Home သတင်း ပေါက်တောမြို့ပေါ်ကျောင်းက ကျောင်းဆရာမ ရှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

ပေါက်တောမြို့ပေါ်ကျောင်းက ကျောင်းဆရာမ ရှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

နိုဝင်ဘာ ၁၈၊ ၂၀၂၃။

စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီးနောက် အင်အားဖြည့် တင်းထားတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ မနေ့က နိုဝင်ဘာ ၁၇ ရက်နေ့မှာ မြို့ပေါ်စာသင်ကျောင်းမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာမ ရှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မြို့ခံတွေကပြောပါတယ်။

ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA)က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်တွေဟာ Navy(ရေတပ်)၊ လေယာဉ်တွေနဲ့ လာရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဲဒီလိုပစ်ခတ်မှုတွေပြုလုပ်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့တွေကို အင်အားဖြည့်တင်းလာခဲ့ပြီးနောက် အဲဒီစစ်ကောင်စီတပ်သားတွေဟာ ပေါက်တောမြို့လောကထိပ်ပန်ဘုရားနဲ့ ဘာသာရေးအဆောက်အဦးတွေမှာ နေရာယူထားပြီး ကျောင်းဆရာမ ရှစ်ဦးကိုလည်း လောကထိပ်ပန်ဘုရားအနီးမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ တာလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တချို့က ပြောပါတယ်။

“မြို့ထဲပိတ်မိနေတဲ့သူတွေကို ဖမ်းထားတယ်။ မနေ့ကလည်း ဆရာမရှစ်ဦးအဖမ်းခံရတယ်။ ဘယ်နေရာမှာ ထားမှန်းမသိဘူး။ ကျမတို့တော့ တော်တော်လည်း စိုးရိမ်ထိတ်လန့်နေပါတယ်။”ဟု ပေါက်တောမြို့က အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၆ ရက်ကစပြီး ပေါက်တောမြို့ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သောင်းနဲ့ချီတဲ့မြို့ခံတွေဟာ ဘေးလွတ်မယ့်နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမယ့် ထွက်မပြေးနိုင်တဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေဟာ မြို့ပေါ်မှာပဲ ပိတ်မိနေခဲ့ပါတယ်။

အဲဒီလို ပိတ်မိနေတဲ့သူတွေကို စစ်ကောင်စီတပ်က အမျိုးသမီးအများစုပါဝင်တဲ့ လူပေါင်းတစ်ရာကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Author:

Related Articles