သန့်ရှင်းထွန်း။ ။
အသက် ၂၅ နှစ်အရွယ် မဖာတေမာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတုပါလောင်က ညစ်ပတ် ပေရေနေတဲ့ ဒုက္ခသည် စခန်းအမှတ်(၃)မှာ နေထိုင်လာခဲ့တာ ၁၀ စုနှစ် တစ်ဝက်ကျော် ကြာလာပြီ ဖြစ်ပါတယ်။
မဖာတေမာဟာ မြန်မာနိုင်ငံထဲက ထွက်ပြေးလာရတဲ့အချိန်တည်းက ဒုက္ခသည်စခန်းထဲမှာ တခြားလုပ်စရာ အလုပ်မရှိတာကြောင့် အိမ်တွင်းမှုအလုပ်ဖြစ်တဲ့ စက်ချုပ်တဲ့အလုပ်ကို လုပ်နေတယ်လို့ ပြောပါတယ်။
မဖာတေမာပြောတဲ့ မြန်မာနိုင်ငံဆိုတာကတော့ စစ်တပ်က သူတို့မိသားစုကို ဒီလို ဒုက္ခသည်ဘဝ ရောက်အောင် လုပ်ခဲ့တဲ့နိုင်ငံဖြစ်ပြီး ရိုဟင်ဂျာလူမျိုး ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့အတွက် နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICJ)မှာ တရားရင်ဆိုင်နေရတဲ့ နိုင်ငံပါ။
မဖာတေမာ အပါအဝင် ရိုဟင်ဂျာ ခုနစ်သိန်းကျော်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ မြန်မာ စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့တာကြောင့် သူတို့နေထိုင်တဲ့ မောင်တောဒေသနဲ့ အနီးဆုံးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။
ဒုက္ခသည်စခန်းမှာ ကြုံသလို နေရပြီး ဘယ်အချိန် ဘယ်ကာလမှာမှ အိမ်ပြန်ရမယ်မှန်း မသိပေမယ့် တနေ့ကျရင် သူနေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံကို ပြန်ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကတော့ စိတ်ထဲမှာ ကိန်းအောင်းနေဆဲလို့ မဖာတေမာက ပြောပါတယ်။
မဖာတေမာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းထဲမှာ စားရေးသောက်ရေးနဲ့ ကျန်းမာရေး အပါအဝင် လူမှုဘဝ အကျပ်အတည်းများစွာကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
“အခု ကျမ တော်တော်လေး အခက်ခဲ အကျပ်အတည်း ဖြစ်နေတယ်။ အလုပ်အကိုင်ကလည်း မရှိ၊ ရိက္ခာကလည်း လျော့ချခံရတယ်။ အဲဒီအတွက်ကြောင့် စားဝတ်နေရေး တော်တော် ခက်ခဲနေတယ်။”လို့ မဖာတေမာက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကို ဒီနှစ် မတ်လမှာ ပထမတကြိမ် လျှော့ချခဲ့ပြီးတော့ ပြီးခဲ့တဲ့ ဇွန်လထဲမှာပဲ ဒုတိယအကြိမ် ထပ်မံလျှော့ချခဲ့ပါတယ်။
အရင်တုန်းက ရိုဟင်ဂျာဒုက္ခသည်တစ်ဦးအတွက် တစ်လကို အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ(မြန်မာငွေ သုံးသောင်းနီးပါး) ထောက်ပံ့ပေးခဲ့ပြီး လက်ရှိမှာတော့ တစ်ဦးကို တစ်လမှာ ရှစ်ဒေါ်လာ (မြန်မာငွေ နှစ်သောင်းနီးပါး) လျှော့ချခံထားရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stéphane Dujarric ပြောကြားချက်ကို ကိုးကားပြီး RFA သတင်းဌာနက ဇူလိုင် ၂၀ ရက်မှာ သတင်းရေးသားခဲ့ပါတယ်။
“အရင်တုန်းက ရိက္ခာနည်းနည်းရတဲ့အချိန်က မလုံလောက်ရင်လည်း ချွေတာပြီးတော့ ဖြစ်သလို စားနေလို့ ရသေးတယ်။ အခုက ရိက္ခာကို တော်တော်များများ လျှော့လိုက်တာကြောင့် ပိုပြီး ဒုက္ခရောက်ကြတယ်။”လို့ မဖာတေမာက ပြောပါတယ်။
မဖာတေမာတို့လို အမျိုးသမီးတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုလည်း အပြည့်အဝ မရရှိကြသလို ဒုက္ခသည်စခန်းမှာ ကားတွေ မရှိတာကြောင့် ကိုယ်ဝန်ဆောင်နဲ့ ကလေးမွေးခါနီး မိခင်တွေအတွက် တော်တော် ဒုက္ခရောက်ရတယ်လို့ သူက ဆက်ပြောပါတယ်။
“ညကြီးမိုးချုပ် ကလေးမွေးဖို့ ဗိုက်နာလို့ရှိရင် လမ်းလျှောက် သွားရင်းသွားရင်း ဆုံးသွားတာလည်း ရှိတယ်။ သတိ မေ့သွားတာတွေလည်း ရှိတယ်။”လို့ မဖာတေမာက ပြောပါတယ်။
သက်ကြီးရွယ်အိုတွေဆိုရင်လည်း ဆေးကုဖို့အတွက် ငွေမရှိသလို ကျန်းမာရေး စောင့်ရှောက်မှုလည်း ကောင်းကောင်းမွန်မွန် မရကြဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့က ထောက်ပံ့ပေးတဲ့ငွေနဲ့ မလုံလောက်တဲ့ အခြေနေမှာ တခြားဝင်ငွေရအောင် ဈေးဆိုင် ရောင်းမယ်ဆိုရင်တောင် ဈေးရောင်းခွင့်မရှိဘူးလို့ ဒုက္ခသည်စခန်း အမှတ်(၅)က အသက် ၂၅ နှစ်အရွယ် မရှော်ဖီရာဘေဂေါင်က ပြောပါတယ်။
မရှော်ဖီရာဘေဂေါင်ဟာ ဒုက္ခသည်စခန်းထဲမှာ ကလေးတွေကို စာပြတဲ့အလုပ်ကို လုပ်ကိုင်နေသူပါ။ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေ ရောင်းတဲ့ ဈေးဆိုင်ခန်းပေါင်း ၃,၀၀၀ ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဆန်းပိုင်းက ဖျက်ဆီးခဲ့တယ်လို့ သူက ပြောပါတယ်။
အဲဒီလိုမျိုး အခက်အခဲမျိုးစုံ ကြုံတွေ့နေရတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းကနေ မလေးရှားနိုင်ငံကို တရားမဝင် ထွက်ခွာတာ၊ မတတ်သာတဲ့အဆုံး မိမိကိုယ်ကို သေကြောင်းကြံစည်တာတွေ ရှိခဲ့တယ်လို့ မရှော်ဖီရာဘေဂေါင်က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်ကပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူကီးယားမြို့နယ်က ဒုက္ခသည်စခန်း အမှတ်(၇)မှာ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ တဲအိမ်ထဲမှာ ကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ Border News Agency(BNA) သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံထဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့အတွက် မြန်မာအာဏာပိုင်တွေက ဆောင်ရွက်နေပေမယ့် လက်ရှိအချိန်ထိ ပြန်လည် လက်ခံရေး မစတင်နိုင်သေးပါဘူး။
ရိုဟင်ဂျာ ၇၀၀ လောက်ကို ပြန်လက်ခံဖို့အတွက် လက်ရှိ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ လူမှုရေးဝန်ကြီး ဦးအောင်မျိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ကနေ ၁၇ ရက်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်မြို့ကို သွားရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ နေတုန်းကနေခဲ့တဲ့ ရွာနာမည်၊ ကျေးရွာအုပ်ချုပ်ရေးမှူး နာမည်တွေ၊ မြို့နဲ့ရွာ အကွာအဝေးတွေကို စစ်မေးခဲ့တာတွေ ရှိခဲ့တယ်။”လို့ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် စစ်ဆေးခံခဲ့သူတစ်ဦးက ပြောပါတယ်။
အဲဒီလိုမျိုး ပြန်လက်ခံဖို့ ဆောင်ရွက်နေကြပေမယ့် လက်တွေ့မှာတော့ အိမ်ပြန်နိုင်ဖို့ မျှော်လင့်ချက်က ဝေးနေဆဲလို့ သူက ဆက်ပြောပါတယ်။
တကယ်လို့ နေရပ်ပြန်ခေါ်ရင်တောင် လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့ တရားဥပဒေ စိုးမိုးမှုတွေက အားမကောင်းတာကြောင့် ရိုဟင်ဂျာတွေ အမျိုးသမီးတွေအတွက် စိုးရိမ်မှုတွေ ရှိနေသေးတယ်လို့ Women’s Peace Network က အမှုဆောင်ဒါရိုက်တာ ဒေါ်ဝေဝေနုက ပြောပါတယ်။
“မြန်မာကို ပြန်လာရင် အဖမ်းခံရမလားဆိုတဲ့ စိုးရိမ်စိတ်တွေက ရှိနေတယ်။”လို့ ဒေါ်ဝေဝေနုက ပြောပါတယ်။
တကယ်လို့ မြန်မာနိုင်ငံကို ပြန်လာရင်တောင် ရိုဟင်ဂျာတွေအတွက် ဘဝ အာမခံချက်တွေ၊ လုံခြုံမှုတွေတွေကို အပြည့်အဝ တာဝန်ယူပေးဖို့လိုတယ်လို့ ဒေါ်ဝေဝေနုက ဆက်ပြောပါတယ်။
လက်ရှိ မြန်မာအာဏာပိုင်တွေကတော့ ပြန်လည် လက်ခံသွားမယ့် ဒုက္ခသည်တွေကို သူတို့ရဲ့ကျေးရွာတွေမှာ ပြန်နေရာမချထားပေးဘဲ မောင်တောမြို့နယ် မြောက်ဘက်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ လှဖို့ခေါင်၊ သဲချောင်း၊ ကျောက်လှေကား၊ သက်ကယ်ပြင်၊ ဒါးကြီးစား၊ စံပယ်ကုံး၊ ဒိုးတန်း၊ ဘက္ကာဂုံးနား၊ ကြိမ်ချောင်းတောင်၊ ကျောက်ပြင်ဆိပ်အရှေ့၊ ကျောက်ပြင်ဆိပ်အနောက်၊ ကျောက်ပြင်ဆိပ်တောင်၊ ပွင့်ဖြူချောင်း၊ ကျွန်းပေါက်ပြုစုနဲ့ မြို့မိချောင်း ကျေးရွာတွေသာ နေရာချပေးထားမယ်လို့ စစ်ကောင်စီရဲ့ လျှို့ဝှက် ညွှန်ကြားစာတစ်စောင်မှာ ဖော်ပြထားပါတယ်။
နေရပ်ပြန်ဖို့ မျှော်လင့်ချက်ရှိနေပေမယ့် လက်ရှိ ဒုက္ခသည်စခန်းထဲမှာ အမျိုးသမီးတွေအတွက် ဝင်ငွေရနိုင်တဲ့ အလုပ်တွေ ဖန်တီးပေးနိုင်မယ်ဆိုရင် နေရပ်မပြန်နိုင်သေးတဲ့အချိန်မှာ အဆင်ပြေပြေ နေနိုင်မယ်လို့ မရှော်ဖီရာ ဘေဂေါင်က သူ့အမြင်ကို ပြောပါတယ်။
ကိုယ့်ရဲ့မိသားစု၊ ပတ်ဝန်းကျင်နဲ့အတူ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံထဲက နေအိမ်ကတော့ အခုချိန်မှာ တောနက်ကြီး တခုလို ရှိနေမလား၊ ရွာပျက်တခုလို ရှိနေမလားဆိုတာ မျက်လုံးထဲမှာ နေ့တိုင်း မြင်ယောင်နေတယ်လို့ မဖာတေမာက အခုလို ပြောပါတယ်။
“ကိုယ့်အိမ်၊ ကိုယ့်ရွာကိုလည်း လွမ်းသလို ကျမ ထွက်ပြေးလာတဲ့အချိန်က ကျန်ခဲ့တဲ့ နွားတွေကိုလည်း လွမ်းတယ်။”