ခင်ဘုန်းမို့ ။ ။
တိတ်ဆိတ်တဲ့အခန်းတစ်ခုထဲမှာ အမျိုးသမီးငယ်တစ်ဦးဟာ ဖုန်းမျက်နှာပြင်ပေါ်မှာ စာတွေရိုက်ရင်း တစ်စုံတစ်ခုကို လေး လေးနက်နက်တွေးတောနေပါတယ်။ စာတွေကိုရိုက်လိုက်ပြန်ဖျက်လိုက်နဲ့ ချီတုံချတုံဖြစ်နေဟန်လည်းရှိတယ်။
အဲ့ဒီနောက်မှာတော့ ဆုံးဖြတ်ချက်တစ်ခုကိုဖြတ်ဖြတ်သားသားချကာ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ကြုံတွေ့ခံစားခဲ့ရတဲ့ လိင်ပိုင်း ဆိုင်ရာထိပါးနှောက်ယှက်မှု အတွေ့အကြုံအကြောင်းကို အမျိုးသမီးငယ်ဟာ လူမှုကွန်ရက်မှာရေးသားလိုက်ပါတော့တယ်။
“ နောက်ထပ်အမျိုးသမီးတွေဒီလိုမျိုးမဖြစ်အောင်လို့ ထုတ်ဖော်တာကပိုကောင်းမယ်လို့တွေးမိတဲ့အတွက် ထုတ်ဖော်ခဲ့တယ်။” လို့ အသက် ၂၆ နှစ်အရွယ် မငြိမ်းစုကပြောပါတယ်။
ဒီအကြောင်းအရာကို ထုတ်ဖော်ပြောကြားဖို့ မငြိမ်းစုအတွက်ထင်သလောက်မလွယ်ခဲ့ပါဘူး။ လူတွေမယုံကြည်မှာနဲ့ မကောင်း တဲ့ တုန့်ပြန်မှုတွေရမလားဆိုတဲ့ စိုးရိမ်စိတ်တွေများခဲ့ရတယ်။ထုတ်ဖော်ပြောပြီး ရက်ပိုင်းမှာလည်း အိမ်မပျော်တာနဲ့ စားမဝင် တာတွေ ကြုံတွေ့ခဲ့ရတယ်။
လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုအကြောင်းကို ထုတ်ဖော်ပြောပြီးနောက်ပိုင်းမှာလည်း မငြိမ်းစုနည်းတူအလားတူ ဖြစ်ရပ် မျိုး ကြုံတွေ့ခဲ့ကြရတဲ့ အမျိုးသမီးငယ်တွေကလည်း သူတို့ကြုံတွေ့ရတာတွေကို ထုတ်ဖော်ပြောကြားလာကြပါတော့တယ်။
လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေကို ကြုံတွေ့ရတဲ့အမျိုးသမီးတွေအနေနဲ့ သူတို့ကြုံတွေ့ရတာတွေကို လူမှုကွန်ရက်က တစ်ဆင့် ထုတ်ဖော်ပြောလာကြတာတွေကို ခပ်စိပ်စိပ်တွေ့လာရပါတယ်။
ဘက်စ်ကားစီးရင်းနဲ့ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုကြုံတွေ့ရတာ၊ အငှားယာဉ်ငှားစီးရင်းနဲ့ ကားမောင်းသူကလိင်ပိုင်း ဆိုင်ရာထိပါးနှောက်ယှက်တာ၊ ခရီးသွား၊ လမ်းသွားရင်း လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုကြုံရတာ၊ စားသောက်ဆိုင်၊ လူစည်ကားရာနေရာတွေမှာ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေကြုံတွေ့ရတာကို အမျိုးသမီးတွေအနေနဲ့လူမှုကွန်ရက် ကတစ်ဆင့် ထုတ်ဖော်ပြောကြားလာကြတာပါ။
ဒီလိုထုတ်ဖော်ပြောကြားလာကြတာက တခြားအမျိုးသမီးတွေ မကြုံရအောင်နဲ့ ကျူးလွန်သူတွေကို အမျိုးသမီးတွေ အနေနဲ့ ရှောင်ရှားနိုင်ဖို့ရည်ရွယ်တယ်လို့ ထုတ်ဖော်သူတွေကဆိုပါတယ်။ ဒါ့အပြင် အခုလိုတရားဥပဒေစိုးမိုးမှုလျော့နည်းနေတဲ့ အချိန် မှာ ကျူးလွန်သူတွေကို တရားဥပဒေအရအရေးယူတာထက် လူမှုရေးပြစ်ဒဏ်(Social Punishment)အရ အပြစ်ပေးတဲ့နည်းကို သုံးလာကြတာလည်း ဖြစ်ပါတယ်။
မငြိမ်းစုဟာ အသက် ခြောက်နှစ်အရွယ်လောက်က ဘာသာစကားသင်တန်းတစ်ခုမှာ ဆရာဖြစ်သူကပြုမူခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုကို ကြုံတွေ့ခဲ့ရတာဖြစ်တယ်။
ဆရာဖြစ်သူဟာ မငြိမ်းစုကို စာသင်ခန်းထဲမှာတင် ခန္ဓာကိုယ်ကိုထိပါးတာ၊ private (မကိုင်တွယ်သင့်တဲ့) နေရာတွေကိုထိတာ စတဲ့လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ မငြိမ်းစုကထုတ်ဖော်ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်တုန်းက ကွန်ပျူတာလို နည်းပညာပစ္စည်းတွေရှားပါးတဲ့ကာလဖြစ်တဲ့အတွက် ကလေးတွေအတွက် ကွန်ပျူတာက အထူးအဆန်းဖြစ်ခဲ့တယ်။ ကွန်ပျူတာဆော့ချင်တဲ့ မငြိမ်းစုကိုသင်တန်းပြီးတဲ့အခါ ကွန်ပျူတာသုံးခိုင်းပြီး လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေကို သင်တန်းဆရာက ကျူးလွန်ခဲ့ပါတယ်။
“ အဲ့တုန်းကကလေးဆိုတော့ ပြန်လည်းမပြောရဲဘူး။ ခေါင်းတွေခါ body language (အမူအယာ)နဲ့ ခါပြီးတော့ မနမ်းချင်ဘူး၊ ရုန်းရတာပေါ့။ ပုခုံးနဲ့ရုန်းပြလိုက် ခေါင်းနဲ့ရုန်းပြလိုက် ဒါပေမယ့်မရဘူး။ ကျွန်မခန္ဓာကိုယ်ကိုကိုင်တယ်။ ပါးစပ်ကိုနမ်းသွားပါ တယ်။ ပါးလည်းနမ်းတယ်။ အဲတုန်းက ကွန်ပျူတာသာကစားခဲ့ရတာ စိတ်ထဲမှာတမျိုးကြီးပါပဲ။ စိတ်ခြောက်ခြားသလိုလို အရမ်း စိတ်ဒဏ်ရာရခဲ့ရတယ်။” လို့ မငြိမ်းစုက ဖွင့်ဟပါတယ်။
မငြိမ်းစုတစ်ယောက် လိင်ပိုင်းဆိုင်ရာထိပါးမှုကိုကိုယ်တိုင်ကြုံတွေ့ရတာတင်မကဘဲ တခြားသင်တန်းသူမိန်းကလေးငယ်တွေ ကြုံတွေ့ခဲ့ရတာကိုလည်း မျက်မြင်တွေ့ခဲ့ရတယ်။ မငြိမ်းစုဟာ သင်တန်းတက်ရင်းနဲ့ စိတ်ခြောက်ခြားစရာနေ့ရက်တွေကို ကျော်ဖြတ်ခဲ့ရတယ်။ သင်တန်းပြီးချိန်တိုင်း အိမ်ကလာကြိုတာနောက်ကျမှာစိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းခဲ့ရတယ်။
အဲဒီနောက်မှာတော့ မိခင်ဖြစ်သူကို လိင်ပိုင်းဆိုင်ရာထိပါးမှုနှောက်ယှက်အကြောင်း အရိပ်အမြွတ်ပြောပြပြီး သင်တန်းကထွက် ခဲ့တယ်။ နောက်ပိုင်းမှာ အမျိုးသားဆရာတွေနဲ့စာသင်ရမှာလည်း အရမ်းကြောက်ခဲ့ရတယ်။
နောက်ပိုင်းမှာ အဲ့ဒီအကြောင်းအရာကြီးသာတစ်ချိန်လုံးလွှမ်းမိုးနေပြီး ဒီအကြောင်းအရာကို ကြိုးစားမေ့နိုင်ဖို့အတွက် စာလုပ် ချင်စိတ်မရှိတာ၊ တစ်ယောက်ထဲနေချင်တာ၊ သီချင်းနားထောင်တာနဲ့ ဂိမ်းဆော့တာတွေကိုပိုလုပ်မိခဲ့တယ်။
ဒီဖြစ်ရပ်ဆိုးရဲ့လွှမ်းမိုးမှုကနေသက်သာအောင် မငြိမ်းစုတစ်ယောက်ဂိမ်းဆော့တာနဲ့ပဲ အချိန်တွေကိုနစ်မြုပ်ထားခဲ့တယ်။
လက်ရှိအချိန်ထိလည်း ရုပ်ရှင်တွေကြည့်တိုင်း လိင်ပိုင်းဆိုင်ရာပြကွက်တွေမြင်တိုင်း ဒီဖြစ်ရပ်ဆိုးထဲက မရုန်းထွက်နိုင်သေး ဘူးလို့ မငြိမ်းစုကဖွင့်ဟပါတယ်။
“ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကတော့ ခြောက်နှစ်သမီးကနေ အခုချိန်ထိပါပဲ။ တော်တော်ကြီးကိုခံစားရပါတယ်။ မေ့ပျောက်ချင် တယ်။ မေ့ပျောက်ချင်တဲ့စိတ်နဲ့ ဘယ်သူမှကိုမပြောခဲ့ပါဘူး။”လို့မငြိမ်းစုက ဆိုပါတယ်။
အသက်ခြောက်နှစ်အရွယ်တုန်းကတော့ ဒီအကြောင်းတွေကိုပြောပြဖို့ စိတ်ခွန်အားလူခွန်အားမရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ တော့ တခြားအမျိုးသမီးငယ်တွေလည်း ဒီလိုမကြုံတွေ့ရဖို့ ထုတ်ဖော်ပြောကြားတာဖြစ်တယ်လို့ မငြိမ်းစုကဆိုပါတယ်။
မငြိမ်းစုနည်းတူ လိင်ပိုင်းဆိုင်ရာထိပါးမှုကြုံတွေ့ခဲ့ရတာကတော့ အသက် ၂၅ နှစ်အရွယ် မအဉ္ဇလီပါ။
မအဉ္ဇလီဟာလည်း လွန်ခဲ့တဲ့ ၁၆ နှစ်တုန်းက ဘာသာစကားသင်တန်းတစ်ခုမှာ ဆရာဖြစ်သူရဲ့လိင်ပိုင်းဆိုင်ရာထိပါး နှောက် ယှက်မှုကိုကြုံတွေ့ခဲ့ရတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖွင့်ဟထားပါတယ်။
ဆရာဖြစ်သူကစာသင်ရင်းနဲ့ ခန္ဓာကိုယ်ကိုထိပါးတာ၊သူ့ရဲ့လိင်အင်္ဂါကိုထိခိုင်းတာ၊သူ့ရဲ့ Private area (မထိသင့်မကိုင်တွယ် သင့်တဲ့နေရာ) နဲ့ နှုတ်ခမ်းကိုနမ်းတာ စတဲ့ လိင်ပိုင်းဆိုင်ရာထိပါးမှုတွေကို ကြုံတွေ့ခဲ့တယ်လို့ မအဉ္ဇလီကဖွင့်ဟပါတယ်။
ဒီလိုကြုံတွေ့ရတာကိုမကောင်းတဲ့အရာမှန်းမသိခဲ့ပေမယ့် မသတီတဲ့စိတ်တော့ရှိခဲ့တယ်။
ငယ်ရွယ်တဲ့အရွယ်ဖြစ်တာကြောင့် လူကြီးစကားနားထောင်ရင်ကောင်းတယ်လို့ပဲ မှတ်ယူပြီး ခိုင်းသမျှလုပ်မိခဲ့တယ်လို့ မအဉ္ဇ လီက ဆိုပါတယ်။
“ ကိုယ့်ကိုကိုယ်ပဲအပြစ်တင်တဲ့စိတ် ငါအလိုတူအလိုပါခဲ့တာပေါ့နော်။ ငါ့အမှား ငါမငြင်းခဲ့ဘူးဆိုတဲ့စိတ်နဲ့ပဲ အသက်ရှင်ခဲ့တာ ပေါ့။ ငယ်သေးတော့ ကိုယ့်အမှားလို့ပဲတွေးခဲ့တယ်။”လို့ မအဉ္ဇလီကပြောပါတယ်။
အဲ့ဒီနောက်မှာတော့ သင်တန်းကထွက်ခဲ့တယ်။ အဖြစ်ဆိုးကိုကြိုးစားမေ့ပစ်ရင်း ၁၀ စုနှစ်တစ်ခုကျော်အကြာ ဖြတ်သန်း နေ ထိုင်ခဲ့တယ်။
အရွယ်ရောက်လာတဲ့အခါမှာတော့ ကျူးလွန်သူကို အရှက်ခွဲမယ်လို့စဉ်းစားမိပေမယ့် တကယ်တမ်းလုပ်ဖို့ခွန်အားမရှိခဲ့ပါဘူး။
“ သတ္တိမရှိလို့ တစ်သက်လုံးမပြောနိုင်တော့ဘူး။ သူ့ကိစ္စလည်း တစ်သက်လုံးမပေါ်တော့ဘူးပေါ့နော်။ တစ်ရှက်ကနေ နှစ်ရှက် ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ပဲနေလာခဲ့ရတာ။” လို့ မအဉ္ဇလီကဖွင့်ဟပါတယ်။
တစ်နေ့မှာတော့ မငြိမ်းစုတင်ထားတဲ့အကြောင်းအရာကိုတွေ့ပြီး ကိုယ်တိုင်လည်းဒီအကြောင်းအရာကိုဖွင့်ပြောဖို့ ခွန်အားတွေ ရလာခဲ့ပါတယ်။
“ နောက်ဆုံးမှာတော့ သူ့ယုတ်မာမှုတွေပေါ်လာခဲ့ပြီ လူတွေသိကြပြီဆိုပြီး တအားဝမ်းသာသွားတာ။ ပို့စ်ကိုဖတ်မိပြီး ချက်ချင်း မျက်ရည်ကျလာမိတယ်။” လို့ မဉ္ဇလီကပြောပါတယ်။
ဒီလိုလိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုအကြောင်းကို ထုတ်ဖော်ပြောဆိုတဲ့အခါမှာ အမျိုးသမီးတွေအတွက်မလွယ်လှပါဘူး။ ပတ်ဝန်းကျင်က တချို့သူတွေရဲ့ Victim blaming (အပြစ်တင်ခြင်း) လုပ်တာတွေလည်းကြုံတွေ့ကြရပါတယ်။
မအဉ္ဇလီကိုလည်း ဒီအကြောင်းကိုဖွင့်ဟပြောတဲ့အတွက် ပတ်ဝန်းကျင်က လူကြီးတစ်ချို့ကအပြစ်တင်ကြတယ်လို့ဆိုပါတယ်။
“ လူကြီးတော်တော်များများက ဘာလို့တင်လိုက်တာလဲ တစ်ရှက်ကို နှစ်ရှက်ဖြစ်အောင်လုပ်တယ်။ သူ့အကုသိုလ်နဲ့ သူသွား လိမ့်မယ်ပေါ့နော်။ အဲလိုပြောကြတယ်။”လို့သူကဆိုပါတယ်။
လိင်နဲ့ပတ်သက်တဲ့အသိပညာနဲ့အတွေးအခေါ်တွေကို ပိတ်ပင်ထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းမှာ အမျိုးသမီး တွေအနေနဲ့ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေကို ထုတ်ဖော်ပြောဆိုရဲလာကြတာက ကောင်းတဲ့အလေ့အထတစ်ခုဖြစ် တယ်လို့ Generation Z မျိုးဆက်တစ်ဦးဖြစ်တဲ့ မသော်တာက မှတ်ချက်ပေးပါတယ်။
“ ဒါမျိုးတွေကသိသွားရင် ကျူးလွန်ခံရတဲ့သူကသာ ရှက်စရာဆိုတဲ့အတွေးအခေါ်မျိုးတွေ ဓလေ့တွေနဲ့ ပိတ်ဆို့ခံထားခဲ့ရတာ ပေါ့နော်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ရဲရဲဝံ့ဝံ့ထုတ်ပြောလာကြတယ်ဆိုတာက မိန်းကလေးတွေရဲ့ ပြောရဲဆိုရဲရှိလာတဲ့ အနေ အထားတစ်ခုကို ရောက်လာတယ်လို့တော့မြင်ပါတယ်။” လို့ မသော်တာက ဆိုပါတယ်။
ဆိုရှယ်မီဒီယာမှာ ထုတ်ဖော်ပြောဆိုကြတာဖြစ်တဲ့အတွက် အတွေးအခေါ်ပေါင်းစုံရှိနိုင်ပြီး ကျူးလွန်ခံရတဲ့သူကိုသာ အပြစ်တင် တဲ့ အမြင်တွေအပြောတွေကြောင့် ကိုယ့်ကိုကိုယ့်ပြန်ထိခိုက်နိုင်တဲ့ အနေအထားတွေလည်းရှိနိုင်တယ်လို့ မသော်တာက သတိ ပေးပါတယ်။
မသော်တာကိုယ်တိုင်လည်း လိင်ပိုင်းဆိုင်ရာထိပါးမှုကိုကြုံတွေ့ခဲ့ရဖူးပြီး မိသားစုကိုဖွင့်ပြောခဲ့ပေမယ့် မိသားစုဘက်က မိန်းက လေးဘက်ကသာ သတိထားရမယ်၊အနေအထိုင်ဆင်ခြင်ရမယ်ဆိုတဲ့ အမြင်တွေကြားမှာပိတ်မိခဲ့ရတယ်။ ဒါကြောင့်ဒီလို ထုတ်ဖော် ပြောဆိုတဲ့နေရာမှာ အမျိုးသမီးတွေအနေနဲ့ လုံခြုံတဲ့ရပ်ဝန်းဖြစ်ဖို့အရေးကြီးပါသေးတယ်။
“ ပြောလိုက်ပြီးတော့မှ ပြောပြီးပြီးသွားတာမျိုးထက် ကျူးလွန်ခံရတဲ့အမျိုးသမီးရဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာသက်သာရဖို့ သူ့ရဲ့ သိစိတ်ရော မသိစိတ်မှာပါ ငါကအပြစ်မရှိပါဘူး။ ကျူးလွန်တဲ့သူကသာအပြစ်ရှိတာပါဆိုတဲ့ သံသယကင်းကင်းနဲ့ သူ့ရဲ့ရှေ့ဘဝ ကို ရှေ့ဆက်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ” လို့ မသော်တာကဆိုပါတယ်။
ဒါ့အပြင် ကျူးလွန်သူကို ထိရောက်တဲ့စီရင်မှုနဲ့ အပြစ်ပေးအရေးယူနိုင်ဖို့လည်းလိုအပ်ပါတယ်။
“တခါတလေမှာထုတ်ပြောဖို့က နှစ်ဆယ်ချီလည်း အချိန်ယူရတာလည်းရှိနိုင်တယ်။” လို့ မသော်တာက ပြောပါတယ်။
လတ်တလောမှာ လူမှုရေးပြစ်ဒဏ်ပေးတာ ၊ နောင်လာမယ့်အနာဂတ်မှာ တရားဥပဒေစိုးမိုးမှုရှိခဲ့ရင် ဒါတွေကိုတန်ပြန်အရေးယူ နိုင်ဖို့ နှစ်ဘယ်လောက်ကြာကြာ တိကျတဲ့သက်သေတွေလုံလောက်နေရင် ဒီလူကိုအရေးယူနိုင်ဖို့လိုအပ်တယ်လို့ မသော်တာက ထောက်ပြပါတယ်။
အမျိုးသမီး၊အမျိုးသားတွေအပြင် လိင်စိတ်ကွဲပြားသူတွေနေနဲ့ တချိန်ချိန်မှာကျူးလွန်သူတွေကို အပြစ်ပေးနိုင်ဖို့ ပွင့်လင်းတဲ့ လူ့ဘောင်အဖွဲ့အစည်း လူ့အခွင့်အရေးကိုလေးစားလိုက်နာတဲ့ ဥပဒေတွေပေါ်ထွက်လာဖို့ တရားမျှတတဲ့ တရားစီရင်ရေးစနစ် တွေ ရှိလာဖို့အတွက်ကတော့ အဖြစ်စေချင်ဆုံးပါပဲလို့မသော်တာက ဆန္ဒပြုပါတယ်။
လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေကို ကူညီပေးနေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Against Sexual Violence မှာပါဝင်လုပ်ကိုင်နေတဲ့ မအင်ကြင်းကလည်း အမျိုးသမီး ၁၀၀ မှာ ၉၀ လောက်က ဘဝမှာ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေကို ကြုံတွေ့ရလေ့ ရှိတဲ့အတွက် ဒီလိုကြုံလာခဲ့ရင်မကြောက်မလန့်ဘဲ သတ္တိရှိရှိဖွင့်ပြောကြဖို့တိုက်တွန်းပါတယ်။
ရှေးရိုးစွဲအမြင်တွေနဲ့ ကျူးလွန်ခံရသူကို အပြစ်တင်လေ့ရှိတဲ့အလေ့အထတွေဟာ အမျိုးသမီးတွေကို ဒီလိုအကြောင်းအရာတွေ ဖော်ထုတ်ပြောဆိုရာမှာ အခက်အခဲဖြစ်စေတယ်လို့သူကထောက်ပြပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်နှောက်ယှက်မှုတွေကို ထုတ်ဖော်ပြောဆိုတာက နောက်ထပ်နောက်ထပ်ကျူးလွန်ခံရသူတွေထပ်ပြီး မပေါ်ထွက်လာဖို့ဟန့်တားပြီးသားဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေ ကြုံတွေ့လာရတဲ့အမျိုးသမီးတွေအနေနဲ့ ဒါဟာကိုယ့်အမှားမဟုတ်ဘူးလို့ စိတ်နှလုံး သွင်းဖို့နဲ့ ကြုံတွေ့ရတာတွေကို သက်သေစုဆောင်းထားပြီး ထုတ်ဖော်ပြောကြားဖို့ မအင်ကြင်းကအကြံပြုပါတယ်။
“ သတ္တိရှိကြပါ။ အပြစ်သားကိုအပြစ်ပေးကြပါ။”လို့ မအင်ကြင်းက ဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ကျူးလွန်မှုတွေမှာ ရာထူးဂုဏ်ရှိန်ကြီးမားသူတွေဖြစ်တဲ့အခါ အများစုက ဒီလိုပါဝါရှိသူတွေ ဘက်ကပဲ ရပ်တည်ကာ ကျူးလွန်ခံရသူတွေအပေါ် Victim blaming (အပြစ်တင်ခြင်း) လုပ်တဲ့ အစဉ်အလာက ကြီးမားနေ ဆဲဖြစ်ပြီး ဒီလိုအရာတွေကိုပြုပြင်ဖို့ ပိုပြီးအားစိုက်ထုတ်လှုံ့ဆော်သွားဖို့လိုတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အကြံပေး တစ်ဦးဖြစ်တဲ့ ဒေါ်တင်တင်ညိုက ဆိုပါတယ်။
“ကျွန်မတို့အမျိုးသမီးအဖွဲ့တွေ အမျိုးသမီးအရေးလှုပ်ရှားတဲ့သူတွေ တရားမျှတမှုလိုလားတဲ့သူတွေ လူ့အခွင့်အရေးလှုပ်ရှား တဲ့သူတွေကိုယ်တိုင်က ဒီလိုအမျိုးသမီးတွေနဲ့ ပိုမိုရပ်တည်ပေးရမယ့်အနေအထားဖြစ်တယ်။ တစ်ခုခုဖြစ်လာပြီဆိုရင်သူတို့ကို ကာကွယ်ပေးနိုင်တဲ့အဆင့်မျိုးတွေအထိလည်းဖြစ်ဖို့လိုတယ်။” လို့ ဒေါ်တင်တင်ညိုက ပြောပါတယ်။
အမျိုးသမီးတွေကိုယ်တိုင်က ဘယ်လိုပဲအခက်အခဲတွေကြုံကြုံ ဘယ်လိုပဲဖိအားတွေရရ ဒါတွေကိုမဖြစ်မနေထုတ်ဖော်ပြောဆို ရမယ်ဆိုတဲ့ ခံယူချက်တွေရှိပြီးတော့ နောင်ပိုင်းမှာကိုယ်နဲ့အတူ အမှန်တရားက ရပ်တည်လာမယ် အဲ့ကနေတစ်ဆင့် တရား မျှတမှု ပိုမိုရရှိလာနိုင်မယ့် အနေအထားဖြစ်တယ်လို့ ဒေါ်တင်တင်ညိုက တိုက်တွန်းပါတယ်။
လိင်ပိုင်းဆိုင်ရာထိပါးနှောက်မှုကို နှစ်အတော်ကြာမြိုသိပ်နေခဲ့ပြီး နောက်ဆုံးမှာထုတ်ဖော်ပြောဆိုနိုင်ခဲ့တဲ့ မငြိမ်းစုကသူနဲ့အတူ ထုတ်ဖော်တဲ့သူတွေပေါ်ပေါက်လာတဲ့အတွက် စိတ်ခွန်အားရသလို ဝန်းရံပေးသူအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်နေပါတယ်။
“ ဒီလိုထုတ်ဖော်ပြောတာ များများလုပ်လာမှ ကျူးလွန်သူတွေက နောက်ပိုင်းလုပ်ဖို့ကြောက်လာမှာပါ။ ဒီကိစ္စက သေးသေးမွှား မွှားမဟုတ်ပါဘူး။ခံရတဲ့သူက စိတ်ဒဏ်ရာလူဒဏ်နဲ့ လွယ်လွယ်နဲ့မေ့ပျောက်လို့ရတာမဟုတ်ခဲ့ပါဘူး။” လို့ မငြိမ်းစုကဆိုပါ တော့တယ်။