Home ဆောင်းပါး မျှော်တလင့်လင့် အိမ်ပြန်ချိန်

မျှော်တလင့်လင့် အိမ်ပြန်ချိန်

သန့်ရှင်းထွန်း။ ။

အကျယ်ပေနှစ်ဆယ်ပတ်လည်ခန့်ရှိမည့် မြေကွက်တွင် တည်ဆောက်ထားသော တဲသာသာအိမ်၌ တွဲထားသော အခန်းငယ်တွင် သားလူပျို၊သမီးအပျို အပါအဝင် မိသားစုခုနစ်ဦးနှင့် ဒေါ်ဆိုဖီယာနေထိုင်ခဲ့ရသည်မှာ လေးနှစ်ကျော်ရှိပြီ။ ဆယ့်ငါးပေပတ်လည် ခန့်ရှိမည့် အဆိုပါအခန်းငယ်မှာ ကျောခင်းမည့်နေရာ မလုံလောက်၍ သားကြီးဖြစ်သူမှာ သူ၏သူငယ်ချင်းအိမ်တွင် အိပ်နေရ သည်ဟု ၎င်းကဆိုသည်။

“လက်ရှိအခန်းတွဲနေတာက ဆွေမျိုးအိမ်ပါ။ အိမ်ခြံဝင်းကကျဉ်းသလို လူဦးရေများတဲ့ မိသားစုနှစ်စုနေဖို့က အဆင်ပြေဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး နေရတာပဲ” ဒေါ်ဆိုဖီယာက ညည်းသည်။

အသက် ၅၅ နှစ် ခန့်ရှိပြီဖြစ်သော ဒေါ်ဆိုဖီယာသည် ရခိုင်ပြည်နယ် မောင်တောမြို့ မြို့မတောင်ရပ်ကွက်ရှိ ဆွေမျိုးနေအိမ်ရှိ အခန်းတွဲတွင် နေထိုင်ရင်း သူမမူရင်းနေထိုင်ခဲ့သည့်နေရာကို ပြန်ရန်စောင့်မျှော်နေခဲ့သော်လည်း အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြန်ရမည့်အချိန်မှာ ပို၍ဝေးကွာသွားသည်။

“အာဏာသိမ်းမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုက သူတို့မူရင်းနေရာမှာ ပြန်နေရာဖို့အတွက် ပိုပြီးခက်ခဲသွားတယ်လို့ ပြောရမှာပဲ။ ဘာလို့လဲဆိုတော့ အာဏာမသိမ်းခင်က သူတို့ကို ပြန်နေရာချဖို့အတွက် နေအိမ်ဆောက်လုပ်ရေး စီမံကိန်းတွေရှိခဲ့တယ်” ဟု မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ရခိုင်ပြည်နယ်တွင် မတည်မငြိမ်ဖြစ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေရသူများအတွက် မောင်တောမြို့ ရွာသစ်ကေရပ်ကွက်ရှိ မီးလောင်ပြင်တွင် အိမ်ခြေငါးရာကို ပြီးခဲ့သည့် NLDအစိုးရ လက်ထက်က တည်ဆောက်ပေးခဲ့သော်လည်း ပြန်လည်နေရာချထားရေးလုပ်ငန်းများ မစတင်မီ စစ်အာဏာ သိမ်းမှုဖြစ်စဉ်ကြောင့် နေရာချထားရေးလုပ်ငန်းများလည်း ရပ်တန့်နေခဲ့သည်။ တည်ဆောက်ထားသည့် နေအိမ်အချို့သည်ပင် ဟောင်းနွမ်းပျက်စီးနေပြီဖြစ်ကြောင်း မြင်တွေ့ခဲ့ရသူ အချို့ကဆိုသည်။

ဒေါ်ဆိုဖီယာတို့ မိသားစုသည် မောင်တောမြို့ ရွာသစ်ကေ(အမှတ် ၅ ရပ်ကွက်)ရပ်ကွက်တွင် နေထိုင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က မိမိနေအိမ်မှ ထွက်ပြေးရကာ မြို့မတောင် ရပ်ကွက်ရှိ ဆွေမျိုးနေအိမ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ရခြင်းဖြစ်သည်။

လွန်ခဲ့သော ၂၀၁၇ ခုနှစ် အာဆာအဖွဲ့က ကင်းစခန်းများကိုတိုက်ခိုက်ပြီး နောက်ပိုင်း မောင်တောတွင်မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့ပြီးနောက် လူဦးရေ ခုနစ်သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တစ်ချို့မိသားစုများမှာ မောင်တောမြို့ရှိ မိမိဆွေမျိုးနေအိမ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထွက်ပြေးလာသူများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ရည်ညွှန်းသည့် ရိုဟင်ဂျာ ဆိုသည့်လူမျိုးစုအမည်ကို မြန်မာအစိုးရအဆက်ဆက်နှင့် စစ်တပ်က လက်မခံဘဲ အစဉ်အမြဲကန့်ကွက်ခဲ့ကြသည်။ ၎င်းအပြင် ဒေသခံများကြားတွင်လည်း ယင်းအပေါ် ကွဲပြားသည့်အမြင်များ ရှိနေကြသည်။

ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေရသည့် မိသားစုများ၏ စာရင်းကို အတိအကျကောက်ခံထားမှုမရှိသော်လည်း ထောင်ချီရှိနိုင် ကြောင်း မောင်တောမြို့မိမြို့ဖများက ပြောသည်။

မောင်တောခရိုင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲသူများသည် တဖက်နိုင်ငံတွင် ဒုက္ခသည်စာရင်းဝင်ကာ နိုင်ငံတကာကပေးအပ်သည့် ကူညီထောက်ပံ့ရေးများကို ရရှိနေပြီး ပြန်လည်လက်ခံရေး လုပ်ငန်းများစတင်သည့်အခါ နေရပ်ပြန်လာနိုင်ရန် မျှော်လင့်ချက် ရှိကြသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်မပြေးဘဲ နီးစပ်ရာဆွေမျိုးနေအိမ်များတွင် နေထိုင်ခဲ့ရသူများမှာ ကူညီထောက်ပံ့မှုတစ်စုံတစ်ရာ မရသလို နိုင်ငံတကာ၏ အာရုံစိုက်ခြင်းကိုလည်း မခံရကြောင်း ဆွေမျိုးနေအိမ်များတွင် နေထိုင်နေရသည့် ဒုက္ခသည်များက ပြောသည်။

Photo Credit: TST

“သူများအိမ်မှာ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် နေရတာအဆင်မပြေတော့ဘူး။ ကိုယ့်နေရာမှာ ပြန်နေချင်ပြီ” ဟု ဒေါ်ဆိုဖီယာ၏ ခင်ပွန်းဦးအဒူဆလင် ကပြောသည်။

ဒေါ်ဆိုဖီယာ၏ ခင်ပွန်းဖြစ်သူမှာ မိသားစုစားဝတ်နေရေးအတွက် သားကြီးဖြစ်သူနှင့်အတူ မောင်တောမြို့မ သားငါးဈေးတွင် ကွမ်းရွက်ရောင်းသည့်အလုပ်ဖြင့် ဝင်ငွေရှာဖွေနေပြီး ဒေါ်ဆိုဖီယာမှာ မိသားစုစားသောက်ရေးနှင့် အိမ်မှုကိစ္စများကို ဆောင်ရွက် ပေးရင်း ဘဝကိုဖြတ်သန်းနေရသည်ဟု ဆိုသည်။

ဒေါ်ဆိုဖီယာသည် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို ယခုအချိန်ထိအမှတ်ရနေပြီး ကျယ်လောင်သောအသံကို ကြားလျှင် ရင်တုန်ကြောက်လန့်နေဆဲဟုဆိုသည်။ ထိုစဉ်ကတည်းက နေအိမ်လည်း မီးထဲပါသွားခဲ့ပြီး ဒယ်အိုးနှစ်လုံးကလွှဲ၍ တခြားမည်သည့် ပစ္စည်းမှမရရှိခဲ့ဘဲ လက်မဲ့ဖြစ်ခဲ့ရသည်ဟုဆိုသည်။

“သေနတ်သံ၊ ဗြောက်အိုးဖောက်သံကြားရင် နှလုံးခုန်မြန်ပြီးတော့ သတိလစ်သလိုဖြစ်နေတုန်းပဲ”ဟု ဒေါ်ဆိုဖီယာက ပြောသည်။

ဒေါ်ဆိုဖီယာတို့မိသားစုကဲ့သို့ပင် ဒေါ်ရှုနာဘီဘီတို့ မိသားစုမှာလည်း ပဋိပက္ခများအကြား မြေစာပင်ဖြစ်ခဲ့ကြရသည်။ ဒေါ်ရှုနာ ဘီဘီ၏ အစ်မနှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ရသည်ရပြီး ဒေါ်ရှုနာဘီဘီမှာ မောင်တောမြို့ရှိ ဆွေမျိုးနေအိမ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ပြောပြသည်။

“ညီအစ်မ သုံးယောက်မှာ နှစ်ယောက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်သွားတယ်။ ကျမကတော့ အဖေရဲ့ ဦးလေး အိမ်ကိုရောက်လာတယ်။ နေလာတာကြာပြီဆိုတော့ ကိုယ်နေခဲ့တဲ့နေရာမှာ ပြန်နေချင်ပြီ”ဟု ဒေါ်ရှုနာဘီဘီက သက်ပြင်းချ၍ ပြောသည်။

မောင်တောခရိုင်အတွင်းက ထွက်ပြေးခဲ့ကြရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များသည် ဒီချုပ်အစိုးရလက်ထပ်တွင် တိုးတက်မှုအချို့ မြင်ခဲ့ရသော်လည်း အာဏာသိမ်းပြီးနောက် အဆိုပါအစီအစဉ်များ ရပ်တန့် သလိုဖြစ်နေသည်ဟု ရခိုင်အခြေစိုက်လူမှုကူညီရေးအဖွဲ့များက ထောက်ပြကြသည်။

“…(ဒီ)ကိစ္စတစ်ခုတည်းမဟုတ်ပါဘူး။ ရခိုင်စစ်ရှောင်အရေးကိုလည်း စစ်ကောင်စီက စိတ်မဝင်စားဘူး။ ဖြစ်သလိုနေဆိုတဲ့သဘော ဖြစ်နေတယ်”ဟု ရခိုင်အခြေစိုက် Woman Generation အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်သလိုနေထိုင်နေရပြီး နေထိုင်စားသောက်ရေး အဆင်မပြေမှုများကြောင့် ဒုက္ခသည်အချို့ဟာ မလေးရှားနိုင်ငံသို့ ရရာလမ်းကြောင်းဖြင့် ထွက်ခွာမှုများရှိနေပြီး လမ်းခုလပ်တွင် ဖမ်းဆီးခံ ရမှုများရှိနေကြောင်း သံတွဲမြို့မှ လူမျိုးပေါင်းစုံ သဟဇာတဖြစ်မြောက်ရေးအတွက် တက်ကြွစွာဆောင်ရွက်နေသူ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

“အခုကြားနေရတဲ့သတင်းတွေအတိုင်းပဲ မူဆလင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ မလေးရှားကိုသွားလို့ လမ်းမှာ အဖမ်းရတာတွေ၊ အဲဒါတွေက သူတို့မူလနေထိုင်တဲ့နေရာတွေမှာ အေးအေးချမ်းချမ်းမနေရလို့ပဲ”ဟု သူမက ထောက်ပြသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က မူဆလင် ၇၇ ဦးကို မောင်တောမြို့နယ်မှရန်ကုန်သို့ တရားမဝင်ခရီးသွားသည်ဟုဆိုကာ ရဲနှင့်လဝက က တောင်ကုတ်မြို့နယ်အတွင်း ဖမ်းဆီးခဲ့ကြောင်း ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနတွင် ဖော်ပြသည်။ ၎င်းတို့သည် ရန်ကုန်မှတဆင့် မလေးရှားသို့ သွားရန်ဖြစ်နိုင်ကြောင်းလည်း ဒေသတွင်း သတင်းများကဆိုသည်။ နိရဉ္စရာသတင်းတွင် ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ဂွနှင့် တောင်ကုတ် စသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း မလေးရှားနိုင်ငံသို့ တရားမဝင်ထွက်ခွာရန်ကြိုးစားသည့် ရာနှင့်ချီသည့် မူဆလင်များ ဖမ်းဆီးခံခဲ့ရကြောင်း ရေးသားထားသည်။

ဒေါ်ဆိုဖီယာနှင့် ဒေါ်ရှုနာဘီဘီတို့ကတော့ တခြားနိုင်ငံနှင့် ဒေသများသို့ ထွက်ခွါရန်ထက် မိမိတို့ မူရင်းနေထိုင်ခဲ့ သည့် နေရာမှာပင်နေထိုင်၍ ကောင်းကောင်းမွန်မွန် လုပ်စားချင်သည်ဟု ဆိုသည်။ ထိုသို့ မိမိမူရင်းနေထိုင်ခဲ့သော နေရာတွင် ပြန်လည်နေထိုင်ခွင့်ရရန် အချိန်ကာလတစ်ခုကို စောင့်ဆိုင်းရအုံးမည်ဟု ဒေါ်ဆိုဖီယာက ပြောသည်။

“ကျမတို့တစ်နေ့ ကိုယ့်နေရာမှာကိုယ် နေရာမှာပါ။ အဲဒီအချိန်က ဒီမိုကရေစီအစိုးရပြန်လည် အုပ်ချုပ်တဲ့ အချိန်ပါပဲ”ဟု သူမ ယုံကြည်မှုကို ပြောသည်။

Author:

Related Articles