ဆိုဖီ။ ။
ညသန်းခေါင်ယံချိန်မှာ သေနတ်သံ ၁၀ချက်ထက်မနည်း အဆက်မပြတ်ကြားရတဲ့အတွက် နန်းလောဝ်တစ်ယောက်ဟာ အလုပ် ရုံကနေ တိတ်တဆိတ်လှမ်းခိုးကြည့်လိုက်မိပါတယ်။
အဲအချိန်မှာ တရုတ်ဘာသာစကားနဲ့ “မသေချင်ရင် အေးဆေးနေ၊ ကိုယ်နဲ့မဆိုင်ဝင်မပါနဲ့။” ဆိုပြီး လှမ်းအော်ပြောတဲ့အသံ ကြောင့် နန်းလောဝ်တစ်ယောက် ချက်ချင်းပဲ အလုပ်ပြန်လုပ်လိုက်ပါတယ်။
သေနတ်ပစ်ခတ်မှုဖြစ်တဲ့နေ့က ဇူလိုင်လဆန်းပိုင်း ညသန်းခေါင်ယံ နှစ်နာရီအချိန်၊ နန်းလောဝ်က ညဆိုင်းတာဝန်ယူရတဲ့ရက် ဖြစ်ပါတယ်။
သေနတ်ပစ်ခတ်တဲ့နေရာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လောက်ကိုင်မြို့ဖြစ်ပြီး နန်းလောဝ်အလုပ်လုပ်နေတဲ့ မျက်စောင်းထိုးနေရာပါပဲ။
“ မနက်မိုးလင်းတော့ ညက ပစ်ခံရတဲ့အမျိုးသမီးအလောင်းကို သက်ဆိုင်ရာက လာကောက်သွားတယ်။ ကျမ ဒီကိုရောက်တာ လပိုင်းပဲရှိသေးတော့ ကြောက်တာပေါ့။ အခုထိ ကျမလန့်နေတုန်းပဲ။” လို့ နန်းလောဝ်တစ်ယောက် စိတ်မကောင်းစွာ ပြန် ပြောပြပါတယ်။
သူဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ နေထိုင်တဲ့သူဖြစ်ပြီး မိသားစုစားဝတ်နေရေးနဲ့ အကြွေး ဆပ်ဖို့ကိစ္စတွေကြောင့် လောက်ကိုင်မြို့က လောင်းကစားရုံ(ဖဲရုံ)အသေးစားတစ်ခုမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ပါ တယ်။
လောက်ကိုင်မြို့ဟာ သိန္နီမြို့ကနေသွားပါက သုံးနာရီသာကြာမြင့်ပြီး မြန်မာပြည်ထဲမှာရှိပေမယ့်လည်း တရုတ်ပြည်အလား ထင်ရအောင် တရုတ်စာ၊ တရုတ်စကားလွှမ်းမိုးတဲ့ဒေသတစ်ခုဖြစ်သလို တရားမဝင်လောင်းကစားရုံတွေ ပေါများတဲ့ မြန်မာ-တရုတ်နယ်စပ်မြို့ တစ်မြို့လည်း ဖြစ်ပါတယ်။
လောက်ကိုင်မြို့ဟာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နဲ့ မြန်မာစစ်တပ်တို့ ၁၉၈၉ခုနှစ် အပစ် အခတ်ရပ်စဲပြီးနောက် ကာစီနိုရုံများနှင့် စည်ကားလျက်ရှိတဲ့ မြို့ဖြစ်ပါတယ်။
၂၀၀၉မှာတော့ MNDAA မှခွဲထွက်လာတဲ့ အဖွဲ့တစ်ဖွဲ့က ဗမာစစ်တပ်နှင့် ပူးပေါင်းခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် တပ်ကို ပြောင်းလဲ ဖွဲ့စည်းခဲ့ကာ ယနေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်ကောင်စီနှင့် ကိုးကန့်နယ်ခြားစောင့်တပ်များက ပူးတွဲအုပ်ချုပ်လျက်ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ “ငရဲတွင်း၌ပိတ်မိခြင်း” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။
သိန္နီမြို့နယ်၊ နန်းလောဝ်တို့နေထိုင်တဲ့ကျေးရွာကလူငယ်တွေ အမျိုးသမီးတွေဟာ ရွာလုံးကျွတ်နီးပါး လောက်ကိုင်မြို့သို့ သွားရောက်အလုပ်လုပ်ကြတယ်လို့ ဆိုပါတယ်။
“ ဒီမှာကငွေကြေးရှာဖို့ကောင်းတဲ့နေရာလေ။ ရွာလုံးကျွတ်နီးပါးပဲလာကြတာ။ နောက်အမျိုးသမီးတွေ အလုပ်ရလွယ်တယ်။ အဓိကတော့လောင်းကစားရုံပါပဲ။ ဖဲရှို၊ ဖဲဝေ အလုပ်ပိုလုပ်ကြတယ်။” လို့ သူက ရှင်းပြပါတယ်။
သူနေထိုင်တဲ့ သိန္နီမြို့ပေါ်နဲ့ လားရှိုးမြို့ပေါ်မှာ အခြေခံအလုပ်သမားတစ်ယောက်ကို တစ်လမြန်မာကျပ်ငွေတစ်သိန်းခွဲ၊ နှစ် သိန်းခန့်သာရရှိတဲ့အတွက် လောက်ကိုင်မြို့ဟာ လူငယ်နဲ့အမျိုးသမီးအများစုအတွက် အလုပ်ရဖို့ အိပ်မက်တစ်ခု ဖြစ်လာခဲ့ ပါတယ်။
လောက်ကိုင်မြို့မှာက အဓိကကျားဖြန့်(အွန်လိုင်းလိမ်လည်မှု)၊ ဖဲရှို၊ ဖဲဝေ၊ တရုတ်လူမျိုး ယာယီမယား၊ အငှားမယား၊ ဟို တယ်အလုပ်သမား၊ စားသောက်ဆိုင်ဝန်ထမ်း၊ ပန်းရံ အစားစားရှိကြောင်း အဲ့ဒီနေရာမှာ အမျိုးသမီးတွေအတွက် ပိုပြီး အလုပ်အကိုင်အခွင့်အလမ်းပေါများတဲ့နေရာတစ်ခုပါပဲ။
“ ကျမဒီကိုလာတာ ရောက်တာသုံးလကျော်အတွင်းမှာ အကြွေးဆပ်တာရော အိမ်ကိုပေးတာရော ၁၅သိန်းကျော်ရှိပြီ။ ချွေချွေ တာတာတော့ သုံးရတာပေါ့။ အကြွေးဆပ်ပြီး ကိုယ်လိုသလောက် စုဆောင်းပြီးရင်တော့ ရွာပြန်မယ်။”လို့ နန်းလောဝ်က ပြောပါတယ်။
လောက်ကိုင်မြို့ အခြေခံလစာ စားသောက်ဆိုင်မှာ အလုပ်လုပ်ပါက နေစားစားရိတ်ငြိမ်းနဲ့ တစ်လလျှင် ယွမ်ငွေတစ်ထောင် (မြန်မာကျပ်ငွေ ကာလပေါက်စျေးလေးသိန်းကျော်)ရရှိပြီး ဖဲရှို၊ ဖဲဝေ အလုပ်လုပ်ပါက တစ်လလျှင် ယွမ် ၂,၅၀၀ (မြန်မာ ကျပ်ငွေကာလပေါက်စျေး ၁၀သိန်း)နီးပါးရရှိကြောင်း နန်းလောဝ်က ရှင်းပြပါတယ်။
ထိုသို့လစာငွေများရရှိသော်လည်း အန္တရာယ်လည်း များလှပါတယ်။ လောက်ကိုင်မှာ လူကုန်ကူးခံရမှုဖြစ်စဉ်တွေ ၊ အတင်း အဓမ္မလိင်ကျွန်အဖြစ်စေခိုင်းမှုတွေ ၊ အွန်လိုင်းမှ အတင်းအကျပ်ငွေလိမ်ခိုင်းခြင်းတွေ ၊နှိပ်စက်ခြင်းနဲ့ မင်းမဲ့ဆန်ဆန် သတ် ဖြတ်ခြင်းတွေ ကြုံတွေ့နေရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ “ငရဲတွင်း၌ပိတ်မိခြင်း” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
ထုတ်ပြန်ချက်ထဲက ဖြစ်စဉ်တစ်ခုဆိုရင် လောက်ကိုင်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်တဲ့ ညီအမနှစ်ဦးတွင် ညီမဖြစ်သူမှာ ငွေ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပိုက်ဆံပြန်လျော်ခိုင်းကာ မလျော်ပေးနိုင်တဲ့အခါ တရုတ်အလုပ်ရှင်နဲ့ အပေါင်း အပါ တွေက အုပ်စုဖွဲ့မုဒိန်းကျင့်ခံခဲ့ရပါတယ်။
အုပ်စုဖွဲ့အဓမ္မပြုကျင့်ခြင်းခံခဲ့ရပြီး အဆိုပါအမျိုးသမီးမှာ အထပ်မြင့်တိုက်ပေါ်က ခုန်ချကာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ် လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ “ငရဲတွင်း၌ပိတ်မိခြင်း” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တချို့လူကုန်ကူးခံရသူများဆိုရင် ပြန်လည်လွတ်မြောက်ဖို့ တရုတ်ယွမ်ငွေ ၃၀,၀၀၀ ပေးရပါတယ်။ သူတို့ဟာ “ဝ”အာဏာ ပိုင်တွေနဲ့ ဆက်သွယ်ဖြေရှင်းခဲ့တာကြောင့် ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာထဲဆိုထားပါတယ်။
ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် တရုတ်ရာဇဝတ်ဂိုဏ်းသားများနှင့် ဒေသအာဏာပိုင်များ၏ ပူးပေါင်းကြံစည် လုပ်ကိုင်နေမှုတွေ ရှိနေကြောင်း ရှင်းလင်းတဲ့သက်သေအထောက်အထားတွေဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ “ငရဲတွင်း၌ ပိတ် မိခြင်း” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လူကုန်ကူးခံရသူ မိသားစုဝင်တွေက တိုင်ကြားတဲ့အခါမှာလည်း လားရှိုးမြို့ရှိ UWSA ဆက်ဆံရေးရုံးကို အကူအညီ တောင်းခံတဲ့အခါ ဝင်ရောက်ဖမ်းဆီးမှုမပြုခင် ရာဇဝတ်ဂိုဏ်းသားများအား သတင်းပေးပို့ခဲ့ပြီး လူကုန်ကူးခံရသူများကို အခြား နေရာသို့ ပြောင်းရွှေ့ထားစေခဲ့တယ်လို့ဆိုပါတယ်။
လောက်ကိုင်မြို့က အွန်လိုင်းတွင် ငွေကြေးလိမ်လည်ခြင်းလုပ်ငန်းများလုပ်ကိုင်နေတဲ့ ရုံတွေကိုလည်း ယူနီဖောင်းအပြည့်အစုံ ဝတ်ဆင်ထားတဲ့ ကိုးကန့်စစ်တပ်မှ စစ်သားများက လုံခြုံရေးယူပေးထားတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာ ၇ မှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တရားမဝင်နေထိုင်ပြီး ကျားဖြန့် (အွန်လိုင်း လိမ်လည်မှု) ပတ်သက်သူတရုတ်နိုင်ငံသား ၃၇၇ ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်ကြောင်း ကိုးကန့်ပြည်သူ့စစ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့(UWSA) အရာရှိနှစ်ဦးကိုလည်း အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက် မှုရှိတယ်ဆိုပြီး တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်မှာ ဖမ်းဝရမ်းထုတ်ထားပါသေးတယ်။
လက်ရှိမှာတော့ ကျားဖြန့်လုပ်ငန်းကို မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံက အပြင်းအထန်ဖော်ထုတ်ဖမ်းဆီးမှုတွေ ပြုလုပ်နေပေ မယ့် တခြားအလုပ်ဖြစ်တဲ့ ကာစီနိုလောင်းကစား၊ ဖဲရုံတွေကတော့ လောက်ကိုင်မြို့မှာ အလုပ်ဖြစ်နေဆဲပါ။ ကျားဖြန့် လုပ် ငန်းဟာ တရုတ်နိုင်ငံရဲ့စီးပွားရေးကို ထိခိုက်လာတာတွေရှိတဲ့အတွက် တရုတ်နိုင်ငံအာဏာပိုင်တွေက မြန်မာပြည်ကို ဖိအား ပေးလာတာကြောင့် အခုကာလမှာ ဆက်တိုက်ဖမ်းဆီးနေတာဖြစ်ပါတယ်။ ဒါ့ပေမယ့် အခြားလောင်းကစားလုပ်ငန်းဖြစ်တဲ့ ဖဲရုံတွေနဲ့ တရုတ်အမျိုးသား အငှားမယားလုပ်ငန်းတွေကတော့ ကြီးထွားနေဆဲပါ။
“ ကျားဖြန့်တွေလုပ်တဲ့ တရုတ်တွေကိုတော့ ဖမ်းနေတာပဲ။ ဒီမှာက လက်ညိုးထိုးတိုင်း ကျားဖြန့်တိုက်တွေကရှိနေတာ။ အခုထိ ကျမတို့ဘေးမှာတောင် ကျားဖြန့်လုပ်တာ ရှိသေးတယ်။ ကျမတို့ ဖဲရှို၊ ဖဲဝေတာတော့ အလုပ်ရှိသေးတယ်။” လို့ ဖဲဝေလုပ်ငန်းကို လုပ်ကိုင်တဲ့ အသက် ၂၅နှစ်အရွယ် နန်းလျန်းက လက်ရှိအခြေအနေကို ပြောပြပါတယ်။
နန်းလျန်းတစ်ယောက်ဟာ ဖဲရှိုလုပ်ငန်းမလုပ်ခင်မှာ သင်တန်းအနေနဲ့ နှစ်လနီးပါးတက်ခဲ့ရပြီး သင်တန်းပြီးသွားတဲ့ အချိန်မှာ တော့ အလုပ်ရဖို့အတွက်လည်း သင်တန်းက ရှာဖွေပေးပါတယ်။
“ ကျမဖဲရှိုသင်တန်းပြီးတော့ အလုပ်ချက်ချင်းမရဘူး။ နောက်တစ်လလောက်နေမှရတာ။ အလုပ်ဝင်ဖို့လည်း လူတွေက တန်း စီ စောင့်နေတာလေ။” လို့ သူက ဆက်ပြောပါတယ် ။
ဖဲရှို၊ ဖဲဝေအလုပ်က အသက် ၁၇နှစ်ကနေ အသက် ၂၈နှစ်အတွင်း၊ ခန္ဓာကိုယ်လှပ၊ အရပ်ရှည်ပါက လစာပိုကောင်းကြောင်းနဲ့ ရုပ်ကို အဓိကရွေးချယ်ပြီး ခန့်တဲ့အလုပ်ဖြစ်ကြောင်း နန်းလျန်းက ပြောပါတယ်။
“ ဒီမှာက ရုပ်နဲ့အသက်ငယ်တဲ့အမျိုးသမီးဆိုရင် လစာကောင်းတယ်။ အမျိုးသားတွေကတော့ သိပ်မခေါ်ဘူး။ ကျားဖြန့်က ပိုက်ဆံပိုရပေမယ့် လူတွေကို ညာရတဲ့အလုပ်ဆိုတော့မလုပ်ဘူး။ ပိုက်ဆံစုပြီးရင်တော့ အိမ်ပြန်မယ်။”လို့ နန်းလျန်းက ပြောပါ တယ်။
လောက်ကိုင်မြို့မှာက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရှမ်းပြည်နယ်က အမျိုးသမီးတွေသာမက မြန်မာပြည်မလို့ ခေါ်တဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ မြင်းခြံ၊ စစ်ကိုင်းတိုင်းဘက်တွေကအစ လာရောက်အလုပ်လုပ်ကိုင်ကြတယ်လို့ နန်းလျန်းက ဆိုပါတယ်။
အရင် ကိုဗစ်-၁၉ မတိုင်ခင်ကာလတုန်းကတော့ မြန်မာပြည်တဝှမ်းရှိ ပြည်သူအများစုဟာ မြန်မာပြည်နယ်စပ် တရုတ်ပြည်သို့ အလုပ်သွားလုပ်ကြပေမယ့် အခုမှာတော့ ကိုးကန့်ဒေသ၊ “ဝ” ဒေသ၊ နဲ့ မူဆယ်မြို့နယ်သို့ ဦးတည်သွားရောက် အလုပ်လုပ် ကြပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အနယ်နယ်အရပ်ရပ်က လူငယ်တွေဟာ အလုပ်ရဖို့အတွက် လောက်ကိုင်မြို့ကို အရဲ စွန့်လာပြီး ဖဲရှိုသင်တန်းကို နှစ်လခန့် စတင် လာရောက်တက်ကြောင်း လောက်ကိုင်မြို့က ဖဲရှိူသင်တန်းတစ်ခုက တာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
“ ကျမတို့ဆီမှာ သင်တန်းကြေးက စဝင်တဲ့လမှာ ရှစ်သိန်း နေစား စားရိတ်ငြိမ်းပါ။ ဖဲရှို၊ ဖဲဝေတွေ သင်တယ်။ အလုပ်အတွက် ကိုးကန့်နဲ့ တရုတ်စကားပါထည့်ရင် ထပ်ပေးရတယ်။”လို့ ၎င်းတာဝန်ခံက ပြောပါတယ်။
ဖဲရှိုသင်တန်းကို အသက် ၁၄ နှစ်အရွယ်မှ အသက် ၂၈ အရွယ်ထိသာ လက်ခံကြောင်းနဲ့ သင်တန်းလာတက်ရောက်သူများမှာ အမျိုးသမီးအများစုဖြစ်ကြောင်း ဖဲရှိုသင်တန်းမှတာဝန်ခံက ပြောပါတယ်။
မြန်မာနိုင်ငံတဝှမ်းတွင် ၂၀၁၉ခုနစ်မှ စတင်ကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကလေးငယ်များ ကျောင်းပညာရေးခွင့်မရ ခြင်း၊ ၂၀၂၁ခုနစ်တွင် နိုင်ငံရေးအခြေအနေကြောင့် လူငယ်များသည် ပညာရေးနဲ့တဖြည်းဖြည်းအလှမ်းဝေးလာကာ အလုပ် ခွင်ထဲသို့ ရောက်ရှိသွားကြပါတယ်။
ထိုထဲတွင် အသက်၃၉နှစ်အရွယ် နန်းမွေရဲ့သမီးကြီး နန်းအင်းအင်း တစ်ယောက်လည်းအပါအဝင်ပါ။ သူကကိုးတန်းနဲ့ ကျောင်း ရပ်နားလိုက်ရပြီး လက်ရှိမှာ အသက်၁၈နှစ်အရွယ်နဲ့ လောက်ကိုင်မြို့မှာ ဖဲဝေတဲ့လုပ်ငန်းကို လုပ်ကိုင်နေတယ်။
မိခင်ဖြစ်သူနန်းမွေကတော့ သမီးလေးကို လောက်ကိုင်မြို့သို့ သွားရောက်အလုပ်မလုပ်စေချင်ပေမယ့် ခွင့်ပြုလိုက်ရကြောင်း စိတ်မကောင်းစွာနဲ့ ရင်ဖွင့်လာပါတယ်။
“ ကျမကတော့ သမီးလေးကို ကျောင်းဆက်တက်ခိုင်းစေချင်တာပေါ့။ ကျောင်းနားတာလည်း ကြာပြီဆိုတော့ သူ့အရွယ် ကလေးတွေက အလုပ်သွားလုပ်ကြပြီလေ။ သူလည်း လိုက်သွားချင်တယ်ဆိုတော့ ကျမလည်း မခွင့်ပြုချင်ပေမယ့် ခွင့်ပြု လိုက်ရတယ်။” လို့ နန်းမွေက ဆိုပါတယ်။
လက်ရှိမှာတော့ လောက်ကိုင်မြို့မှာ ဖဲဝေအလုပ်သွားလုပ်တဲ့ သမီးလေးကို နန်းမွေတစ်ယောက် နေအိမ်မှာနေရင်း ရင်တမမ နဲ့ သတင်းစောင့်ဆိုင်းနေရပါတယ်။
“အဲ့နေရာက လုံခြုံမှုလည်းမရှိ၊ အခုနောက်ပိုင်း လောက်ကိုင်မှာ ကျားဖြန့်တွေ ဖမ်းတာတွေရှိတော့ ပိုစိုးရိမ်တာပေါ့။ သူက ဖဲဝေ လုပ်ပေမယ့် ကျမလည်း တွေးပြီးစိတ်ပူရတယ်။” လို့ သူက ဆက်ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက နယ်စပ်ဒေသတလျောက်သို့ သွားရောက်အလုပ် လုပ်မယ်ဆိုပါက သတင်းအချက်အလက်ကိုသေချာစိစစ်သင့်ကြောင်းနဲ့ ကိုယ်လုပ်ကိုင်မယ့်အလုပ်ကိုလည်း အတိအကျသိဖို့ လိုအပ်ပြီး မသွားခင်မှာ စုံစမ်းရန် လိုအပ်ကြောင်း သတိပေးပါတယ်။
“ ကျမအနေနဲ့အမျိုးသမီးတွေ လစာမြင့်တယ်ဆိုပြီး ရမ်းသမ်းမသွားစေချင်ဘူး။ သတင်းတွေအချက်အလက်တွေ စုံစမ်းသင့် တယ်။ အခုကပြည်ပကိုလူကုန်ကူးတာထက် ပြည်တွင်းအချင်းချင်းလူကုန်ကူးမှုတွေကရှိလာတယ်။ သတိနဲ့ထားပြီးသွားဖို့လို တယ်။”လို့ ၎င်းက ဆိုပြန်ပါတယ်။
ဒီဒေသဟာ တရားမဝင် အလုပ်အကိုင်တွေပေါများပြီး အနယ်နယ်အရပ်ရပ်က လာရောက်လုပ်ကိုင် ကျက်စားတဲ့နေရာဖြစ်ပြီး တရားဥပဒေစိုးမိုးမှု၊ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ အနှုတ်လက္ခဏာ အဆင့်ထိရှိကြောင်း လောက်ကိုင်ရောက် အလုပ်လုပ် နေတဲ့ အမျိုးသမီးတွေက ဆိုပါတယ်။
“ ကျမရဲ့ ရှေ့မှာ အမျိုးသမီးကို သေနတ်ပစ်သတ်လိုက်တာ ဘယ်သူမှလည်း ဝင်ဆွဲတာမရှိ။ တားတာလည်းမရှိဘူးလေ။ ဒီမှာ က သေနတ်ကလည်းအလွယ်ရ ဖြစ်ချင်သလိုဖြစ် မင်းမဲ့တိုင်းပြည်လိုပဲ။”လို့ နန်းလောဝ်ကလောက်ကိုင်လုံခြုံရေးနဲ့ပတ်သက် ပြီး ထောက်ပြပြောဆိုလိုက်ပါတယ်။
လောက်ကိုင်မြို့သို့ လာရောက်အလုပ်လုပ်မယ့် အမျိုးသမီးတွေအနေနဲ့ စိတ်ကိုခိုင်အောင်ထားနိုင်မှသာ လာစေချင်ကြောင်းနဲ့ ဒါ့အပြင် တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် တိုင်ကြားမယ့်နေရာလည်းမရှိကြောင်း နန်းလောဝ်က ဆိုပါတယ်။
နန်းလောဝ်တစ်ယောက်ကတော့ လောက်ကိုင်မြို့ကို စတင်လာတဲ့ လပိုင်းမှာ ပစ်ခတ်မှုကို မြင်တွေ့ရဖူးတဲ့ သူတစ်ယောက် အနေနဲ့ စိတ်ဒဏ်ရာရနေသူဖြစ်သလို ဒီကနေ့ထိ ရင်တထိတ်ထိတ်နဲ့ နေထိုင်ဖြတ်သန်းနေရပါတယ်။
“ ဒီလို ကျောမလုံတဲ့မြို့မှာ ကျမကတော့ မနေချင်ဘူး။ အိမ်ကအကြွေးတွေဆပ်ပြီး အိမ်ဆိုင်ဖွင့်လို့ရတဲ့အထိ ငွေစုပြီးရင် ပြန် မယ်။ ” လို့ နန်းလောဝ်က သူ့ဆန္ဒကို ပြောဆိုလိုက်ပါတယ်။