သန့်ရှင်းထွန်း။ ။
အသက် ၃၈ နှစ်အရွယ် ဒေါ်လှသိန်းဟာ သူ့မိသားစုအပါအဝင် ရွာသူရွာသားတွေ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခကို ပြန်ပြောင်းပြောပြဖို့ ကြိုးစားပေမယ့် စကားသုံးလေးလုံးပြောပြီးတဲ့အခါမှာ မျက်ရည်တွေစီးကျလာပြီး စကားသံဟာလည်း တိမ်ဝင်သွားပါတယ်။
“ကျမတို့ရွာသူရွာသား ၁၃ ယောက်သေသွားတယ်။ ကျမတို့သားမိနဲ့ တချို့က သေဘေးကလွတ်ခဲ့တယ်။”လို့ ဒေါ်လှသိန်းက အားပြန်တင်းပြီး ပြောပါတယ်။
ဒေါ်လှသိန်းရဲ့အိမ်အပါအဝင် တစ်ရွာလုံးကနေအိမ်တွေလည်း နေ့တဝက်အချိန်တိုအတွင်းမှာပဲ ပျက်စီးသွားခဲ့ပါပြီ။
ဒေါ်လှသိန်းတို့နေထိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ၊ ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်ကျေးရွာဟာ ဘင်္ဂလားပင်လယ်ကို မျက်နှာခြင်းဆိုင် မေးတင်ထားတဲ့ရွာဖြစ်ပါတယ်။ မုန်တိုင်းလမ်းကြောင်းတည့်တည့်မှာရှိတဲ့ မန်ကျည်းချောင်းရွာဘေးကပါ။
မုန်တိုင်းသတင်းကြားတာကြောင့် ရွာသူရွာသားအများစုဟာ မုန်တိုင်းဘေးလွတ်မယ်လို့ထင်တဲ့ ရွာရှိဘုန်းကြီးကျောင်းက ဓမ္မာ ရုံ၊ ကျောင်းသင်္ခန်းတွေမှာ ပြောင်းနေခဲ့ကြပါတယ်။
“လေနှစ်ချက်ဆောင့်ပြီးတိုက်လိုက်တာ ဓမ္မာရုံနံရံတွေ ပြိုလဲသွားတယ်။ အဲဒီအချိန်မှာ ကျမတို့ကဘုန်းကြီးကျောင်းအောက်ကို ထွက်ပြေးကြတယ်။ ကျန်တဲ့လူတွေက ကျောင်းသင်္ခန်းကို ပြေးကြတယ်။”လို့ ဒေါ်လှသိန်းက ပြောပြပါတယ်။
အဲဒီလို ပြေးလွှားပြီး နောက်ထပ်ဆယ့်ငါးမိနစ်လောက် အကြာမှာ ဘုန်းကြီးကျောင်းသင်္ခန်းနံရံတွေ ပြိုကျပြီး သင်္ခန်းထဲမှာခိုလှုံနေတဲ့လူတွေဆီကို ပိကျခဲ့တာလို့ သူက ဆက်ပြောပါတယ်။
“အော်သံငိုသံတွေက ကမ္ဘာပျက်သလိုခံစားရတယ်။ လူတွေက ကိုယ့်မိသားစုကိုဂရုစိုက်ရင်း တခြားလူတွေကိုဂရုစိုက်ဖို့မရနိုင်ပါဘူး။”လို့ ဒေါ်လှသိန်းက ပြောပါတယ်။
ဘုန်းကြီးကျောင်းသိမ်နံရံပြိုကျလို့ ဒေါ်လှသိန်းမှာ ဦးခေါင်း၊ မျက်နှာနဲ့ ညာဘက်ရင်ဘတ်တွေမှာ ဒဏ်ရာရရှိခဲ့ပြီးတော့ သူ့သားအငယ်ဆုံးမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့ပါတယ်။
ကျောင်းသင်္ခန်းနံရံပိတဲ့အချိန်မှာ မုန်တိုင်းတိုက်ခတ်နေတဲ့အချိန်ဖြစ်တာကြောင့် တစ်ဦးကိုတစ်ဦးမကယ်နိုင်ဘဲ ငိုယိုပြီးတော့ သာ နေထိုင်ခဲ့ရတယ်လို့ ဒေါ်လှသိန်းရဲ့ ခင်ပွန်းဖြစ်သူ ဦးသန်းမောင်ချေက ပြောပါတယ်။
“နံရံပိနေတဲ့သူတွေကို မနက်မိုးလင်းမှ ဖော်ရတယ်။ တချို့က အသက်မသေသေးဘဲ အသက်ရှင်လျက် ဖော်နိုင်ခဲ့တယ်။ ၁၃ ယောက်ကတော့ သေဆုံးပြီး တွေ့ခဲ့ရတယ်။”လို့ ဦးသန်းမောင်ချေက ပြောပါတယ်။
“မိုခါ”မုန်တိုင်းတိုက်တဲ့ မေလ ၁၄ရက်မှာပဲ ဘုန်းကြီးကျောင်းနံရံပိပြီး အမျိုးသားလေးဦး၊ အမျိုးသမီးရှစ်ဦးနဲ့ အမျိုးသမီးငယ် တစ်ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့သူတွေကိုတော့ အဲဒီနေ့မှာပဲ ရွာမှာသဂြိုလ်ခဲ့ကြပြီး ဒဏ်ရာရသူတွေကတော့ မောင်တောပြည်သူ့ဆေးရုံကို ဆေးကုသမှုခံယူဖို့ ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။
ရွာမှာကျန်နေခဲ့တဲ့ ရွာသူရွာသားတွေကတော့ ရွာအရှေ့ဘက်တောင်ခြေရင်းအနီးမှာ ရရာအမိုးအကာတွေနဲ့ တဲထိုးနေကြရတယ်လို့ ဦးသန်းမောင်ချေ ကပြောပါတယ်။
“ရွာကိုတချက်သွားကြည့်တော့ ကိုယ့်အိမ်ဘယ်နေရာမှာရှိခဲ့မှန်းတောင် ခန့်မှန်းလို့မရတော့ပါဘူး။ အပင်တွေကျိုးနေတာကြောင့် ရွာလမ်းလည်း ပိတ်နေပါတယ်။”လို့ ဦးသန်းမောင်ချေ ကပြောပါတယ်။
အခုလို ကိုယ့်အိမ်ဘယ်နားမှာရှိမှန်းတောင် မသိတော့တဲ့ ဒေါ်လှသိန်းကတော့ ဆေးရုံကတောင်မဆင်းချင်တော့ဘူးလို့ ပြောပါတယ်။ ဆေးရုံဆင်းရင် သွားနေမယ့်အိမ်မရှိတော့ဘူးလို့ သူကဆက်ပြောပါတယ်။
ဒေါ်လှသိန်းတို့နေထိုင်တဲ့ ဒုံးပိုက်ရွာဟာ ရသေ့တောင်မြို့နယ်ထဲက ရွာဖြစ်ပြီးတော့ ရသေ့တောင်မြို့နယ်ဟာ “မိုခါ”မုန်တိုင်းကြောင့် ၁၀၀ ရာခိုင်နှုန်း ပျက်စီးခဲ့တဲ့မြို့နယ်ဖြစ်တယ်လို့ ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြေညာထားပါတယ်။ အဲဒီရွာတွေထဲမှာတော့ သေဆုံးမှုအများဆုံးက ဒုံးပိုက်ရွာလို့ စာရင်းတွေမှာဖော်ပြထားပါတယ်။
မုန်တိုင်းပြီးချိန်မှာတော့ မြို့ပေါ်တွေမှာ ရှင်းလင်းရေးတွေ လုပ်နေပေမယ့် ကျေးလက်ဒေသတွေမှာတော့ လာပြီးသတင်းမေးတဲ့သူတောင် မရှိသေးဘူးလို့ ဒုံးပိုက်ကျေးရွာက ဦးကျော်အောင်က ပြောပါတယ်။
“ဘယ်သူမှ လာမကြည့်သေးဘူး။ ကိုယ့်ဟာကိုယ် မြေကြီးကျင်းတူးနေတာ၊ ရတဲ့အမိုးအကာတွေနဲ့နေရတာပဲ။” လို့ ဦးကျော် အောင် က ပြောပါတယ်။
အခုလို အမိုးအကာမရှိဘဲ နေထိုင်ရမှာက အမျိုးသမီးတွေအတွက် ပိုပြီးအခက်တွေ့စေတယ်လို့ လူမှုကူညီရေးလုပ်ငန်းတွေလုပ်နေတဲ့ မနှင်းမိုးဇံက ပြောပါတယ်။
“ မုန်တိုင်းပြီးတာ သုံးရက်ရှိပါပြီ။ နေအိမ်ပျက်စီးသွားတဲ့ သူတွေအတွက် ယာယီခိုလှုံမယ့် နေရာတွေစီစဉ်တာ မတွေ့ရသေး ပါဘူး။ ”လို့ သူကပြောပါတယ်။
နေအိမ်တွေပျက်စီးသွားပြီး ယာယီခိုလှုံဖို့နေရာတွေ စီစဉ်ပေးရင်တောင် အမျိုးသမီးတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ထည့် သွင်းစဉ်းစားမှုမျိုးကို လုပ်ပေးရမယ်လို့ ဘူးသီးတောင်မြို့က အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူအမျိုးသမီးငယ်တစ်ဦး က ပြောပါတယ်။
“တိုက်ပွဲကြောင့်ဖြစ်ဖြစ်၊ ဘာကြောင့်ဖြစ်ဖြစ် ကယ်ဆယ်ရေးစခန်းတွေလုပ်ရင် ဖြစ်သလိုလုပ်ပေးကြတယ်။အိမ်သာဆိုလည်းစုပေါင်းတက်ရတယ်။ ဟင်းလင်းပြင်ကြီးမှာ အမျိုးသမီးတွေ ရေချိုးနေကြရတယ်။”လို့ သူကပြောပါတယ်။
အဲဒီလို သက်ဆိုင်ရာတာဝန်ရှိသူတွေ စီစဉ်ပေးတဲ့နေရာမှာတောင် အမျိုးသမီးတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင်မလုပ်ပေးရင် ဒုံးပိုက်ကျေးရွာက အမျိုးသမီးတွေအတွက်ကတော့ ခက်ခဲနေမယ်လို့ အဲဒီအမျိုးသမီးငယ်က ဆက်ပြောပါတယ်။
နေစရာအိမ်မရှိတော့တဲ့ ဒေါ်လှသိန်းကတော့ ဘဝကို ဘယ်ကစထူထောင်ရမယ်ဆိုတာ မသိသေးဘဲ သူကြုံတွေ့ခဲ့ရတဲ့ အန္တရာယ်ကို မေ့ပျောက်ဖို့ ကြိုးစားနေသေးတယ်လို့ ဆိုပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်လှသိန်းကတော့ သူကြုံတွေ့ခဲ့ရတဲ့ ဒုက္ခဆိုးကို မေ့ပစ်ဖို့ လွယ်ပေမယ့်အသက်လေးနှစ်ကျော်သာရှိသေးတဲ့ သူ့သားအငယ်ဆုံးရဲ့ စိတ်ထဲမှာမေ့ပျောက်ပါမလားဆိုတာကိုတော့ သံသယရှိနေတယ်လို့ သားလေးရဲ့အပြုအမူကိုမြင်ပြီးအခုလိုပြောပါတယ်။
“သားလေးက အုတ်နံရံမြင်တိုင်း ကြောက်ပြီးအော်နေတယ်”