Home ဆောင်းပါး ဝမ်းရေးအတွက် အန္တရာယ်ခံတွင်း၀မှာ စွန့်စားလုပ်ကိုင်နေကြရတဲ့ အမျိုးသမီးငယ်တွေ

ဝမ်းရေးအတွက် အန္တရာယ်ခံတွင်း၀မှာ စွန့်စားလုပ်ကိုင်နေကြရတဲ့ အမျိုးသမီးငယ်တွေ

သျှန်ကီခမ်း။ ။

ညနေမှောင်ရီရီအချိန်၊ တိုက်ခန်းကျဥ်းကျဥ်းလေးထဲမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ် ခုနစ်ယောက်ဟာ မိတ်ကပ် လိမ်းနေသူကလိမ်း၊ သနပ်ခါးလိမ်းနေသူကလိမ်း၊ အဝတ်စားလဲနေတဲ့သူကလဲ နဲ့ ကိုယ်စီ အလုပ်ရှုပ်နေကြပါတယ်။

ထိုအမျိုးသမီးငယ်တွေဟာ အနှိပ်ခန်း(Body spa)မှာ အလုပ်လုပ်ကြတဲ့ သူတွေဖြစ်ကြပြီး အလုပ်ဆင်းဖို့ အလှပြင်နေကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။  

အနှိပ်ခန်း(Body spa)မှာ အလုပ်ဆင်းဖို့ မိတ်ကပ်ထိုင်လိမ်းနေသူ ခန္ဓာကိုယ် ခပ်ပိန်ပိန်ပါးပါး၊ ပုခုံးလောက်ရှည်တဲ့ ဆံပင်နဲ့ တစ်ယောက်ကတော့ မအေးငြိမ်းပဲ ဖြစ်ပါတယ်။ သူဟာ လွိုင်ကော်မြို့မှာနေထိုင်ပြီး ကုန်စုံဆိုင်တစ်ခုမှာ ဝန်ထမ်းဝင် လုပ်ရင်း မိသားစုကို ‌ထောက်ပံ့ပေးနေတာပါ။

ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း လွိုင်ကော်မြို့မှာ တိုက်ပွဲတွေဖြစ်လာတာကြောင့် မိသားစုလိုက် ထွက်ပြေး တိမ်းရှောင်လာခဲ့ရပါတယ်။ နေအိမ်၊ ခြံတွေကို စွန့်ပစ်ကာ စစ်ရှောင်လာခဲ့တာကြောင့် အလုပ်အကိုင်လည်း မရှိသလို မိသားစု ဝင်ငွေလည်း မရှိပါဘူး။

ဒါကြောင့်လည်း မအေးငြိမ်း(အမည်လွှဲ)ဟာ တောင်ကြီးမြို့ကို တက်လာပြီး  ဆိုင်ဝန်ထမ်းအလုပ်ရှာလုပ်ခဲ့ပေမယ့် အဆင်မပြေ ခဲ့တာကြောင့် ရရာအလုပ်ဖြစ်တဲ့ အနှိပ်ခန်း(Body spa)မှာ ဝင်လုပ်ခဲ့ပြီး မိသားစုတွေကို ထောက်ပံ့ပေးနေရပါတယ်။

မအေးငြိမ်းတို့ရဲ့ အနှိပ်ခန်း(Body spa)ရဲ့ အလုပ်ချိန်ဟာလည်း ညနေ ငါးနာရီကနေ မနက်မိုးလင်းပေါက် ဆင်းရတာပါ။ တစ်နည်းအားဖြင့် ညဆိုင်းသမားလို့ ခေါ်ရမှာပါ။ ထိုအလုပ်မှာ တစ်ယောက်ကို တစ်လ တစ်သိန်းစီသာ ရရှိကြတာပါ။

တစ်လ တစ်သိန်းဟာ သူတို့ ထင်သလို လွယ်လွယ်ကူကူနဲ့ ရနေတာတော့ မဟုတ်ပါဘူး။ လာရောက် အနှိပ်လာခံတဲ့ အမျိုးသား ဧည့်သည်အချို့ဟာ ဝန်ထမ်းအမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါး ပြုလုပ်တာ၊ ကိုယ်ထိ လက်ရောက် အကြမ်းဖက်တာ၊ နှုတ်ဖြင့်ဆဲဆိုတာတွေ လုပ်ကြတယ်လို့ဆိုပါတယ်။   

တစ်ချို့ ဧည်သည့်တွေဆိုလျှင် အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျုးလွန်ဖို့ ကြံရွယ်ခဲ့ကြတဲ့သူတွေလည်း ရှိပါတယ်။

မအေးငြိမ်းတို့ အလုပ်ဖြစ်တဲ့ အနှိပ်ခန်း(Body spa) ပုံစံက ဟိုတယ်ခန်းတွေလိုအခန်းလိုမျိုးပါ။ ဧည့်သည်လာရင် အခန်း ထဲကိုခေါ်သွားရပြီး အဆီဖြင့်သော်လည်းကောင်း၊ ရိုးရိုးဖြင့်သော်လည်းကောင်း တစ်ကိုယ်လုံး နှိပ်ပေးတာ၊ အကြောလျော့ ပေးတာ၊ တက်နင်းပေးစတာတွေကို ပြုလုပ်ရတာပါ။

မအေးငြိမ်း အနှိပ်ခန်း(Body spa)မှာ အလုပ်ဝင်လုပ်နေသည်မှာ ယနေ့အချိန်ထိဆို ရှစ်လ နီးပါးရှိလာခဲ့ပါပြီ။ အလုပ်ဝင်စမှာ သုံးလလောက်မှာ ဧည့်သည်နှောက်ယှက်တာမျိုးတွေ မကြုံခဲ့ရပါဘူး။

ဒါပေမယ့် လောလောလတ်လတ် ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်လောက်မှာ မအေးငြိမ်းဟာ ဧည့်သည်တစ်‌ယောက်  တစ် ယောက်ရဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ခဲ့ရပါသေးတယ်။  

ထိုနေ့ ည (၁၀) နာရီ ဝန်းကျင်မှာ အနှိပ်လာခံတဲ့ အမျိုးသားဧည့်သည်တစ်ယောက် ရောက်လာပါတယ်။ သူဟာ ဧည့်သည်ကို အခန်းထဲ ခေါ်သွားပြီး နှိပ်ပေးဖို့ အိပ်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသားဟာ ကောင်းကောင်းမွန် မအိပ်ဘဲ မအေးငြိမ်းရဲ့ ခါးကို အတင်းဆွဲဖက်ပြီး သူနဲ့ တူတူအိပ်ဖို့ အတင်းတွန်းလှဲခဲ့တာပါ။

မအေးငြိမ်းကလည်း ကြောက်ကြောက်လန့်လန့်ဖြင့် တွန်းလှဲတာနဲ့ တပြိုင်နက် ချက်ချင်း ရုန်းထွက်ခဲ့ပြီး ပါးစပ်မှာလည်း အဲလို ပြုမှုတာဟာ သူ့အတွက် အဆင်မပြေကြောင်း မလုပ်သင့်ကြောင်း ပြောပါတယ်။

ထိုဧည့်သည်ဟာ “ဆန္ဒကို ဖြည့်ဆည်းပေးလေ ပိုက်ဆံကို လစာထက်ပိုပေးမယ်” ဆိုပြီး မအေးငြိမ်းကို ပိုက်ဆံနဲ့ ကိုင်ပေါက်ပြီး ပြောဆိုခဲ့တာပါ။ တနည်းအားဖြင့် သူရဲ့ လိင်စိတ်ကိစ္စကို ဖြည့်ဆည်းပေးဖို့၊ အတူတူနေဖို့ ပြောနေတာပါ။

မအေးငြိမ်းလည်း ဘယ်‌လောက်ပေးပေး မလုပ်နိုင်ကြောင်း ငြင်းဆိုခဲ့ပြီး ဆက်နှိပ်ပေးရင် မိမိအတွက် အန္တရာယ်များလွန်းတယ် ဆိုတာ သိနေတာကြောင့် မနှိပ်ပေးတော့ဘဲ ထိုအခန်းထဲကနေ ကြောက်လန့်ပြီး ပြေးထွက်လာခဲ့ရပါတယ်။

ထိုည တစ်ညလုံး ကြောက်လန့်ပြီး ဘာမှ မလုပ်ကိုင်ချင်တော့တဲ့ အထိပါပဲ။

“ ယောင်္ကျားအားနဲ့ ဆွဲတော့ မနည်း ပြန်ရုန်းထွက် လာခဲ့ရတာ။ အရမ်း ကြောက်ရတယ်လေ” လို့ မအေးငြိမ်က သူခံစားချက်ကို ရင်ဖွင့်ပြောပါတယ်။

ဒါ့တင်မကပါဘူး။ တချို့ဧည့်သည်ဆိုလျှင် နှိပ်ပေးရင်းနဲ့ လက်ကိုလာကိုင်တာ၊ ပုခုံးကို လာဖက်တာတွေ ဘီယာဝယ်လာပြီး သောက်ခိုင်းတာတွေလည်း ရှိပါတယ်။

“ စကားပြောသလိုလိုနဲ့ လာဖက်ပြီးအသားယူတယ်” လို့ မအေးငြိမ်းက သူကြုံတွေ့ခဲ့ရတာကို ပြောပါတယ်။

တချို့သော ဧည့်သည်တွေရဲ့ အမူကျင့်တွေဟာ ဒီအနှိပ်ခန်း(Body spa)မှာ အလုပ်လုပ်တယ်ဆိုပြီး “ကျမတို့ကို အရမ်းအထင် သေးတယ်။ နှိမ်တယ်။ မကောင်းတဲ့မိန်းမလိုမြင်ပြီး လုပ်ချင်သလိုလုပ်နေကြတယ်။ အဲလိုခံစားရတယ်” လို့  သူကပြော ပါတယ်။ 

အလုပ်ခွင်ထဲမှာ ဒီလိုအကြမ်းဖက်မှုတွေ ကြုံနေရတဲ့အကြောင်းကို အလုပ်ထဲကအကြီးဆုံးကို ပြောပြခဲ့ပေမယ့် “ အဲတစ် ယောက်(ဧည့်သည်)ကို လွှတ်ထားလိုက်” လို့သာ ပြောပြီး ဘာမှမလုပ်ပေးသလို ဘာမှဆက်မပြောပဲ ဒီတိုင်း လွှတ်ထားလေ့ ရှိတာပါ။  

မအေးငြိမ်း ဒီအနှိပ်ခန်း(Body spa)မှာ အလုပ်လုပ်နေပေမယ့် အိပ်ချိန် ပုံမှန် မရှိ။ စားချိန် ပုံမှန်လည်း မရှိပါဘူး။ တချို့ရက်ဆို ထမင်းမစားရတဲ့ ရက်တွေလည်း ကြုံရပါသေးတယ်။ အလုပ်က ညဆိုင်းဆိုတော့ အိပ်ချိန် ပုံမှန်မဟုတ်တော့ လူလည်း ဂေါက်နေပြီလို့ မအေးငြိမ်းက ခပ်ပြုံးပြုံးဖြင့် ဆက်ပြောပါတယ်။

ဒါ့အပြင်လည်း မအေးငြိမ်းဟာ အနှိပ်ခန်း(Body spa)မှာ အလုပ်လုပ်နေတယ် ဆိုတာလည်း မိဘတွေကို အသိမပေးရဲပါဘူး။ အလုပ်မှာ အဆင်မပြေတာတွေကို သိရင် “ သူတို့ (မိဘ) စိတ်ဆင်းရဲနေမှာ။ ဒီငွေတွေကို သုံးရက်မှာမဟုတ်ဘူး။ လက်ခံမှာ မဟုတ်ဘူး” လို့  သူ့ခံစားချက်ကို ပြောပြပါတယ်။

မအေးငြိမ်းဟာ လုပ်ငန်းခွင်ထဲမှာ အဆင်မပြေသလို မိမိအတွက် အန္တရာယ်များလွန်းနေတယ်ဆိုတာ သိပေမယ့် အလုပ် ထွက်ဖို့လည်း နေအိမ်ကိုစွန့်ခွာပြီး စစ်ရှောင်နေရတဲ့မိသားစုကို ရှာကျွေးနေရတာကြောင့် အလုပ်နားဖို့ ဘယ်လိုမှ အဆင်မပြေ ပါဘူး။   

တခြားအလုပ်ပြောင်းဖို့လည်း အလုပ်အကိုင်အခွင့်လမ်းတွေ နည်းပါးလာတာကြောင့် ထင်သလို အလုပ်လည်း လွယ်ကူစွာနဲ့ ရှာမတွေ့ခဲ့တာကြောင့် အလုပ်ပြောင်းဖို့ အဆင်မပြေခဲ့ပါဘူး။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ယခင်ကထက် အလုပ်အကိုင် ခွင့်လမ်းတွေ ပိုမို ရှားပါးလာပါတယ်။

အဆင်မပြေပေမယ့် မိသားစု စားဝတ်နေရေး ရှိနေသေးတာကြောင့် အောင့်အီးသည်းခံကာ ဆက်လုပ်ရမှာပဲလို့ ပြောပါတယ်။

“ မတတ်နိုင်ဘူးလေ။ သတိထားပြီး ဆက်လုပ်ရဦးမှာပဲလေ”လို့ မအေးငြိမ်းက စိတ်ပျက် လက်ပျက်နဲ့ ပြောပါတယ်။

မအေးငြိမ်းလိုပဲ အနှိပ်ခန်း(Body spa)မှာ အလုပ်လုပ်ရင်း ဧည့်သည်အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါး ပြုလုပ်ခြင်း ခံရတဲ့အထဲမှာ မသဲသဲလည်းပါပါတယ်။ သူကတော့ အသက် (၂၃) နှစ် အရွယ်ရှိပြီး ဒီအလုပ်လုပ်တာ လေးလ ကျော်လာပါပြီ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေမှာ ဧည့်သည်ကိုနှိပ်ပေးနေရင်း ဧည့်သည်ဆီက စကားတစ်ခွန်းက မသဲသဲကို ကြောက် လန့်စေခဲ့ပါတယ်။

“ ရင်သားကိုင်မယ်ဆို ပိုက်ဆံဘယ်လောက်ပေးရမှာလဲ။ ပိုက်ဆံဘယ်လောက်ပေးရင် ဘာပေးကိုင်မှာလဲ။ ဆန္ဒဖြည့်ဆည်း ပေးလေ ပိုက်ဆံပေးမယ်” ဆိုတဲ့ စကားတွေကြောင့် မသဲသဲ ဆွံအသွားခဲ့ရပါတယ်။

မသဲသဲလည်း မလုပ်ပေးနိုင်ကြောင်း ဒီနေရာမှာ အဲလိုဆားဗစ် မရှိကြောင်း ရှင်းပြ ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ထိုဧည့်သည်ဟာ မသဲသဲ ရှေ့မှာ သူရဲ့အမျိုးသားအင်္ဂါကို ထုတ်ပြပါတယ်။  

မသဲသဲလည်း “ လူကို စော်ကားလွန်းတယ်” လို့ခံစားရတာကြောင့် အခန်းထဲကနေ ထွက်လာခဲ့ပါတယ်။

မသဲသဲဟာ ငွေကြေးလိုအပ်လို့ ဒီအလုပ်ကိုလုပ်နေတယ်ဆိုပေမယ့် “ မိဘတွေ မျက်နှာရှိတယ်။ ကိုယ်ကိုတော့ မရောင်းစား ဘူး” လို့ သူခံစားချက်ကို ပြောပါတယ်။

ထိုဧည့်သည်ဟာ မသဲသဲက သူ့ဆန္ဒကို မဖြည့်ဆည်းပေးရကောင်းလား ဆိုပြီး အနှိပ်ခန်း(Body spa)က အကြီးဆုံး အစ်မကို “ နှိပ်တာ မကောင်းဘူး။ ဘယ်လို ဝန်ထမ်းကို ခန့်ထားတာလဲ”ဆိုပြီး တိုင်ပြောသွားပါသေးတယ်။

“ ဧည့်သည်ပြန်သွားရင် ကျမတို့က အနောက်ကနေအဆူခံရတာ။ အလုပ်ကိုကောင်းကောင်းမလုပ်ဘူး။ လစာဖြတ်ပစ်မယ် ဘာညာ အဲလိုဆူတာ” ခံရတယ်လို့ မသဲသဲက ပြောပါတယ်။  

ဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ နေနေသာသာ ဒီလို ပြောဆိုခြိမ်းခြောက်နေတာကြောင့် မသဲသဲ ဒီအလုပ်ကို စိတ်အတော် ပျက်နေပါတယ်။ ကာကွယ်ပြီး ပြောဆိုပေးတာ မရှိတာကြောင့် မုဒိမ်းမှု မဖြစ်လာနိုင်ဘူးလို့ ပြောလို့မရဘူးလေလို့ မသဲသဲက ဆက်ပြောပါတယ်။

မသဲသဲတို့ အလုပ်ချိန်ကတော့ နေ့လယ် ၁၂ နာရီကနေ မနက်မိုးလင်းထိ ဝင်လုပ်ရပါတယ်။ တစ်လကို နှစ်ရက်သာ နားခွင့် ရှိတာပါ။ အလုပ်ချိန်များစွာ လုပ်ရပေမယ့် အကျိုးခံစားခွင့် လစာကတော့ တစ်သိန်း နှစ်သောင်းလောက်သာ ရရှိတာပါ။

ဧည့်သည်အများစုက နေ့ဖက်တွေမှာလာလေ့မရှိပါဘူး။ ညနေ ၆ နာရီကနေ မနက် ၅ နာရီအတောတွင်းတွေမှာတော့ ဧည့်သည်ကျလေ့ ရှိပါတယ်။

‌ရှေ့နေ့တစ်ဦးကတော့ ထိုအလုပ်လုပ်ရင်း လိင်ပိုင်းဆိုင်ရာတစ်ခုခုရင်ဆိုင်ရခဲ့လျှင် အမျိုးသမီးတွေအတွက် “ အထူးကာကွယ် ပေးတာမျိုး မရှိဘူး။ ရာဇသတ်ကြီးပုဒ်မအတိုင်းပဲ တိုင်တန်းရတာပေါ့။ သက်သေအ‌ထောက်အထားကို အပြည့်အစုံနဲ့ အလုပ် ရှင်၊ အုပ်ချုပ်ရေးမှူး၊ ရဲစခန်းစတာတွေကို တိုင်တန်းလို့ရတယ်။ အလုပ်ရှင်ကလည်း ကိုယ်လူကို အရေးပေးပြီး ကာကွယ် ပေးဖို့လည်း လိုအပ်တယ်” လို့ ပြောပါတယ်။

အနှိပ်ခန်း(Body spa)မှာ ဒီလို အာမခံ၊ ကာကွယ်ပေးတာမျိုး မရှိဘူးဆိုတာ သိနေရက်နဲ့  အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်ကိုင် ရှားပါးလာတာနဲ့ အမျှ အမျိုးသမီးငယ်တွေဟာ ယခင်ကထက် ဒီအလုပ်ကို ပိုရွေးချယ်လာကြတာပါ။

အနှိပ်ခန်း(Body spa) ဆိုင်ဖြင့် ငါးနှစ်ကြာ အသက်မွေးဝမ်းကျောင်းပြုလာသူတစ်ဦးက “ နောက်ပိုင်းမှာ တော်တော် များ တယ်။ တချို့ကလေးမဆို အသက် (၁၇) နှစ်ပဲ ရှိသေးတယ် အလုပ်လာလျှောက်ကြတာ။ ကျမလည်း ကလေးပဲရှိသေးတော့ ပြန်လွှတ်လိုက်တာ “ လို့ သူက ပြောပါတယ်။

မအေးငြိမ်းဟာလည်း ဒီအလုပ်ကို လုပ်ရတာဟာ သူ့အတွက် အဆင်မပြေပေမယ့် နေအိမ်ကို စွန့်ခွာပြီး စစ်ရှောင်နေရတဲ့ မိသားစုကို ထောက်ပံ့ပေးရမှဖြစ်တာကြောင့် ဒီအလုပ်ကို ဘယ်ချိန်ထိ ဆက်လုပ်နေရမှာလဲဆိုတာ မသိနိုင်ပါဘူး။ သူ့ဆန္ဒ တစ်ခုကိုလည်း ယခုလိုရင်ဖွင့်ပါသေးတယ်။

“ အမေတွေ အိမ်ပြန်ရရင် ကျမလည်းဒီအလုပ်ကနေထွက်မှာ။ အခုတော့ သည်းခံပြီးလုပ်ရဦးမယ်”

Author:

Related Articles