ဆိုဖီ။ ။
အစစအရာရာ ကျပ်တည်းနေတဲ့ ဒီနေ့ခေတ်မှာ အိမ်ထောင်ရှင်မတွေဟာ မိသားစုအတွက် ဝင်ငွေရအောင် တပိုင်တနိုင် အသေးစား စီးပွားရေး လုပ်ငန်းတွေကို ရှာဖွေလုပ်ကိုင်လာကြပါတယ်။
စစ်အာဏာမသိမ်းခင်ကာလမှာ ရှမ်းပြည်နယ် မြောက်ပိုင်းက အိမ်ထောင်ရှင်မတွေဟာ အသေးစား တပိုင်တနိုင် စီးပွားရေးအဖြစ် စိုက်ပျိုးရေးလုပ်ငန်း၊ ဆိုင်ကယ်စျေးသည်တွေ၊ ကိုယ်တိုင်လုပ် ဆပ်ပြာတွေ၊ အိမ်ဆိုင်တွေနဲ့ ဝက်မွေးမြူးရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ကိုင်ကြပါတယ်။
“အခုခေတ်က အိမ်မှာ တယောက်လုပ်ပြီး ထိုင်စားလို့ရတဲ့ ခေတ်လည်း မဟုတ်ဘူး။ နှစ်ယောက် အတူလုပ်တာတောင် ဝင်ငွေက လောက်ငှတာမဟုတ်ဘူး။ ကိုယ်ကလည်း တဖက်ဝင်ငွေရရင်တော့ မိသားစုအတွက် အသက်ရှူချောင်တာပေါ့” လို့ ပြောလာသူက ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ က အိမ်ထောင်ရှင်မ မသွယ်ပါ။
မသွယ်ဟာ အသက် ၆ နှစ်အရွယ် သားလေးနဲ့ အသက် ၁၀ နှစ်အရွယ် သမီးလေးတို့ရဲ့ မိခင်ပါ။ အိမ်ထောင်ရှင်မတဦး ဖြစ်တဲ့ မသွယ်က အခုလို ခေတ်ကာလမှာ ကုန်စျေးနှုန်း အဆမတန် တရိပ်ရိပ် တက်နေတဲ့အတွက် တပိုင်တနိုင် ကူမလုပ်ပေးနိုင်ရင် မိသားစုအတွက် စားဝတ်နေရေး ကျပ်တည်းလာနိုင်တယ်လို့ ပြောပါတယ်။
မသွယ်ကလည်း Pact Myanmar (Pact Global Microfinance Fund- (PGMF) ကနေ ချေးငွေယူပြီး အသေးစား တပိုင်တနိုင် ဆပ်ပြာဆီ၊ ဆပ်ပြာခဲ ပြုလုပ် ရောင်းချကာ ရရှိတဲ့ အမြတ်ငွေတွေနဲ့ မိသားစု စားဝတ်နေရေးအတွက် တဖက်တလမ်းကနေ ပံ့ပိုးပေးနေသူပါ။
PGMF အသေးစားချေးငွေလုပ်ငန်းက အမေရိကန် အခြေစိုက်ဖြစ်ပြီး မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ပြည်တွင်း စီးပွားရေး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အထူးသဖြင့် အမျိုးသမီး လုပ်ငန်းရှင်တွေကို ငွေကြေး အဓိက ပံ့ပိုးပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
နိုင်ငံရေး ရှုပ်ထွေးမှုတွေ၊ ဘဏ်ချေးငွေ အတိုးနှုန်းတွေ မြင့်မားမှုနဲ့ ပုဂ္ဂလိက ချေးငွေ အတိုးနှုန်း မြင့်မားတဲ့ဒဏ်တွေကြောင့် PGMF ဟာ အလွတ် ငွေချေးပေးနိုင်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် မြန်မာတဝှမ်းက ပြည်သူတွေ အဓိက ကျေးလက် ပြည်သူတွေ အားကိုးနေရတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
“ဆပ်ပြာလုပ်ဖို့ ကုန်ကြမ်းတွေ ထပ်ဝယ်ဖို့က ရှိနေပြန်ပြီလေ။ အစစအရာရာ စျေးနှုန်းတွေ မြင့်တက်လာတော့ တပိုင်တနိုင် လုပ်တဲ့ ကျမတို့အတွက်က ကျန်တာ မရှိဘူး။ စုရတာ မရှိဘူး။ မိသားစု စားဖို့အတွက် ဖူလုံမှုလောက်ပါပဲ” လို့ မသွယ်က ပြောပြပါတယ်။
မသွယ် တယောက် ဆပ်ပြာဆီ ကုန်ကြမ်း ဝယ်ယူဖို့ ချေးငွေ ထပ်မရတော့ရင် မိသားစုဝင်ငွေ လျော့ကျသွားနိုင်ကြောင်း ပြောပါတယ်။
“ကျမတို့ Pact မှာ ငွေချေးပြီး အသေးစားလုပ်တာက အဓိက အတိုးပေးရ နည်းတယ်။ အခု သူတို့ မရှိတော့ ကျမတို့အတွက် ချေးငွေ မရရင် ရင်းနှီးဖို့ ခက်လာမယ်။ နောက်အမျိုးသမီးတွေ တပိုင်တနိုင် မိသားစုဝင်ငွေ ရှာဖွေတာတွေ မရှိတော့ဘူးလေ။ တခြားမှာ ချေးငှားရင် အတိုးနဲ့ပိမှာ သေချာတယ်” လို့ မသွယ်က စိတ်မကောင်းစွာ ပြောပါတယ်။
မသွယ်လိုပဲ အသေးစား စိုက်ပျိုးရေးကို လုပ်ငန်းသူတယောက်ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်က အိမ်ထောင်ရှင်မ နန်းစောပါ။ နန်းစောဟာ တပိုင်တနိုင် ဝင်ငွေ ရဖို့အတွက် Pact Myanmar ကနေ အသေးစားချေးငွေ ယူပြီး ငှက်ပျောပင် စိုက်ပျိုးတဲ့ အလုပ် လုပ်ကိုင်ခဲ့ပါတယ်။
“ ဒီနှစ်က ငှက်ပျောစျေးကွက်က ကောင်းလာတော့ အရင်ထက်ပိုပြီး တိုးစိုက်ချင်တာ အခုက ချေးငွေ ထပ်ယူလို့မရတော့ အခက်တော့ကြုံတာပေါ့။ အဓိကတော့ ဓာတ်မြေသြဇာတွေ ဝယ်ဖို့ ခက်ခဲမယ်” လို့ နန်းစောက ရှမ်းဘာသာစကားနဲ့ ပြောပြပါတယ်။
သူမဟာ Pact Myanmar ကနေ ၂၀၂၀ ကတည်းကစပြီး အသေးစားစိုက်ပျိုးရေးအတွက် ချေးငွေ ယူလာခဲ့သူဖြစ်ပြီး၊ တကြိမ်ချေးပါက ကျပ်ငွေ ၁၀ သိန်းဖြစ်ကြောင်း သိရပါတယ်။
“ ကျမတို့လို ဘဏ်ချေးငွေယူဖို့ကလည်း အဆင်မပြေဘူး။ လွယ်လည်း မလွယ်ဘူးလေ။ နောက် တခြားမှာ ချေးငွေယူရင် အတိုးကလည်း အရမ်းကို မြင့်တော့ မယူဘူး။ Pact ကို ယူကတာ အတိုးပေးရတာက နည်းတယ်။ နောက် သူ့ကိုလည်း ပြန်ဆပ်ရတာ မကျပ်တည်းဘူး” လို့ နန်းစောက ဆိုပါတယ်။
PGMF မှာ ချေးငွေယူတာကက အပေါင်းလည်း ထားစရာ မလိုသလို ချေးငွေအတွက် အတိုးနှုန်းကလည်း မပေးရကြောင်း၊ ချေးငွေကို ၁၃လ ပေးချေရတဲ့အတွက် အဆင်ပြေကြောင်းလည်း နန်းစောက ပြောပါတယ်။
ဒါပေမယ့် PGMF ချေးငွေထံ အရင်းအနှီးယူပြီး ပြောင်းစိုက်ပျိုးကာ အရှုံးပေါ်ခဲ့တဲ့ တောင်သူများလည်း ရှိခဲ့ဖူးကြောင်း ကျောက်မဲမြို့နယ် နေထိုင်တဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တဦးက ပြောပါတယ်။
“ တချို့က ချေးငွေယူပြီး ပြောင်းစိုက်တယ်။ စစိုက်တော့ တရုတ်ပြည်က ဝယ်မယ်ဆိုပြီး စိုက်ကြတယ်။ ပြောင်းထွက်ချိန်ကျတော့ စျေးနှိမ်ခံပြီး အရင်းပါ ပြန်မရတဲ့သူတွေ ရှိတယ်။ချေးငွေကြောင့် အဆင်ပြေသူရှိသလို အဆင်မပြေတာတွေလည်း ရှိတယ်။ ဒါပေမယ့် အတိုးနည်းနည်းနဲ့ လရှည်ဆပ်ရတော့ ခံသာတာပေါ့” လို့ ကျောက်မဲမြို့ အမျိုးသမီး တက်ကြွလှုပ်ရှားသူက နယ်မြေအခြေအနေကို ပြောပြလာပါတယ်။
PGMF ဟာ ဝင်ငွေနည်းပါးတဲ့အမျိုးသမီးတွေ လုပ်ငန်းတပိုင်တနိုင်လုပ်မယ့် အမျိုးသမီးတွေကို ပံ့ပိုးပေးတာဆိုတော့ ချေးငွေယူတဲ့သူတွေမှာ အမျိုးသမီးက ၉၀ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ အဓိကအားဖြင့် ကျေလက်ဒေသအမျိုးသမီးတွေ ဖြစ်ကြောင်း လားရှိုးမြို့ PGMF တာဝန်ခံအမျိုးသမီးက ဆိုပါတယ်။
“ ချေးငွေယူတဲ့ အမျိုးသမီးတွေ အနေနဲ့ကလည်း သူတို့ စီးပွားအတွက် ထိခိုက်တာပေါ့။ ကျမတို့ ချေးငွေကို ယူပြီးတော့ တနိုင်တပိုင် စီးပွားလေး လုပ်ကြတာလေ။ အခုက မထုတ်ပေးနိုင်ဘူးဆိုတော့ အရင်းအနှီး တိုးချဲ့ဖို့ အခက်တွေ့မှာ။ အသေးစားလုပ်ငန်းတွေအတွက် အရင်းအနှီး တိုးချဲ့ဖို့ လိုလာတဲ့အခါမှာဆို တလုံးတခဲရဖို့ ခက်သွားတာပေါ့” လို့ လားရှိုးတာဝန်ခံ အမျိုးသမီးက ရှင်းပြပါတယ်။
PGMF မှာ ချေးငွေယူထားပါက ချေးငွေတွေကို ၁၃ ကြိမ်ခွဲပြီး ပေးရကြောင်း၊ ချေးငွေပေးတဲ့အခါမှာလည်း အုပ်စုဖွဲ့လိုက် ပေးတာမျိုးရှိသလို ပုဂ္ဂိုလ် တဦးကို ပေးချေးတာလည်းရှိကြောင်း သိရပါတယ်။
PGMF ရဲ့ အဓိက တိုင်းနဲ့ပြည်နယ်တွေမှာ လုပ်ရတာက အမျိုးသမီးနဲ့ လူငယ်တွေ ငွေကြေးပိုင်း စနစ်တကျ စီမံတတ်အောင်၊ အတိုးတွေ ပြီးတော့ ချေးငွေတွေကို စနစ်တကျ ဆပ်တတ်အောင် ထိန်းသိမ်းတတ်အောင်၊ နည်းစနစ်တကျ ငွေလှည့်ပတ် သုံးစွဲတတ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးချေးကြောင်း လားရှိုးတာဝန်ခံ အမျိုးသမီးက ရှင်းပြပါတယ်။
စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီရဲ့ ပြောင်းလဲလာတဲ့ တင်းကျပ်မှုတွေရှိတဲ့ စည်းမျဥ်း အသစ်တွေ၊ ဖိအားတွေကြောင့် မြန်မာနိုင်ငံရဲ့ အကြီးဆုံး အသေးစား ငွေချေးလုပ်ငန်းတွေကို ရပ်နားလိုက်ရကြောင်း ဇွန်လကုန်ပိုင်းမှာ PGMF က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်းကနေ အခုလို ထွက်ခွာချိန်မှာ လူပေါင်း ၈၉၀,၀၀၀ ယူထားတဲ့ အမေရိကန် ဒေါ်လာ ၁၅၆ သန်းကျော် အကြွေးတွေကို ကောက်ခံခြင်း မပြုတော့ဘဲ လျှော်ပစ်သွားမယ်လို့လည်း PGMF ဘုတ်အဖွဲ့ Ellen Verney က ထုတ်ပြန် ပြောဆိုပါတယ်။
PGMF က နိုင်ငံတကာ INGO အမျိုးအစားဖြစ်ပြီး မြန်မာပြည်အတွင်း ဝန်ထမ်းပေါင်း ၄,၀၀၀ ကျော် အလုပ်ခန်ံထားနိုင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
“အခုချေးငွေလူတွေ အခက်အခဲဖြစ်တာ မဟုတ်ဘူး၊ ကျမတို့ Pact ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့ဖြစ်သွားတယ်။ Pact မှာ ဝန်ထမ်းအများစု ကအမျိုးသမီးတွေလေ။ ဝန်ထမ်း ၄၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားတာက နည်းတဲ့ ပမာဏ မဟုတ်ဘူးလေ။ စစ်ကောင်စီရဲ့ စည်းမျဥ်းအသစ်တွေ။ ပေါ်လစီတွေ နောက် နိုင်ငံခြားငွေလဲတဲ့ ကိစ္စတွေကြောင့်ပါ” လို့ လားရှိုးအခြေစိုက် PGMF မှ အမျိုးသမီး ဝန်ထမ်း တဦးက ပြောပါတယ်။
နိုင်ငံရေး စစ်ရေးပဋိပက္ခကြား စွန့်ဦးတီထွင် စီးပွားရေးစလုပ်မယ့် လူငယ်အမျိုးသမီးတွေအတွက် အခက်အခဲ စိန်ခေါ်မှုများစွာ ကြုံလာရနိုင်ကြောင်း၊ အခုလို နိုင်ငံရေး ရှုပ်ထွေးမှုတွေကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း မြန်မာပြည်တွင်းသို့ အသစ်မရောက်လာတော့ဘဲ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလက အခြေအနေ ပြန်ရောက်သွားနိုင်ကြောင်း အသက် ၂၇ နှစ်အရွယ် နန်းမွေက ပြောပါတယ်။
“လက်ရှိ အခြေအနေအရတော့ Pact မြန်မာလို အဖွဲ့အစည်းက ထပ်လာမှာ မဟုတ်ဘူး။ လူငယ်တွေ စီးပွားရေး ရင်းနှီးဖို့ ချေးငွေတွေ နောက် လူငယ်တွေ အသေးစား တပိုင်တနိုင်လုပ်ဖို့ အားမပေးရင်တော့ ကျမ ထင်တယ် နယ်စပ်ဘက်သွားပြီး အလုပ်လုပ်ကြမယ်” လို့ နန်းမွေက သုံးသပ် ပြောပါတယ်။
မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေကို ကြည့်ခြင်းအားဖြင့် လူငယ်တွေ အမျိုးသမီးတွေဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ထက် နယ်စပ်ကို သွားပြီး ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်း လိမ်ညာမှုတွေ နောက် ဘားဆိုင်တွေ နိုက်ကလပ်တွေမှာပိုပြီး သွားလုပ်နိုင်ကြောင်းလည်း နန်းမွေက ဆိုပြန်ပါတယ်။
“ရှေ့ဆက်မှာ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ မသိပေမယ့် ကုန်စျေးနှုန်းဒဏ်တွေကြား မိသားစုရဲ့ ရှေ့ရေးကတော့ ပို ကျပ်တည်းလာမယ်။ အလုပ်လက်မဲ့တွေ ဖြစ်လာမယ်။ ကျမတို့ ကျေးလက်လူထု စိုက်ပျိုးရေးသမားကတော့ ပိုခက်ခဲသွားမယ်။ မြန်မာပြည်ကြီး အမြန်အေးချမ်းမှပဲ အရင်လိုပြန်ဖြစ်လာမယ်” လို့ ကျောက်မဲမြို့နယ်က နန်းစောက ပြောပါတယ်။
စစ်အာဏာရှင် ရှိနေသရွေ့ မြန်မာပြည်လည်း အေးချမ်းမှာ မဟုတ်သလို ပိုကျပ်တည်းလာနိုင်ကြောင်း၊ အာဏာရှင် တက်လာကတည်းက လူထုလည်း ကောင်းမွန်စွာ ရှာဖွေစားသောက်လို့ မရတဲ့အပြင် လူထုကို ကူညီပေးသူတွေလည်း အေးချမ်းစွာ မနေရကြောင်း နန်းစောက ထောက်ပြ ပြောဆိုပါတယ်။
“ အဓိက အာဏာရှင်တွေရှိနေလို့ပဲ။ ဒီလိုမှ မဟုတ်ရင် ကျေးလက်ပြည်သူတွေက အဲ့လောက်ခက်ခဲမှာ မဟုတ်ဘူး။ အခု စစ်တပ် အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်မှာ လူထုတွေ ပိုကျပ်တည်းလာတယ်။ ငတ်တဲ့သူက ငတ်လာပြီလေ” လို့ နန်းစောက ပြောဆိုလိုက်တော့ပါတယ်။ ။