Home ဆောင်းပါး ကူရာမဲ့နေတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသက တောင်သူတွေ

ကူရာမဲ့နေတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသက တောင်သူတွေ

Honest Information (HI) ။ ။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဆီဆိုင်မြို့နယ်မှာရှိတဲ့ တောင်သူတွေဆီကို ဇွန်လ ၂ ရက်နေ့မှာ သတင်းဆိုးတစ်ခု ရောက်ရှိလာခဲ့ပါတယ်။

အဲ့ဒီသတင်းဆိုးကတော့ တောင်ကြီး – လွိုင်ကော်လမ်း အရှေ့ဖက်ရှိ မြေဧက ၃၀၀ မှာ အဲ့ဒီဒေသတပ်ရင်းတွေဖြစ်တဲ့ ခမရ (၄၂၃)၊ ခမရ (၄၂၄)က တိုက်မိုင်း၊နင်းမိုင်း ရှေ့ထွက်မိုင်းနဲ့ စွန့်လွှတ်မိုင်းတွေကို ခင်းကျင်းတပ်ဆင်သွားမယ်လို့ ထုတ်ပြန်ခဲ့ တဲ့ သတင်းစကားပါပဲ။

တပ်ဆင်ရတဲ့အကြောင်းရင်းကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ရန်ကိုကာကွယ်ဖို့လု့ိဆိုတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက အာဏာရှင်ကို လက်မခံကြတဲ့ ပြည်သူတွေက နည်းမျိုးစုံနဲ့ ဆန္ဒပြခဲ့ ကြပါတယ်။ ဒါကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်တာတွေကြောင့် စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့နဲ့ မိမိ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ခိုက် နေခဲ့ကြတာပါ။

ချင်းပြည်နယ် မင်းတပ်မြို့မှာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဦးနဲ့ စစ်ကောင်စီတိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ကယားပြည်နယ် မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ ပါတယ်။

ရှမ်းပြည်နယ် နယ်စပ်ဖြစ်တဲ့ ဖယ်ခုံမြို့မှာလည်း အပြန်အလှန် တိုက်ခိုက်လာပါတယ်။ ဒါကြောင့် နယ်မြေခြင်းနီးစပ်နေတဲ့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ တပ်တွေက မိုင်းတွေနဲ့ ကာကွယ်ဖို့ ပြင်ဆင်လာတာပါ။

သူတို့ မိုင်းတွေတပ်ဆင်ထားတဲ့မြေနေရာဟာလည်း တောင်သူတွေအတွက် လုပ်ငန်းလုပ်ကိုင်နေတဲ့နေရာ ၊ ဖြတ်သန်းသွား လာတဲ့နေရာဖြစ်နေတာပါ။ ဒါ့အပြင် အဲ့ဒီမြေနေရာတွေအတွက် တောင်သူတွေကို စစ်တပ်က တရားစွဲထားတာလည်း အခု ထိ အမှုရင်ဆိုင်နေရတုန်းပါပဲ။

၂၀၂၀ ခုနှစ်က ကိုဗစ်-၁၉ကပ်ရောဂါ ကူးစက်မှု ဖြစ်ပွားနေတဲ့အချိန်မှာပဲ အဲ့ဒီပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ နယ်မှာ စစ်တပ်က တောင်သူတွေရဲ့ ဘိုးဘွားပိုင်မြေနေရာတွေဖြစ်တဲ့ တောင်ကြီ- လွိုင်ကော်လမ်း အရှေ့ဖက်က မြေဧက ၃၀၀ သိမ်းဆည်းပြီး လမ်းအနောက်ဖက်ရှိ မြေဧကပေါင်း ၁,၈၀၀ ခန့်ကိုပါ သိမ်းဆည်းလိုက်ပါ တယ်။

အသက်မွေးဝမ်းကြောင်း ပြုလုပ်နေတဲ့ မြေယာတွေကို သိမ်းဆည်းလိုက်ပြီး တောင်သူ ၇၁ ဦး တရားစွဲခံထားရပါတယ်။ လက်ရှိလည်း အမှုရင်ဆိုင်နေရတာ တစ်နှစ်ကျော်ရှိပါပြီ။ တချို့ဆို သားသမီးတွေကို ကျောင်းထားဖို့ အဆင်မပြေတော့ တာ ကြောင့် မိဘတွေနဲ့ဝေးရာ ရန်ကုန်မှာရှိတဲ့ ပရဟိတကျောင်းတွေကို ပို့လိုက်ရတဲ့အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ယခင်ကိုဗစ်-၁၉ ရောဂါ ထိုးနှက်မှုကတစ်ဖက် တောင်သူတွေရဲ့ အသက်မွေးဝမ်းကြောင်း မြေယာတွေ သိမ်းဆည်းတာ ထပ်ဆင့်လို့ အခုဆိုရင် မိုင်းတွေထောင်မယ်ဆိုတာကြောင့် လူတွေဖြတ်သွားဖြတ်လာလုပ်ဖို့နဲ့ လုပ်ကိုင်စားသောက်ဖို့ တောင် မလွယ်တဲ့အခြေအနေကို ရောက်ရှိလာတာပါ။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်ကလည်း တောင်သူတွေရဲ့မြေယာပြဿနာကို အရေးပေးဖြေရှင်းပေးခဲ့တာ မရှိဘူးလို့လည်း တောင်သူတွေက ဆိုပါတယ်။

မိုင်းထောင်မယ့်အကြောင်း ထုတ်ပြန်ချက်ကို ကျေးရွာသူကြီးက ရွာမှာဆော်သြတဲ့အခါ အသက် ၆၀ ကျော်အရွယ် သားသမီးလေးယောက်ရဲ့မိခင်မွိုးသန်းဟာ ကြားကြားချင်း ချက်ချင်းဆိုသလို မျက်လုံးပြူးကာ ရင်တုန်ပန်းတုန်နဲ့ လန့်ဖြန့် သွားပါတယ်။

မိုင်းတွေထောင်မှာဖြစ်ပြီး အဲ့ဒီ တားမြစ်ဧရိယာထဲကို လူ၊ တိရိစ္ဆာန်များ ဖြတ်သန်းသွားလို့ ထိခိုက်နစ်နာမှု ပေါ်ပေါက်ပါက တာဝန်ယူဆောင်ရွက်ပေးမှာ မဟုတ်ကြောင်းလည်း စစ်တပ်ကဆိုထားပါတယ်။

မွိုးသန်းတို့က ခြံထွက်သီးနှံတွေကို ရောင်းချနိုင်ဖို့ အဲဒီမြေနေရာတွေကနေ ဖြတ်သန်းသွားလာနေရသလို သူ့ရဲ့နေအိမ်က လည်း အဲဒီမြေယာရဲ့ မြောက်ဖက်ကပ်ရပ်မှာ တည်ရှိနေပါတယ်။

မွိုးသန်းနဲ့ သမီးအကြီးက မုန်ညှင်း ၊ သခွားသီး၊ ဂျူးမြစ်စတဲ့ ခြံထွက်သီးနှံတွေကိုခူးကာ ဆီဆိုင်မြို့မဈေးမှာ အပတ်စဉ် တိုင်းလိုလို သွားရောက် ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုနေတာပါ။

အဲဒီမြေယာထဲမှာ တောင်သူတွေက ကျွဲ၊ နွား ကျောင်း တာမျိုးတွေရှိသလို ကျွဲ၊ နွားစာတွေ သွားရိတ်တာမျိုးတွေ လုပ်ပါ တယ်။ ဒါ့အပြင် ဈေးသွားတဲ့အခါ တောင်ယာခြံကို သွားတဲ့အခါတွေမှာ ဖြတ်သွား ဖြတ်လာလုပ်ကြပါတယ်။

မွိုးသန်းတို့ ခြံထွက်သီးနှံတွေကို သွားရောင်းလျှင် တခါကိုနှစ်သောင်း သုံးသောင်းလောက်ရပါတယ်။ မိုင်းထောင်မယ်လို့ ကြားတဲ့နောက်ပိုင်းမှာ သူတို့ မသွားရဲ မလာရဲတော့ပါဘူး။ ခြံထွက်သီးနှံတွေလည်း မရောင်းရတော့ ဝင်ငွေလည်း အရင်လို မရတော့ပါဘူး။ တချို့သီးနှံ မုန်ညှင်းတွေဆိုရင် မလှမပဖြစ်တော့ ရောင်းလို့မရတာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“ သွားခဲ့ရင် နင်းများနင်းမိမှာလား မသွားရဲဘူး ။ ဈေးလည်းမရောင်းရဲဘူး။ ကုန်ဈေးနှုန်းကလည်းတက်တော့ အဆင်မပြေ ဘူး။ ဝင်ငွေကမရှိ ထွက်ငွေကများတယ်”လို့ သူက ဆိုပါတယ်။

အခုရက်ပိုင်းတော့ ဈေးသွားမရောင်းရင် မိသားစု အသုံးစရိတ်တွေအတွက် မလုံလောက်မှာစိုးတဲ့အတွက် သမီးအကြီးက အရဲစွန့်ပြီး ဈေးသွားရောင်းပါတယ်။ မွိုးသန်းကတော့ သမီးကြီး လမ်းခရီးမှာ အဆင်ပြေပါ့မလား ၊ တစ်ခုခုများ ဖြစ်နေမလား ဆိုပြီး ရင်တမမနဲ့ သမီးရဲ့ အိမ်အပြန်လမ်းကို မျှော်နေရပါတယ်။

“ ဈေးသွားရောင်းပြီဆို သူမပြန်မရောက်မချင်း ဘာမှလုပ်လို့ မရဘူး။ စိတ်နဲ့လူနဲ့ မကပ်ဘူး။ တခုခုများဖြစ်မှာလား အဆင် ပြေနေရဲ့လားဆိုပြီး စိတ်ပူတယ် စိုးရိမ်တယ်” လို့ မွိုးသန်းက ဆိုပါတယ်။

သမီးဘေးကင်းကင်းနဲ့အိမ်ပြန်ရောက်တဲ့အခါမှသာ ရင်ထဲက ပေါ့ပါးပြီး နေလို့ကောင်းသွားတယ်လို့လည်း သူက ဆက်ဆို ပါတယ်။

ထိုရွာမှာ နှစ်ပေါင်း ၆၀ ကျော် နေလာတဲ့ မွိုးသန်းတို့ ဗုံးထောင်တာ မိုင်းထောင်တာ တခါမှ မကြားဖူးသလို ကြုံလည်း မကြုံဖူးပါဘူး။ ဗုံးတို့မိုင်းတို့ဆိုတာ တခါမှလည်း မမြင်ဖူးပါဘူး။ ကိုယ့်ဆီကိုအနီးကပ်ရောက်လာလိမ့်မယ်လို့ လုံးဝမျှော်လင့် မထားဘူးလို့လည်း ဆိုပါတယ်။

“ ဒီအသက်အရွယ်ထိ ဒါကိုပထမဆုံးကြားဖူးတယ်။ ကြုံဖူးတယ်။ ကြောက်လည်းကြောက်တယ်။ နေရထိုင်ရတာ မကောင်း ဘူး ”

ည ခြောက်နာရီ ကျော်ပြီဆိုတာနဲ့ အပြင်မထွက်ရဲတော့သလို မီးတွေကို အကုန်ပိတ်ပြီး မှောင်မှောင်မဲမဲအိပ်ရတယ်လို့လည်း ဆိုပါတယ်။ ကိုယ့်အိမ်များ မီးရှို့ခံရမလားဆိုတဲ့ အတွေးတွေနဲ့ မွိုးသန်းတစ်ယောက် အိပ်လို့လည်း မပျော်ပါဘူး။

“ မီးတွေအကုန်ပိတ်တယ်။ မီးဖွင့်ထားရင် လူရမ်းကားတွေ လူစိမ်းတွေအိမ်ပေါ်ကို တက်လာပြီးဖမ်းမှာကြောက်တယ် ” လို့ မွိုးသန်းက ဆိုပါတယ်။

ဒီလို မိုင်းတွေထောင်မှာလို့ ပြောထားတာကြောင့် သွားရေးလာရေး မလွတ်လပ်တော့သလို ကြောက်စိတ်ဖြစ်နေရတဲ့အထဲ မှာ အသက် ၂၃ နှစ် အရွယ်ရှိတဲ့ မအေးမော်တို့ မိသားစုလည်း အပါအဝင်ပါ။

မအေးမော်တို့ မိသားစုကတော့ ပြောင်းစိုက်ပျိုးရေးကို အဓိကလုပ်ကိုင် စားသောက်ကြပါတယ်။ ယခင်ကတော့ မအေးမော် တို့က သူငယ်ချင်းတွေနဲ့ ကျောမှာ ပလိုင်းလေးလွယ် ပခုံးပေါ်မှာတော့ ပေါက်ပြားလေးထမ်းပြီး အုပ်စုလိုက် ပျော်ပျော်ပါးပါး နဲ့ ခြံကိုသွားနေကြပါ။

ဒါပေမယ့် မိုင်းတွေ တပ်ဆင်သွားမယ်လို့ ကြားပြီးနောက်ပိုင်း မအေးမော်က ရင်တွေတုန်ပြီး လန့်နေခဲ့ပါတယ်။ ကယားမှာ ဖြစ်သလိုမျိုး ဖြစ်လာတော့မှာလား တောထဲတောင်ထဲ ပြေးရတော့မှာလားဆိုပြီး စိတ်ပူကာ ကြောက်နေခဲ့ပါတယ်။

သူငယ်ချင်းတွေနဲ့အရင်ကလို ပျော်ပျော်ပါးပါး မသွားလာရဲတော့ပါဘူး။ မိုင်းတွေ တပ်ဆင်မယ့် မြေယာထဲကို ဖြတ်သွားရ တဲ့ အတွက်ကြောင့်ပါ။

“ ခြံသွားတဲ့လမ်းမှာ အိတ်အမဲတွေ့ရင် ရှောင်ရတာနဲ့ သစ်ကိုင်းကျိုးတောင် မနင်းရဲဘူး။ လမ်းကိုပဲ အာရုံစိုက်ပြီး သွားနေ ရတယ် ။ ခေါင်းတောင် မဖော်ရဲဘူး။ နင်းမိမှာ အရမ်းကြောက်တယ်” ဟု မအေးမော်က ပြောပါတယ်။

“ သစ်ရွက်ခြောက် မြင်တာတောင် မနင်းရဲဘူး။ လုံခြုံတယ်လို့ မခံစားရဘူး”

ယခုလို အခြေအနေကြောင့် လမ်းပေါ်မှာလည်း တိတ်ဆိတ်နေပါတယ်။ သွားလာတဲ့အခါမှာလည်း တစ်ယောက်တည်း မသွားရဲကြတော့ပါဘူး။ တချို့တောင်သူတွေဆိုလျှင် မသွားရဲမလာရဲတာကြောင့် စိုက်ခင်းတွေထဲ မြေသြဇာထည့်ရမယ့် အချိန်ရောက်နေတာတောင် မလုပ်ရဘဲ ခြံတွေ ပစ်ထားရတယ်လို့လည်း ဆိုပါတယ်။

တချို့ဆိုလျှင် ကျွဲ၊ နွား ဘယ်နား သွားကျောင်းရမှန်း မသိတဲ့အပြင် ကျွဲစာ၊ နွားစာ ဘယ်နားသွားယူရမှန်းမသိတာကြောင့် ကျွဲ ၊ နွားတွေကို ပြန်ရောင်းနေရတဲ့သူတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

“ မရောင်းရင်လည်း ကျွဲဝင်ရင် နင်းမိရင်လည်း အလကားသေသွားတာပဲ အဖတ်တင်တယ်ဆိုပြီး ရောင်းကြတာလည်း ရှိတယ်” လို့ မအေးမော်က ဆိုပါတယ်။

မအေးမော်ကဒေသခံတွေ အန္တရာယ်ကင်းစေဖို့ “ ပအိုဝ်းလူကြီး ခေါင်းဆောင်တွေကို ရွာထဲထိ လာရောက်ပြီး မြေမြုပ်မိုင်း အန္တရာယ်ကနေ လွတ်ဖို့ ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုလုပ်လို့ ရတယ်ဆိုတာကို လာရောက် ပြောပြစေ ချင်တယ်” လို့ သူ့ရဲ့ ဆန္ဒကို ပြောပြပါတယ်။

ဒါပေမယ့် တပ်ကမိုင်းထောင်နေတာကို ပအိုဝ်းလူကြီး ခေါင်းဆောင်တွေက အခုထိ ဒေသခံတွေကို လာရောက် ကာကွယ် ပြောဆိုတာတွေ မရှိသေးပါဘူး။ လာရောက်နိုင်ဖို့လည်း မသေချာသေးတဲ့အခြေအနေဖြစ်နေပါတယ်။ ဘာလို့လည်း ဆိုတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ အာဏာဟာ ပြက်ပျယ်သွားခဲ့လို့ပါပဲ။

၂၀၀၈ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်ဆိုပြီး သုံးမြို့နယ်ပါဝင်ပါတယ်။ အဲ့ဒီအခြေစိုက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ရာနူန်းပြည့်အနိုင်ရခဲ့တဲ့အတွက် ပါတီဥက္ကဌက အစိုးရသက်တမ်း နှစ်ဆက်ဒေသဦးစီးအဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူနေတာဖြစ်ပါတယ်။

ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို စစ်ကောင်စီက ဥက္ကဌအဖြစ်ပြောင်းလဲ ခန့် အပ်ထားပါပြီ။ ဒါကြောင့် လတ်တလောမှာတော့ တောင်သူတွေဟာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကူရာမဲ့ကာ လမ်းပျောက်နေကြပါတယ်။

Related Articles