သန့်ရှင်းထွန်း။ ။
အပြာရောင် တာပေါ်လင်စ မိုးထားတဲ့ တြိဂံပုံ တဲသာသာ အိမ်လေးကို လေတိုက်ရင် လွင့်ထွက်မသွားအောင် တာပေါ်လင်စ အပေါ်က အုန်းလက်ခြောက်တွေနဲ့ ဖိထားရပါတယ်။
ဝါးနက်ဝါးတိုင်တွေကို အိမ်တိုင်တွေအဖြစ် သုံးထားပြီး အခင်းကိုတော့ မြေကြီးနဲ့ တပေလောက်အပေါ်မှာ အုန်းပင်အသားတွေနဲ့ ပြုလုပ်ထားပါတယ်။
ပတ်ဝန်းကျင်တခုလုံး အမှိုက်တွေ ပြန့်ကြဲနေတဲ့ နေအိမ်ထဲမှာ အသက် ၁၈ နှစ်အရွယ် ရိုဟင်ဂျာ အမျိုးသမီးတဦးက ပုခက်ထဲက နှစ်လကျော် ကလေးငယ်လေးကို ပုခက် လွှဲပေးနေပါတယ်။
အရိုးပေါ်အရေတင်နေတဲ့ အဲဒီကလေးငယ်အတွက် ဆေးဝါးနဲ့ အစာအာဟာရ တစုံတရာ အကူအညီ ရမလားဆိုတဲ့ မျက်နှာ အနေအထားက မိခင်ရဲ့ မျက်နှာပေါ်မှာ အထင်းသား တွေ့မြင်ရပါတယ်။
“ဆေးခန်းသွားဖို့ ပိုက်ဆံ မရှိသလို နို့ဘူး ဝယ်တိုက်ဖို့လည်း ပိုက်ဆံမရှိပါဘူး။ ကလေးကို ဒီအတိုင်း ကြည့်နေရတယ်။”လို့ မိခင် မလိုင်ဘီယာဘော်ဆောရီက ပြောပါတယ်။
ဒါကတော့ မြန်မာနိုင်ငံ အစိုးရအဆက်ဆက်ရဲ့ အဘက်ဘက်က ကန့်သတ် ချုပ်ချယ်ခံထားရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့၊ သဲချောင်းကျေးရွာအုပ်စု၊ အုန်းတောရွာက ရိုဟင်ဂျာ မိသားစုတစုရဲ့ အခြေအနေပါ။
မလိုင်ဘီယာဘော်ဆောရီဟာ ခင်ပွန်းသည်နဲ့အတူ သူ့မိဘနေအိမ်မှာ နေထိုင်နေတာဖြစ်ပြီး ခင်ပွန်းကတော့ ငါးဖမ်းတဲ့အလုပ်ကို လုပ်ကိုင်တယ်လို့ ပြောပြပါတယ်။ ဒါပေမယ့် ခင်ပွန်းသည်ရဲ့ တနေ့လုပ်အားခက ပျမ်းမျှ ငွေကျပ် ၇၀၀၀ သာရှိတဲ့အတွက် ရလာတဲ့ငွေကို ကလေးကိစ္စထက် စားသောက်ရေးအတွက် ဦးစားပေးနေရတယ်လို့ ပြောပါတယ်။
အဲဒီလို ဝင်ငွေ မကောင်းတဲ့ မိသားစုက မွေးဖွားလာတဲ့ ကလေးကို ကောင်းကောင်းမွန်မွန် မပြုစုနိုင်တာကြောင့် လက်ရှိ ကလေးငယ်ဟာ အရိုးပေါ်အရေတင်နေရတယ်လို့ မလိုင်ဘီယာဘော်ဆောရီက ပြောပြပါတယ်။
“အမေမှာလည်း နို့ကောင်းကောင်းမထွက်ဘူး။ နို့ဘူး ဝယ်တိုက်ဖို့ကလည်း ပိုက်ဆံ မရှိဘူး။ ဆေးခန်းသွားမယ် ဆိုရင်တောင် တက္ကစီခပေးဖို့ ပိုက်ဆံ မရှိဘူး။”လို့ သူက ပြောပါတယ်။
မလိုင်ဘီယာဘော်ဆောရီရဲ့ ကလေးငယ်ဟာ မွေးဖွားစဉ်က ကျန်းကျန်းမာမာနဲ့ ဖွံ့ဖြိုးတဲ့ကလေးငယ် ဖြစ်ပေမယ့် လိုအပ်တဲ့ အာဟာရနဲ့ ဆေးဝါး အကူအညီ မရတာကြောင့် အခုလို အနေအထားဖြစ်နေရတာလို့ ကလေးမွေးဖွားပေးခဲ့တဲ့ လက်သည် ဒေါ်အာစီယာဟာတူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေကြောင့် စစ်တွေမြို့ထဲက ရိုဟင်ဂျာအများစုဟာ မြို့ပြင်ကျေးရွာတွေကို ထွက်ပြေးခဲ့ရပြီး မြို့ပြင်မှာရှိတဲ့ ရိုဟင်ဂျာတွေဟာလည်း မြို့ထဲကို မဝင်ဖို့ တားမြစ် ကန့်သတ်ခံခဲ့ရပါတယ်။
တားမြစ်ကန့်သတ်ခံခဲ့ရတဲ့ မြို့ပြင်ကျေးရွာတွေထဲမှာ မလိုင်ဘီယာဘော်ဆောရီတို့ နေထိုင်တဲ့ အုန်းတော ကျေးရွာလည်း အပါအဝင် ဖြစ်တယ်။ အဲဒီလို တားမြစ်ကန့်သတ်ခံထားရတာကြောင့် သူတို့တွေဟာ ဆေးဝါးကုသဖို့၊ ဈေးဝယ်ဖို့ကအစ မြို့ထဲကို ဝင်ခွင့်မရကြဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။
စစ်တွေမြို့က ရိုဟင်ဂျာတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ကအစ တားမြစ်ခံထားရတာကြောင့် သူတို့စားသောက်ရေးအတွက် ယူအင်န်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဆောင်ရွက်ပေးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာ ယူအင်န် အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ခရီးသွားလာခွင့်၊ ကူညီ ထောက်ပံ့ခွင့်တွေကို စစ်ကောင်စီက ထပ်မံကန့်သတ်လာခဲ့တယ်လို့ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကန့်သတ်ချက်တွေနဲ့ နေရတဲ့ ကျမတို့ မိခင်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ မေးခိုင်ကာကွယ်ဆေး တလုံး တောင် မထိုးရဘူး။ ကလေးမွေးဖွားမယ်ဆိုလည်း လက်သည်ကိုပဲ အားကိုးနေရတယ်။”လို့ ကလေးသုံးဦး မိခင် အဲဒီ အမျိုးသမီးက ပြောပါတယ်။
အခုလို အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးဖွားချိန်တွေမှာ လိုအပ်တဲ့ ဆေးဝါးနဲ့ အစာ အာဟာရ ပြည့်ပြည့်ဝဝ မရတာကြောင့် တချို့ကိုယ်ဝန်ဆောင်တွေဟာ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ ကလေးမွေးဖွားတာ၊ မွေးဖွားပြီး ကလေးငယ်တွေမှာ အာဟာရ မပြည့်ဝတာတွေ ကြုံတွေ့နေရတယ်လို့ အုန်းတောကျေးရွာက ရိုဟင်ဂျာအမျိုးသားတစ်ဦးက ပြောပါတယ်။
“အစိုးရလည်း ဂရုမစိုက်၊ နိုင်ငံတကာအဖွဲ့တွေကလည်း ဂရုမစိုက်တော့ ဘဝမှာ ဖြစ်သလိုနေကြရတာပဲ။” လို့ သူက ညည်းပါတယ်။
မလိုင်ဘီယာဘော်ဆောရီတို့ နေထိုင်တဲ့ အုန်းတောရွာမှာ ဆေးရုံ၊ ဆေးခန်း မရှိသလို အနီးဆုံးရွာဖြစ်တဲ့ သဲချောင်းရွာမှာ ဆေးခန်းရှိပေမယ့် သူနာပြုဆရာ ဆရာမတွေ မရှိဘူးလို့ မလိုင်ဘီယာဘော်ဆောရီရဲ့ မိခင် အသက် ၄၂ နှစ်အရွယ် ဒေါ်အာယေရှာဟာတူက ပြောပါတယ်။
အလားတူပဲ ရွာမှာ ထောက်ပံ့ပေးတဲ့သူလည်း မရှိသလို အပြင်က လာထောက်ပံ့ ကူညီတာလည်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။
“ကိုယ့်မှာလည်း မရှိဘူး။ အပြင်ကလည်း ထောက်ပံ့ကူညီတာ မရှိဘူးဆိုတော့ မစားရဘူး။ တနပ် စားရတယ်။ နောက်တနပ် မစားရဘူး။ အခက်ခဲတွေနဲ့ ဘာရလဲရတာကို ဆားထည့်ပြီး စားကြရတယ်။ အဲဒါကြောင့် အလ္လာ(ဘုရား)အလိုတော်အရ ကျွေးမွေးနေရတာပဲ။”လို့ သမီးနဲ့ မြေးမျက်နှာကို ငေးရင်း ဒေါ်အာယေရှာဟာတူက ပြောပါတယ်။
ဒေါ်အာယေရှာဟာတူကလည်း သူ့သမီးနဲ့ မြေးလေးကို ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုချင်ပေမယ့် မယ်မယ်ရရ အလုပ်မရှိတာနဲ့ ကျပန်း လုပ်ပြီးရတဲ့ ဝင်ငွေက ဆန်ဖိုးတောင် မရဘူးလို့ သူက ညည်းပါတယ်။
အခုလိုမျိုး အခက်ခဲပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ ရွာတွေမှာ ဆက်လက် မနေထိုင်လိုကြတော့ဘဲ အလုပ်အကိုင်ရရှိဖို့ မျှော်လင့်ချက်နဲ့ တခြားပြည်ပနိုင်ငံတွေကို အသက်စွန့်ပြီး ခိုးထွက်လာကြတယ်လို့ ဒေါ်အာယေရှာဟာတူက ဆက်ပြောပါတယ်။
ကန့်သတ် ချုပ်ချယ်မှုတွေနဲ့ နေထိုင်နေရတဲ့ကြားထဲ မိုခါ မုန်တိုင်းကပါ ဝင်မွှေသွားတဲ့အတွက် စားစရာ မရှိတာထက် နေစရာ နေအိမ်ပါ ပြိုပျက်ခဲ့ရတယ်လို့ ဒေါ်အာယေရှာဟာတူရဲ့ ခင်ပွန်းသည်က ပြောပါတယ်။
“အသက်ကလည်း ကြီးပြီ။ မြို့တက်ပြီး အငှားလုပ်ဖို့ကလည်း မသွားရဆိုတော့ ထိုင်နေရုံကလွဲလို့ ဘာတတ်နိုင်ဦးမှာလဲ။”လို့ သူက ခပ်ပြတ်ပြတ် ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲ ရိုဟင်ဂျာတွေအတွက် ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့ထားတယ်ဆိုတဲ့ ယူအင်န် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေက အကျိုးခံစားခွင့်ရှိသူတွေဆီကို အပြည့်အဝ ရောက်သလားဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာပြီလို့ ဒေသတွင်း လူမှုကူညီရေးလုပ်ငန်း လုပ်နေသူ တစ်ယောက်က ထောက်ပြပါတယ်။
ဒါပေမယ့် ယူအင်န်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကိုလည်း စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်တာကြောင့် ရိုဟင်ဂျာတွေရဲ့ဘဝက စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ဒုက္ခတွေနဲ့ဆက်ပြီး ကြုံနေရမှာ ဖြစ်တယ်လို့ သူကမှတ်ချက်ပြုပါတယ်။
စစ်ကောင်စီဟာ ယူအင်န်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ခရီးသွားလာခွင့်နဲ့ ကူညီ ထောက်ပံ့မှု တွေကို ပြီးခဲ့တဲ့ မေလ မိုခါမုန်အတိုင်းအပြီးမှာ ပိုမိုကန့်သတ် တင်းကျပ်ထားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ကတော့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလအတွင်းက အသက် ၅ နှစ်အောက်ကလေးငယ် ၁၄၀၀၀ ခန့်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၄၀၀၀ ခန့်ကို ကြိုတင် ကာကွယ်ပေးနိုင်တဲ့ အာဟာရပံ့ပိုးရေး ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးခဲ့ပြီး ကလေးငယ် ၂၅၅ ဦးကို ပြင်းထန် အာဟာရချို့တဲ့ရောဂါကို ကုသပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဆက်လက် ထောက်ပံ့မှု ရှိ၊ မရှိကို ဖော်ပြထားတာ မတွေ့ရတော့ပါဘူး။
ကလေးမွေးဖွားချိန်က ကျန်းကျန်းမာမာနဲ့ မွေးဖွားလာခဲ့ပေမယ့် လိုအပ်တဲ့ အာဟာရနဲ့ ဆေးဝါး အကူအညီ မရတာကြောင့် ကလေးအသက် ၂ လကျော်အရွယ်မှာ အရိုးပေါ်အရေတင်နေတဲ့ သမီးရဲ့ နဖူးပေါ်ကို လက်ဝါး အုပ်ပြီး မိခင်ဖြစ်သူ မလိုင်ဘီယာဘော်ဆောရီရဲ့ ပါးစပ်က အခုလို ရွေရွတ်လိုက်ပါတယ်။
“ငါ့သမီးလေး အလ္လာရှင်မြတ်နဲ့တွေ့ရင် ပြန်နေကောင်းလာမှာပါ။”