သန့်ရှင်းထွန်း။ ။
ဘာသာရေးနဲ့ ကန့်သတ် ဖိနှိပ်ထားတဲ့ ရှေးရိုးစွဲ ဓလေ့ထုံးစံ တချို့ ကြောင့် ရိုဟင်ဂျာ အမျိုးသမီးတွေအတွက် ကန့်သတ်ချက်များစွာ ရှိသလို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ သူတို့တွေဟာ ပညာရေးကိုလည်း ကောင်းကောင်းမွန်မွန် မသင်ကြားရပါဘူး။
ဒါ့အပြင် ကန့်သတ်ချက်တွေနဲ့ ကြီးပြင်းလာရတဲ့ အဲဒီ အမျိုးသမီးငယ်တွေဟာ ဝေဖန်မှုတွေ ရှိတာကြောင့် အပြင်လောကကို ထွက်ဖို့လည်း မလွယ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ မိန်းကလေးတွေ ကြုံနေရတဲ့ အခက်အခဲကို ဒေါ်ဆိုဟာနာက ပြောပါတယ်။
ဒေါ်ဆိုဟာနာက အသက် ၅၀ အရွယ် ရှိပြီဖြစ်ပြီး သူတို့ မိသားစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတုပါလောင် ဒုက္ခသည်စခန်းအမှတ် ၂ မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် မိသားစုတစ်စုပါ။ သူတို့ဟာမူရင်း နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံကို မပြန်နိုင်သေးဘဲ ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တာ အခုဆိုရင် နှစ်ကျော် ရှိနေပါပြီ။
သူတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ အာဆာအဖွဲ့ရဲ့ အကြမ်းဖက်မှုနောက်ပိုင်း မြန်မာစစ်တပ်က နယ်မြေရှင်းလင်းချိန်မှာ မောင်တောကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရသူတွေ ဖြစ်ပါတယ်။
ဒုက္ခသည်စခန်းထဲမှာ တခြားဝင်ငွေရတဲ့ အလုပ်အကိုင် မရှိဘဲ ကုလအဖွဲ့တွေပေးမှ စားနေရတဲ့ ဒေါ်ဆိုဟာနာအတွက် သားသမီးရှေးရေးက မျှော်လင့်ချက်မဲ့နေရတယ်လို့ သူက ပြောပါတယ်။
“ဒီကလူတွေရဲ့ နောက်ဆုံးထွက်ပေါက်က မလေးရှားကို သွားကြတာပါ။ ဟိုမှာ အလုပ်ရမလား။ ဘာလုပ်ရမယ်မှန်း မသိပေမယ့် ဒီမှာကြုံနေရတဲ့ ဒုက္ခတွေကို မခံချင်တော့လို့ လမ်းခရီးမှာ သေလည်း ထွက်နေကြတာပဲ။”လို့ ဒေါ်ဆိုဟာနာက ပြောပြပါတယ်။
အဲဒါကြောင့် သားသမီးအတွက် လိုအပ်တာတွေ မဖြည့်ဆည်းနိုင်တဲ့ မိဘတွေဟာ အရွယ်ရောက်လာတဲ့ သားသမီးတွေကို ထိုင်းနဲ့ မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကနေ စေလွှတ်နေကြပြီး တချို့က လမ်းခရီးမှာ လှေနစ်သေဆုံးတာ၊ လူကုန်ကူးခံရတာနဲ့ မိသားစုတွေ ကွဲကွာသွားကြရတယ်လို့ သူက ဆက်ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာရှိကြတဲ့ ရိုဟင်ဂျာတွေဟာ မိသားစုတစုမှာ အနည်းဆုံး မိသားစုဝင် သုံးယောက်ကနေ လေး ယောက် ထိုင်းနဲ့ မလေးရှားနိုင်ငံကို ထွက်ခွာနေကြတယ်လို့ ဒေါ်ဆိုဟာနာက ဆက်ပြောပါတယ်။
“တကယ်လို့ အပြင်ထွက်ရင် အမျိုးမျိုးအဖုံဖုံ ဝေဖန်ကြတယ်။ မိန်းကလေးတွေ ပညာတတ်လည်း အကျိုးမရှိဘူး ဆိုရင် ကလေးတွေ ရေးတတ်ခြစ်တတ်ဖို့ ကျောင်းတက်နေကြတာလည်း ဘာမှ မထူးဘူးဆိုပြီး ပြောကြတယ်။”လို့ သူတို့ နေထိုင်ရတဲ့ ပတ်ဝန်းကျင်ရဲ့ အခြေအနေကို ပြောပြပါတယ်။
အလားတူပဲ အမျိုးသမီးလေးတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန် မရဘဲ ဘယ်ရောဂါဖြစ်ဖြစ် ပါရာစီတမော တမျိုးကလွဲလို့ တခြားဘာဆေးမှ ရဘူးလို့ ရိုဟင်ဂျာ အမျိုးသမီးငယ် တစ်ဦးက ပြောပါတယ်။
ဒီလို ခက်ခဲကျပ်တည်းမှုတွေကြားထဲမှာ သူတို့အတွက် ထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာလည်း တဖြည်းဖြည်း လျော့ကျလာတဲ့အတွက် ရိုဟင်ဂျာ အမျိုးသမီးတွေမှာ ထွက်ပေါက်ရှာမရ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကို ဒီနှစ် မတ်လတုန်းက ပထမတကြိမ် လျှော့ချခဲ့ပြီးတော့ ပြီးခဲ့တဲ့ ဇွန်လထဲမှာပဲ ဒုတိယအကြိမ် ထပ်မံ လျှော့ချခဲ့ပါတယ်။
အရင်တုန်းက ရိုဟင်ဂျာဒုက္ခသည်တစ်ဦးအတွက် တစ်လကို အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ (မြန်မာငွေ သုံးသောင်းခန့်) ထောက်ပံ့ပေးခဲ့ပြီး လက်ရှိမှာတော့ တစ်ဦးကို တစ်လမှာ ၈ ဒေါ်လာ (မြန်မာငွေ နှစ်သောင်းခန့်)သို့ လျှော့ချခံထားရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stephance Dujarric ပြောကြားချက်ကို ကိုးကားပြီး RFA သတင်းဌာနက ဇူလိုင် ၂၀ ရက်မှာ သတင်းရေးသားခဲ့ပါတယ်။
“ပိုက်ဆံနှစ်သောင်းက ဈေးဖိုးနှစ်ရက်စာပဲ ရှိတယ်။ ကျန်တဲ့ ၂၈ ရက်က ထမင်းဖြူသပ်သပ် စားနေရတယ်။”လို့ ဒေါ်ဆိုဟာနာက ပြောပါတယ်။
ဒုက္ခသည်စခန်းမှာ နေထိုင်ရတာဟာ ရှေ့ရေးအတွက် အာမခံချက် မရှိတာကြောင့် ဒေါ်ဆိုဟာနာရဲ့ သားသမီး သုံးယောက် စလုံးကို မလေးရှားနိုင်ငံ ပို့ဖို့စီစဉ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒုက္ခသည်စခန်းမှာအထွေထွေအကျပ်အတည်းတွေနဲ့ နေထိုင်လာရတဲ့ တချို့အမျိုးသမီးလေးတွေကတော့ နောက်ဆုံး ထွက်ပေါက်အနေနဲ့ သူတို့တခါမှ မတွေ့ဖူးတဲ့ အမျိုးသားတွေနဲ့ လက်ထပ်ဖို့အတွက် မလေးရှားနိုင်ငံကို ထွက်ခွာတာတွေ ရှိတယ်လို့လည်း ဒေါ်ဆိုဟာနာရဲ့ ခင်ပွန်းက ပြောပါတယ်။
“အဓိကတော့ အမျိုးသမီးလေးတွေက ရုန်းထွက်ချင်ကြတယ်။ မလေးရှားမှာ ဘယ်လို အခြေအနေပဲ ရောက်ရောက် ဒီစခန်းက ထွက်သွားရရင်ပြီးရောဆိုတဲ့ စိတ်ကူးမျိုးနဲ့ သွားကြတယ်။ အဲဒီမှာ လူကုန်ကူးတဲ့သူတွေက သူတို့ကို ချိတ်ပြီးတော့ လူကုန်ကူးကြတယ်။”လို့ သူက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ မလေးရှားနိုင်ငံကို ထွက်ခွာကြသူ အများစုဟာ စက်လှေတွေနဲ့ ရေလမ်း ခရီးကို အသုံးပြုပြီး သွားကြတာများပြီး တချို့ကလည်း အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်ပြီး မလေးရှားနိုင်ငံထဲကို ဝင်ကြတာရှိတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။
အလားတူပဲ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေဟာလည်း လွတ်လပ်စွာ သွားလာခွင့် မရှိသလို နည်းမျိုးစုံနဲ့ ဖိနှိပ် ခံနေရတာကြောင့် နယ်မြေသစ်တွေကို ရရာနည်းနဲ့ ထွက်ခွာနေကြတယ်လို့ စစ်တွေမြို့နယ် သဲချောင်းကျေးရွာက ရိုဟင်ဂျာ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဒီမှာနေရတာ အလုပ်အကိုင် မရှိဘူး။ လွတ်လပ်မှု မရှိဘူးဆိုတော့ ထိန်းမနိုင် သိမ်းမနိုင် အဲလိုတွေဖြစ်နေတာ။ အဲဒီလို အနေအထားမှာ သူတို့က သေရင်သေ၊ ရှင်ရင်ရှင် အဲဒီလို ထွက်ကြတာပါ။”လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို နိုင်ငံသား အခွင့်အရေး မပေးသလို ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလာရေး ကိစ္စတွေကိုလည်း ကန့်သတ်ထားတာကြောင့် သူတို့ဟာ အသက်စွန့်ပြီး မလေးရှားနိုင်ငံကို ထွက်ခွာနေရတာလို့ သဲချောင်းကျေးရွာက ရိုဟင်ဂျာ အမျိုးသားက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေ ကနေ မလေးရှားနိုင်ငံကို တရားမဝင်သွားရောက်လို့ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၂၀၀၀ နီးပါးရှိပြီး အဲဒီထဲက ၄၇၀ ကျော်ကိုတော့ စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ထောင် ၂ နှစ်ကနေ ၅ နှစ်အထိ ချခဲ့တယ်လို့ လွတ်လပ်တဲ့အာရှအသံ(RFA) ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က တင်ပြထားတဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အခုလိုမျိုး အကျပ်အတည်းတွေကြားထဲမှာ ရိုဟင်ဂျာ မိန်းကလေးတွေအနေနဲ့ ပညာကို ကောင်းကောင်းမွန်မွန် သင်ကြားခွင့်ရဖို့ အရေးကြီးတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက အမျိုးသမီးရေး ကူညီပေးနေတဲ့ မချိုချိုခိုင်က ပြောပါတယ်။
“မိန်းကလေးတွေ ဘွဲ့ရပညာတတ်တွေဖြစ်သွားရင် သူတို့လည်း သိသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပညာ တတ်ရင် အကုန်သိမယ်၊ တတ်မယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သိလာမယ်။ အခုက ကိုယ့်ကိုယ်ကိုယ်တောင် သိခွင့် မရှိဘူး။”လို့ မချိုချိုခိုင်က ပြောပါတယ်။
အဲဒီလိုမျိုး အမျိုးသမီးငယ်တွေ ပညာတတ်ဖြစ်ဖို့အတွက် မိဘတွေက တွန်းအားပေးရမှာဖြစ်သလို ဒုက္ခသည်စခန်းမှာရှိတဲ့ တာဝန်ရှိသူတွေကလည်း စီစဉ်စရာရှိတာတွေ စီစဉ်ပေးရမယ်လို့ ပြောပါတယ်။
အမျိုးသမီးငယ်တွေ ပညာတတ်သွားရင် မလေးရှားကို သွားမယ့်အစီစဉ်တွေကလည်း တမျိုးတဖုံ ပြောင်းလဲသွားသလို လူကုန်ကူးခံရတာတွေလည်း လျော့ကျသွားမယ်လို့ မချိုချိုခိုင်က သူရဲ့အမြင်ကို ပြောပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ အခုအချိန်ထိ ၆ နှစ်ကျော်ကြာအောင် ဒုက္ခသည်စခန်းမှာ အနေဆင်းရဲ အစားဆင်းရဲ နေထိုင်နေရတဲ့ ဒေါ်ဆိုဟာနာကတော့ သူရဲ့သားသမီးတွေကို မလေးရှားကို ပို့မယ့် စိတ်ကူးကတော့ မပြောင်းလဲနိုင်သေးဘူးလို့ ပြောပါတယ်။
“ကျမတို့ဘဝကို ကျမတို့ မပိုင်ပါဘူး။ အစိုးရတွေပဲ ပိုင်တာ၊ ကျမတို့ဘဝတွေ တိုးတက်ဖို့အတွက် သူတို့ ပြောင်းလဲပေးမှရမယ်။ ဒါပေမယ့် အခုချိန်ထိ ပြောင်းလဲပေးမယ့် အစီအစဉ်တွေ မတွေ့ရသေးပါဘူး။”လို့ ဒေါ်ဆိုဟာနာက တီးတိုး ပြောဆိုလိုက်ပါတယ်။။
- စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း အမျိုးသမီးထုရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အခြေအနေများနဲ့ပတ်သက်ပြီး Jue Jue’s Safe Spaceမှ မဂျူးဂျူးမင်းသူနှင့် အင်တာဗျူး - 19/11/2024
- တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များ - 18/11/2024
- ရခိုင်စစ်ရှောင်ဦးရေရဲ့ ၅၇ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ် - 18/11/2024