ရှင်ငြိမ်း။ ။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ အပြီးတိုင်ထွက်ခွာတာတွေ ရှိလာတဲ့အတွက် အလုပ်လက်မဲ့တွေများလာတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)ရဲ့ စာရင်းတွေအရ အာဏာသိမ်းမှုအလွန် မြန်မာ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၃၄ ခုထက်မနည်းဟာ လုပ်ငန်းရပ်ဆိုင်းတာ၊ ရောင်းချပြီးထွက်ခွာတာတွေလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆုတ်ခွာသွားတဲ့လုပ်ငန်းတွေထဲမှာ အလုပ်သမား ခုနစ်သိန်းကျော်ကို အခြေခံအလုပ်တွေပေးထားတဲ့ အထည်ချုပ်လုပ်ငန်း လည်းပါဝင်တာကြောင့် အလုပ်သမား သုံးထောင်ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အခုလို အလုပ်လက်မဲ့တွေများလာတာကြောင့် ဖြစ်လာတဲ့အကျိုးဆက်ရဲ့ရိုက်ခတ်မှုဟာ အမျိုးသမီးတစ်စုပေါ် ကြီးမားစွာ သက်ရောက်မှုဖြစ်စေခဲ့တယ်လို့ သွေးစည်းညီညွတ်သောအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(STUM)ရဲ့ ဥက္ကဌ ဒေါ်မျိုးမျိုးအေး က ပြောပါတယ်။
အမျိုးသမီးတစ်စုဆိုတာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်ရှိတဲ့အမျိုးသမီးတွေ၊ ထိခိုက်ဒဏ်ရာရထားတဲ့အမျိုးသမီး တွေနဲ့ အသက် ၃၅ နှစ်အထက်အမျိုးသမီးတွေကို ဆိုလိုတာဖြစ်တယ်။
လုပ်ငန်းရှင်တွေက ဒီလိုအမျိုးသမီးတွေဟာ သူတို့လုပ်ငန်းတွေကို အကောင်းဆုံးလုပ်နိုင်မှာမဟုတ်ဘူး။ ခွင့်ကိစ္စတွေနဲ့ အလုပ်ရှုပ်နိုင်တယ်ဆိုတဲ့အတွေးနဲ့ အလုပ်မပေးကြတာဖြစ်တယ်လို့ ဒေါ်မျိုးမျိုးအေးက ကောက်ချက်ချပါတယ်။
ဒီအမျိုးသမီးတွေဟာ သူတို့ရဲ့မူလအထည်ချုပ်လုပ်ငန်းတွေ အပြီးတိုင်ပိတ်သိမ်းသွားလို့ အလုပ်လက်မဲ့နဲ့ နောက်အလုပ် တွေကို ပြောင်းလျှောက်တဲ့အခါ ကလေးရှိလို့၊ မိခင်ဖြစ်လို့၊ မသန်စွမ်းဖြစ်လို့၊ အသက်ကြီးလို့စတဲ့အကြောင်းပြချက်တွေနဲ့ အလုပ်အကိုင်တွေမရဖြစ်နေကြတာပါ။
“ အမျိုးသမီးတွေ အသက်အရွယ်တစ်ခုရောက်လာရင် အိမ်ထောင်ပြုကြမှာပဲလေ။ အဲ့ဒီအချိန်ရောက်လို့ လုပ်ငန်းခွင်စွန့်ခွာ ရမယ်ဆိုရင်တော့ ချမှတ်ထားတဲ့မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေက ဂျန်ဒါ(gender)နဲ့ပတ်သက်တဲ့ issues (ကိစ္စရပ်) ပေါ်မှာ မမျှတဘူးလို့ ပြောရမှာပေါ့။” လို့ သူကထောက်ပြပါတယ်။
အသက် ၃၀ သာရှိသေးတဲ့ တစ်ကိုယ်တော်မိခင်(single mother) ဖြစ်တဲ့ မအေးသိန်းဆိုရင် အသက်ကြီးလို့၊ ကလေးငယ် ရှိလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်မရခဲ့တဲ့ အထည်ချုပ်အလုပ်သမားတစ်ဦးဖြစ်တယ်။
“အင်တာဗျူးခေါ်ကတည်းက အိမ်ထောင်ရှိရင်၊ ကလေးရှိရင်၊ ကိုယ်ဝန်ဆောင်ထားတဲ့လူဆို အလုပ်မပေးဘူးလို့ တစ်ခါထဲ ပြောတာ။ အဲ့တော့ကလေးအမေဖြစ်တဲ့ကျမ အလုပ်မရဘူးပေါ့။” လို့ မအေးသိန်းက ပြောပါတယ်။
မအေးသိန်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ပိတ်သိမ်းသွားတဲ့ ရန်ကုန်တိုင်း ၊ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံက အလုပ် သမားထောင်ချီရှိတဲ့ Primseng GUO (GY Sen 2) အထည်ချုပ်စက်ရုံမှာ လုပ်သက် ၁၀ နှစ်အထိ လုပ်ခဲ့သူပါ။
ယခင်ကတော့ မအေးသိန်းနဲ့ သူ့ခင်ပွန်းသည်တို့ဟာ စက်ရုံတစ်ခုထဲမှာ အလုပ်လုပ်ခဲ့ကြသူတွေဖြစ်လို့ နှစ်ယောက်ဝင်ငွေနဲ့ စုဆောင်းနိုင်တာမရှိပေမယ့် အကြွေးကင်းကင်းနေနိုင်ခဲ့ကြတယ်။
ကိုဗစ်တတိယလှိုင်းမှာ အမျိုးသားဖြစ်သူဆုံးသွားတော့ အသက်သုံးနှစ်နဲ့ ခြောက်နှစ်အရွယ်သားနှစ်ယောက်နဲ့ မအေးသိန်း ကျန်ရစ်ခဲ့ပါတယ်။ အမျိုးသားမရှိတော့ပေမယ့် အလုပ်က ဆက်လုပ်နေရတာကြောင့် စားဝတ်နေရေးမှာ များစွာမခက်ခဲခဲ့ ပါဘူး။
ဒါပေမဲ့ စက်ရုံပိတ်သွားတော့ နီးစပ်ရာအထည်ချုပ်လုပ်ငန်း ၅၀ ခု ထက်မနည်းကို အလုပ်လျှောက်၊ အင်တာဗျူးတွေဝင်ခဲ့ ပေမယ့် အခုလိုငြင်းပယ်တာနဲ့ ကြုံရကာ အလုပ်ရဖို့ အခက်အခဲဖြစ်နေရတာပါ။
မူလစက်ရုံမှာ အလုပ်လုပ်ရင်း အသက်ကြီးသွားတာအကြောင်းမဟုတ်ပေမယ့် အသက်အရွယ်တစ်ခုရမှ နောက်အလုပ်ကို ပြောင်းရမယ်ဆိုရင် သူ့လိုကလေးရှိတဲ့ မိခင်တွေအနေနဲ့ အလုပ်ရဖို့မလွယ်ဘူးလို့ မအေးသိန်းက ပြောပါတယ်။
“ ဒီအချိန်မှာ အလုပ်လိုချင်သူများတော့ လုပ်ငန်းရှင်က အလုပ်သမားကိုစိတ်ကြိုက်ခေါင်းခေါက်ရွေးတယ်။ ငယ်တဲ့သူဆို ခွင့် ကိစ္စလိုမျိုးလည်း သိပ်မရှိနိုင်လို့ အလုပ်လည်းသေချာလုပ်နိုင်မယ်ဆိုပြီး ဦးစားပေးခန့်တယ်။ နောက်သူတို့တွေကျတော့ လုပ်သက်ရင့်တွေလို လစာအများကြီးပေးဖို့မလိုဘူးလေ။” လို့ သူက ဆိုပါတယ်။
မိသားစုအတွက်ဦးဆောင်ဝင်ငွေရှာနေတဲ့မအေးသိန်းအနေနဲ့ အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါမှာတော့ သူတို့စားဝတ်နေရေး ဟာ ပိုလို့ခက်ခဲသွားခဲ့ရပါတယ်။
အလားတူပြဿနာမျိုးကို အသက် ၂၀ အရွယ်မပိုးပိုးလည်းရင်ဆိုင်နေရပါတယ်။ မပိုးပိုးကိုတော့ ယခင်အလုပ်မှာရခဲ့တဲ့ ဒဏ်ရာကြောင့် မသန်စွမ်းဖြစ်တယ်ဆိုတဲ့အကြောင်းပြပြီး လုပ်ငန်းရှင်တွေကအလုပ်မပေးတာပါ။
“ အင်တာဗျူးဖြေတိုင်း ကျမကိုမသန်စွမ်းမို့ အလုပ်မခန့်ဘူးလို့ အဲ့လိုတည့်တိုးပြောတာ။ အများနဲ့တန်းတူလုပ်နိုင်ပါတယ် ပြောလည်းလက်မခံဘူး။ ကြာတော့အင်တာဗျူးဖြေရမှာကြောက်လာတယ်။” လို့ မပိုးပိုးကပြောပါတယ်။
မပိုးပိုးဟာ ယခင်က ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Uniqlo စက်ရုံမှာ Iron worker အဖြစ် သုံးနှစ်ကြာအလုပ်လုပ်ခဲ့ပါတယ်။ အဲ့ဒီမှာအလုပ်ဝင်ပြီး တစ်နှစ်လောက်အကြာ မီးပူဖိစက်အသုံးပြုရာမှ သူ့ဘယ်ဘက်လက် ဖိစက်ညှပ်မိပြီး ထိခိုက်ဒဏ်ရာရခဲ့ တာဖြစ်တယ်။
ဒဏ်ရာကြောင့် သူရဲ့ဘယ်ဘက်လက်ချောင်းလေးတွေက ကွေ့ကောက်နေကာ မီးပူကပ်မိထားတဲ့လက်ဖမိုးမှာလည်း အဖြူ ကွက်လို အမာရွတ်ကြီးကျန်နေခဲ့တာပါ။
စက်ရုံက ဆေးကုသပေးသလို ဆေးကုနေစဉ်မှာလည်း လစာပေးထားပြီး ဒဏ်ရာပျောက်တဲ့အခါမှာလည်း သူ့လုပ်ကိုင်လို့ အဆင်ပြေမယ့်နေရာမှာ အလုပ်ပြန်ခန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပိုးပိုးစက်ရုံက ပြီးခဲ့တဲ့မတ်လမှာ မြန်မာနိုင်ငံက အပြီးထွက် သွားခဲ့လို့ အလုပ်လက်မဲ့ဖြစ်ခဲ့ရသူပါ။
ဒါ့ကြောင့် အလုပ်သစ်တွေကို ထပ်လျှောက်ပြီး အင်တာဗျူးဝင်တဲ့အခါမှာ အခုလိုပြဿနာတွေနဲ့ကြုံရတာဖြစ်တယ်။
မပိုးပိုးဟာ ဧရာဝတီတိုင်းဒေသကြီး၊ ပြင်စလူကျေးရွာဇာတိဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်ကိုရောက်လာပြီး အထည်ချုပ်လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ကာ မိသားစုကိုထောက်ပံ့ပေးနေသူဖြစ်တယ်။
အသက်အရွယ်ကြီးပြီး ကျန်းမာရေးမကောင်းတဲ့ မိဘတွေကလည်း တစ်ဦးတည်းသောသမီးဖြစ်သူပိုးပိုးရဲ့ ထောက်ပံ့မှုနဲ့ စားသောက် နေထိုင်နေရတာပါ။
ပိုးပိုးအနေနဲ့ စက်ရုံပိတ်သွားတော့ အလုပ်လက်မဲ့ဖြစ်သွားသလို နောက်အလုပ်ကလည်း ရှာဖို့ခက်ခဲနေတာကြောင့် မိဘ တွေကို ထောက်ပံ့တဲ့အပိုင်းမှာ အတော်လေးခက်ခဲသွားပါတယ်။
သူ့အနေနဲ့ ရတဲ့အခြေအနေထိ တောင့်ခံသွားမှာဖြစ်ပေမယ့် မခံနိုင်တော့တဲ့အဆုံးမှာတော့ ဘယ်လိုအလုပ်နေနေဝင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။
သူတို့နည်းတူ နောက်အလုပ်တစ်ခုပြောင်းရမှာအခက်အခဲရှိနေသူကတော့ ကိုယ်ဝန်သုံးလသာရှိသေးတဲ့အသက် ၂၃ နှစ် အရွယ် မငြိမ်း(အမည်လွှဲ)ပါ။
“ အင်တာဗျူးမှာအိမ်ထောင်ရှိလား၊ ကလေးရှိလား၊ ရည်းစားရှိလားမေးတယ်။ ရှိတယ်ပြောရင် အဲလိုတွေမခန့်ဘူးတဲ့။ ညီမ စက်ရုံ လေးရုံလောက် ပြောင်းလျှောက်ဖူးတယ်။ အဲ့အတိုင်းပြောတယ်။ ညီမကိုယ်ဝန်ရှိပေမယ့် လနုသေးတယ်။ လုပ်နိုင်ပါ တယ်။ အသက်လည်းမကြီးသေးပါဘူး။” လို့ မငြိမ်းက ပြောပါတယ်။
မငြိမ်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ပိတ်သိမ်းခဲ့တဲ့ရန်ကုန်မြို့၊ ရွေပြည်သာ၊ ဝါးတရာစက်မှုဇုံက GTIG အထည်ချုပ်စက်ရုံက လုပ်သက် ခုနစ်နှစ်နီးပါးရှိတဲ့အထည်ချုပ်အလုပ်သမားတစ်ဦးပါ။
သူတို့စက်ရုံက အပြီးတိုင်ပိတ်သိမ်းသွားလို့ တခြားအလုပ်ကိုပြောင်းလျှောက်ရာမှာ အခုလိုအလုပ်မခန့်တဲ့ပြဿနာနဲ့ ရင် ဆိုင်နေရတာဖြစ်တယ်။ သူအလုပ်မရတဲ့အပေါ်မှာ အများကြီးမစိုးရိမ်ပေမယ့် သူ့အမလိုဖြစ်မှာကိုတော့ မငြိမ်းက တွေးပူနေ ပါတယ်။
“ အမလည်း သူ့မီးဖွားခါနီးမှာ အလုပ်ရှင်ထွက်ပြေးသွားလို့ လစာသုံးလစာမရဘူး။ ကိုယ်ဝန်ဆောင်မီးဖွားစရိတ်ပါ မရတော့ အဲဒီစိတ်နဲ့ မီးမဖွားနိုင်ဖြစ်ပြီး သေသွားတယ်လေ။” လို့ မငြိမ်းက ပြောပါတယ်။
မငြိမ်းတို့လင်မယားနှစ်ယောက်ဟာ ရန်ကုန်ဇာတိတွေဖြစ်ပြီး အမျိုးသားကတော့ ဆန်ဂိုဒေါင်တစ်ခုရဲ့မန်နေဂျာပါ။
မငြိမ်းရဲ့မိဘတွေက အဆင်ပြေပေမယ့် အတူနေယောက္ခမတွေကနွမ်းပါးတဲ့အတွက် သူတို့ လင်မယားနှစ်ယောက်ရဲ့ ဝင်ငွေ အပေါ်မှာမှီခိုနေရတာပါ။
စက်ရုံပိတ်သိမ်းသွားလို့ မငြိမ်းအလုပ်လက်မဲ့ဖြစ်နေချိန်မှာ အမျိုးသားကလည်း လေငန်းရောဂါနဲ့ ဆေးရုံတက်ကုသနေရ တာကြောင့် ပိုလို့အခက်အခဲဖြစ်သွားခဲ့ရတယ်။
“ ဒီအချိန်မှာ ကျားကိုက်ကိုက်၊ ဆင်ကိုက်ကိုက် ဇွတ်တိုးဝင်လုပ်ရမှာပဲ။ အဲ့ဒါမှမရသေးရင် အလွယ်လမ်းလိုက်ရမှာပေါ့။” လို့ မငြိမ်းက ပြောပါတယ်။
အလုပ်လက်မဲ့ဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ နောက်ထပ်အလုပ်သစ်ကို လျှောက်လို့မရတာ၊ အခုလိုငြင်းပယ် ခံရတာတွေကြောင့် တခြားသူတွေထွက် ပိုမိုနစ်နာရတဲ့အကြောင်းအရင်းဖြစ်လို့နေပါတယ်။
“ အသက်အရွယ်တစ်ခုရောက်လာလို့ လုပ်ငန်းခွင်ထဲက အမျိုးသမီးတွေအားလုံး လုပ်ငန်းခွင်ကို စွန့်ခွာသွားရမယ်ဆိုလို့ရှိရင် ဘယ်လိုမှထောင်စုနှစ်ရည်မှန်းချက်မှာ မျှော်လင့်ထားရတဲ့အမျိုးသမီး၊ အမျိုးသားတန်းတူအခွင့်အရေးဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။” လို့ STUM ဥက္ကဌ ဒေါ်မျိုးမျိုးအေးက သတိပေးပါတယ်။
“ ၂၀၃၀ ရောက်ရင် အမျိုးသမီး၊ အမျိုးသားက တန်းတူဖြစ်နေရမယ်။ တန်းတူဖြစ်မယ်ဆိုတာက အမျိုးသမီးတွေရဲ့လုပ်နိုင် စွမ်းရည်ပေါ့။ လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးတွေရှိနေဖို့ ဒါကိုလည်းထည့်သွင်းစဉ်းစားပေးဖို့လိုတယ်။”လို့ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
မိခင်တစ်ယောက်ဖြစ်တဲ့ မအေးသိန်းကလည်း အမျိုးသမီးတစ်ယောက်က အိမ်ထောင်ကျတာနဲ့ ကလေးမွေးတာနဲ့ အလုပ် မလုပ်နိုင်တော့ဘူးဆိုတဲ့အမြင်က ဒီနိုင်ငံမှာ ပုံသေနည်းလိုဖြစ်နေပြီး ဒီခေတ်မှာ ဒီအမြင်မျိုးတွေမရှိသင့်တော့ဘူးလို့လည်း ပြောပါတယ်။
အကြောင်းကတော့ ဒီကာလမှာ ကုန်ဈေးနှုန်းနဲ့ လစာရရှိမှုက အရမ်းကွာဟတာကြောင့် အိမ်ရှိလူကုန်အလုပ်ထွက်လုပ်မှ စားသောက်နေထိုင်နိုင်တာကြောင့်ပါ။ ဒါ့ကြောင့်သူတို့ကို တခြားသူတွေနည်းတူအလုပ်ပေးသင့်ကြောင်း မအေးသိန်းက အခုလို ဆိုတယ်။
“ကျမတို့မှာ အလုပ်လုပ်နိုင်တဲ့စွမ်းရည်တွေအပြည့်ရှိနေလို့ တခြားသူတွေနည်းတူ အလုပ်တွေပေးဖို့ တောင်းဆိုချင်တယ်”