ဒူဘိုင်းနိုင်ငံကို လူကုန်ကူးရောင်းစားခံရပြီးနောက် ပြန်လည်လွတ်မြောက်လာကာ လက်ရှိမှာ အကြွေးတွေကြေဖို့ ဒူဘိုင်းမှာပဲ အိမ်အကူ အလုပ် ဆက်လက်လုပ်ကိုင်နေတဲ့ အသက် ၂၀ အရွယ် မခင်လေးကတော့ သူကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို အိတ်အိုင်ရဲ့ပေးစာ/ပြန်စာကဏ္ဍကနေယခုလိုရင်ဖွင့်လာပါတယ်။
“ ညီမက အစကတော့ ထိုင်းသွားဖို့ပဲ။ ဒါပေမဲ့ပွဲစားက အလုပ်အမြန်ရတဲ့ ဒူဘိုင်းသွားဖို့ပြောတယ်။ ညီမနဲ့ နောက်ထပ် အမျိုး သမီးနှစ်ယောက်ပါတယ်။ ညီမက ထိုင်းသွားချင်တဲ့သူဆိုတော့ ပွဲစားစပြောကတည်းက ဒူဘိုင်းမသွားချင်ဘူး။ ဒါပေမဲ့ ပွဲစားခ တွေ၊ ညီမသွားဖို့လမ်း စရိတ်တွေက အိမ်ပေါင်၊ ချေးဌားသွားထားရတာဆိုတော့ မြန်မြန်အကြွေးဆပ်ပြီးလည်း ပြီးတာပဲဆိုပြီး သွားလိုက်တာ။
တကယ်တော့ နိုင်ငံခြားသွားအလုပ်မလုပ်ချင်ပါဘူး။ ကိုယ်နိုင်ငံမှာပဲ တစ်ကျပ်ရရ၊ ဘယ်လောက်ရရဆိုပြီးရှိတာနဲ့ စားသောက် နေချင်တာ။ ဒါပေမဲ့ခေတ်ကအဲ့လိုနေလို့မရဘူး။ စစ်ပြေးနေရပြီး စားဖို့မရှိ၊ နေဖို့မရှိနဲ့ ငတ်သေရမယ့် ဘဝဆိုတော့လည်း စွန့်စားထွက်ရတာပေါ့။
ညီမ ဒူဘိုင်းရောက်တော့ လူတစ်ယောက်လာကြိုပြီး နေတဲ့အိမ်လိုက်ပို့ပေးတယ်။ ညီမတို့စရောက်တဲ့နေ့က ပါလာတဲ့မုန့်တွေ စားပြီးနေကြတယ်။ နောက်နေ့ကျတော့ ညီမတို့အိတ်တွေယူပြီး လာခေါ်တဲ့သူ နောက်လိုက်သွားတာပေါ့။ ညီမထင်တာက အိမ်ဖော်အလုပ်ပဲထင်တာ။ တကယ်လိုက်ပို့တာက အမှိုက်တွေရွေးရတဲ့အလုပ်။
ဟိုမှာညီမတို့က သူတို့စကားလည်းနားမလည်တော့ သူတို့ခိုင်းတာအကုန်လုပ်ရတယ်။ အလုပ် ရှင်လင်မယားက အချိန်တိုင်း ညီမတို့ကို အလုပ်ခိုင်းတယ်။ ရေသောက်ချိန်တောင် ကန့်သတ်ထားတာ။ နားရက်မရှိဘူး။ ထမင်းကျွေးတော့လည်း ပေးသ လောက်ပဲစားရတယ်။ ပိုတောင်းလို့မရဘူး။ ဟင်းဆိုတစ်တုံးပဲ။ ညီမတို့ထဲက တစ်ယောက်ကစားနိုင်တော့ မဝလို့ဆိုပြီး ညီမတို့ က ခွဲကျွေးရတယ်။
အဲ့မှာနားရက်လည်းမရှိ၊ မနက်ကနေ ညအထိအမှိုက်ထဲက ပစ္စည်းတွေရွေးရတယ်။ သူတို့ကအဲ့ထဲကပစ္စည်းတွေကို ပြန် ရောင်း တဲ့အလုပ်လုပ်တာ။ အဲ့မှာအစားလည်းကောင်းကောင်းမစားရ၊ အိမ်နဲ့လည်း စကားမပြောရဘူးဆိုတော့ အိမ်လည်း ဖုန်းဆက် ချင်တယ်။ လူလည်းအရမ်းပင်ပန်းနေပြီ။ ပွဲစားကလည်း ပို့လိုက်ပြီးကတည်းက လုံးဝဆက်သွယ်မလာတော့ဘူး။
အလုပ်က ပင်ပန်းလွန်းလို့ ကျမတို့ထဲက တစ်ယောက်ဆိုနေမကောင်းဖြစ်တယ်။ အလုပ်ရှင်ကိုပြောတော့ နောက်နေ့မှာ လူတစ် ယောက်လာပြီး ဆေးထိုး၊ ဆေးပေးတယ်။ ဒါပေမဲ့အလုပ်ရှင်က နေမကောင်းတဲ့လူကို အလုပ်မလုပ်တဲ့အတွက် ထမင်းမကျွေး ဘူးပြောတယ်။ ကျမတို့ကို ခြေဟန်လက်ဟန်လာပြောတာပေါ့။ အဲ့မှာညီမအရမ်းစိတ်တိုသွားတယ်။ အဲ့ဒါနဲ့ ညီမတို့လည်း အလုပ်မလုပ်ဘဲ သူတို့ဆန္ဒပြရအောင်လို့ အမတစ်ယောက်ကို တိုင်ပင်တော့ သူကမလုပ်ရဲဘူး။ အဖမ်းခံရမှာ ကြောက်တယ်တဲ့။ နောက် ငါပိုက်ဆံမပါဘဲ ရွာမပြန်နိုင်ဘူးတဲ့။
အဲ့ဒါနဲ့ ညီမလည်း ဘာမှမလုပ်ဖြစ်ဘူး။ အဲ့ဒီမှာညီမတို့ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရ၊ ဘယ်မှလည်းမသွားရ၊ ဖုန်း လည်းဆက်မရဘဲ ပိတ်မိနေခဲ့တယ်။ ညီမတို့အလုပ်လုပ်တာ ၆ လလောက်ရှိသွားပြီ။ အိမ်လည်းပိုက်ဆံရလား။ မရလား။ ညီမတို့မသိရဘူး။ အလုပ်ရှင်ကတော့ ညီမတို့ကို တိရစ္ဆာန်တွေခိုင်းသလိုကို ခိုင်းတာ။ တခါတလေ နေ့လယ်ထမင်းစားပြီးလို့ အလုပ်မရှိတဲ့အချိန်ဆို အိမ်အလုပ်တွေလုပ်ပေးရတယ်။ အဲ့ထဲမှာဆိုးတာက အလုပ်ရှင်အမျိုးသားကို နှိပ်ပေးရတာပဲ။ ညီမ မလုပ်ချင်ဘူး။ ဒါပေမဲ့ သူတို့ခိုင်းတာမလုပ်ရင် ထမင်းမကျွေးဘူး။ မအိပ်ခိုင်းဘဲ တညလုံးမတ်တပ်ရပ်ခိုင်းတာတို့၊ တနေကုန်ရေ မသောက်၊ ရေမချိုးရတာတို့လုပ်ခိုင်းတယ်။ ရိုက်တာတော့ မရိုက်ဘူး။ အနုနည်းနဲ့ နှိပ်စက်တယ်။ ဒါလည်း ညီမတို့ သည်းခံ လုပ်ခဲ့တယ်။
ဒါပေမဲ့နောက်ပိုင်း ပိုဆိုးလာတယ်။ သူတို့ညီမတို့ကို ငပျင်းတွေတဲ့။ အလုပ်ကောင်းကောင်းမလုပ်ချင်ဘူးဆိုပြီး ထမင်းလည်း ကောင်းကောင်းမကျွေးတော့ဘူး။ ရေလည်း တယောက်ကို ၅ ခွက်ထက်ပိုချိုးရဘူး။ သောက်ရေလည်း ရေသန့်ဗူးနဲ့ တစ်ဗူးပဲပေး သောက်တယ်။ အဲ့တော့ မသန့်ရှင်းတာတွေဖြစ်ပြီး ယားနာတွေပေါက်လာတယ်။ နေမကောင်းဖြစ်လာတယ်။ ဒါကို သူတို့က ဆေးကုမပေးဘူး။ ညီမကတော့ တော်တော်လေးကို စိတ်ပျက်ပြီး ကြောက်လာတယ်။
အဲ့အလုပ်မှာ ညီမတို့သုံးယောက်က ဗမာတွေ၊ နောက်လာအိုက အစ်မနှစ်ယောက်နဲ့ မလေးက အမ ၅ ယောက်ရှိတယ်။ မလေးက အမတွေက အင်္ဂလိပ်လိုနဲနဲရတယ်။ တစ်ခုခုဆိုသူတို့က ပြောပေးတယ်။ မလေးက အမတစ်ယောက်က ညီမတို့ကို အရင်စပြောလာတယ် ထွက်ပြေးဖို့ပေါ့။
ဘာလို့ဆိုသူတို့ကိုလည်း ပွဲစားက လိမ်ပြီးပို့လိုက်တာတဲ့။ ခုအလုပ်ရှင်တွေက သူတို့ဝင်လာတော့ ငါတို့က နင်တို့ကို ဝယ်ထား တာ။ ဘာမှလစာမှ ပေးခိုင်းတာမဟုတ်ဘူး။ သူတို့ခိုင်းတာမလုပ်ရင် ရဲတိုင်မယ်တဲ့။ အဲ့ဒါကြောင့် သူတို့လည်း ဆက်အလုပ်လုပ် နေရတာလို့ပြောတယ်။
နောက်ညီမတို့က အလည်ပတ်စပို့နဲ့လာတော့ သက်တမ်းကုန်နေပြီလေ။ ညီမတို့ထွက်ပြေးမယ်ဆိုလည်း အဖမ်းခံရရုံ ရှိမှာပေါ့။ အဲ့တော့ ညီမတို့ထွက်မပြေးရဲဘူးလို့ပြောတော့ မလေးအမျိုးသမီးတယောက်က သူတို့အသိအကိုက အကူအညီ ပေးနိုင်တယ် လို့ပြောတယ်တဲ့။ ဘယ်လိုအဆက်အသွယ်ရလဲဆိုတော့ သူဝှက်ထားတဲ့ဖုန်းနဲ့ပြောတာတဲ့။
အဲ့ဒါနဲ့ ၄ ရက်လောက်ထွက်ပြေးဖို့ အချိန်ယူခဲ့တယ်။ ထွက်မပြေးခင် တစ်ရက်မှာ နေ့လယ်ပိုင်း အလုပ်ရှင်အမျိုး သားတစ်ဦး ထဲရှိနေတဲ့ချိန် သူအိပ်နေတုန်း အခန်းထဲဝင်ပြီး ပတ်စပို့ တွေ ခိုးထားလိုက်တယ်။ နောက်နေ့မနက် ၃ နာရီလောက် ထွက်ပြေးခဲ့တယ်။ သူတို့ချိန်းထားတဲ့အကို ၃ ယောက်က လမ်းထိပ်ကနေ စောင့်ခေါ်ပေးလို့ လွတ်လာခဲ့တယ်။
အဖြစ်အပျက်ကို ပြောတာကတော့ ခဏလေးပဲ။ ညီမတို့တကယ်ကြုံရတဲ့အခြေအနေက ပြောတာထက်ဆိုးတယ်။ နောက် အဲ့ဒီအကိုတွေရဲ့အကူအညီနဲ့ ညီမတို့တွေ အိမ်ဖော်အလုပ်ရခဲ့တယ်။ ခုတော့အဲ့မှာပဲဆက်အလုပ်လုပ်နေတယ်။ အဆင်ပြေ လားဆိုရင် ပြေတယ်လို့တော့ မဟုတ်ပေမယ့် အကြွေးအတွက်တော့ ဆက်အလုပ်လုပ်နေရအုန်းမှာပါ။
ညီမပြောချင်တာက သူများဒူဘိုင်းသွားလို့ မသွားချင်ပါနဲ့လို့။ တကယ်သွားပြီး အလုပ်လုပ်မယ်ဆိုရင် သေချာစုံစမ်းပြီး အင်္ဂ လိပ်စာပြောတတ်တယ်ဆိုမှသွားကြပါလို့ ပြောချင်တယ်။ ဒီမှာက အားလုံးထင်သလို နိုင်ငံခြားထွက်အလုပ်လုပ်လိုက်တာနဲ့ ဗမာပြည်ရှိနေတဲ့အခက်အခဲတွေ အားလုံးပြေလည်သွားမှာမဟုတ်ဘူး။ ဒီမှာလည်း ဒုက္ခရောက်နေတဲ့ဗမာတွေ အများကြီးပဲ။
အထူးသဖြင့် မိန်းကလေးတွေဆိုရင် ပိုမလာစေချင်ဘူး။ ဟိုတလောကပဲ ဒူဘိုင်းလာတဲ့ဗမာမိန်းကလေးတွေကို အခန်းထဲမှာ ပိတ်လှောင်ပြီး စော်ကားတယ်။ မသေရုံကျွေးမွေးထားတယ်။ နောက် အီရတ်နိုင်ငံကို ရောင်းစားဖို့လုပ်တော့ အသက်စွန့်ထွက် ပြေးကြတယ်။ တကယ်သနားဖို့ကောင်းတယ်။ ကိုယ့်နိုင်ငံကလည်း ဘာမှအကာအကွယ်မပေးနိုင်ဘူး။ တကယ်ဝမ်း နည်းစရာ ပါပဲ။