ရှင်ငြိမ်း
“နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင် တော်လှန်ရေးက အရေးပါသလို လူထုသပိတ်တွေလည်း ရှိဖို့ လိုတယ်။ တချို့နေရာတွေမှာ သပိတ်တွေကို ဥပေက္ခာပြုသွားတဲ့ ပုံမျိုး မြင်ရတာ တော်တော်လေး ထိတ်လန့်မိတယ်။”လို့ စိုးရိမ် စကား ပြောလာသူက ဆရာမ ဒေါ်နွယ်နွယ်မိုးပါ။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ဇာတိဖြစ်တဲ့ ဆရာမ ဒေါ်နွယ်နွယ်မိုးဟာ အစိုးရနည်းပညာတက္ကသိုလ်ကနေ အကြမ်းမဖက် အာဏာရှင် ဆန့်ကျင်ရေး (CDM)လုပ်ထားတဲ့ ဆရာမတစ်ယောက်ဖြစ်သလို ယင်းမာပင် ပြောက်ကျားသပိတ်ကို ဦးဆောင်နေတဲ့ အမျိုးသမီးလည်း ဖြစ်တယ်။
ခေတ်အဆက်ဆက် မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် တော်လှန်ရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုလည်း တော်လှန်ရေးတိုင်းမှာ အမျိုးသမီးတွေဟာ နေရာပေါင်းစုံကနေ ပါဝင်ခဲ့တယ်။ ဥပမာ ရှစ်လေးလုံး အရေးတော်ပုံမှာဆိုလည်း အမျိုးသမီးတွေ ရှေ့တန်းက ပါဝင်ခဲ့သလို ရွှေဝါရောင် တော်လှန်ရေးမှာလည်း အမျိုးသမီးတွေ ပါဝင်လို့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူတွေလည်း ရှိခဲ့တယ်။
အဲဒီကနေ လက်ဆင့်ကမ်းလာတဲ့ နွေဦးတော်လှန်ရေးမှာလည်း အမျိုးသမီးတွေဟာ ရှေ့တန်း စစ်မျက်နှာပြင် တိုက်ခိုက်ရေး နေရာတွေမှာ ရှိနေသလို ဆရာမ ဒေါ်နွယ်နွယ်မိုးလို လူထုသပိတ်နဲ့ ပံ့ပိုးပါဝင်ပေးသူတွေလည်း ရှိနေပါတယ်။
ဆရာမ ဒေါ်နွယ်နွယ်မိုး ဦးဆောင်တဲ့ ပြောက်ကျားသပိတ်ဟာ ကျေးလက်ကို ဦးတည်ပြီး အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ ရက်ပေါင်း ၁၀၀၀ ကျော် မပျက်မကွက် တော်လှန်နေတဲ့ သပိတ်စစ်ကြောင်း ဖြစ်တယ်။
တော်လှန်ရေးကို သွေးမအေးစေသူ
“တချို့က ဆန္ဒပြသပိတ်တွေက အရေးမကြီးတော့ဘူး။ အသက်တွေ အလကား ပေးနေရတယ်။ လက်သုံးချောင်း ထောင်ဖို့ မလိုတော့ဘူး။ လက်ညှိုးကွေးတဲ့အချိန် ရောက်ပြီလို့ ပြောတာတွေလည်း ရှိနေတယ်”လို့ ဆရာမ ဒေါ်နွယ်နွယ်မိုးက ပြောပါတယ်။
တော်လှန်ရေးကို သွေအေးမသွားစေဖို့ လှုံဆော်ပေးနိုင်တာက လူထုသပိတ်ဖြစ်ပြီး လူထုနဲ့ တော်လှန်ရေး အဆက်ပြတ်သွားရင် အချိန်ကြန့်ကြာသွားနိုင်တာကြောင့် သူအနေနဲ့ အခုလို စိုးရိမ်စကားဆိုနေတာ ဖြစ်တယ်။
ဆရာမ ဒေါ်နွယ်နွယ်မိုးဟာ လူထုသပိတ်အပေါ် ဘယ်လောက်ထိ အလေးထားသလဲဆိုရင် အခက်အခဲပေါင်း များစွာထဲကနေ စစ်အာဏာရှင်ကို ရက်ပေါင်း ၁၀၀၀ တိုင် မပျက်မကွက် တော်လှန်နေတဲ့ သူရဲ့လုပ်ရပ်က သက်သေခံနေပါတယ်။
“လူထုသပိတ်က တော်လှန်ရေးအတွက် အရေးကြီးတဲ့ ပင်မ ထောက်တိုင်”လို့ သူက ယူဆထားတာကြောင့် မရှိမဲ့ ရှိမဲ့ မိဘ ဆင်ထားတဲ့ ရွှေကိုရောင်းပြီး ဖမ်းဆီးခံရမယ့်အရေး မတွေးဘဲ ယနေ့ထိ ပြောက်ကျားသပိတ်ကို ဆက်ထွက်ကာ နိုင်တာ စီစဉ်နေသူ ဖြစ်ပါတယ်။
ဒါတွေကြောင့် ဆရာမ ဒေါ်နွယ်နွယ်မိုးရဲ့ သပိတ်စစ်ကြောင်းဟာ စစ်သားတွေရဲ့ မကြာခဏ အကြမ်းဖက် ဖြိုခွင်းခံရတာ၊ သေနတ်နဲ့ လိုက်ပစ်လို့ ပြေးရတာတွေက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြုံခဲ့ရတာပါ။
အာဏာသိမ်းစကတည်းက ဆရာမ ဒေါ်နွယ်နွယ်မိုးဟာ အစိုးရဝန်ထမ်းကနေ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သလို တခြား ဝန်ထမ်းတွေလည်း ပါဝင်နိုင်အောင် စည်းရုံးရေးတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပါတယ်။ တက်ကြွလွန်းလို့လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် (တပ်မတော်နေ့)မှာ အင်ဂျင်နီယာတွေ စုပေါင်းဆန္ဒပြပွဲ လိုက်ပါရင်း ပထမဆုံး အဖမ်းခံခဲ့ရပါတယ်။
ဒီအချိန်မှာ လူထုက ဝန်ထမ်းတွေ လွှတ်ပေးဖို့ ရဲစခန်းရှေ့မှာ ဆန္ဒလာပြတာကြောင့် လွှတ်ပေးခံရသူတွေထဲမှာ ဆရာမ ဒေါ်နွယ်နွယ်မိုး တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ သူနဲ့အတူ အဖမ်းခံရတဲ့ ဝန်ထမ်းတချို့ဆိုရင် အခုထိတောင် ထောင်ကျနေဆဲလို့ ပြောပါတယ်။
၂၀၂၁ ဇွန်လမှာလည်း ဆရာမ ဒေါ်နွယ်နွယ်မိုးတို့ ဆန္ဒပြရင်း နောက်ကနေ လိုက်ပစ်လို့ ပြေးရင်းလွှားရင်းနဲ့ စစ်သားတွေနဲ့ ထိပ်တိုက်တိုးပါတယ်။ ကံကောင်းချင်တော့ စစ်သားတွေရှာနေတာက သူ မဟုတ်တော့ လူကြည့်ပြီး လွှတ်ပေးလိုက်တာပါ။
“အဲ့တုန်းက ဖုန်းယူစစ်ရင်တော့ အဖမ်းခံရမှာ သေချာတယ်။ ဘာလို့ဆို ရုတ်တရက်ဆိုတော့ ဖုန်းကို မရှင်းလိုက်မိဘူး။ အဲ့မှာ အမျိုးသမီးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ၊ ဆန္ဒပြ သပိတ်ပုံတွေ ရှိနေတာ။”လို့ ဆရာမက ပြောပါတယ်။
အဲဒီအချိန်က ဆရာမ ဒေါ်နွယ်နွယ်မိုးဟာ အမျိုးသမီး မဟာမိတ်အင်အားစု(WAB)ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ခါစမို့ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ၊ သပိတ်မှာပါဝင်တဲ့ မှတ်တမ်းမှတ်ရာတွေလည်း ရှိနေတာပါ။
မိသားစုရဲ့ အခရာ အစ်မကြီး အမိရာ
မောင်နှမ ၄ ယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ဆရာမ ဒေါ်နွယ်နွယ်မိုးက အစိုးရနည်းပညာတက္ကသိုလ်မှာ နည်းပြ တစ်ယောက် ဖြစ်သလို ညီမဖြစ်သူကလည်း အထက်တန်းပြ ကျောင်းဆရာမတစ်ဦး ဖြစ်တယ်။ မောင်ငယ် နှစ်ယောက်ကတော့ ကျောင်းနေ အရွယ်တွေပါ။
ဆရာမ ဒေါ်နွယ်နွယ်မိုးရဲ့ မိဘတွေဟာ ကျပမ်းအလုပ်သမားတွေဖြစ်တော့ သူတို့ညီအစ်မ နှစ်ယောက်ရဲ့လစာနဲ့ ခြို့ခြံစား သောက်နေရတာကြောင့် ညီအစ်မ နှစ်ယောက်လုံး CDM လုပ်တဲ့အချိန်မှာ စားဝတ်နေရေးကအစ များစွာ ခက်ခဲသွားခဲ့တယ်။
ဒီလိုအခြေအနေမှာတောင် ဆရာမ ဒေါ်နွယ်နွယ်မိုးဟာ တော်လှန်ရေးအတွက် နောက်မဆုတ်သွားခဲ့ပါဘူး။ ဝမ်းရေးအတွက် တောင်ယာ အငှားလိုက်လုပ်ရင်း ဆန္ဒပြသပိတ်တွေမှာ ပါဝင်နေခဲ့တာပါ။
သပိတ်တွေမှာ ပါဝင်နေလို့လည်း ဆရာမကို မိဘတွေက မဆူ၊ မတားဆီးတဲ့အပြင် သပိတ်တွေမှာပါ ကူညီပေးခဲ့ကြတယ်။ ပထမပိုင်းမှာတော့ သပိတ်တော်လှန်ရေးကို ပုံမှန်လေးသာ လုပ်ခဲ့ပေမယ့် ၂၀၂၁ အောက်တိုဘာ ၂၉ ရက်က စလို့ သူ့ဘဝတစ်ခုလုံးကို တော်လှန်ရေးထဲ လုံးလုံးလျားလျား မြုပ်နှံလိုက်တာပါ။
ဒါကလည်း မြို့ပြတွေမှာ လူထုသပိတ်လုပ်ဖို့ ခက်ခဲလာတာနဲ့ မျက်စိရှေ့မှာတင် ပစ်ခတ်ခံရပြီး သေဆုံးရတဲ့ လူငယ်တွေ၊ ပြန်မဆုံနိုင်တော့တဲ့ မိသားစုတွေရဲ့ အဖြစ်အပျက်တွေကို မျက်မြင် တွေ့လာရတာကြောင့် တော်လှန်ရေး အောင်တဲ့အထိ ပါဝင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။
CDM ဆရာမကနေ သပိတ်ခေါင်းဆောင်
“CDM ဝင်ရုံနဲ့ အားမရတော့ တော်လှန်ရေးလည်း မြန်မြန်ပြီးစေချင်တယ်။ အဲ့မှာ သပိတ်တွေ ဖြိုခွင်းခံရပြီး မြို့ပြမှာ လူထု သပိတ်တွေလုပ်မရတော့ ငါဘာလုပ်နိုင်မလဲလို့ တွေးပြီး ကျေးလက်တွေမှာ လူထုသပိတ်တွေ စလုပ်တယ်။”လို့ ဆရာမ ဒေါ်နွယ်နွယ်မိုးက ပြောပါတယ်။
ဒါကြောင့် သူဟာ ကျေးရွာသပိတ်ကော်မတီရဲ့ ဦးဆောင်သူဖြစ်လာပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ အတွက် ထောက်ပို့ လုပ်ပေးတာ၊ စစ်ရှောင်တွေအတွက် ရန်ပုံငွေရှာပေးတာအပြင် ကလေးတွေကိုပါ စာသင်ပေးနေပါတယ်။
လူထုသပိတ်ထဲ သူ့ဘဝကို မြုပ်နှံခဲ့ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်ကြားမှာ ဖြစ်ပွားခဲ့တဲ့ ဒုန်းတောရွာသားတွေ အရှင်လတ်လတ် မီးရှို့သတ်ခံရတဲ့ ဖြစ်စဉ်ကြောင့်လည်း ပါဝင်ပါတယ်။
ဖြစ်စဉ်ကတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်၊ မနက်ပိုင်းမှာ ယင်းမာပင်ကနေ ဆင်းသွားတဲ့စစ်သားတွေက ဒုံးတော ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးခဲ့ရတယ်။
ထွက်ပြေးရာမှာ မလွတ်ဘဲ ကျန်ခဲ့တဲ့သူတွေကို စစ်သားတွေက ဖမ်းဆီးပြီး အပြင်းအထန် ရိုက်နှက်စစ်ဆေးကာ ဒေသခံ ၁၅ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာပါ။ ဒီဖြစ်ရပ်ဆိုးက ဆရာမ ဒေါ်နွယ်နွယ်မိုးကို လူထုသပိတ်တွေ ဆက်လက် ဖော်ဆောင်ဖို့ တွန်းအားတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အမှန်တော့ သပိတ်တစ်ခု ဖော်ဆောင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ငွေကြေး၊ အချိန်နဲ့ ပါဝင်မှုတွေကလည်း သပိတ်တစ်ခုရဲ့ မဖြစ်မနေ လိုအပ်ချက်တွေ ဖြစ်တယ်။ ဒီလိုအပ်ချက်တွေကိုတော့ ရင်းနှီးခင်မင်ကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်း အသင်းတွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ဆောင်ရွက်နေတာပါ။
ဒါ့အပြင် ဆရာမ ဒေါ်နွယ်နွယ်မိုးဟာ ယင်းမာပင်နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရက ဖွင့်တဲ့ စာသင်ကျောင်းတွေမှာ ကလေးငယ်တွေကို စာသင်ပေးနေသူ ဖြစ်ပြီး ဒီကရတဲ့ CDM ထောက်ပံ့ကြေးကိုလည်း သပိတ်အတွက် သုံးစွဲနေတာ ဖြစ်တယ်။
CDM ထောက်ပံ့ကြေးကတော့ ဘယ်အဖွဲ့အစည်း၊ ဘယ်အစိုးရကမှ သတ်သတ်မှတ်မှတ် ပေးတာမျိုး မဟုတ်ဘဲ မိတ်ဆွေ အပေါင်းအသင်းတွေက CDM ထောက်ပံ့ကြေးဆိုပြီး ၁ သောင်း၊ ၅ သောင်း စသဖြင့် ပေးတာမျိုးပါ။
ညီမဖြစ်သူ ကျောင်းဆရာမကလည်း ဆရာမ ဒေါ်နွယ်နွယ်မိုး လစ်လပ်နေတဲ့ အလုပ်တွေကို တဖက်တလမ်းက ကူညီပေးပါတယ်။ ဒေသခံ စစ်ရှောင်ကလေးတွေကို စာသင်ပေးနေပြီး မိဘတွေကို စောင့်ရှောက်ပေးနေတာပါ။
“တော်လှန်ရေးအောင်မြင်တဲ့အထိ နိုင်သလောက် ဆက်ပြီး အာဏာရှင်ကို တော်လှန်သွားမယ်။” လို့ ဆရာမ ဒေါ်နွယ်နွယ်မိုးက ပြောပါတယ်။
လက်ရှိ လမ်းမပေါ်ထွက်နေတဲ့ ဆန္ဒပြသပိတ်တွေမှာ အမျိုးသမီးတွေ ဦးဆောင်နေတာ အများဆုံး တွေ့ရတာနဲ့ ပတ်သက်လို့ ဆရာမ ဒေါ်နွယ်နွယ်မိုးက “သပိတ်တွေမှာ အမျိုးသမီး ဦးဆောင်နေတာက ကျနော်တို့ နိုင်တဲ့ ဝန်ကို ထမ်းနေတာပါ။”လို့ ဖြေပါတယ်။
အမျိုးသမီးတွေဟာ အရင်ခေတ်တွေကလို လင်ယူသားမွေး၊ ထမင်းဟင်းချက်နဲ့ ဘဝကို မကုန်ဆုံးတော့ဘဲ အမျိုးသမီးတွေ ဘာလုပ်နိုင်မလဲ တွေးရင်းနဲ့ ဆန္ဒပြ သပိတ်တွေလုပ်ရင်း တဖက်တလမ်းကနေ တော်လှန်ရေးကို ကူနေတာလို့ သူက ရှင်းပြပါတယ်။
သူရဲ့ တော်လှန်ရေးသပိတ် ထွက်တိုင်းမှာလည်း “ကျား၊ မ တန်းတူညီမျှမှု ရှိဖို့” ၊ “အမျိုးသမီးတွေဟာ စစ်ရေးနဲ့ မဆိုင်ဘူး ဆိုတဲ့ အယူအဆစွဲတွေ တွန်းလှန်ဖို့” ဟောပြော စည်းရုံးမှုတွေမှာ ထည့်သွင်းပြောကြားပါတယ်။
စစ်ကောင်စီ ဖိနှိပ်မှုအောက် သွေးမအေးတဲ့ ပြည်သူတွေ
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းဟာ လက်နက်ကိုင် ဆန့်ကျင်ရေးကို အစောဆုံးစခဲ့တဲ့ ဒေသတွေထဲက တစ်ခုပါ။ ဒေသကာကွယ်ရေးတပ်တွေ အားကောင်းလာလို့ စစ်တပ်က စစ်ဆင်ရေး အမည်တွေ တပ်ပြီး စစ်အင်အား အလုံးအရင်းအပြင် လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေပါ လုပ်လာခဲ့တယ်။
ဒါ့ကြောင့်လည်း စစ်ကိုင်းတိုင်းမှာ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ ကနီဒေသပြီးရင် ဒုန်းတော ကျေးရွာဟာ ဒုတိယအကြိမ် အစုလိုက်အပြုံလိုက် အသတ်ခံရမှု ဖြစ်လာခဲ့တယ်။
ဒီနောက်မှာတော့ ဆရာမ ဒေါ်နွယ်နွယ်မိုးဟာ ယင်းမာပင်နယ်သာမက တခြားကျေးရွာတွေပါ ဆင်းပြီး လေကြောင်း တိုက်ခိုက်မှုတွေ ကြုံလာရင် ဘယ်လိုရှောင်ရှားရမယ်ဆိုတာတွေ၊ အသိပညာပေး၊ ဟောပြော စည်းရုံးတာတွေ ဆင်းခဲ့တယ်။
“သပိတ်တွေကတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ထွက်တယ်။ လူထုသပိတ်အပြင် CDM သပိတ်၊ စစ်တပ် ထုတ်ကုန် ဆန့်ကျင်တာ၊ နိုင်ငံတကာ သံတမန်ရေးရာတိုက်ပွဲ စသဖြင့် ဆက်တိုက် ပြောက်ကျားသပိတ်တွေ လုပ်ခဲ့တယ်။” လို့ ဆရာမ ဒေါ်နွယ်နွယ်မိုးက ဆိုပါတယ်။
“ဒီတော်လှန်ရေးမှာ လက်နက်ကိုင် ဆင်နွှဲဖို့လိုသလို လူထုသပိတ်တွေလည်း ထွက်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ သပိတ်တိုက်ပွဲကနေ လူထုကို စည်းရုံးတယ်ဆိုတာထက် တော်လှန်ရေးအပေါ်မှာ စိတ်လျော့မသွားအောင် လုပ်ပေးနေတာပါ။”လို့ သူက ရှင်းပြပါတယ်။
နွေဦးတော်လှန်ရေးဟာ လူထုကို အခြေပြုတာဖြစ်တဲ့အတွက် လူထုကသာ တော်လှန်ရေးကို အဆုံးအဖြတ် ပေးမှာလို့ သူရဲ့ သဘောထားအမြင်ကို ဖွင့်ဟပါတယ်။ လူထုသပိတ် ရည်ရွယ်ချက်က တော်လှန်ရေးကို သွေးမအေးဖို့အပြင် လမ်းမပေါ် ထွက်ပြီး ဆန္ဒ ထုတ်ဖော်တာဟာ လက်နက်မဲ့ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်တာလို့ ဆရာမ ဒေါ်နွယ်နွယ်မိုးက ခံယူထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်က အမျိုးသမီးတွေကို မုဒိမ်းကျင့် သတ်ဖြတ်နေတာတွေဟာ သပိတ်တွေ ရပ်တန့်သွားစေဖို့ အကြောက်တရား သွင်းပေးနေတာလို့လည်း ဆရာမက ထောက်ပြပါတယ်။
စစ်အာဏာရှင်အနေနဲ့ ဘယ်လိုပဲ အကြောက်တရားသွင်းသွင်း၊ ပြည်သူတွေက နာကျည်းချက်နဲ့ ဆက်တိုက်နေမှာ ဖြစ်လို့ ပြည်သူ တရပ်လုံး ပါဝင်ကြဖို့လည်း ဆရာမ ဒေါ်နွယ်နွယ်မိုးက အခုလိုပဲ မေတ္တာရပ်ခံထားပါတယ်။
“စစ်အာဏာရှင်စနစ်ကို အဆုံးထိ အခွင့်အခါသင့်ရင် သင့်သလို တော်လှန်ပေးကြပါ။ အနာလည်း သိတယ်။ ဆေးလည်း ရှိတယ်ဆိုရင် ခါးလည်း သောက်ရမှာပေါ့။”
- စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း အမျိုးသမီးထုရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အခြေအနေများနဲ့ပတ်သက်ပြီး Jue Jue’s Safe Spaceမှ မဂျူးဂျူးမင်းသူနှင့် အင်တာဗျူး - 19/11/2024
- တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များ - 18/11/2024
- ရခိုင်စစ်ရှောင်ဦးရေရဲ့ ၅၇ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ် - 18/11/2024