ရှင်ငြိမ်း။ ။
အင်အားပြင်း မိုခါမုန်တိုင်းကြောင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေတဲ့ချင်းစစ်ရှောင်စခန်း လေးခုပျက်စီး ခဲ့ရသလို လူနေအိမ် ၁၀၀ လောက်ပျက်စီးသွားတယ်လို့ Matupi Chin Refugee Community (MCRC) က ထုတ်ပြန်ထား ပါတယ်။
ချင်းပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံလေးသောင်းကျော်ဟာ ချင်း- အိန္ဒိယနယ်စပ်က အိန္ဒိယအစိုးရဆောက်ပေး ထားတဲ့စစ်ရှောင်စခန်း ၁၀ ခုမှာ စစ်ဘေးရှောင်နေရတာဖြစ်တယ်။
စစ်ရှောင်စခန်းထဲက လူနေအိမ်တွေ ပျက်စီးသွားတဲ့အထဲမှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်ကနေ စစ်ရှောင်လာတဲ့အသက် ၄၅ နှစ်အရွယ်ဒေါ်ဂလိုရီရဲ့နေအိမ်လေးလည်းပါသွားခဲ့တယ်။
မုန်တိုင်းကြောင့် သူတို့စခန်းထဲက လူနေအိမ် အလုံး ၃၀ ပျက်စီးခဲ့ရပြီး လူဦးရေ ၁၀၀ လောက်ဟာ အစားအစာပြတ်လပ်မှု နဲ့ ကြုံနေရတယ်လို့ ဒေါ်ဂလိုရီက အခုလိုပြောပါတယ်။
“ရှိတာတွေကိုတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို မျှကျွေးရတော့ လူလတ်ပိုင်းအများစုက မစားဘဲရေသောက် နေရတာများတယ်။ ကျမဆိုထမင်းမစားရတာ သုံးရက်လောက်ရှိပြီ။ ခုအရမ်းပဲဆာလောင်နေပြီလေ။ လူကအားပြတ်ချင် သလိုမူးဝေနေတယ်။”
လောလောဆယ်မှာတော့ စားသောက်ဖို့ စားနပ်ရိက္ခာအရေးတကြီးလိုအပ်နေသလို မကြာမီမိုးကာလရောက်တော့မှာဖြစ်လို့ နေအိမ်တွေပြန်ဆောက်ဖို့လည်း လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
ဒေါ်ဂလိုရီတို့မိသားစု ခြောက်ယောက်ဟာ ရွာသားတွေနဲ့အတူ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်က ကာနာန်းစစ်ရှောင်စ ခန်းမှာ ခိုလှုံနေတာ တစ်နှစ်ကျော်ရှိပါပြီ။ ဒီစခန်းမှာ ချင်းပြည်နယ်ကနေ စစ်ရှောင်လာတဲ့လူဦးရေ ၆၀၀ လောက်ခိုလှုံနေတာ ဖြစ်ပြီး အများစုကတော့ မတူပီကနေ စစ်ရှောင်လာသူတွေဖြစ်တယ်။
မုန်တိုင်းကြောင့် မြေပြိုမှုဖြစ်ရာမှာ ဒေါ်ဂလိုရီရဲ့အိမ်လေးပါသွားခဲ့တာကြောင့် အိမ်အပြင် မြေနေရာပါ ဆုံးရှုံးသွားခဲ့ရတာပါ။ လတ်တလောမှာ အကူအညီတွေမရသေးတာကြောင့် နေထိုင်စားသောက်ဖို့ ဘုရားကျောင်းကိုမှီခိုနေရတာဖြစ်တယ်။
“ လူ ၃၀ လောက်ပဲနေလို့ရတဲ့ဘုရားကျောင်းမှာ လူတစ်ရာလောက်နေနေကြတော့ အိပ်ရင်တစ်ယောက်နဲ့တစ်ယောက် ပူးကပ်ပြီးအိပ်ရတယ်။ စားစရာကျတော့လည်း ဘုရားကျောင်းကကျွေးတာဝေမျှစားရတာပေါ့။ အစစအရာရာ ကျပ်ကျပ် တည်းတည်း နေနေရတယ်။”လို့ ဒေါ်ဂလိုရီက ပြောပါတယ်။
ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ပြေးလာခဲ့ရတဲ့စစ်ရှောင်တွေဟာ စားဝတ်နေရေးအတွက် ခက်ခဲစွာရုန်းကန်နေရတဲ့ကြား မုန်တိုင်းကြောင့် နေအိမ်တွေပျက်စီးရပြီး အခုလိုအခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။
အလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့ရပ်တည်ခဲ့တဲ့ဒေါ်ဂလိုရီတို့စစ်ရှောင်စခန်းဟာ အထောက်အပံ့မရတော့တာကြောင့် အစား အစာ ပြတ်လပ်မှုနဲ့ ကြုံနေကြရတာ လေးလကျော်ရှိနေတာပါ။
စစ်အာဏာသိမ်းမှုကြောင့် ဒေသတွင်းတိုက်ပွဲတွေဖြစ်လာတဲ့အတွက် ချင်းပြည်နယ်ဒေသခံတွေဟာ နယ်နမိတ်ခြင်းထိစပ် နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို စစ်ရှောင်တွေအဖြစ်နဲ့ သူတို့တွေရောက်လာခဲ့ကြတာပါ။
အိန္ဒိယအစိုးရက မီဇိုရမ်ပြည်နယ်အတွင်း တိမ်းရှောင်လာတဲ့မြန်မာစစ်ရှောင်တွေ နားခိုနိုင်ဖို့ တာလပါတ်အမိုး၊ ဝါးထရံကာ ပြီး ယာယီတဲငယ်လေးတွေ ဆောက်လုပ်ပေးခဲ့လို့ နေစရာရခဲ့ကြတယ်။
နောက်သန့်စင်ခန်းတွေ၊ ရေသိုလှောင်လို့ရမယ့်ပစ္စည်းတွေ၊ အဝတ်အစားတွေနဲ့ စားနပ်ရိက္ခာတွေကအစ ကူညီပေးခဲ့သလို INGOs & LNGOs တွေနဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးရေး၊ Community based Organizations တွေကလည်း ၂၀၂၂ ခုနှစ်အကုန် ထိ နှစ်နှစ်တိုင်တိုင်ထောက်ပံ့ပေးခဲ့တာကြောင့် စစ်ရှောင်တွေရဲ့စားသောက်ရေးဟာ အခုလောက်မခက်ခဲခဲ့ပါဘူး။
ဒီထောက်ပံ့မှုတွေဟာ ၂၀၂၃ ခုနှစ်၊ လဆန်းပိုင်းစလို့ လုံးဝရပ်တန့်သွားတာကြောင့် ဒေါ်ဂလိုရီတို့စစ်ရှောင်စခန်းနဲ့အတူ စခန်းတချို့လည်း စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာဖြစ်တယ်။
စစ်ပြေးလာကတည်းက စစ်ရှောင်အများစုဟာ မီဇိုရမ်ပြည်နယ်ထဲမှာ လုပ်ခအနည်းငယ်သာရတဲ့နေ့စားအလုပ်တွေမှာ ဝင် ရောက်လုပ်ကိုင်ပြီး မိသားစုဝမ်းစာကို ဖြည့်နေကြရတာပါ။
အထူးသဖြင့် အမျိုးသမီးတွေဆိုရင် အဝတ်လျှော်၊ ကလေးထိန်း၊ သန့်ရှင်းရေး၊ ဈေးဝယ်စတဲ့အလုပ်တွေအပြင် ပင်ပန်းတဲ့ ပန်းရံအလုပ်တွေမှာပါ ဝင်လုပ်ကိုင်နေရတာဖြစ်တယ်။
“ စစ်ရှောင်တွေဆိုရင် အနှိမ်ခံရတယ်။ အလုပ်ကျတော့ အတူတူလုပ်ရပြီး လုပ်ခကျတော့လျော့ပေးတယ်။ တနေကုန်ပင်ပင် ပန်းပန်းလုပ်လို့မှ မိသားစုစားလောက်အောင်တောင်မရဘူး။ စားဖို့လိုတော့လည်း ဘာဖြစ်ဖြစ်လုပ်ရတာပဲ။”လို့ ဒေါ်ဂလိုရီက ပြောပါတယ်။
လက်ရှိမှာတော့ ကူညီမယ့်သူအလာကိုထိုင်နေလို့မဖြစ်တဲ့အတွက် ဒေါ်ဂလိုရီနဲ့ ၁၆ နှစ်အရွယ်သူ့ညီမတို့ဟာ လုပ်ခအနည်း ငယ်ရတဲ့အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်ရင်း ဝမ်းရေးဖြည့်နေရတာဖြစ်တယ်။
အလားတူ စားစရာပြတ်လပ်တဲ့အခက်အခဲနဲ့ ရင်ဆိုင်နေရသူကတော့ ချင်းပြည်နယ်၊ မင်းတပ်ကနေ မီဇိုရမ်ပြည်နယ်၊ ရှားဟာ ခရိုင်၊ တွီပန်စစ်ရှောင်စခန်းကို စစ်ရှောင်လာတဲ့ဒေါ်ဆာဆုတို့မိသားစုလည်း တွေ့ကြုံနေရတာဖြစ်တယ်။
“ ထမင်းပုံမှန်မစားနိုင်တာ လနဲ့ချီကြာပါပြီ။ ခုမုန်တိုင်းကြောင့် တောင်းစားရတော့အခြေအနေဖြစ်သွားတယ်။ ဘယ်သူမှ လည်းလာမကူဘူး။ ကျမလည်းရှေ့ဆက်တောင့်ခံနိုင်ပါ့မလားမသေချာတော့ဘူး။”လို့ အသက် ၅၄ နှစ်အရွယ်ဒေါ်ဆာဆု က ပြောပါတယ်။
မိုခါမုန်တိုင်းကြောင့် ဒေါ်ဆာဆုရဲ့နေအိမ်ပျက်စီးသွားခဲ့ရသလို ဘုရားကျောင်းပါပျက်စီးသွားခဲ့တာကြောင့် တခြားနီးစပ်ရာ ဘုရားကျောင်းမှာ သွားရောက်ခိုလှုံနေရတာဖြစ်တယ်။
လတ်တလောမှာ မုန်တိုင်းကြောင့် သိုလှောင်ထားတဲ့ရေတွေဟာ နောက်ကျိသွားပေမယ့် ဒီရေကလွဲလို့ သောက်သုံးစရာ ရေမရှိတာကြောင့် ဝမ်းရောဂါဖြစ်နေတယ်လို့လည်း ဒေါ်ဆာဆုက ပြောပါတယ်။
ဒေါ်ဆာဆုတို့ မိသားစုဝင်လေးယောက်ဟာ မီဇိုရမ်ပြည်နယ်၊ တွီပန်စစ်ရှောင်စခန်းကို ရောက်နေတာ တစ်နှစ်ကျော်ရှိပါပြီ။ ရောက်ပြီး တစ်နှစ်လောက်အထိ ထောက်ပံ့မှုအနည်းငယ်ရပေမယ့် ပုံမှန်စားသောက်နေနိုင်ခဲ့တယ်။
နောက်ပိုင်းမှာတော့ ထောက်ပံ့မှုဟာ တဖြည်းဖြည်းနဲ့လျော့ကျလာရာကနေ ၂၀၂၃ ခုနှစ်မှာတော့ အထောက်အပံ့အားလုံး လုံးဝရပ်ဆိုင်သွားတဲ့အချိန်ကစလို့ စားစရာပြတ်လပ်မှုအခြေအနေစတင်ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။
ဒေါ်ဆာဆုနဲ့ သမီးဖြစ်သူတို့ အလုပ်လုပ်လို့ရလာတဲ့ဝင်ငွေဟာ သူတို့မိသားစုဝင် လေးယောက် ပြည့်ပြည့်ဝဝမစားနိုင်ခဲ့ကြပါ ဘူး။ ဒါကလည်း စစ်ရှောင်တွေဟာ သာမာန်ဒေသခံတွေထက် အလုပ်ရဖို့ပိုခက်ခဲတာကြောင့်လည်းပါတယ်လို့ ဒေါ်ဆာဆု က ပြောပါတယ်။
အလုပ်ရဖို့ခက်ခဲတာကြောင့် ပုံမှန်ဝင်ငွေမရှိတဲ့စစ်ရှောင်တွေအနေနဲ့ ဗူးလေးရာ ဖရုံဆင့်ဆိုသလို အခက်အခဲတွေနဲ့ ပိုမို ကျပ်တည်းလာတာဖြစ်တယ်။
“ နေ့တိုင်းစားဝတ်နေရေးနပ်မှန်အောင်များကြီးရုန်းကန်နေရတာ။ မုန်တိုင်းကြောင့် အိမ်လေးပျက်သွားတော့ အိမ်ဆောက်ဖို့ လည်းပိုက်ဆံမရှိဘူး။ စားဖို့ ဆန်မရှိတော့ခေါက်ဆွဲခြောက်နှစ်ထုတ်ဝယ်ပြီး လူလေးယောက်မျှစားနေရတယ်။” လို့ ဒေါ်ဆာ ဆုက ပြောပါတယ်။
ဒေါ်ဆာဆုအမျိုးသားက လုပ်ငန်းခွင်မှာထိခိုက်ဒဏ်ရာရပြီး ခြေတစ်ဖက်မသန်စွမ်းဖြစ်နေတဲ့အတွက် အလုပ်မလုပ်နိုင်ပါ ဘူး။ သမီးဖြစ်သူမှာလည်း ငါးနှစ်သားအရွယ်ကလေးကို ဖခင်နဲ့ထားခဲ့ပြီး အလုပ်ထွက်နေတာဖြစ်တယ်။
အခုလိုစားနပ်ရိက္ခာလိုအပ်တဲ့အခက်အခဲတွေကို မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ခိုင်ဇောင်စစ်ရှောင်ဒုက္ခသည်စခန်းလည်း ကြုံနေရ တာဖြစ်တယ်။
မီဇိုယမ်ပြည်နယ်၊ လုံးလေခရိုင်၊ ခိုင်ဇောင်စစ်ရှောင်ဒုက္ခသည်စခန်းဟာ လူထောင်ဂဏန်းရှိတဲ့စစ်ရှောင် စခန်းတစ်ခုဖြစ်ပြီး မုန်တိုင်းကြောင့် ဘုရားကျောင်းနှစ်ကျောင်း၊ နေအိမ် ၅၆ လုံးပျက်စီးတဲ့အတွက် လူဦးရေ ၁၄၀ လောက်ဟာ အစားအစာရဖို့ ခက်ခဲနေကြပါတယ်။
အသက် ၇၈ နှစ်အရွယ်ဒေါ်စောက“လှောင်ထားတဲ့ရေတွေက မုန်တိုင်းကြောင့်အမှိုက်တွေဝင်နေတယ်။ ရေလည်းမဝယ်နိုင် တော့ရှိတဲ့ရေသောက်နေရတယ်။ ခုစခန်းမှာဝမ်းရောဂါတွေဖြစ်ကြတာ ကလေး၊ လူကြီးအားလုံးလိုလိုပဲ။ အချိန်မီသောက် ရေမလုပ်ပေးနိုင်ရင် ပိုဆိုးလာမယ်။”လို့ ပြောပါတယ်။
ဒေါ်စောတို့ဟာ စစ်အာဏာသိမ်းပြီး လေးလအကြာမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာဖြစ်ပွားတဲ့ဒေသတွင်းတိုက်ပွဲတွေ ကြောင့် မီဇိုယမ်ပြည်နယ်၊ လုံးလေခရိုင်၊ ခိုင်ဇောင်စစ်ရှောင်ဒုက္ခသည်စခန်းကို ရောက်လာခဲ့သူဖြစ်တယ်။
တခြားစစ်ရှောင်တွေနည်းတူ အစပိုင်း နှစ်နှစ်လောက်က ထောက်ပံ့မှုတွေကြောင့် အဆင်ပြေခဲ့ပေမယ့် ထောက်ပံ့တာတွေ ရပ်ဆိုင်းသွားတဲ့အချိန်မှာတော့ ဒေါ်စောတို့မိသားစုလည်း ဒုက္ခရောက်ခဲ့ရပါတယ်။
ဒေါ်စောနဲ့ သူ့အမျိုးသားဟာ အသက်အရွယ်ကြီးသူတွေဖြစ်လို့ လှုပ်လှုပ်ရှားရှားမလုပ်နိုင်တော့ပါဘူး။ သူတို့ကို အတူနေ သားငယ်လင်မယားနှစ်ယောက်က သူတို့ကလေးနှစ်ယောက်အပါအဝင် မိသားစု ခြောက်ယောက်ကို ရှာဖွေကျွေးမွေးနေ တာပါ။
သို့ပေမဲ့ သူတို့လုပ်တဲ့အလုပ်တွေက ပုံမှန်ဝင်ငွေမရတဲ့နေ့စားအလုပ်တွေဖြစ်တာကြောင့် ပိုလို့အခက်အခဲဖြစ်နေကြရတာပါ။ ဒီထဲမုန်တိုင်းကြောင့် သူတို့နေအိမ်လေးပျက်စီးသွားရသလို စုဆောင်းထားတဲ့ဆန်အနည်းငယ်လည်း ဆုံးရှုံးသွားခဲ့ရတယ်။
“ပါလာတဲ့ဆန်ကမျှစားရင်း၊ ချွေတာစားရင်းနဲ့ကုန်တာပဲ။ မုန်တိုင်းကြောင့် အလုပ်တွေမရှိတော့ဝယ်မစားနိုင်ဘူး။ နောက် နှစ်ရက်လောက်မှကူညီရေးတွေမလာရင်လုံးဝငတ်တော့မှာ။”လို့ ဒေါ်စောက ပြောပါတယ်။
အကယ်၍ သူတို့နဲ့ကလေးတွေမှာ ဝမ်းရောဂါတွေဖြစ်လာရင်ကုသပေးမယ့် ဆရာဝန်တွေ၊ ကျန်းမာရေးမှူးတွေမရှိမှာလည်း ဒေါ်စောက စိုးရိမ်ပူပန်နေပုံရပါတယ်။
ဒါ့အပြင် မကြာမီလည်း မိုးတွင်းကာလရောက်တော့မှာဖြစ်လို့ နေအိမ်တဲတွေအမြန်ဆုံးပြန်ဆောက်ပေးဖို့ကိုလည်း သူက မျှော်လင့်နေတာဖြစ်တယ်။
လက်ရှိမှာ မုန်တိုင်းသင့်တဲ့စစ်ရှောင်တွေအနေနဲ့ ဘယ်အဖွဲ့အစည်းရဲ့အကူအညီကိုမှမရနေသလို ကိုယ်တိုင်ပြင်ဆင်ဖို့ လည်း မတတ်နိုင်သေးတာကြောင့် နီးစပ်ရာဘုရားကျောင်းတွေကို မှီခိုနေရတာပါ။
ဒါ့ကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေနဲ့ စစ်ရှောင်ပြည်သူတွေအတွက်အခင်း၊ အမိုးအကာတွေ၊ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါး တွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတွေက ထောက်ပြနေကြပါတယ်။
သူတို့အနေနဲ့ အလှူငွေရရှိမှုအနေအထားအရ မုန်တိုင်းသင့်စစ်ရှောင်တွေကို ဘုရားကျောင်းတွေမှာ စုနေဖို့နဲ့ စားစရာ အနည်းငယ်ရရှိဖို့လောက်သာစီစဉ်ပေးနိုင်သေးတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် မုန်တိုင်းသင့်စစ်ရှောင်တွေကို နိုင်ငံတကာရောက်အဖွဲ့အစည်းတွေ၊ ပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့ စေတနာရှင်အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံးကူညီပေးစေချင်တယ်လို့ တိုက်တွန်းတောင်းဆိုနေပါတယ်။
အမျိုးသားညီညွတ်ရေး(NUG)အစိုးရကတော့ ချင်းပြည်နယ်ရှိ မုန်တိုင်းသင့်နေရာတွေက ဒေသတစ်ခုကို ငွေကျပ်သိန်း ၃၀ ထောက်ပံ့ပေးမယ်လို့ဆိုထားပေမယ့် မီဇိုရမ်ဘက်က စစ်ရှောင်ပါဝင်မှုရှိ၊ မရှိတော့မသိရသေးပါဘူး။
လတ်တလောမှာတော့ မီဇိုရမ်ပြည်နယ်ဘက်က စစ်ရှောင်တွေမှာ မြန်မာပြည်ကကူညီမှုကို မျှော်ရမလား၊ မီဇိုရမ်ကို အကူ အညီတောင်းရမလားဆိုတာ သူတို့ကိုယ်တိုင်လည်း မသိတဲ့အခြေအနေပါ။
ဒါကြောင့်လည်း စစ်ရှောင်တစ်ဦးဖြစ်တဲ့ဒေါ်ဂလိုရီကတော့ ဘယ်သူပဲလှူလှူ စားနပ်ရိက္ခာတွေ အမြန်ဆုံးပို့ဆောင်ပေးဖို့ တောင်းဆိုရင်း သူရဲ့မျှော်လင့်နေတဲ့ဆန္ဒကို အခုလိုပြောလိုက်ပါတော့တယ်။
“ ကျမ အရမ်းကိုဆာလောင်နေပြီ။ အကူအညီတွေအမြန်ပေးပါ။”
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024