Home သတင်း တပ်မတော်သား ၃ ဦးရဲ့ မုဒိမ်းကျင့်ခံရသည်ဆိုသည့် ရခိုင်အမျိုးသမီးမိသားစု အကြိမ်ကြိမ် စစ်ဆေးခံနေရ

တပ်မတော်သား ၃ ဦးရဲ့ မုဒိမ်းကျင့်ခံရသည်ဆိုသည့် ရခိုင်အမျိုးသမီးမိသားစု အကြိမ်ကြိမ် စစ်ဆေးခံနေရ

မိုးမိုး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာက ရခိုင်အမျိုးသမီးတစ်ဦးကို တပ်မတော်သား ၃ ဦးက သေနတ် ဖြင့်ခြိမ်း ခြောက် အဓမ္မပြုကျင့်ခံရသည်ဟုဆိုကာ တိုင်တန်းထားသည့် အမှုအတွက် ထွက်ဆိုချက်ပေးနိုင်ရန် ရဲစခန်းမှ ၄ ကြိမ် မြောက် သက်သေဆင့်ခေါ်စာ ပေးပို့ခဲ့ကြောင်းနှင့် အစစ်ဆေးခံရန် ကာယကံရှင်အမျိုးသမီးမိသားစုအနေဖြင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။

“စိတ်ဒဏ်ရာ ရထားတဲ့ အမျိုးသမီးတစ်ယောက်ကို အကြိမ်ကြိမ် အခါခါ ခေါ်ပြီးတော့ မေးမြန်းတယ်ဆိုတဲ့ သဘောကတော့ သူ့အနေနဲ့ တော်တော်လေး စိတ်မကောင်းဖြစ်တယ်လို့ ဒီမနက်ပိုင်းက ကျမကို ပြောတယ်” ယခုအမှုအား လိုက်ပါဆောင် ရွက်ပေးနေသည့် ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

ဇူလိုင်လ ၂၉ ရက်နေ့ နေ့စွဲဖြင့် ရသေ့တောင်မြို့မရဲစခန်းမှ အကြောင်းကြားသည့် ဆင့်ခေါ်စာတွင် နစ်နာသူ ရခိုင်အမျိုးသမီး ဒေါ်ဦးဌေးဝင်း အပါအဝင် ၆ ဦးအား “အမှုဖွင့် တိုင်ကြားမှုအား ထွက်ဆိုချက်ပေးနိုင်ရန်”ဆိုသည့် အချက်ဖြင့် စစ်တွေမြို့မရဲစခန်းသို့ ဇူလိုင် ၃၁ ရက်၊ မနက် ၈ နာရီ အချိန်တွင် စေလွှတ်ပေးရန်ဟူ၍ ပါရှိသည်။

ယခုကဲ့သို့ ထပ်တလဲလဲ ဆင့်ခေါ်နေခြင်းကြောင့် ရင်ခွင်ပိုက်အရွယ်နှင့် ကလေးငယ်မိခင်များဖြစ်သည့် တရားလိုသားအမိအတွက် မိုးတွင်းကာလ မကြာခဏ စစ်ဆေးခံရန် သွားလာရေး အခက်အခဲရှိနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများမှ ထောက်ပြပြောဆိုနေကြသည်။

“ပထမဆုံး အမှုသွားဖွင့်တဲ့နေ့က တစ်ရက်စစ်တယ်။ မလုံလောက်ဖူးဆိုပြီး နောက်တစ်ရက် စစ်တယ်။ နောက်ပြီး အိမ်မှာ လာပြီး ကလေးကို ဓာတ်ပုံရိုက်ပါရစေ ဆိုပြီး နည်းနည်း လာမေးသွားတယ်။ ဒီတစ်ကြိမ်နဲ့ဆို ၄ ကြိမ်ပေါ့။ တရားလိုကို အကြိမ်ပေါင်းများစွာ စစ်ဆေးတာ ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်” ဟု ယခုအမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရခိုင် အမျိုးသမီးများ ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

ထို့ကြောင့် မနက်ဖြန် ဇူလိုင် ၃၁ ရက်စွဲဖြင့် ချိန်းဆိုသည့်နေရာကို သွားရန် သင့်၊မသင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်ပင်ပြီးမှ ဆုံးဖြတ်မည်ဟုလည်း ဒေါ်ညိုအေးက ဆိုသည်။

ယခင် စစ်ဆေးမှုများအရ ရဲစခန်းမှ တရားလိုအမျိုးသမီးအား ကျူးလွန်သူသည် တပ်မတော်မှဖြစ်ကြောင်း သိရသည့်အကြောင်းအရင်းကိုလည်း ထည့်သွင်းမေးကြောင်း အမှုကူညီသူ ဒေါ်ညိုအေးမှ ပြောသည်။

“မေးတဲ့အခါမှာ သူ့ကို မေးတဲ့အခန်းအပြင်ကပဲ ကျမတို့က စောင့်နေရတာ။ သူပြန်ပြောပြချက်အရဆိုရင်တော့ ရုပ်တွေ မှတ်မိလား၊ လူတွေရဲ့ ပုံသဏ္ဍန်၊ တပ်မတော်ကလို့ ဘယ်လိုခန့်မှန်းနိုင်မလဲ၊ စကားပြောတဲ့ လေသံတွေက ဘယ်လိုလေသံမျိုးပေါက်သလဲဆိုပြီး မေးတယ်တဲ့” ဟု ဒေါ်ညိုအေးမှ ဆိုသည်။

တရားလို တိုင်တန်းထားသည့် အမှု တိုးတက်မှုအခြေအနေနှင့် ထိုသို့ ဆင့်ခေါ်နေမှုအခြေအနေကို သိလိုသဖြင့် စစ်တွေ မြို့မရဲစခန်း၊ စခန်းမှူး ဖြစ်သူကို Hi သတင်းစာမျက်နှာမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါ။

အမှုမှန်ပေါ်ပေါက်ရန်နှင့် တခြားလိုအပ်သည့် သက်သေအထောက်အထားများ ပိုခိုင်မာရန်အတွက် ရဲလုပ်ထုံးလုပ်နည်းနှင့် ယခုကဲ့သို့လည်း စစ်ဆေးခွင့်ရှိကြောင်း ရခိုင်ပြည်နယ်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာမှ ပြောသည်။

သို့သော် တရားဥပဒေအရ တရားလိုကို အမှုစတင် ဖွင့်ပြီ ဆိုပါက သက်ဆိုင်ရာရဲစခန်းက လိုအပ်သလို စိတ်ကြိုက် စစ်ဆေး မေးမြန်း ပြီးမှ အမှုကို လက်ခံခြင်းဖြစ်ပြီး၊ နောက်ထပ်သိလို၍ ဆင့်ခေါ်ခြင်းများကို မဖြေလိုပါက အပြည့်အစုံ ပြောပြီးသားဖြစ်၍ ထပ်ပြောစရာ အကြောင်းမရှိဟု ပြန်လည်ပြောဆိုနိုင်သည့် အခွင့်အရေးလည်းရှိကြောင်း ဦးခင်မောင်ဇော်က ဆိုသည်။

“တရားခွင်ထဲ မရောက်ခင်ကို မစစ်ရဘူးတော့ မဟုတ်ပါဘူး။ ဥပဒေ အရတော့ ခဏခဏ မစစ်ရဘူးလို့တော့ မရှိဘူး။ ဒါပေမယ့် ဥပဒေ အရ မရှိသော်လည်းပဲ ခဏခဏ စစ်တာက ကွဲလွဲမှု ပေါ်မလား။ ဒါမှမဟုတ် ပြောစရာတွေက ရှေ့နဲ့ မဆီလျော်တာတွေလည်း ဖြစ်သွားနိုင်တာတွေလည်း ရှိတယ်” ဟု ပျဉ်းမနားမြို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မှတ်ချက်ပြုသည်။

ထိုသို့ ရခိုင်အမျိုးသမီး အဓမ္မပြုကျင့်ခံရသည့်အမှု အမှန်ပေါ်ပေါက်ပြီး တရားမျှတမှု ရရှိဖို့အတွက် အရပ်ဘက် အဖွဲ့အစည်း ၁၁၈ ဖွ့ဲ၏ အချက် ၈ ချက်ပါသော သေဘောထား ကြေညာချက်ကို ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ကာယကံအမျိုးသမီးမှ တရားမျှတမှု ရရှိရန်အတွက် စစ်တွေမြို့မ အမှတ် ၁ ရဲစခန်းတွင် ပြစ်မှု ကျုးလွန်သူ ဆိုသည့် တပ် မတော်သား ၃ ဦးကို ပုဒ်မ ၁၁၄(ပူးပေါင်းပါဝင်မှု) ၊ ပုဒ်မ ၃၃၆ (မတရားသဖြင့် ကာမ ယှက်စပ်မှု)၊ ပုဒ်မ ၃၇၆ (မုဒိမ်းမှု) နှင့် ပြီးခဲ့သည် ဇူလိုင်လ ၁၀ ရက်နေ့တွင် အမှုဖွင့် တိုင်ကြားထားခြင်းဖြစ်သည်။ ရဲစခန်းမှ တိုင်စွဲထားမှုများအား ရဲဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြီး ခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့ ဧရာဝတီသတင်းအင်တာဗျူးတစ်ခုတွင် ဖြေကြားပြီးသည့်နောက်တွင် ရဲစခန်းမှ တရားလိုမိသားစုအား စတုတ္ထအကြိမ် ပြန်လည်ဆင့်ခေါ်ခြင်းဖြစ်သည်။

Author: Moe Moe

Related Articles