နွေဦးမောင်
လူမှုကွန်ရက်များပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုနှင့် နွေဦးတော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ ၁,၃၀၀ ဦးကျော် ရှိလာပြီဖြစ်ကြောင်း Data For Myanmar က ယနေ့ အောက်တိုဘာ (၈)ရက်တွင် ထုတ်ပြန်သည်။
ယခုထုတ်ပြန်သော ဖမ်းဆီးခံရသူများစာရင်းသည် ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက် တင်ဘာလကုန်အထိဖြစ်ပြီး ဖမ်းဆီးခံရသူစုစုပေါင်း ၁,၃၁၆ ဦး ရှိကြောင်း တွေ့ရသည်ဟု ဖော်ပြသည်။
အဆိုပါ ဖမ်းဆီးခံရသူ ၁,၃၀၀ ကျော်တွင် နာ မည်ကို အခြေခံပြီး ကျား/မ ခွဲခြားစိစစ်မှုအရ အမျိုးသား ၈၄၄ ဦးနှင့် အမျိုးသမီး ၄၇၂ ဦး အသီးသီးပါဝင်ကြောင်း Data For Myanmar က ဆိုသည်။
ဖမ်းဆီးအရေးယူမှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီထုတ် နေ့စဉ်သတင်းစာများနှင့် ၎င်းတို့နှင့်နီးစပ်သည့် သတင်းမီဒီယာများမှတစ်ဆင့် နေ့စဉ်ဖော်ပြခဲ့ရာ ဖော်ပြချက်များကို တိုက်ဆိုင်စစ်ဆေးပြီးစုစည်းထားခြင်းဖြစ်ကာ နာမည်ထပ်နေသူများကိုတစ်ကြိမ်သာရေတွက်သည့်အပြင် လူနာမည်မပါသော ပိုင်ရှင်(စိစစ်ဆဲ)ဖမ်းဆီးခံရသူများကို စာရင်းမှ ချန်လှပ်ထားခဲ့သည် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖမ်းဆီးခံရသူများမှာ Facebook အသုံးပြုသူ အများစုဖြစ်ပြီး TikTok နှင့် Telegram အသုံးပြုသူအချို့ပါဝင်ကာ အဖမ်းခံရသူအရေအတွက်မှာ လစဉ်ပျမ်းမျှ ၆၅ ဦးခန့်ရှိပြီး ၂၀၂၂ ခုနှစ် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် လစဉ် လူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု ထုတ်ပြန်သည်။
အဆိုပါ အဖမ်းခံရသူများအနက် ထက်ဝက်နီးပါးမှာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ ဖြစ်ပြီးစုစုပေါင်း လူ ၆၀၀ ကျော်ရှိကြောင်း Data For Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်ကောင်စီက သူတို့ကို အမှန်တကယ် ဖမ်းဆီး ထောင်ချခြင်းရှိမရှိ၊ ပြန်လည်လွတ်မြောက်မှုရှိမရှိနဲ့ နောက်ဆုံးအခြေအနေ စတဲ့ တစ်ဦးချင်း အသေးစိတ်အချက်အလက်တွေကိုတော့ Data for Myanmar အနေနဲ့ မသိရှိပါဘူး။”ဟု ဆိုသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် လူမှုကွန်ရက်ကနေ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဟု ထုတ်ပြန်ခဲ့သည်။
အထက်ပါ စစ်ကောင်စီ၏ လူမှုကွန်ရက်အသုံးပြုမှု ကန့်သတ်ထိန်းချုပ်ရေးဆိုင်ရာ အမိန့်ထုတ်ပြန်ပြီးနောက် ဖမ်းဆီးခံရသော အမျိုးသမီးများတွင် သရုပ်ဆောင်နှင့် မော်ဒယ်သင်ဇာဝင့်ကျော်၊ Sexy မော်ဒယ် နန်းမွေစံတို့ကို စစ်ကောင်စီက ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)ဖြင့် ဖမ်းဆီးတရားစွဲဆိုပြီးထောင်ဒဏ်များချမှတ်ခဲ့ခြင်းမှာ လူသိများသည်။
- ကိုးရီးယားမှာ အောင်မြင်နေတဲ့ ကရင်မိန်းကလေးငယ် အဆိုတော် ဖိုးမူကြီး (သို့မဟုတ်) မာသာထူးဝါး - 25/03/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 22/03/2025
- Media Statement: United Voices from Women’s Rights and LGBTQIA+ Rights Organizations on Dialogues for Gender, Women, Peace, and Security in Myanmar - 21/03/2025