Home ဆောင်းပါး အိမ်ရှင်မတွေကို ခြောက်လှန့်နေတဲ့ ကုန်ဈေးနူန်းနတ်ဆိုး

အိမ်ရှင်မတွေကို ခြောက်လှန့်နေတဲ့ ကုန်ဈေးနူန်းနတ်ဆိုး

ဒေဝီ။ ။

” အန်တီဝယ်နေကျဆန်က ဈေးတက်တယ်နော်၊ ၁,၉၀၀ ဖြစ်သွားပြီ” လို့ ပြောလိုက်တဲ့ ဝယ်နေကျ ဆန်ဆိုင်ပိုင်ရှင် စကား ကြောင့် ဒေါ်အေးတစ်ယောက် စိတ်မောသွားသည်။

ဒီရက်ထဲ ဈေးရောက်တိုင်း အများဆုံးကြားရသည်မှာ ‘ဈေးတက်သွားလို့’ ဆိုတဲ့စကား။အခုလည်း ပုံမှန်ဝယ်နေကျ တောင်ပျံအမျိုးအစားဆန်က တစ်ပြည် ၁,၇၀၀ က နေ ၁,၉၀၀ ဖြစ်ခဲ့ပြီ။

အာဏာသိမ်းပြီး သိပ်မကြာမီ ရွှေဈေးတက်သည်။ စက်သုံးဆီဈေးတက်သည် ဆိုတုန်းက ဒါတွေက ဒေါ်အေးနှင့် မအပ်စပ် သည့်အတွက် အလေးမထားမိ။

အခုတော့ ဆန်ဈေးတက်သည် ၊ ဆီဈေးတက်သည်၊ အသားငါးလည်း ဈေးတက်သည်။ ဟင်းသီးဟင်းရွက်ပင် ဈေးတက် ဆိုတော့ ကုန်ဈေးနှုန်းနတ်ဆိုးက အိမ်ရှင်မတွေကို ခြောက်လှန့်လာနေသည်။

သားသမီးတွေရဲ့ ဝင်ငွေကိုသာ အားကိုးနေရတဲ့ ဒေါ်အေးတို့မိသားစုမှာ ကလေးတွေကလည်း အရင်လို အလုပ်အကိုင် သိပ် အဆင်မပြေလှသည့်အတွက် အစစအရာရာ ချွေတာနေရချိန် ကုန်ဈေးနှုန်းတွေတက်ခြင်းက ပိုခက်ခဲတာအမှန်ပင်။
မိသားစုဝင်လေးဦးရှိသည့် ဒေါ်အေးတို့မှာ သားနှင့်သမီးဖြစ်သူကသာ အိမ်ဝင်ငွေကိုအဓိက ရှာဖွေသူတွေဖြစ်သည်။ သားနှင့် သမီးက ကုမ္ပဏီကောင်းကောင်းတွင် အလုပ်လုပ်ပြီး လစာလေးသိန်းကျော်ငါးသိန်းစီ အသီးသီး ဝင်ငွေရှိတဲ့အပြင် အိုးပိုင်အိမ်ပိုင်လည်း ရှိတဲ့အတွက် ဒေါ်အေးတို့ မိသားစုလေးဦးအဖို့ အရာရာအဆင်ပြေခဲ့သည်။

လကုန်သည်နှင့် သားသမီးတွေပေးတဲ့ ငွေကြေးနဲ့ တစ်လစာ ဆန်၊ဆီ ၊ ကြက်သွန် ဝယ်ထားကာ ကျန်တဲ့ ငွေကြေး ကိုတော့ နေ့စဉ် ဈေးဖိုးအဖြစ်သတ်မှတ်ပြီး အဆင်ပြေသလို ဝယ်ခြမ်းသည်။

မိသားစုဝင်တွေက အသားဟင်းကြိုက်သည့် အတွက်နေ့စဉ် ထမင်းဝိုင်းမှာ အသားဟင်းတစ်ခွက် အမြဲပါသည်။ ပြီးတော့ အရွက်ကြော် ဒါမှမဟုတ် အရည်ဟင်းတစ်ခွက်၊ ငပိရည်တို့စရာနဲ့ ဖွယ်ဖွယ်ရာရာ စားနိုင်သည့်အပြင် စားသောက်ပြီး အချို အချဉ်အတွက် မုန့်ပဲသရေစာလေး အသီးအနှံလေးလည်း ဝယ်နိုင်သည်။

အခုတော့ တဖြည်းဖြည်းမြင့်တက်လာသည့် ကုန်ဈေးနှုန်းတွေကြား စိတ်ညစ်ရသည်။ အရင်လို ဖွယ်ဖွယ်ရာရာ ချက်ဖို့မစဉ်း စားနိုင်၊ရှိသည့်ငွေကြေးလေးနှင့် လောက်ငှစေရန်ချွေတာနေရသည်။

COVID ကာလတုန်းက အလုပ်အကိုင်တွေမကောင်း စီးပွားရေးကြပ်တည်းကြတာမှန်ပေမဲ့ အဲဒီကာလတုန်းက သူတို့ မိသားစုအတွက် သိပ်မခက်ခဲသေး။ သားသမီးနှစ်ယောက်လုံးရဲ့ ကုမ္ပဏီကနေ လစာအနည်းငယ်ဖြတ်တာရှိပေမဲ့ လုပ်ငန်း ပုံမှန်လည်ပတ်နေသေးတော့ အလုပ်မရှိမှာ အလုပ်ပြုတ်မှာ မစိုးရိမ်ရ။

ဒါပေမယ့် လက်ရှိ စစ်အာဏာသိမ်းကာလနောက်ပိုင်းမှာတော့ သူတို့မိသားစုလည်း ထိခိုက်လာပါသည်။

အာဏာသိမ်းကာလနောက်ဆက်တွဲအဖြစ် ဝန်ထမ်းတွေ CDM လုပ်လာကြသလို. သားဖြစ်သူကလည်း ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်ပေမယ့် တွဲဖက်လုပ်ရတဲ့ အလုပ်တစ်ချို့ ကြောင့် အခြားဝန်ထမ်းတွေနဲအတူ CDM လုပ်ခဲ့ပြီး ရုံးပြန်မသွားတော့။ ဒါကြောင့် သမီးဖြစ်သူ ဝင်ငွေ တစ်ခုသာကျန်တော့တဲ့အတွက် ရတဲ့ဝင်ငွေလေးနဲ့သာ အိမ်စရိတ်လောက်ငှရန် စီစဉ်ရတော့သည်။

” အရင်က ဝက်သား သုံးထောင်ဖိုးဆိုလေးဆယ်သားနီးပါးလောက်ရတယ်။ ငပိ၊တို့စရာနဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်နဲ့ဆို တစ်နေ့ကို ငါးထောင်နဲ့ ငါးထောင်အထက်သုံးတယ်။ အခုတော့ ငါးထောင်အောက်ပဲ တွက်ချက်ဝယ်နေရတယ်” လို့ ဒေါ်အေးကပြောသည်။

အခြေခံစားသောက်ကုန်တွေက နှစ်ရာသုံးရာကနေ ထောင်ဂဏန်းအထိတက်လာသည်။ အရင် ဝက်သား တစ်ဆယ်သား ရှစ်ရာက ခုဆိုတစ်ထောင် ၊စီပီကြက်သားဆိုလည်း ၆၀၀ ကနေ ၇၀၀၊ ဆန်ဆိုလည်း ၂၄ပြည်တစ်အိတ်ကို နှစ်ထောင်ကနေ ငါးထောင်ကြားတက်သည်။

ဆီဆိုလည်း နေကြာဆီ ငါးလီတာဗူးကို ၁၅,၀၀၀-၁၇,၀၀၀ ကနေ ၁၉,၅၀၀-၂၁,၀၀၀ အထိ ရှိလာသည်။ ပဲဆီဆိုလည်း တစ်ပိသာ ခုနှစ်ထောင်ကနေ ရှစ်ထောင် ကိုးထောင်ရှိလာသည်။ ကန်စွန်းရွက်ပင် ၂၀၀ ကနေ သုံးရာဖြစ်နေသည်။

” ပြောတာကတော့ ဆီဈေး(စက်သုံးဆီ)တွေတက်တာကြောင့်လည်း ပါတယ်။နောက် မာရှယ်လော ထုတ်တာတွေကြောင့် ကားတွေမထွက်လို့ အစောကြီးမသွားနိုင်တာ၊ ကားငှားပြီးသယ်ရတာတွေ သယ်ယူစရိတ်တွေကြောင့်ရော တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး အကုန်တက်လာတာပေါ့” လို့ ဒေါ်အေးကပြောတယ်။

တစ်ရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကိုခံရတဲ့ အိမ်ရှင်မတွေက အမြောက်အမြားပါ။ ကုန်ဈေးနှုန်းတွေ တက်လာပေ မယ့် ဝင်ငွေက လိုက်မတက်လာတဲ့အခါ အိမ်ရှင်မတွေက စီစစ်ချွေတာပြီး ရတာလေးနဲ့ ခြစ်ခြုတ်သုံးစွဲနေရပါတယ်။

ဈေးရောင်းရင်းနဲ့ အိမ်ရှင်မတာဝန်ထမ်းဆောင်နေသူ တောင်ဒဂုံမြို့နယ်နေ မမာဦးက ” အရင် ကိုယ်တွေဈေးထွက်နေတုန်း က အရောင်းအဝယ်လေးလိုက်နေတော့ ဟင်းချက်စရာဖိုး ကောင်းကောင်းစားရတာပေါ့၊ အခုတော့ တော်တော့်ကို ချွေတာ နေရတယ်” လို့ ပြောပါတယ်။

မိသားစုငါးဦးရှိတဲ့အနက် သူအပါအဝင် လေးယောက်က အလုပ်လုပ်ကိုင်နေသူပါ။ ကိုဗစ်ကာလကစပြီး အလုပ်အကိုင် အရောင်း အဝယ်တွေမကောင်းတော့ ဝန်ထမ်းလုပ်နေတဲ့ အမျိုးသားနဲ့ သမီးနှစ်ယောက်ကလည်း အဆင်မပြေလှ။ လစာ လျှော့တာတွေ အလုပ်မဆင်းရတာတွေရှိပါတယ်။

ဒါပေမဲ့ သူကိုယ်တိုင်က ဈေးသည်တစ်ဦးဖြစ်တယ်။ ဈေးတွေမှာ ကလေးကစားစရာအရုပ်တွေ ရောင်းချတဲ့အတွက် သူ့ ဝင်ငွေနဲ့ဆိုအိမ်စရိတ်လေးကာမိပါသေးတယ်။

အခုတော့ ခင်ပွန်းဖြစ်သူပင်စင်ယူထားပြီး သူကိုယ်တိုင်လည်း အရင်လို ဈေးရောင်းမကောင်းတော့ အိမ်စရိတ်နဲ့ တခြား ဗာဟီရစရိတ်တွေကြားတော်တော်ခက်ခဲတယ်လို့ ဆိုပါတယ်။

” ဒီကာလက ဝင်ငွေနည်းပြီး ထွက်ငွေများတယ်။ ထွက်ငွေသာများသာ ကောင်းကောင်းမစားရပါဘူး” လို့ မမာဦး ကပြောတယ်။

ကိုဗစ်ကာလကတည်းက စီပွားရေးခက်ခဲကြတယ်ဆိုပေမဲ့ တစ်ချို့လုပ်ငန်းတွေက အလုပ်ဖြစ်တာတွေရှိတယ်။ မမာဦးဆို လည်း ကလေးကစားစရာဖြစ်ပေမဲ့ ဝယ်ကြသူတွေရှိတော့ မရောင်းရဘူးဆို နှစ်သောင်း သုံးသောင်းခွဲဖိုးလောက် ရောင်း ရတယ်။အခုတော့ တစ်နေ့ တစ်သောင်း ဖိုးလောက်ပဲ ရောင်းရပြီး ဒီထက်နည်းတဲ့နေ့တွေလည်းရှိတယ်လို့ဆိုတယ်။

” အရင် (ကိုဗစ်ကာလ)နဲ့အခုဆို အခုက ပိုခက်ခဲတယ်။ ဈေးအရောင်းအဝယ်တွေကအစ အကုန်ပါးဆိုတော့ အဆင်မပြေ ဘူး။ တော်တန်ရုံလူတွေက စားဖို့လောက်ပဲ အာရုံထားတော့ မဝယ်ကြဘူး၊ အပိုဘာညာအထွက်မခံကြဘူး “လို့မမာဦး ကပြောတယ်။

အဲ့ဒီတော့ မမာဦးတို့ချွေတာရတော့တယ်။ အသားဟင်းတွေကို အရင်လိုတစ်ပတ်မှာ တစ်ရက်နှစ်ရက်လောက်ပဲ စားနိုင် တော့တယ်။ အသားဝယ်ရင်တောင် ထောင့်ငါးရာဖိုး ၊နှစ်ထောင်ဖိုးဝယ်ပြီး အသီးအရွက်နဲ့ရောချက်ရတယ်။ ကျန်ရက် တွေက ဈေးချိုတဲ့ ငါးလေးတွေ ၊ဟင်းသီးဟင်းရွက်နဲ့ ဘဲဥကြက်ဥပေါ့။

” အိမ်မှာက မိသားစုလည်းများတော့ မချွေတာလို့မရဘူး။ အရွက်လည်းနေ့တိုင်းဖြစ်ရင်ဖြစ်မယ်။ ဟင်းသီးဟင်းရွက် ကတော့ ချက်တာပိုများတယ်။” လို့မမာဦးကပြောပါတယ်။

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်တွေက အမျိုးအစားလိုက် ၂,၀၀၀ ကနေ ၄,၀၀၀ အထိ ဈေးတက်ပါတယ်။ ရွှေဘို ပေါ်ဆန်းဆို တစ်အိတ်ကို ၅၈,၀၀၀ ကနေ ၆၁,၀၀၀ ဖြစ်လာတယ်။ လူအဝယ်အများဆုံးကတော့ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြ ပေါ်ဆန်း၊ တောင်ပျံနဲ့ မနောသုခတွေလို့ သာကေတမြို့နယ်က ဆန်နဲ့ဆီ လက်လီလက်ကား ဖြန့်ဖြူးရောင်းဝယ်နေတဲ့ ဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။

စားသုံးဆီဆိုရင်လည်း အသုံးများတဲ့ မေဇင်တံဆိပ် တစ်လီတာဗူးဆို အရင်က ၁,၅၀၀ ကနေ ၂,၃၀၀အထိဈေးတက်ပါ တယ်။ ပဲဆီဆိုလည်းတစ်ပိသာ ၈,၀၀၀ ကနေ ၉,၅၀၀-၁၀,၀၀၀နဲ့ အခြားဆီတံဆိပ်တွေဆိုလည်း တစ်လီတာဗူးလေးကို ငါးရာကနေ တစ်ထောင်ကြားတက်လာတယ်လို့ ယင်းဆိုင်ရှင်ကပြောပါတယ်။

အခြေခံ စားသောက်ကုန်ဈေးတွေတက်ပေမဲ့ အရင်လို အများကြီးဝယ်တာတွေ များများစားစား မရှိတော့ဘဲ နည်းနည်းချင်း ဝယ်တာတွေ ဈေးနည်းနည်းလျော့တဲ့ အမျိုးအစားရွေးချယ်ဝယ်ယူတာတွေဖြစ်လာတယ်လို့ ယင်းဆိုင်ရှင်ကပြောပါတယ်။

” ကိုဗစ်တုန်းကမှ အလုံးအရင်းနဲ့ ဝယ်ကြသေးတယ်။ အခုကျတော့ ဝယ်တော့ဝယ်ပေမဲ့ လျော့ဝယ်တာများ တယ်၊ဈေးနည်း တဲ့ဟာ ဝယ်တာတို့ ဆန်ဆိုလည်း နည်းနည်းချင်းစီဝယ်တာတို့ပေါ့။ လူတွေလက်ထဲပိုက်ဆံနည်းတာ တွေကြောင့် လည်းပါ မယ်ထင်တယ်”လို့ ယင်းကဆိုတယ်။

ကိုဗစ်ကပ်ရောဂါနောက်ဆက်တွဲကြောင့်ဖြစ်လာခဲ့တဲ့ စီးပွားရေးနှေးကွေးမှုတွေနဲ့ ကြပ်တည်းနေတဲ့အချိန်မှာ နိုင်ငံရေး အခြေအနေ အပြောင်းအလဲဂယက်တွေကြောင့်ငွေကြေးစီးဆင်းမှု နှေးကွေးတာတွေကလည်း နိုင်ငံစီးပွားရေးကို လုံး၀ နီးပါးအေးစက်တဲ့အခြေအနေထိဖြစ်ခဲ့ပါတယ်။

နိုင်ငံရဲ့အေးစက်စက်စီးပွားရေးအခြေအနေကြောင့် ပြည်တွင်းက လုပ်ငန်းအကြီး ၊ အလတ်စား ၊ အသေးစား အားလုံး လည်း အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ အဲ့ဒီလုပ်ငန်းတွေနဲ့ တစ်ဆက်တည်း လုပ်သားတွေ ၊ ဝန်ထမ်းတွေမှာလည်း အထိ နာကြရပါတယ်။

ဒီလိုအခြေအနေတွေကြား လူမှုစီးပွားရေးအခက်အခဲတွေကို အားလုံးပုံစံမျိုးစုံနဲ့ အနည်းအများ ခံစားနေရတဲ့သူတွေထဲ အိမ်ရှင်မတွေကတော့ အခြားသူတွေထက် တိုက်ရိုက်ပိုပြီး ထိတယ်လို့ ဆိုနိုင်ပါတယ်။ အချို့ဆို ညနေ အလုပ်ကပြန်ချိန်မှ ရလာတဲ့ငွေကြေးနဲ့ ဈေးပြေးပြီး ဈေးပေါင်ကျိုး(ဈေးသိမ်းချိန် ကျန်နေတဲ့ပစ္စည်း)လေးတွေဝယ်ပြီး ချက်ပြုတ်စားသောက် ရတဲ့ လက်လုပ်လက်စားမိသားစုတွေလည်းဒုနဲ့ဒေးပါ။

အခုဆို တဖြေးဖြေး နိုင်ငံရေးဂယက်ကြောင့် ကျဆင်းလာတဲ့ စီးပွားရေး ၊ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနူန်းတွေကြားမှာ ရုန်းကန်နေရတဲ့လက်လုပ်လက်စားအခြေခံလူတန်းစားတွေသာမက သာမာန်ပြေလည်တဲ့ မိသားစုတွေပါ ထိခိုက်လာနေ ပါပြီ။

ဒီလို မြို့ပြနေ အိမ်ရှင်မတွေသောကရောက်သလို တိုက်ပွဲတွေကြားက အိမ်ရှင်မတွေမှာလည်း သောကတွေတစ်ပုံ တစ်ပင်ပါ။ တိုက်ပွဲတွေကြား မိမိကိုယ်တိုင်နဲ့ မိသားစု အသက်အန္တရာယ်ကင်းဖို့က အဓိကဖြစ်လို့ ဘေးလွတ်ရာ ရောက်ဖို့ အရေးပူပန်ရ သလို၊ ထမင်းနှစ်နပ် အဆင်ပြေပြေစားရဖို့လည်း ပူရပါတယ်။

တစ်ချို့တွေကလည်း စစ်ဘေးရှောင်စခန်းတွေမှာ အလှုရှင်တွေပေးပို့တဲ့ ရိက္ခာတွေနဲ့ ဝေမျှစား သောက်ရသလို ၊တစ်ချို့က လည်းတောထဲတောင်ထဲ ပြေးလွှားနေရတဲ့အတွက် ပါလာတဲ့ အစားအစာစား၊ ကြုံရာဟင်းသီးဟင်းရွက်ခူးစားနဲ့ ဝမ်းရေး ဖြေရှင်းနေရတော့ လက်ထဲပိုက်ဆံရှိရင်တောင် ဝယ်စားဖို့ခက်တဲ့ အနေအထားပါ။

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ရဲ့ သုံးသပ်ချက်အရ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂၀၁၉တုန်းက ၆.၈ ရာခိုင်နှုန်း၊ ၂၀၂၀ မှာ ၃.၃ ရာခိုင်နှုန်း ရှိနေရာက စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ – ၁၀ ရာခိုင်နှုန်းနဲ့ အနုတ်လက္ခဏာပြ ဆုတ်ယုတ် ကျဆင်းနေတယ်လို့ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးက ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ် ခန့်မှန်းထားပါတယ်။ စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ကမ္ဘာဘဏ်က မြန်မာပြည်ထောက်ပံ့မှုတွေ ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သလို အခြားနိုင်ငံတွေကလည်း ကူညီထောက်ပံ့မှုတွေရပ်ဆိုင်းခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ကုန်ထုတ်လုပ်မှုကအစပြုပြီး လုံးဝအားလျော့သွားတဲ့ ကုန်သွယ်ရေး၊ အလုပ်အကိုင်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစတဲ့ အခြေအနေအရပ်ရပ်ဟာ ချက်ခြင်း ပြန်လည်ကောင်းမွန်လာမယ့် အနေ အထား မရှိသေးဘူးလို့ စီးပွားရေးပညာရှင် စောနိုင် (အသုံးချဘောဂဗေဒ) က သုံးသပ်တယ်။

နိုင်ငံတကာမှာလည်း ကိုဗစ်လှိုင်းက ဆက်လက်ပြင်းထန်နေပြီး မြန်မာနိုင်ငံမှာလည်း တစ်ရိပ်ရိပ် ဆက်တက်နေတဲ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် နိုင်ငံစီးပွားရေး ပြန်လည်နလန်ထူနိုင်ဖို့လမ်းစမမြင်ရသေးတာလို့ ဆိုပါတယ်။
” ဖွံ့ဖြိုးရေးလုပ်ငန်းတွေ စဖို့ကတော့မမြင်နိုင်သေးဘူး၊ နိုင်ငံသူနိုင်ငံသားတွေ နေ့စဉ်အသက်ရှင် ရပ်တည်နိုင်ဖို့ကိုပဲ မနည်း အားထုတ်နေမယ့်အခြေအနေလို့ပဲသုံးသပ်ရပါတယ်။”လို့ စောနိုင်(အသုံးချဘောဂဗေဒ)ကပြောပါတယ်။

အာဏာသိမ်းပြီးနောက် အစောပိုင်းတုန်းက ရွှေဈေးနဲ့ဆီဈေးတွေ မြင့်တက်လာပေမဲ့ အခြေခံစားသောက်ကုန် ဈေးတွေက ကြီးကြီးမားမားပြောင်းလဲတာတွေမရှိခဲ့ပါဘူး။ ဧပြီလကုန် မေလကစပြီး တဖြည်းဖြည်း မြင့်တက်လာခဲ့တာပါ။

” စားသောက်ကုန် တွေတက်တာမပြောနဲ့ ကလေးအသုံးဆောင်ပစ္စည်းတွေကလည်း ဈေးတက်တော့ မနည်းစီစစ်ပြီး သုံး နေရတယ်။ အရင်ကမှ လက်ထဲတစ်ထောင်ရှိရင် ကလေးတွေအတွက် မုန့်ပဲသရေစာကောင်းကောင်းကျွေးလို့ရတယ်။ အခု တော့မရတော့ဘူး” လို့ မင်္ဂလာတောင်ညွှန့်မြို့နယ်က ကလေးနှစ်ယောက်မိခင် မအဲကပြောပါတယ်။

အငှားယဉ်မောင်းဖြစ်သူအမျိုးသားကလည်း အရင်လို တက္ကစီမောင်းမကောင်းတော့၊ အရင်ကမှ နေ့တစ်ပိုင်းမောင်းရင် သုံးသောင်းလောက် ရတာကနေ အခုတစ်နေကုန်နီးပါးမောင်းရင်တောင် နှစ်သောင်းစွန်းစွန်းလောက်ပဲ ရတော့တယ်။
ဒီတော့ တက်လာတဲ့ အိမ်စရိတ်နဲ့ ကလေးအသုံးစရိတ်တွေကြောင့် သူပါ အွန်လိုင်းကနေ ဈေးရောင်းတာတွေ လုပ်နေ ရတယ်လို့ မအဲကပြောတယ်။

အိမ်ရှင်မတွေကတော့ တဖြည်းဖြည်းမြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြားထဲ အလုပ်အကိုင်တွေကအဆင်မပြေတဲ့အတွက် ဒီကာလကြီးကို အမြန်ကုန်ဆုံးချင်နေပြီး အရင်လို အေးအေးဆေးဆေးနဲ့ ပြန်လည်လုပ်ကိုင်စားသောက်ချင်ပြီလို့ ဆိုကြ ပါတယ်။
ဒေါ်အေးက နိုင်ငံရေးအခြေအနေတွေပြန်ကောင်းပြီး အရင်လိုပြန်အေးဆေးဖြစ်ရင်တော့ ကုန်ဈေးနှုန်းတွေလည်း နည်းနည်းတော့ ပြန်ကျမယ်မှန်းထားပါတယ်။ ဒါ့အပြင် သားဖြစ်သူအပါအဝင် အခြားဝန်ထမ်းတွေလည်း အရင်လို အလုပ်အကိုင် တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်ပြီး မိသားစုတွေ အဆင်ပြေပြေနဲ့ရှိနိုင်ဖို့ မျှော်လင့်ထားပါတယ်။

” ဒီကာလမပြီးမချင်းကတော့ ခက်ခဲနေဦးမှာပဲ၊ ကုန်ဈေးနှုန်းတက်ပေမယ့် အလုပ်တွေအဆင်ပြေရင်တော့ ခံသာတယ်လေ မြန်မြန်ပြီးစီးပြီး အရင်လိုအေးဆေးနေရတဲ့ အချိန်ပဲရောက်ချင်တော့တယ်” လို့ ဒေါ်အေးကပြောပါတယ်။

အဲ့ဒီလိုမျှော်လင့်နေရင်း လက်ရှိမှာတော့ အိမ်စရိတ်ချွေတာတဲ့အနေနဲ့ ပုံမှန်ဝယ်နေကြဆန်နဲ့အတူ အမျိုးအစားတူပြီး ဈေးနည်းတဲ့ ဆန်နဲ့ရောနှောဝယ်ယူရင်း ဒေါ်အေးတစ်ယောက် အိမ်ပြန်ခဲ့ပါတော့တယ်။

Related Articles