မေ
စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့က ပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြပါတယ်။
ဆိုရှယ်မီဒီယာ အားကောင်းတဲ့ခေတ် ဖြစ်တာကြောင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို အသုံးပြုကာ တော်လှန်ရေးအတွက် လှုံ့ဆော်တာ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေကို ရေးသား ဖြန့်ဝေတာတွေက စစ်ကောင်စီအတွက် အထိနာစေတဲ့ ဒစ်ဂျစ်တယ် တော်လှန်ရေး ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် စစ်ကောင်စီဟာ လူမှုကွန်ရက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ရေးသားသူတွေ၊ NUG/CRPH ကို ထောက်ခံသူတွေ၊ တော်လှန်ရေးမှာ ပါဝင်ဖို့ လှုံ့ဆော် ရေးသားသူ၊ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မျှဝေသူ၊ ထင်မြင်ချက် ရေးသူတွေကို ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ပါတယ်။
Gen Z တွေရဲ့ ဒစ်ဂျစ်တယ် တော်လှန်ရေး
Generation Z မျိုးဆက်ဖြစ်တဲ့ အသက် (၂၂) နှစ်အရွယ် မလီလီ (အမည်လွှဲ) ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ မြေပြင်သပိတ်တွေအပြင် လူမှုကွန်ရက်မှာလည်း အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ရဲရဲဝံ့ဝံ့ ဖော်ထုတ်ခဲ့တယ်။
မလီလီဟာ စစ်ကောင်စီ လက်အောက်က ကျောင်းတွေ မတက်ဖို့ လှုံ့ဆော်တာ၊ Non CDM ဆရာ ဆရာမတွေနဲ့ ပတ်သက်လို့ သပိတ်မှောက် ဆန့်ကျင်ကြဖို့ ရေးသား မျှဝေတာ၊ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း၊ NUG/CRPH ကို ထောက်ခံကြောင်း စတဲ့ အကြောင်းအရာတွေကို လူမှုကွန်ရက်ကတဆင့် ဖော်ထုတ် ရေးသားခဲ့ပါတယ်။
ဒီလို ရေးသား ဖော်ထုတ်ခဲ့တဲ့အတွက် မလီလီဟာ ၂၀၂၁ ခုနှစ်တွင်းက သူ့ရဲ့ နေအိမ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတွေ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ အဲဒီနောက် မလီလီကို ပုဒ်မ ၅၀၅-(က)နဲ့ တရားစွဲဆိုကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတယ်။ ဖမ်းဆီးခံရပြီးနောက် မလီလီရဲ့ မိသားစုတွေလည်း ဒုက္ခရောက်ခဲ့ပြီး စီးပွားရေး၊ လူမှုရေး ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတယ်။
အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ပြီးနောက်မှာတော့ မလီလီအနေနဲ့ အရင်ကလို လူမှုကွန်ရက်မှာ ရဲရဲတင်းတင်း မျှဝေတာတွေ မလုပ်တော့ပေမယ့် တော်လှန်ရေးနဲ့ ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင် မဟုတ်ဘဲ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
ကိုယ်က လုံခြုံစိတ်ချရတဲ့နယ်မြေမှာ ရောက်နေရင် တော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပေါ်ပေါ်တင်တင် မျှဝေတာမျိုး ပြုလုပ်သင့်ပြီး ကိုယ်က မလွတ်လပ်တဲ့နေရာ စောင့်ကြည့်ခံနေရတဲ့ အခြေအနေမျိုးဆိုရင် သိုသိုသိပ်သိပ် ဆောင်ရွက်သင့်တယ်လို့ မလီလီက အကြံပြုပါတယ်။
မလီလီနည်းတူ လူမှုကွန်ရက်မှာ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ မျှဝေတဲ့အတွက် ဖမ်းဆီးခံရသူ အမျိုးသမီးအများအပြား ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးနေပြီး လူမှုကွန်ရက်မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမြင်တွေကို ဖော်ပြရုံနဲ့ ဖမ်းဆီး ထောင်ချခံရတဲ့အထိ အခြေအနေတွေ ဆိုးဝါးလာခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လအတွင်း ဖေ့စ်ဘွတ်ခ် အပါအဝင် Tiktok နဲ့ တယ်လီဂရမ်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့အကြောင်းအရာတွေကို ထုတ်ဖော်ရေးသား၊ မျှဝေတဲ့အတွက် ဖမ်းဆီးခံရတဲ့ အမျိုးသမီး (၁၇၀) ဝန်းကျင် ရှိပါတယ်။
ဒီအရေအတွက်ဟာ စစ်ကောင်စီ မီဒီယာကတဆင့် ထုတ်ပြန်တဲ့ အရေအတွက်ကို အခြေခံပြီး HI သတင်းဌာနက စာရင်း ပြုစုထားတာပါ။
ပန်းပန်ရင် ဖမ်းသတဲ့လား
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းပန်ကာ Tiktok မှာ သီချင်းဆို တင်တဲ့ ရန်ကုန်က Khin May That အကောင့်ပိုင်ရှင် အမျိုးသမီးကို စစ်တပ်က ၂၀၂၃ ဇွန်လအတွင်းက ဖမ်းဆီးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရအဖြစ် လူမှုကွန်ရက်ပေါ်မှာ “Happy Birthday Mother Su” ဆိုတဲ့ မွေးနေ့ဆုတောင်း ပေးခဲ့တဲ့ မန္တလေးက မငြိမ်းရတီထွေးဆိုတဲ့ အကောင့်ပိုင်ရှင် မိန်းကလေးငယ်တဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်။
စစ်ကောင်စီကို ဆန့်ကျင်တဲ့ အရေးအသားတွေ ရေးသားခဲ့တဲ့အတွက် ရွှေဘိုမြို့က အမျိုးသမီးနှစ်ဦးဖြစ်တဲ့ ခင်နွယ်ဦးနဲ့ သူဇာလှိုင်တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
မွန်ပြည်နယ်၊သံဖြူဇရပ်မှာနေထိုင်တဲ့ မနိုနိုဆိုတဲ့ အမျိုးသမီးကိုလည်း လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အရေးအသားတွေ ရေးသားတဲ့အတွက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို ထောင်ချခဲ့ပါတယ်။
စစ်ကောင်စီ ကြောက်တဲ့ အနက်ရောင် ပရိုဖိုင်
မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်မှာ နေထိုင်တဲ့ မနှင်းအိကိုလည်း လူမှုကွန်ရက်မှာ အနက်ရောင် ပရိုဖိုင် ပြောင်းတဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းပုံကို လူမှုကွန်ရက်မှာ နောက်ပြောင်တင်တဲ့အတွက် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမှာ နေထိုင်တဲ့ မထက်ထက်လှိုင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့က Akayi Myo Thant အကောင့်ပိုင်ရှင် အမျိုးသမီးငယ်တဦးဟာလည်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ ရေးသားမှုတွေ ပြုလုပ်တဲ့အတွက် လိပ်စာအတိအကျနဲ့ ဖမ်းဆီးခံခဲ့ရတယ်။
“လူ့အခွင့်အရေး အပြည့်အဝ ရရှိတဲ့ နိုင်ငံကို အမြန်ဆုံး ပြောင်းရွှေ့ခွင့်ရပါစေ” ဆိုတဲ့သူ့ရဲ့ဆန္ဒကို လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့ Cho Thet အကောင့်ပိုင်ရှင် အမျိုးသမီးကိုလည်း စစ်ကောင်စီ ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အကြောင်းကို Tiktok မှာ ပြောဆိုတဲ့ အမျိုးသမီးတဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့ သရုပ်ဆောင် မေပန်းချီ၊ မြတ်သူသူ၊ အဆိုတော် ရွှေရည်သိန်းတန်၊ မေလသံစဉ်နဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေတို့ဟာ ၂၀၂၃ ခုနှစ် ဧပြီလက ဖမ်းဆီးခံခဲ့ရပြီး ဇူလိုင်လ (၇) ရက်နေ့က ပြန်လည် လွတ်မြောက်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ ပတ်သက်ပြီး မျှဝေတာ၊ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းခြင်း အနက်ရောင် ပရိုဖိုင်ချိန်းတာ၊ စစ်ကောင်စီက သေဒဏ် ချမှတ်တဲ့အတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ ကျောင်းသားတွေ ကျဆုံးတာ စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း ပြသတာ၊ အသံတိတ်သပိတ်တွေမှာ ပါဝင်ဖို့ လှုံ့ဆော်တာစတဲ့ အကြောင်းအရာတွေ ရေးသား မျှဝေသူတွေကို စစ်ကောင်စီက ဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်။
ဒီလိုရေးသားနေသူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို စစ်ကောင်စီ သတင်းပေး တယ်လီဂရမ် ချန်နယ်တွေက စောင့်ကြည့်နေပြီး လိပ်စာ အတိအကျနဲ့ ဖမ်းဆီးထောင်ချဖို့ ခြိမ်းခြောက် ဖော်ပြနေတာလည်း ဖြစ်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အဆိုးဆုံး ကြုံနေရ
မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေက စိုးရိမ်ဖွယ် အနေအထား အဆိုးဆုံး ဖြစ်နေပြီး ပြည်သူတွေအနေနဲ့ နိစ္စဓူဝ လူ့အခွင့်အရေး ချိုးဖောက်ခံနေရကာ ဒီလိုချိုးဖောက်ခံနေရတဲ့ အကြောင်းကိုတောင် ထုတ်ပြောလို့မရတော့တဲ့ အနေအထားကို စစ်တပ်က ဖန်တီးထားတယ်လို့ “အသံ – လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ရဲ့ ဒါရိုက်တာ မ Zee Pe က ပြောပါတယ်။
နိုင်ငံရေးအရ စစ်တပ်ကို ဝေဖန်ချက်တွေကို တားမြစ်တာတင် မကဘဲ ပြည်သူတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ အကြောင်းတွေ ထုတ်ဖော်ပြောဆိုတာကိုပါ အင်အားသုံး ပိတ်ပင်လာတာတွေ ပိုပြီးများလာတာပါ။ ဥပမာအားဖြင့် ပန်းသပိတ်မှာ ပန်းနဲ့ ပတ်သက်တဲ့ ပုံလေးတပုံ တင်တာတောင် လိုက်ဖမ်းတာ၊ မီးမလာလို့ ထုတ်ပြောတဲ့ကိစ္စကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖြေရှင်းတယ်လို့ မ Zee Pe က ထောက်ပြပါတယ်။
အာဏာသိမ်းပြီးကတည်းက နှစ်အပိုင်းလိုက် တွက်ချက်ရင် အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး လွတ်လပ်စွာ ပြောဆို ရေးသားခွင့် အခြေအနေဟာ ၂၀၂၃ ခုနှစ်မှာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေတာ တွေ့ရပြီး ပြည်သူတွေရဲ့ နေ့စဉ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို အကြမ်းဖက် စစ်ကောင်စီက ခြောက်လန့်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
“အာဏာရှင်စနစ်ကို ရရာနေရာကနေ ဆန့်ကျင်ကြရာမှာ လူမှုကွန်ရက် သုံးပြီးလည်း ဆန့်ကျင်နေကြတာပဲ။ ဒါကြောင့် Digital လုံခြုံရေးနဲ့ ပတ်သက်ပြီးပြည်သူတွေအနေနဲ့ အရေးတကြီး သတိထားပြီး အင်တာနက်ပေါ်မှာ မိမိရဲ့ ကိုယ်ရေး အချက်အလက်တွေကို မဝေမျှဖို့လည်း အရေးကြီးတယ်”လို့ မ Zee Pe က အကြံပြုပါတယ်။
စစ်တပ် အပါအဝင် စစ်တပ်ရဲ့ အတွေးအခေါ် အယူဝါဒတွေကို ထောက်ခံနေတဲ့ အုပ်စုဟာ နိုင်ငံရေးအားဖြင့် အမြဲ သဘောထား သေးသိမ်ပြီး သမိုင်းတလျှောက်မှာလည်း အငြိုးအတေး၊ အာဃာတကြီးတာ၊ အတွေးအခေါ် ကျဉ်းမြောင်းခဲ့တာအပြင် သူတို့နဲ့ဆန့်ကျင်ပြီး သူတို့လုပ်ရက်ကို မထောက်ခံဘူးဆိုရင် မျိုးရိုးစဉ်ဆက်အထိ နိုင်ငံရေးသတ်ဖို့ ကြိုးစားတာတွေ အများကြီး ကြုံခဲ့ရတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
“ဒီလိုအတွေးအခေါ် ကျဉ်းမြောင်းသူတွေဖြစ်တဲ့အတွက် သူတို့စိတ်ထဲမှာ သူတို့က ဘုန်းကြီးတယ်၊ အမျိုးသားတွေ ဖြစ်တယ်။ မဟာယောကျာ်းတွေ ဖြစ်တယ်။ မဟာအမျိုးသားတွေ ဖြစ်တယ်။ ဖိုဝါဒကနေ ကြည့်လိုက်တဲ့အခါမှာ အမျိုးသမီးတွေက သူတို့ကို တန်ပြန်တယ်။ တော်လှန်တယ်၊ ကန်တယ်ဆိုရင် သူတို့က ပိုနာတတ်ပါတယ်။ ဒီစဉ်းစားချက်ကနေ အမျိုးသမီးတွေ နိုင်ငံရေးပြောတဲ့အခါ ပိုပြီးတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ကြိုးစားလာတာမျိုးတွေ ရှိတယ်”လို့ မသဉ္ဇာရွှန်းလဲ့ရည်က မှတ်ချက်ပေးပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ တွေ့ရှိချက်အရ စစ်ကောင်စီဘက်က တော်လှန်ရေး လှုပ်ရှားသူတွေကို ဖမ်းဆီးဖို့ လှုံ့ဆော်တဲ့ အကြောင်းအရာ (၁၀) ခုမှာ အမျိုးသမီးတွေအကြောင်း (၈) ခုလောက် တွေ့နေရတယ်လို့ မသဉ္ဇာရွှန်းလဲ့ရည်က ဆိုပါတယ်။
“ဒီလောက်အနေအထားထိ အထူးသဖြင့် အမျိုးသမီးငယ်တွေကို ပစ်မှတ်ထားတာကို တော်လှန်ရေး ကာလမှာကတည်းက သတိထားမိတယ်။ ဒါကြောင့်လည်း အမျိုးသမီးငယ်တွေက ဒီနိုင်ငံရေးမှာ ပါဝင်ဖို့ ပိုပြီးခက်ခဲလာတယ်။ အကျဉ်းအကျပ် အခက်အခဲတွေပိုပြီး ကြုံလာရတယ်”လို့ မသဉ္ဇာရွှန်းလဲ့ရည်က ထောက်ပြပါတယ်။
ဒီလိုဖိနှိပ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ကြုံခဲ့ရပေမယ့်လည်း အာဏာသိမ်းမှုကို ဆက်လက် တော်လှန်သွားမယ်လို့ မလီလီတယောက် ဆုံးဖြတ်ထားပါတယ်။
“ကျမတို့ ဒီတော်လှန်ရေးကိစ္စတွေ လုပ်ခဲ့တာ ကြောက်လို့ လုပ်ခဲ့တာ တခုမှ မပါဘူး။ ကြောက်ရင် အစတည်းက မလုပ်ဘူး”လို့ မလီလီက ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။ ။