ရှင်ငြိမ်း။ ။
ဆေးအဖြူသုတ်ထားတဲ့ အခန်းတစ်ခုထဲ ဝင်လိုက်တာနဲ့ နံရံဘေးမှာ ပိတ်အုပ်တွေ၊ ဖြတ်ညှပ်ထားတဲ့ ပိတ်စတွေနဲ့ ထုပ်ပိုးထားတဲ့အထုပ်တွေက သူ့နေရာနဲ့သူ အစီအရီရှိနေပါတယ်။
အခန်းအလယ်မှာတော့ စာသင်ခုံသဘောမျိုး ခုံတန်းရှည်နှစ်ခုချထားပြီး စားပွဲပေါ်မှာတော့ ပန်းထိုးထားတဲ့ ပိတ်စတွေကလည်း ဟိုနားတစ်ပုံ၊ ဒီနားတစ်ပုံ ပုံထားပါတယ်။
ဒီအဝတ်ပုံတွေဘေးက အမျိုးသမီးတစ်ယောက်ကတော့ နက်ပြာပိတ်စပေါ်ကို အဝါရောင်ဖယောင်းခဲတံနဲ့ ပန်းဒီဇိုင်းရေးဆွဲ နေပါတယ်။ သူ့အာရုံဟာ ဒီအပေါ်မှာသာရှိလို့ သူရေးဆွဲနေတဲ့အချိန်ဟာ ညသန်းခေါင်ကျော်သွားပြီဆိုတာ သတိပြုဟန် မတူပါဘူး။
နန်းထွေးကျော်အနေနဲ့ သူအားတဲ့အခုလိုအချိန်လေးမှာ ဒီဇိုင်းများများရေးဆွဲပေးထားမှ မနက်ကျရင် သူ့ဆီမှာ ပန်းထိုးဖို့ လာယူကြမယ့် မိန်းကလေးတွေကို အလုပ်ပေးနိုင်မှာဖြစ်တယ်။
သူဟာ ရွာထဲက အလုပ်လက်မဲ့ဖြစ်နေတဲ့ မိန်းကလေးတွေ၊ ကျောင်းမတက်တော့တဲ့သူတွေနဲ့ အလုပ်ရဖို့ခက်ခဲနေတဲ့ မိန်းက လေးတွေခေါ်ပြီး ဝင်ငွေရစေဖို့ ပန်းထိုးပညာသင်ပေးကာ အလုပ်ပေးထားတာပါ။
“အဓိကက ရွာထဲကမိန်းကလေးတွေကို အလုပ်ပေးချင်တာ။ ဒီလုပ်ငန်းက သူတို့ကိုအလုပ်ပေးနိုင်တယ်။ သူတို့ကလည်း မိသားစုကို တစ်ဖက်တစ်လမ်းက ထောက်ပံ့နိုင်တယ်ဆိုရင် ကျနော့်အတွက်က ပီတိပါပဲ”လို့ အသက် ၃၅ နှစ်အရွယ် မနန်းထွေးကျော်က ပြောပါတယ်။
နန်းထွေးကျော်ဟာ လူမူကွန်ရက်စာမျက်နှာ(Facebook)မှာ မယ်ရွှေဘုတ်အမည်နဲ့ Page တစ်ခုထောင်ထားပြီး ဒီအမျိုးသမီးလေးတွေရဲ့ လက်မှုထုတ်ကုန်တွေကို ရောင်းချပေးပြီး ဝင်ငွေဖန်တီးပေးနေတာဖြစ်တယ်။
သင်တန်းတက်ပြီး မယ်ရွှေဘုတ်မှာ အလုပ်လာလုပ်နေတဲ့အသက် ၂၁ အရွယ်မကျော့ခိုင်ကလည်း “အရင်က အဖေ့အလုပ်ကို မှီခိုနေရတော့ အစစအရာရာ ပူပန်ရတယ်။ ခုပန်းထိုးတဲ့အလုပ်ကဝင်ငွေနဲ့ အရင်လောက် မပူရတော့ဘူး”လို့ ဆိုပါတယ်။
နန်းထွေးကျော်ဆိုတဲ့နာမည်က အမည်ရင်းဖြစ်ပေမယ့် တိုင်းရင်းသူတော့မဟုတ်ပါဘူး။ အထက်အညာဒေသတစ်ခုဖြစ်တဲ့ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မရမ်းခြံရွာက ဒေသခံအမျိုးသမီးလေးတစ်ယောက်ပါ။
ဒီရွာက ဒေသခံအမျိုးသမီးတွေဟာ လက်မှုပညာကိုမြတ်နိုးကြပြီး ရက်ကန်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတာများ ပါတယ်။ ယခင်က အမရပူရမှာ ရက်ကန်းစက်ရုံကြီးတွေရှိကြပြီးအိမ်တိုင်းမှာလည်း ရက်ကန်းစင်တွေရှိခဲ့တယ်။
တစ်ခေတ်တစ်ခါက“အမရပူရ ချိတ်၊ ချည်ထည်”ဆိုတာ နာမည်ကျော်လူကြိုက်များခဲ့တဲ့အဝတ်အထည်တွေဖြစ်တယ်။
အမရပူရက ထွက်တဲ့အထည်တွေဟာ ဈေးလည်းသက်သာပြီး အရေအသွေးလည်း ကောင်းမွန်တာကြောင့် နိုင်ငံကျော် ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ အထူးတလည် မှာယူဝတ်ဆင်ခဲ့ရတဲ့အထိ ထင်ရှားကျော်ကြားခဲ့တယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ နိုင်ငံခြားအဝတ်အထည်တွေဝင်လာတာ၊ မီးဘေးလိုသဘာဝဘေးအန္တရာယ်တွေနဲ့ ဆုတ်ယုတ်လာတဲ့ စီးပွားရေးတွေကြောင့် ရက်ကန်းရုံတွေ ပျောက်သွားခဲ့ရပြီး ရက်ကန်းစင်ရှိတဲ့အိမ်ဆိုတာ မရှိတော့ပါဘူး။
သို့ပေမဲ့ ဒေသခံအမျိုးသမီးတွေကတော့ ငယ်စဉ်ကတည်းက လက်မှုပညာကို မြင်ကြားတတ်လာတာနဲ့ လက်ဆင့်ကမ်း လာတာတွေကြောင့် ချည်မျှင်နဲ့ ရက်ကန်းတို့နဲ့ ရင်းနှီးကျွမ်းဝင်ကြတယ်။
မရမ်းခြံရွာဇာတိဖြစ်တဲ့ နန်းထွေးကျော်ရဲ့မိဘတွေဆိုလည်း ဖခင်က ချည်မျှင်နဲ့အထည်စက်ရုံက ဝန်ထမ်းဖြစ်ခဲ့တာကြောင့် ချည်မျှင်နဲ့ပတ်သက်လို့ ကျွမ်းကျင်သလို မိခင်ကလည်း ရက်ကန်းလုပ်ငန်းမှာ ကျွမ်းကျင်သူဖြစ်တယ်။
ဒါ့ကြောင့် နန်းထွေးကျော်တို့ညီအစ်မနှစ်ယောက်လုံးဟာ ချည်မျှင်၊ ရက်ကန်းလုပ်ငန်းကို မစိမ်းခဲ့ကြတဲ့သူတွေပါ။ သို့ပေမဲ့ လွန်ခဲ့တဲ့ ၉ နှစ်လောက်က မိခင်ဆုံးပါးပြီးနောက်မှာတော့ သူတို့ရက်ကန်းရုံလေးကို အပြီးတိုင်ပိတ်ပစ်လိုက်ကြတယ်။
ဒါကတော့ နန်းထွေးကျော်တို့ညီအစ်နှစ်ယောက်လုံးက ဝန်ထမ်းတွေဖြစ်လို့ နယ်မှာတာဝန်ထမ်းရတာနဲ့ ဖခင်ကလည်း အသက်ကြီးလာပြီဖြစ်လို့ ရက်ကန်းရုံကို ဂရုမစိုက်နိုင်တော့တာကြောင့် ပိတ်ပစ်ခဲ့တာပါလို့ နန်းထွေးကျော်က ဆိုပါတယ်။
ရင်းနှီးခင်မင်သူတွေက“ရွှေဘုတ်၊ ဘုတ်ဘုတ်၊ ဘုတ်ကလေး”လို့စသဖြင့် ချစ်စနိုးခေါ်ကြတဲ့နန်းထွေးကျော်ဟာ ဗိသုကာ တစ်ဦးဖြစ်သလို လက်မှုပညာတစ်ခုဖြစ်တဲ့ ချည်ပန်းထိုးပညာကိုလည်း ချစ်မြတ်နိုးသူဖြစ်တယ်။
ငယ်စဉ်က အမရပူရအထက်တန်းကျောင်းမှာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားခဲ့ရတဲ့ကြို/သက်မွေးဘာသာရပ်ကို သင်ခဲ့ရတဲ့ အခြေခံကြောင့် နန်းထွေးကျော်ဟာ ပန်းထိုးပညာကို ကောင်းစွာတတ်မြောက်ခဲ့ရတယ်လို့ ပြောပါတယ်။
သူဟာ မန္တလေးက ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ ဗိသုကာတစ်ဦးအနေနဲ့ အသက်မွေးပေမယ့် အလုပ်ပင်ပန်းတဲ့အချိန်တိုင်း ချည်ပန်းထိုးရင်း ဖြေဖျောက်လေ့ရှိသလို အားတဲ့အချိန်တွေမှာလည်း ချည်ပန်းထိုးနေတာဖြစ်တယ်။
“ပန်းထိုးနေရင် ကိုယ်ရဲ့သီးသန့်ကမ္ဘာလေးထဲ ရောက်နေသလို ဒီအပေါ်မှာပဲ အာရုံရှိနေတာ။ ကိုယ့်လက်ရာက အရောင်တွေနဲ့ ကြွရွလှပနေတာကို ကြည့်ပြီး ကြည်နူးရတဲ့ခံစားမှုက ဘာနဲ့မှမတူဘူး”လို့ သူက ဆိုပါတယ်။
ကိုဗစ်ကာလမတိုင်မီထိ နန်းထွေးကျော်ဟာ သူရဲ့ဆောက်လုပ်ရေးလုပ်ငန်းအတွက် ဒီဇိုင်းဆွဲပေးရင်း အချိန်ကုန်ခဲ့တာပါ။
ကိုဗစ်ဝင်လာတော့ အစ်မဖြစ်သူက အစိုးရအလုပ်ထွက်ပြီး အိမ်မှာ“နန်းတိုးကျော်”အမည်နဲ့ အထည်ဆိုင်လေး ဖွင့်ကာ ပလေကတ်ပုဆိုးတို့၊ ချည်လုံချည်၊ အကျီတွေရောင်းလုပ်ပါတယ်။
နန်းထွေးကျော်ကလည်း အလုပ်တွေနားထားတဲ့အချိန်မှာ ထိုးထားတဲ့ချည်ပန်းလေးဒီဇိုင်းတွေထဲက စိတ်ကြိုက်အထည်တွေကိုရွေးကာ ရွှေဘုတ်ဆိုတဲ့ အပျော်တမ်းပေ့ချ်(page)မှာ တင်ပေးနေခဲ့တာဖြစ်တယ်။
“ရွာထဲက မိန်းကလေးတွေ ကိုဗစ်ကာလမှာ အခက်အခဲတွေဖြစ်တော့ သူတို့ကိုအလုပ်ပေးမယ်ဆိုပထမစဉ်းစားခဲ့တယ်။ အလုပ်အဆင်မပြေတာတွေ မြင်တွေ့ကြားနေရတော့ သူတို့ကိုသင်ပေးရင်းကနေ နည်းနည်းလေးတွင်တွင်ကျယ်ကျယ် ရောင်းဖြစ်သွားတယ်။ အဲ့ကနေလုပ်ငန်းစလုပ်တာပေါ့”လို့ နန်းထွေးကျော်က ဆိုပါတယ်။
လုပ်ငန်းတွယ်ကျယ်လာတော့ ရွှေဘုတ်ဆိုတဲ့နာမည်တူတွေ ရှိနေတဲ့အတွက် မယ်ရွှေဘုတ်လို့ပြောင်းပြီး ထုတ်လုပ်ရောင်းချခဲ့တယ်။ ခြုံသဘက်၊ ရွှေချည်ထိုးသဘက်၊ ချည်ပန်းထိုးကားချပ်၊ ပန်းထိုးကားချပ်၊ အိတ်၊ တရားထိုင်အခင်း၊ အိပ်ယာခင်း၊ ဦးထုတ်ပန်းထိုး၊ လက်ကောက်၊ လက်စွပ်၊ နားကပ်စတဲ့ပစ္စည်းတွေကို မယ်ရွှေဘုတ်ကနေ ထုတ်လုပ်နေတာဖြစ်တယ်။
အစပိုင်းမှာ ရွာထဲက အလုပ်လက်မဲ့တွေ၊ ကျောင်းနားထားရတဲ့ကလေးတွေနဲ့ ချည်ထိုးဝါသနာပါတဲ့အနီးနားက မိန်းကလေး တွေကို စပြီးသင်ပေးခဲ့တယ်။
သင်ယူစနှစ်လ၊ သုံးလလောက်မှာတော့ သူတို့လုပ်သမျှပန်းထိုးတွေက ဈေးကွက်မှာချက်ခြင်းရောင်းလို့မရပါ။ လက်ရာငြိမ်တော့မှ လုပ်ခရှင်းပေးတာဖြစ်တယ်။ သို့ပေမဲ့ထိုးရတဲ့ပန်းအရေအတွက် မတူတဲ့အတွက် ရတဲ့ဝင်ငွေခြင်းလည်း မတူကြပါ။
ခြုံသဘက်တစ်ထည်အတွက် အနည်းဆုံးတော့ တစ်ယောက်ကို ငွေ ၆ ထောင်လောက်ရပြီး အများဆုံးကတော့ ၁၅၀၀၀ လောက်ရတယ်။ ကျွမ်းကျင်သူ ပန်းထိုးရင်တော့ ခြုံသဘက်တစ်ထည်ကို ၂ ရက်လောက်သာကြာပါတယ်။
“သူတို့က ကြိုးစားပြီးလုပ်လာပေမယ့် တခါတလေ သူတို့ကောင်းတယ်ထင်တာ ကျနော်တို့အတွက် ရောင်းတန်းမဝင်တာလည်း ရှိတယ်။ ဒါပေမဲ့သူတို့တွေ စိတ်ပျက်သွားမှာစိုးလို့ ငွေရှင်းပေးတယ်”လို့ သူက ဆိုပါတယ်။
အဲ့ဒီလိုမကောင်းဘဲယူပေးရတဲ့ ပန်းထိုးထည်တွေများလာရင်တော့ နန်းထွေးကျော်တို့အနေနဲ့ ဆက်ရပ်တည်ဖို့ခက်နိုင်ပါတယ်။ ဒါပေမဲ့သူတို့စိတ်ပျက်မှာစိုးလို့ ယူထားတဲ့ပန်းထိုးတွေထဲက အကောင်းဆုံးအပိုင်းကိုကွက်ယူကာ ပြုပြင်ပြန်ရောင်းရတယ်လို့ နန်းထွေးကျော်က ပြောပါတယ်။
ကိုဗစ်ကာလကနေ ယနေ့အထိပေးခဲ့တဲ့သင်တန်းသား အရေအတွက်က ၃၀ ဦးလောက်ရှိပြီး အသက်အရွယ်အားဖြင့် ၁၃ မှ ၃၀ အရွယ်ဝန်းကျင်တွေလာသင်ကြတာဖြစ်တယ်။
လက်သင်ကနေ ပညာသင်အနေနဲ့ နန်းထွေးကျော်အိမ်မှာ ပုံမှန်အလုပ်လာလုပ်တဲ့မိန်းကလေး ၁၀ ဦးရှိပြီး ကျန်တဲ့သူတွေကတော့ ငွေလိုမှ အရေးပေါ်လာလုပ်ကြသူများပါတယ်။
“လက်မှုပညာက အချိန်ပေးရတယ်။ အားစိုက်ရတယ်။ ကုန်ထမ်းတာလို ပင်ပန်းတာမဟုတ်ပေမယ့် သင်စကတော့ အားအရမ်းစိုက်ရတယ်။ နောက်တချိန်လုံး ခေါင်းငုံနေရတော့ အသက်ကြီးပိုင်းတွေဆို လုပ်လို့မရဘူး”လို့ မနန်းထွေးကျော်က ရှင်းပြပါတယ်။
တကယ်တော့နန်းထွေးကျော်ဟာ သင်တန်းသူတွေ လက်ရာငြိမ်တဲ့အထိ ပိတ်စအကုန်ခံသင်ပေးနေတာပါ။ သင်တန်း ကာလတစ်လစာအတွက် ပေးရတဲ့ပိတ်စတန်ဖိုးကုန်ကျငွေဟာ ၃ သိန်းကျော်ရှိပါတယ်။
ဒါပေမဲ့ သူကတော့ ဒါကိုထည့်မတွက်တဲ့အပြင် ရွာထဲက သက်ကြီးရွယ်အိုအမျိုးသမီးကြီးတွေကိုလည်း အိမ်မှာနေရင်း လူပိုတစ်ယောက်လိုမခံစားရအောင် အလုပ်အကိုင်တွေပေးထားပါသေးတယ်။
အပြင်ထွက်အလုပ်လုပ်လို့မရတဲ့အသက် ၆၀ နဲ့ ၇၀ ကြားအမျိုးသမီးကြီးတွေကို ခြုံသဘက်အရွယ်ဖြတ်ထားတဲ့ပိတ်စတွေ အနားဖွာဖို့၊ အနားကျစ်ဖို့လိုတဲ့အလုပ်တွေပေးထားပါတယ်။ ဒီအလုပ်က များစွာပင်ပန်းတဲ့အလုပ်မဟုတ်တဲ့အတွက် တနေ့ ကို ၃ ထည်လောက်ပြီးတယ်လို့ နန်းထွေးကျော်က ဆိုပါတယ်။
သို့ပေမဲ့ တချို့အမျိုးသမီးကြီးတွေက ကျန်းမာရေးနဲ့ လူမူရေးကြောင့် တစ်နေ့မှ တစ်ထည်လောက်ပြီးတဲ့သူလည်းရှိတယ်။ တစ်ထည်ကိုတော့ အနည်းဆုံးငွေ ၅၀၀ ကျပ်လောက်ရတာဖြစ်တယ်။
“မနက်ဆို သဘက်တွေလုပ်ဖို့ရှိလားဆိုပြီး ပိတ်စတွေလာယူကြ၊ ပြီးရင်အထည်တွေပြန်လာပေးကြနဲ့ ငွေရှင်းတော့လည်း သူတို့အပျော်တွေကို ကျနော်ထပ်တူခံစားရတယ်။ အဲဒါနဲ့ပဲ ဆက်လုပ်ဖြစ်နေတာပေါ့”လို့ သူက ပြောပါတယ်။
ပန်းထိုးတာဖြစ်ဖြစ်၊ ခြုံသဘက်လုပ်ရင်ဖြစ်ဖြစ် သပ်သပ်ရပ်ရပ်မဖြစ်တဲ့အထည်တွေ၊ ပန်းထိုးထားတဲ့အခြေအနေနဲ့ ဒီဇိုင်း ဆွဲတာတွေကိုတော့ နန်းထွေးကျော် ရုံးကပြန်ရောက်တဲ့ညပိုင်းတွေမှ ပြင်ဆင်စီစစ်ရပါတယ်။
ဗိသုကာဖြစ်ဖို့ ငယ်စဉ်ကတည်းက အိပ်မက်ဖြစ်သလို ပန်းထိုးအလုပ်ကိုလည်း ချစ်လို့လုပ်နေတဲ့မနန်းထွေးကျော်ဟာ ချည်ပန်းထိုးတင်မဟုတ်ဘဲ ရွှေချည်ထိုးနဲ့ ထူးခြားဆန်းသစ်တဲ့ထုတ်ကုန်တွေဆက်ထုတ်ဖို့ ရည်ရွယ်ထားပါတယ်။
လက်ရှိမှာ သူတို့ထုတ်ကုန်တွေကို ရန်ကုန်မြို့မှ အများဆုံးဝယ်ယူနေတာဖြစ်ပြီး ကျန်တာတွေကတော့ သီးသန့်မှာယူတဲ့ အပ်ထည်တွေများတယ်လို့ နန်းထွေးကျော်က ပြောပါတယ်။
အရင်း ၄၀၀၀ ကျပ်လောက်ရှိတဲ့ခြုံသဘက်တစ်ထည်ကို ၅၅၀၀ ကျပ်နဲ့ဖောက်သည်ပေးရတဲ့အတွက် သူ့အတွက် အမြတ် ငွေဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမဲ့သူအခုလိုရပ်တည်နိုင်တာက ဗိသုကာအလုပ်မှရတဲ့လစာနဲ့ပါလို့ နန်းထွေးကျော်က ဆိုပါတယ်။
ဒါ့အပြင် သူ့ရည်ရွယ်ချက်က ရွာထဲက မိန်းကလေးတွေကို အလုပ်ပေးချင်တာနဲ့ လက်မှုပစ္စည်းတွေကို ဈေးသက်သက်သာ သာနဲ့ ရောင်းချင်တဲ့ဆန္ဒရှိတာကြောင့် အခုလုပ်ငန်းကို ဆက်လုပ်ဖြစ်နေတာလို့ ပြောပါတယ်။
လူအား၊ အချိန်အား၊ ငွေအား စိုက်ထုတ်ပြီး ရွာထဲကမိန်းကလေးတွေကို အလုပ်ပေးရတဲ့အတွက် ပြန်ရတဲ့သူရဲ့ပီတိကို တော့ နန်းထွေးကျော်က အခုလိုရင်ဖွင့်ပြောထားပါတယ်။
“အဓိကက သူတို့ကိုလုပ်ငန်းမပြတ်ပေးနိုင်ဖို့၊ ကျနော်ဖန်တီးချင်တဲ့ဒီဇိုင်းတွေ ဖန်တီးနိုင်ဖို့ပါ။ အဲ့နှစ်ချက်ကို ဦးတည်ပြီး သွားနေတာပါ။ ဒီအလုပ်နဲ့ တခြားနေရာမှာ သူတို့လုပ်စားနိုင်မယ်ဆိုရင် ကျနော်သင်ပေးတာအမြတ်ပဲပေါ့”