Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၅ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာ တွေကို HI က စုစည်းဖော်ပြပေးလိုက်ရပါတယ်။

  • ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ထိုင်းနာမည်ကြီးလက်ဝှေ့မယ်ကို အနိုင်ရ

ထိုင်းနိုင်ငံ၊ လော့ပ်ဘူရီမြို့မှာ အောက်တိုဘာ ၂၉ ရက် က ယှဉ်ပြိုင်ကစားခဲ့တဲ့ Thai Fight မွေထိုင်း လက်ဝှေ့ပွဲမှာ ကယန်း လက်ဝှေ့မယ်ဘရော်နီကာက ‌ထိုင်းနာမည်ကြီးလက်ဝှေ့မယ် ဖာယာဆင်းဂါးကို အမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဘရော်နီကာဟာ ကျန်းမာရေးမကောင်းလို့ ဆေးသွင်းပြီးမှယှဉ်ပြိင်ထိုးသတ်ရပေမဲ့ ပွဲစကတည်းက တံတောင်၊ လက်သီးအား တွေ အသုံးပြုကာ အသာစီးကစားခဲ့ပြီး သုံးချီပြည့်ပြီးချိန်မှာ အမှတ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲအပါအဝင် ဘရော်နီကာ ဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲ ၁၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဘရော်နီကာဟာ ဇွန် ၁၈ ရက်က Thai Fight ပြိုင်ပွဲမှာ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ဗီယက်နမ်လက်ဝှေ့မယ် သီရသီဖုန်းကို အနိုင် ရရှိခဲ့ပါသေးတယ်။

Source- DVB

  • ကလေးမြို့က အထက်တန်းကျောင်းသားကျောင်းသူတွေကို PHN(Kalay)အဖွဲ့က မျိုးဆက်ပွားကျန်းမာရေး အသိ ပညာပေး

ကျား၊ မ အခြေပြု အကြမ်းဖက်မှုနဲ့ မျိုးဆက်ပွားကျန်းမာရေး ပညာပေး သင်တန်းကို စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ ရွာ ၇ ရွာက အခြေခံပညာအထက်တန်းကျောင်းသားကျောင်းသူတွေကို ပို့ချပေးခဲ့တယ် လို့ People’s Healthcare Network-Kalay က ထုတ်ပြန်ထားပါတယ်။

ရပ်ရွာအနီးဝန်းကျင်မှာ သက်ငယ်မုဒိန်းမှုတွေကြုံလာတာ၊ ကလေးတွေ အများကြီးမွေးကြတာနဲ့ အသက်ငယ်ငယ်နဲ့ အိမ် ထောင် ပြုလာကြတာတွေတွေ့ရတာတို့ကြောင့် PHN(Kalay)ရဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေက နှစ်ရက်ကြာသင်ကြား ပို့ချပေးခဲ့တာပါ။

မျိုးဆက်ပွားသားဆက်ခြား ပညာပေးကိုတော့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေမဆောင်ရအောင် အသိပညာပေးတာဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ ဒုတိယအကြိမ်သင်တန်းပေးဖို့ ရှိပါတယ်။

Source- DVB

  • ပုလဲမြို့နယ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အမျိုးသမီးသုံးဦး ထိခိုက် 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ သာယာကုန်းကျေးရွာမှာ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးကျည်ကျ ရောက် ပေါက်ကွဲတဲ့အတွက် အမျိုးသမီးသုံးဦး  ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေတဲ့ အင်မထီး‌ကျေးရွာမှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရတဲ့ အမျိုးသမီး သုံးဦးအနက် တဦးမှာ အသက်အန္တရာယ်စိုးရိမ်ရ ဒေသခံတဦးက ပြောပါတယ်။

သာယာကုန်းကျေးရွာက ယခင်က အိမ်ခြေ ၂၀၀ ခန့် ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အိမ်ခြေ ၅၀ ခန့် မီးလောင်ပြာကျထားပါတယ်။

Source- Mizzima

  • လုပ်ငန်းခွင်မှာ ထိခိုက်ခဲ့တဲ့ ထိုင်းရောက်အမျိုးသမီးလုပ်သား ဘတ်နှစ်သိန်းခွဲကျော်ရရှိ

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ လန်လုကာမြို့မှာ လုပ်ငန်းခွင်ထိခိုက်ခဲ့တဲ့ မြန်မာအမျိုးသမီး အလုပ်သမားတဦး နစ်နာကြေး ဘတ် ၂ သိန်းခွဲကျော်ရရှိခဲ့တယ်လို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး (MHAC)ထံက သိရပါတယ်။

လန်လုကာမြို့ရှိ Thai Service Konlakan Group Co., Ltd. (SKY) သံစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား မဇင်မာနွယ်ဝင်းဟာ ဩဂုတ်လအတွင်းက လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေချိန် သံရိုက်စက်ရဲ့ချို့ယွင်းမှုကြောင့် ညာဘက် လက်ညှိုးတချောင်း ဖြတ်ခဲ့ရပါတယ်။

အလုပ်လုပ်ချိန်အတွင်း ဖြစ်ပွားခဲ့ပေမဲ့ စက်ရုံကကူညီမှုမရှိတဲ့အပြင် ဆေးကုသစရိတ်ကို ကိုယ်ပိုင်ဝင်ငွေကနေ သုံးစွဲနေရတာ ကြောင့် နစ်နာကြေးရရှိဖို့အတွက် မဇင်မာနွယ်ဝင်းက မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး (MHAC)ကို အကူအညီ တောင်းခံခဲ့ရာ MHACက ထိုင်းအစိုးရဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး ၂ လကျော်ကြာချိန်မှာ  နစ်နာကြေး နစ်နာကြေး ၂၆၀,၁၆၄ ဘတ်ရရှိခဲ့ပါတယ်။

Source- DVB

  • နမ့်ဖက်ကာမှာ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားသုံးဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရပ်ကွက်မှာ  အောက်တိုဘာ၃၀ရက်နေ့က လက်နက်ကြီးကျည် ကျ ရောက် ပေါက်ကွဲတာကြောင့် လမ်းသွားလမ်းလာဖြစ်တဲ့ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်းသုံးဦး သေဆုံးခဲ့ရပါတယ်။

သေဆုံးခဲ့သူတွေဟာ အသက် ၁၉နှစ်အရွယ်အမျိုးသမီးတစ်ဦး ၊အသက်၂၆နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ၁၈နှစ် အရွယ် အမျိုး သားတစ်ဦးဖြစ်ပြီး၊ အမျိုးသားတစ်ဦးက နေရာမှာတင်ပွဲချင်းပြီးသေဆုံးကာ ကျန်တဲ့နှစ်ဦးက ဆေးရုံမှာသေဆုံးသွားတာ ဖြစ် တယ်လို့ သိရပါတယ်။

အရပ်သားသေဆုံးမှုဖြစ်ခဲ့ရတဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဟာ ဘယ်အဖွဲ့ကပစ်တဲ့ လက်နက်ကြီးဆိုတာမသိရသေး ဘဲ ပြီးခဲ့တဲ့ ၂၇ရက်နေ့ကလည်း ရပ်ကွက် (၄)နမ့်ဖတ်ကာက နေအိမ်တစ်အိမ်ရှေ့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာ ကြောင့် အိမ်ထဲရှိနေတဲ့ အသက်ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

Source- Mizzima

  • မြေနီကုန်းတံတားပေါ်က ခုန်ချမယ့် အမျိုးသမီးကို အရန်မီးသတ်တပ်ဖွဲ့က ကယ်ဆယ်

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားပေါ်ကနေ ခုန်ချမယ့် အမျိုးသမီးတဦးကို အောက်တိုဘာ ၃၁ ရက်ညပိုင်းမှာ ရဲသူရိန်စမ်းချောင်း အရန်မီးသတ်တပ်ဖွဲ့က အချိန်မီကယ်ဆယ်နိုင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယင်းအမျိုးသမီးက မြို့ထဲဘက်အဆင်း တံတားဘယ်ဘက်မှာ လက်ရန်းကိုကျော်ပြီး ဓာတ်တိုင်ကို ကိုင်ထားတာဖြစ်ပြီး ကယ် ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာ ခုန်ချမယ့်အမျိုးသမီးနဲ့ ၁၅ မိနစ်လောက် ညှိနှိုင်းပြောဆိုနေခဲ့ရကာ  ည ၁၀ နာရီ မိနစ် ၂၀ မှာ အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ခုန်ချမယ့်သူဟာ မှော်ဘီမြို့နယ်မှာနေထိုင်တဲ့ အသက်၂၄နှစ်အရွယ် မမိုးစက်ပွင့်ဖြစ်ပြီး မိသားစုအခက်အခဲအခြေအနေ ကြောင့် တံတားပေါ်ကနေ ခုန်ချဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအမျိုးသမီးကို ရဲသူရိန် စမ်း‌ချောင်းအရန်မီးသတ်တပ်ဖွဲ့နဲ့အတူ အရပ်ဘက်အသင်းတွေ ပူးပေါင်းကယ်ဆယ်ခဲ့ကြပြီး ခုန်ချမှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ဆိုတယ်။

S၀urce –  DVB

  • အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသူတစ်ဦး သေဆုံး

မောင်ဖြစ်သူကိုယ်စား ဓါးစာခံဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်လှလှမော်က  နိုဝင် ဘာ ၂ ရက်မှာ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်အတွင်းမှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။                 

မြောက်ဥက္ကလာပ၊ ဥက္ကာစိန် သစ်စက်ပိုင်ရှင် ဒေါ်လှလှမော် (မရွှေတုတ်) ဟာ အကြမ်းဖက်အဖွဲ့ကို အားပေးတယ်ဆိုပြီး စစ် ကောင်စီကစွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူဖြစ်ပါတယ်။ စတင်ဖမ်းဆီးခံရကတည်းက ကျန်းမာရေး မကောင်းတဲ့အတွက် အသနားခံစာတင်ခဲ့ပေမဲ့ စစ်ကောင်စီက ထောင်ဒဏ်ချမှတ် လိုက်တာလည်းဖြစ်ပါတယ်။ 

မောင်ဖြစ်သူ   ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် ကိုအေးချမ်းကို စစ်ကောင်စီက နေအိမ်မှာ ၂၀၂၁ ခုနှစ်က ဝင်ရောက်ဖမ်းဆီးရာကနေ ကိုအေးချမ်းကို မဖမ်းမိတာကြောင့် အစ်မဖြစ်သူ ဒေါ်လှလှ‌မော်ကို ဖမ်းဆီးခဲ့ပြီး ဒေါ်လှလှမော် ဦးဆောင်နေတဲ့ ဥက္ကာစိန်သစ်စက်နဲ့ ပိုင်ဆိုင်မှုတွေကိုလည်း စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

Source – Burma VJ

  • လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးခိုကျင်းထဲပုန်းခိုနေတဲ့ သားအမိနှစ်ဦး မြေပိသေဆုံး

စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ့်ခွန်ကျေးရွာက သစ်ကြားသီးခြံထဲမှာ ဗုံးခိုကျင်းထဲမှာ တိမ်းရှောင်နေတဲ့ သားအမိနှစ်ဦး ဗုံးခိုကျင်းပြိုကာ မြေပိသေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ သားအမိနှစ်ဦးက မိခင်ဖြစ်သူ အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဒေါ်ခေါဝန်င်နဲ့သားဖြစ်သူ အသက် ၁၂ နှစ်ခန့် အရွယ်ရှိ မောင်တန်ဘောက်ခေါင်ဇောင်းတို့ ဖြစ်ပြီး၊နိုဝင်ဘာ ၁ ရက်နေ့ ညက ဗုံးခိုကျင်းထဲ ဝင်ရောက် ခိုလှုံခဲ့ပြီး နိုဝင်ဘာ ၂ ရက် မနက်မှာပြန်ထွက်လာတာ မရှိသေးတဲ့အတွက် ရှာဖွေကြည့်ရာမှာ ‌မြေပိသေဆုံးနေတာဖြစ်တယ်လို့ နမ့်ခွန်ရွာသား တဦး က ပြောပါတယ်။

မြေပိပြီး သေဆုံးသွားတဲ့ သားအမိနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို နိုဝင်ဘာ ၃ ရက်မှာ မြေမြှုပ်သင်္ဂြိုဟ်သွားဖို့ စီစဉ်နေတယ် လို့သိရပါတယ်။

Source – DVB

  • ကွတ်ခိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာက ဒုက္ခသည်စခန်းအနီးကို နိုဝင်ဘာလ ၂ ရက်နေ့၊ နေ့လယ် ပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နေအိမ် နဲ့ ဈေးဆိုင်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက်ငါးဆယ်အရွယ် ဒေါ်မာလုဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ရွာမှာ နေထိုင် သူတွေမှာ ကွတ်ခိုင်မြို့ကို ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေပြီလို့လည်း ဒေသခံကတွေ က ပြောပါတယ်။

မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး၊ ဆယ်ဦးထက် မနည်း ဒဏ်ရာရခဲ့ပါတယ်။

Source – RFA

  • မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လူငါးထောင်ကျော် စစ်ရှောင်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၃ (ညောင်လေးပင်ခရိုင်)ထဲက မူး(မုန်း)မြို့နယ်မှာ စစ်ကောင်စီတပ်က လက် နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် လူငယ်အမျိုးသမီး ၁ဦးသေဆုံးပြီး နောက်ထပ် လူငါးထောင်ကျော် စစ်ဘေးရှောင်နေရတယ်လို့ KNU ဘက်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၃၁ ရက်မှာ စစ်ကောင်စီတပ် အမှတ် ၄၃၉ ခြေမြန်တပ်ရင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၄ လုံး ထဲက ၂လုံး ရွာထဲ ကျရောက်ခဲ့ချိန်ထိမှန်ခဲ့တာဖြစ်ပြီး  အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ညာဘက်ဒူးပြတ်သေ ဆုံးခဲ့သလို အသက် ၂၀ အရွယ်နဲ့ ၉ နှစ်အရွယ် အမျိုးသမီး ၂ ဦးလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

Source- BBC

  • တောပု(ပျူရွာ)မှ လက်နက်ကြီးဖြင့်ပစ်ရာ အမျိုးသမီး ၄ ဦးနှင့် ကလေးငယ် အပါအဝင် လူ ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊တောပု(ပျူစောထီး)ရွာမှ လက်နက်ကြီးနှင့် ပစ်ခတ်တာကြောင့် ယင်းရွာနဲ့နီးစပ်တဲ့ ကြာပိုင်ရွာမှ အမျိုးသမီးလေးဦး ၊ ကလေးတစ်ဦးနဲ့  အမျိုးသားနှစ်ဦးစုစုပေါင်းခုနစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင်း အသက် ၃၈နှစ် ၊ အသက်၄၈နှစ် ၊ အသက်၅၆နဲ့ အသက် ၇၀ နှစ်အရွယ် အမျိုးသမီးလေးဦး ဒဏ်ရာရခဲ့ပြီး ရှစ်နှစ်အရွယ်ကလေးတစ်ဦး ၊ အသက် ၃၈နှစ်နဲ့ အသက်၅၂နှစ်အရွယ်အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါ တယ်။

Source –Mizzima

  • LGBT အလှမယ်က သေဆုံးနေတဲ့ ကျောင်းဆရာမတဦးပုံစံနဲ့ ကမ်ပိန်းပြုလုပ်

စစ်တပ်က ကျောင်းသားပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေမှုတွေကို အများပြည်သူ သိရှိရန် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာပြုလုပ်တဲ့ Killing Field Myanmar ကမ်ပိန်းကို LGBT အလှမယ်က သက္ကရာဇ် က ပြုလုပ်ခဲ့ပါတယ်။

၂၀၂၃ခုနှစ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကျင်းပခဲ့တဲ့ LGBTအလှမယ်ပြိုင်ပွဲမှာလူကြိုက်အများဆုံး ဆုရရှိခဲ့တဲ့  မြန်မာနိုင်ငံသား သက္ကရာဇ်က သွေးစွန်းနေတဲ့ အခြေခံပညာကျောင်းဆရာမအင်္ကျီကိုဝတ်ဆင်ကာ မဲဆောက်မြို့မှာ ကမ်ပိန်းပြုလုပ်ပြီး မြန်မာ နိုင်ငံက အကြမ်းဖက်မှုများအကြောင်း နိုင်ငံတကာသိစေရန်ပြသခဲ့ခြင်းဖြစ်ပါတယ်။

Source- Mizzima

  • ဘန်ကောက်မှာ ပိတ်လှောင်ခိုင်းစေခံရတဲ့ မြန်မာအမျိုးသမီးဆယ်ဦးကို ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကယ်ထုတ်

ဘန်ကောက်မြို့က ထိုင်းနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ခုမှာ ပိတ်လှောင်ခံနေရတဲ့ မြန်မာနိုင်ငံသားအမျိုးသမီး အလုပ် သမားဆယ်ဦးကို ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားများကူညီပေးရေးအဖွဲ့ Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး အောက်တိုဘာ ၁၀ ရက်နေ့က ကယ်တင်နိုင်ခဲ့ပါတယ်။

ယင်းအမျိုးသမီးတွေဟာ အလုပ်ချိန် နာရီများစွာလုပ်ကြရပြီး လုပ်ခလစာကလည်း ဘယ်တော့ရမယ်ဆိုတာ မသိတဲ့အပြင်  ထွက်ပြေးလို့မရအောင် ချုပ်နှောင်ထားတာအခြေအနေမှာနေခဲ့ရတာကြောင့် သူတို့ကိုကယ်တင်ဖို့ MHAC အဖွဲ့ကို ဆက်သွယ် အကူအညီတောင်းခံခဲ့တာဖြစ်တယ်လို့ ဆိုတယ်။

သူတို့တွေထဲက ခုနစ်ယောက်ဟာ အလုပ်လုပ်ကိုင်၊နေထိုင်ခွင့် အထောက်အထားရှိသူတွေဖြစ်ပြီး သုံးယောက်ကတော့ အထောက်အထားမရှိသူတွေ ဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေကို လုပ်အားခဖိနှိပ်ခိုင်းစေတာ၊ အခန်းထဲမှာ ပိတ်လှောင် ထားတာတွေအတွက် အလုပ်ရှင်ကိုလည်း ထိုင်းဥပဒေအတိုင်း အမှုဖွင့်တရားစွဲထားတယ်လို့ MHACအဖွဲ့က ကိုရဲမင်းက ပြော ပါတယ်။

ယင်းအမျိုးသမီးတွေဟာ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းကနေလာရောက်သူတွေ ဖြစ်ပြီး၊ လက်ရှိမှာ သူတို့ကို ဘန်ကောက်မြို့က အမျိုးသမီးစောင့်ရှောက်ရေးစခန်းမှာ ထိန်းသိမ်းထားပြီး အမှုစစ်ဆေးနေပါတယ်။

Source- RFA

  • လက်ယက်ကုန်းမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတဦးသေဆုံးပြီး လေးဦးဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာထဲကို နိုဝင်ဘာ ၁ ရက်၊ မနေ့ ညနေ ၆ ခန့်မှာ စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတဦးသေဆုံးခဲ့ပြီး ကလေးငယ်သုံးဦး အပါအဝင်လေးဦး ထိ ခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်လေးဆယ်ကျော်အရွယ် ဒေါ်ဆိတ်(ခေါ်)ဒေါ်ချယ်ရီအေး နေရာမှာတင် သေဆုံးခဲ့ပြီး နောက်ထပ် အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကာ ငါးနှစ်အရွယ်ကလေးတဦးနဲ့ ၁၆ နှစ်အရွယ် အမျိုးသားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရသူတွေကို လက်ရှိမှာ ဆေးကုသမှုပေးနေပေမယ့် အသက်ငါးနှစ်အရွယ် ကလေးငယ်ကတော့ ဦးခေါင်းထဲ လက်နက် ကြီးစ ဝင်ရောက်ခဲ့တာကြောင့် စိုးရိမ်ရတဲ့ အနေထားမှာ ရှိနေတယ်လို့ သိရပါတယ်။

Source- Delta News Agency

  • အောက်တိုဘာလအတွင်း အမျိုးသမီး ၁၂ ဦး သတ်ဖြတ်ခံရဟု BWU ထုတ်ပြန်

အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၆ ရက်နေ့အတွင်း စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် မြန်မာ နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၁၂ ဦး သေဆုံးခဲ့ပြီး ၁ဝ ဦး ဖမ်းဆီးထောင်ချခံခဲ့ရ တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အသက်ဆုံးရှုံးရတဲ့ အမျိုးသမီး၅ဦးဟာ စစ်တပ်က အရပ်သားပြည်သူနေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရတာဖြစ်ပြီး နောက်ထပ် အမျိုးသမီး ၄ ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်ခြင်း ကြောင့်အသက်ဆုံးရှုံးခဲရကာ နောက်ထပ် ၁ ဦးကတော့ ဖမ်းဆီးခံရစဉ် အတွင်း သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။

နောက်အမျိုးသမီး ၁ ဦး ကစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ မိုင်းကိုနင်းမိခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး ကျန်၁ ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လည်ပင်းညစ်သတ်ခြင်းကြောင့် သေဆုံးခဲ့ရတာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။

အောက်တိုဘာလအတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ အမျိုးသမီး ဆယ်ဦး ဖမ်း ဆီးထောင်ချခံခဲ့ရကြောင်းနဲ့ စစ်တပ်အာဏာသိမ်းချိန်ကနေ အခု အောက်တိုဘာလအထိ အမျိုးသမီး ၆၂၈ ဦး သေဆုံးခဲ့ရပြီး ပြီလို့လည်း BWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source-Mizzima

  • သိန္နီမှာ နေအိမ်ပေါ် လက်နက်ကြီးကျလို့ သားအမိနှစ်ဦးသေဆုံး

ညီ​နောင်မဟာမိတ်တပ်တွေနဲ့ စစ်​ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်နေတဲ့ သိန္နီမြို့မှာ နိုဝင်ဘာ၁ရက်နေ့ ညနေပိုင်းက နေအိမ် ပေါ်လက်နက်ကြီးကျည်ကျလို့ အိမ်ထဲရှိနေတဲ့ သားအမိနှစ်ဦးသေဆုံးသွားသလို နေအိမ်လည်း ပျက်စီးသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

လက်နက်ကြီးကြောင့်သေဆုံးသွားသူတွေဟာ သိန္နီမြို့ ရပ်ကွက်(၄) သိန္နီ-ကွတ်ခိုင်လမ်းခွဲတိုးဂိတ်အနီးမှာနေထိုင်တဲ့ ပါစော ဆိုသူ အသက်ခြောက်ဆယ်ကျော်အမျိုးသမီးနဲ့ သမီးဖြစ်တဲ့ အသက်လေးဆယ်ဝန်းကျင်အရွယ် နန်းအေးလျန်းတို့ဖြစ်တယ် လို့သိရပါတယ်။

Source -Delta News Agency     

Author:

Related Articles