့နေရာမှာပဲ စားသောက်ရေးကို ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
“စပါးပေါ်ချိန်ဆိုပေမယ့် ဆန်ကြိတ်ဖို့အတွက် စက်လည်ဖို့ စက်သုံးဆီမရှိဘူး။ ဒါဟာလည်း လိုအပ်တဲ့ စားနပ်ရိက္ခာကို မဖြည့်ဆည်းနိုင်တဲ့ အချက်ထဲမှာ ပါပါတယ်။”လို့ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်နေတဲ့ ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကနေ ဖြစ်ပွားလာနေတဲ့ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ၊ နေရပ်စွန့်ခွာမှုတွေကြောင့် လယ်ယာလုပ်ငန်းကိုလည်း စွန့်လွတ်ခဲ့ရတာတွေရှိတယ်လို့ ဆန်စက်ပိုင်ရှင်က ပြောပါတယ်။
“လယ်ယာလုပ်ငန်းကို မလုပ်ချင်ကြတော့တဲ့ မျိုးဆက်သစ်တွေက နိုင်ငံခြားထွက်ကြတယ်။ လယ်လုပ်ခဲ့တဲ့ မိဘတွေကလည်း အသက်ကြီးလာတော့ လယ်ကိုဆက်မလုပ်နိုင်ကြတော့ဘူး။ ဒီတော့ လယ်မစိုက်တဲ့မြေတွေ များလာခဲ့တယ်။”လို့ သူက ပြောပါတယ်။
အခုလို စိုက်ပျိုးရေးအလုပ်ကို လုပ်ကိုင်မှု နည်းလာတဲ့အတွက် ရခိုင်ပြည်သူတွေဟာ ငရုတ်သီးကအစ ရန်ကုန် အပါအဝင် တခြားဒေသတွေက မှာယူစားသောက်နေကြရပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်ထဲမှာ ကျေးလက်ရော မြို့ပြပါ ကူးသန်းသွားလာမှုတွေမရှိအောင် စစ်ကောင်စီဘက်က ကန့်သတ်ထားတာကြောင့် ကုန်တွေအဝင်မရှိတော့သလို ဒေသထွက်ကုန်တွေလည်း မရှိဖြစ်နေတယ်လို့ ပြောပါတယ်။
နေ့စဉ်နဲ့အမျှ မိသားစု စားသောက်ရေးကို စီမံနေရတဲ့ အိမ်ရှင်မတချို့ကတော့ ချောင်းထဲဆင်းပြီး ငါးရှာတာ၊ ခရုကောက်တာ၊ ဂုံးရှာတာတွေကိုပါ ထပ်လုပ်လာရတယ်လို့ မဘော်စင်တီက ပြောပါတယ်။
“အိမ်အကူအလုပ်ကို မြန်မြန်လုပ်ပြီး အိမ်ရှင်ဆီမှာ ခွင့်တောင်းတယ်။ ချောင်းဆင်းပြီး ရတာရှာတယ်။”လို့ သူက ပြောပါတယ်။
တချို့အိမ်ရှင်မတွေကတော့ ကိုယ့်ခြံထဲမှာ သီးပင်စားပင်တဲ့ဖြစ်တဲ့ ဘူးပင်၊ ခဝဲပင်၊ ဖရုံပင်စတာတွေကို စိုက်ပျိုးနေကြတယ်လို့ ပြောပါတယ်။
“ဒီတကြိမ်က သင်ခန်းစာရတယ်။ အဲဒါကြောင့် တတ်နိုင်သလောက် ဟင်းသီးဟင်းရွက် အပင်တွေကို စိုက်ဖြစ် တယ်။ ကိုယ့်မိသားစုစားလို့ပိုရင် အိမ်နီးချင်းကို ပေးစားလို့ရတယ်။”လို့ ဘူးသီးတောင်မြို့က အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်မှာ တိုက်ပွဲဖြစ်တိုင်း အခုလို ကုန်လမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ကန့်သတ်တာဟာ အရင်ကလည်းရှိခဲ့ပေမယ့် အဲဒီတုန်းက တစ်ပြည်နယ်လုံးကို မပိတ်ဘဲ တိုက်ပွဲနဲ့ ဆက်စပ်တဲ့ နေရာတွေကိုသာ ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို တစ်ပြည်နယ်လုံးရဲ့ လမ်းခရီးတွေကို ပိတ်ဆို့ ကန့်သတ်လိုက်တာဟာ ရခိုင်ပြည်သူတွေ အငတ်ဘေးနဲ့ ကြုံရအောင် တမင်ဖန်တီးထားတာဖြစ်တယ်လို့ ကျောက်တော်မြို့က အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဒါက ရခိုင်တပြည်လုံးမှာ နေထိုင်ကြတဲ့သူတွေကို အငတ်ဘေးနဲ့ သေအောင်လုပ်နေတာ။ အစိုးရဆိုပြီး လုပ်နေပြီးတော့ ပြည်သူတွေအတွက် ဘာမှမလုပ်ပေးနိုင်ဘူး။ သူတို့(စစ်ကောင်စီတပ်တွေ) မြန်မြန်သေမှ အေးမယ်။” လို့ အဲဒီအမျိုး သမီးက ပြောပါတယ်။
လမ်းတွေ ပိတ်ထားလို့ အခြေခံစားသောက်ကုန်တွေ မိုးထိအောင် မြင့်နေချိန်မှာ မဘော်စင်တီကတော့ သူ့မိသားစု ဝင်ငွေတိုးလာဖို့အတွက် အသက် ၁၈ နှစ်တောင် မပြည့်သေးတဲ့ သူ့သမီးကြီးကို အိမ်တစ်အိမ်မှာ အိမ်အကူလုပ်စေဖို့ စိတ်ကူး ထားတယ်လို့ ပြောပါတယ်။
အဝတ်မလျှော်တတ် လျှော်တတ် လျှော်နေတဲ့ သမီးကြီးကိုလှမ်းကြည့်ရင်း မဘော်စင်တီက အခုလိုပြောရင်း အားတင်းပြီးပြောနေတဲ့ သူ့အသံတွေ တိမ်ဝင်သွားပါတယ်။
“ခေတ်ပျက်ကြီးမှာ ငွေကြေးမတတ်နိုင်တဲ့ မိဘတွေဆီမှာ မွေးဖွားလာတဲ့ ကျမသမီးကြီးကို အိမ်အကူလုပ်ဖို့ ကျမ ပါးစပ်က မထွက်နိုင်သေးပါဘူး။”