Home Uncategorized အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများအပေါ်ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အမှတ်တရစကားများ

အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများအပေါ်ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အမှတ်တရစကားများ

မေလ(၁၇) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများအပေါ်ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေး  နေ့  (IDAHOT ) နေ့ဖြစ်ပါတယ်။ လိင်တူချင်းချစ်သူများကို စိတ်ရောဂါခံစားနေရသူများအဖြစ်လည်းကောင်း၊ လိင်တူခြင်းချစ်ခြင်း ကို စိတ်ဝေဒနာရောဂါတခုအဖြစ်သော်လည်းကောင်း သတ်မှတ်ထားခဲ့ကြတာကို ၁၉၉၁ ခုနှစ် မေလ(၁၇) ရက်နေ့ကစပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒီသတ်မှတ်ချက်တွေကို ပယ်ဖျက်ခဲ့ပြီး အဲဒီနေ့ကိုလည်း အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအားကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဒီကနေ့ထိ လိင်တူချစ်ခြင်းကို ရာဇဝတ်မှုအပြစ်အဖြစ်သတ်မှတ်တာတွေ အချို့နိုင်ငံတွေ မှာသေဒဏ်ပေးတဲ့ ဥပဒေတွေ လည်း ရှိနေသေးသလို ပတ်ဝန်းကျင်လူမှုအသိုင်းအဝိုင်းမှာလည်း လိင်စိတ်ခံယူမှုကွဲပြားမှုကြောင့်  လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံတာတွေ၊ နှုတ်အားဖြင့်သော်လည်းကောင်း ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာသော် လည်းကောင်း စော်ကားနှောက်ယှက်ခံနေရခြင်းတွေရှိနေပါတယ်။

မြန်မာနိုင်ငံမှာလည်း ရှေးရိုးစွဲအယူအဆ၊ ဘာသာရေးနဲ့ဓလေ့ထုံးတမ်းတွေအောက် မှာ လိင်တူချစ်သူများရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေဟာ ဘယ်လိုအနေအထားရှိနေလဲ၊ လက်ရှိ မြန်မာနိုင်ငံက လိင်တူချစ်တူများရဲ့ အခွင့်အရေးချိုး ဖောက်ခံရမှုအခြေအနေတွေ ပိုဆိုးရွားလာနေသလား ၊ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ  လိင်တူခြင်းချစ်ခြင်းကို ဘယ်လို သဘောထား သတ်မှတ်ချက် တွေရှိနေသလဲ လိင်တူချစ်သူများအပေါ်ကြောက်ရွံ့မုန်းတီးမှုတွေ ပပျောက်လျော့နည်းသွား အောင်ရော ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်သင့်သလဲ ဆိုတာတွေကို လူငယ်တချို့ကို မေးမြန်းထားပါတယ်။

အောင်ကြီး (တက်ကြွလှုပ်ရှား လူငယ်)

မြန်မာနိုင်ငံမှာက လူ့အခွင့်အရေး စာတမ်းကို လက်မှတ်သာ ထိုးထားတာ၊ ထောက်ခံသာတာ ရှိတယ်။ ဒါပေမယ့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ဘာမှကိုင်တွယ်ပေးတာ မရှိဘူး။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပေါင်း များစွာ ပြုလုပ်လာတယ်။

LGBT တွေနဲ့ ပတ်သက်ပြီးတော့မှ သူတို့ အခွင့်အရေးကို အထူးအရေးပေး ဆောင်ရွက်တာ မရှိဘူး။ မြန်မာနိုင်ငံမှာက ဘာသာရေး ဘယ်လောက်ထိ ကြီးစိုးလည်းဆိုရင်  LGBTတွေကို နင်တို့က အရင်ဘဝက  သူများ သားသမီးကို မုဒိမ်းပြုကျင်ခဲ့လို့ ဒီဘဝမှာ ဒီလိုဖြစ်ရတာဆိုတဲ့ အတွေးတွေ အမြင်တွေက လွမ်းမိုးမှု ရှိပြီးသား။

ပတ်ဝန်းကျင်ဆိုလည်း LGBT တွေကို တွေ့ရင် ရွံသလိုလို LGBTတွေကပဲ သူတို့ကို ကိုက်စားတော့မယ့် လိုလို အဲလိုပုံစံမျိုးက ဖန်တီးထားပြီးသား ဖြစ်တယ်။ အဲလိုဖန်တီးထားတော့ LGBTတွေက ပုန်းသျှိုး ကွယ်သျှိုးနဲ့ နေနေရတယ်။ ပေါ်ပေါ်တင်တင် နေထိုင်တဲ့ LGBTတွေဆိုလည်း ပတ်ဝန်းကျင်က လက်မခံချင်ပြန်ဘူး။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ LGBT အခွင့်အရေး မပြောနဲ့ လူတွေရဲ့ အားလုံး အခွင့်အရေးတွေ အကုန်ပျောက်ဆုံး ကုန်တယ်။

လူ့အခွင့်အရေး၊ LGBT အခွင့်အရေး…. အခွင့်အရေးများစွာကို စစ်ကောင်စီတို့က ချိုးဖောက်နေတယ်။ အာဏာရှင်ကို တွန်းလှန်တယ်ဆိုတဲ့ နေရာမှာ LGBT တွေ၊ လူတိုင်းပါဝင်ကြတယ်။ ဒါပေမယ့် LGBTတွေရဲ့ အခွင့်အရေးက မရပါဘူးဆို အခြေအနေက ပိုဆိုးလာတဲ့ အနေအထားဖြစ် လာ တယ်။ ဘာအခွင့်အရေးမှလည်း မရှိသလို ဘာအခွင့်အရေးမှလည်း မရနေဘူးလို့ မြင်တယ်။

LGBT ဆိုတဲ့ အရာကို လူပြောခံ အဆိုခံဘဝမှာ ငါဒါကြီးဖြစ်စေဆိုပြီးတော့ ရွေးချယ်ပြီး လာကြတဲ့ သူတစ်ယောက်မှ မပါဘူး။ မွေးရာပါ ဖြစ်တည်မှုအတိုင်း မွေးလာတာဖြစ်တယ်။ သူတို့ကို သွားပြီးတော့ ပုံသွပ်သွင်းတာမျိုးတွေကို မလုပ်သင့်ဘူး။ လူတိုင်းကို ကိုယ်ချင်းစာစိတ်ထားပြီး ဆက်ဆံ။ လူသားတစ်ယောက်ထဲက လူလို့ပဲ မြင်ပေး။

လိင်တူချစ်သူတွေအပေါ် LGBTတွေ  အပေါ်မှာ  ကြောက်ရွံ့မုန်းတီးမှုတွေ လျော့ချလာအောင် LGBTတွေ ကိုယ်တိုင်ကလည်း မိမိ ဖြစ်တည်မှုကို လက်ခံရမယ်။ အစွဲကြီးနေတာမျိုး မဖြစ်သင့်ဘူး။ ပတ်ဝန်းကျင်တွေ လူမူသိုင်းဝိုင်းမှာလည်း LGBT တွေကို လက်ခံလာနိုင်အောင် မိမိအနေနဲ့လည်း လုပ်ဆောင်နိုင်ဖို့ လိုတယ်။

ဒါတင်မကဘူး။ LGBTတွေနဲ့ ပတ်သက်တဲ့ ကမ်ပိန်းတွေ ပြုလုပ်တာမျိုးတွေ။ LGBTများနေ့ဆိုရင် LGBTတွေသာမက သာမာန်အရပ်သူ အရပ်သားတွေလည်း ပါဝင်ပြီးတော့ ဘာကြောင့် LGBT ဖြစ်လာရတာလဲ ဆိုတဲ့ဟာမျိုးကို အသိပညာပေးတာမျိုးတွေ ပြုလုပ်တာမျိုးပေါ့။

ကျနော်ကတော့ တော်လှန်ရေး ခရီးစဥ်မှာ တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်နေတယ်။  ကျနော်က (Gay) တစ်ယောက်ဖြစ်တယ်။ တောထဲရောက်သွားတဲ့ အချိန်မှာ တိုင်းရင်းသားတွေက ပိုပြီးတော့ အစွဲလမ်းကြီးတယ်။ ပိုဆိုးတာက စစ်ဆိုတဲ့ အရာဖြစ်တယ်။ ကျနော်ရဲ့ ဖြစ်တည်မှုကိုတော့ သူတို့ မသိဘူး။ ကျနော် စကားပြောရင်း နွဲ့တဲ့အခါမျိုးဆို တခြားရဲဘော်တွေက မင်းက ဘယ်လိုပြောနေတာလဲ။ မင်းက အခြောက်လားဆိုပြီး ပြောတာခံရတယ်။

ဘယ်လောက်ထိ အပြောခံရလဲဆိုရင် မင်းဟာကြီးကို မသုံးတော့ရင် ဖြုတ်ရောင်းပါလား။ ခွဲပေးမယ် ဘာညာနဲ့ ပြောတယ်။ သူတို့ မျက်လုံးထဲမှာ ကျနော်က LGBT တစ်ယောက်ပါလို့ မြင်ချင်မှလည်း မြင်လိမ့်မယ် အဲလိုပြောခံရတော့ ကျနော်စိတ်ထဲမှာ မလုံမလဲဖြစ်တယ်။

တောထဲမှာ နေရတဲ့အချိန်မှာ ကျနော်က  LGBT တစ်ယောက်ပါလို့ ဖွင့်ချလို့ မရဘူး။ ဘာလို့ဆို LGBTတွေကို မြင်ရင် ရွံသလိုလို ကျနော်တို့ကပဲ သူတို့ကို ဝါးစားတော့မယ် လိုလို သူတို့ကိုပဲ ဟိုကိုင် ဒီကိုင်လုပ်တော့ မလိုလိုစတဲ့ အတွေးတွေက  အရင်တုန်းကတည်းက ရှိထားကြတဲ့ သူတွေဆိုတော့ ကျနော့်အနေနဲ့ LGBTပါဆိုတာကို ချပြလို့ မဝံရဲဘူး။

တောထဲရောက်တော့ ကိုယ်ပုံစံကို အများကြီး ပြောင်းလဲရတယ်။ တခါတလေ မျက်နှာလေး နည်းနည်း လိမ်းတာ ဘာညာဆို “မင်းက စစ်သားမဟုတ်ဘူးလား အခြောက်လား။ မင်းက တော်လှန်ရေး လာလုပ်တာလား။ ဘာလာလုပ်တာလဲ” အဲလောက်ထိ ပြောတာမျိုး ကြုံရတယ်။

Shila (The Glorious Myanmar Lesbian လူငယ်အဖွဲ့)

ကျမတို့ LGBT အသိုင်းဝိုင်းမှာဆိုရင် ပုံစံအမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ ရှိတယ်။ မြင်သာ ထင်သာ ရှိတာကတော့ Transgenderတွေ ဆန့်ကျင်ဘက်လိင်လိုဝတ်စားဆင်ယင်တဲ့ သူတွေက ပိုသိသာတယ်။ အရင်တုန်းကတော့ LGBTအဖွဲ့တွေက လှုပ်ရှားမှုတွေ ကမ်ပိန်းတွေ ပြုလုပ်လာတယ်။ အကုန်လုံးမဟုတ်ပေမယ့် တချို့သော လူငယ်ပိုင်းတွေမှာ လိင်တူချင်း ချစ်တာဟာ ပုံမှန်ပဲ သမာရိုးကျဖြစ်တယ်လို့ မြင်လာကြတာမျိုးတွေ ရှိတယ်။

လူကြီးပိုင်းမှာတော့ လက်မခံပေးနိုင်ကြ သေးဘူး။ ကျမတို့ရဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အမေတို့တွေကတော့ သိသာသိ မမြင်စေနဲ့ ဆိုတဲ့ အနေအထားလေး ရှိလာတယ်။ အရင်ကလိုမျိုး ကြမ်းကြမ်းတမ်းတမ်းနဲ့ အကြမ်းဖက်တဲ့ ပုံစံမျိုးနဲ့ တုန့်ပြန်တာထက် လက်ခံ နားလည်ပေးလာနိုင်တဲ့ အနေအထား တစ်ခုထိတော့ ရောက်လာခဲ့တယ်။

အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တရားဥပဒေ စိုးမိုးမှုကလည်း လျော့လာတဲ့ အတွက်ကြောင့်မို့ တစ်ဖန် ပြန်ပြီးတော့ အနှိမ်ခံရတဲ့ အခြေအနေတွေ ဖြစ်လာတယ်။   LGBTတွေကို ပြောချင် တိုင်းပြော ဆဲချင်တိုင်းဆဲဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။

ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ LGBTတွေကို မထိန်းတော့ဘဲ စိတ်လွတ် ဝါးလွတ်နဲ့ တိုက်ခိုက်တာမျိုးတွေလည်း ကျမတို့ လူမူ့အသိုင်းဝိုင်းမှာ ဖြစ်နေတယ်။ အခုနောက်ပိုင်းမှာ ပိုဆိုးလာတယ်။

အွန်လိုင်းကနေ အကြမ်းဖက်တာက ပိုများလာတယ်။ LGBTတွေနဲ့ ပက်သက်တဲ့ အသိပညာပေးနေတဲ့  LGBT အဖွဲ့လူငယ်တွေကိုလည်း လိုက်လံဖမ်းဆီးတာမျိုးတွေ ရှိတယ်။ ဒီလို ဖမ်းဆီးတာမျိုးတွေလုပ်တော့ LGBT အရေးနဲ့ ပက်သက်တဲ့ လှုပ်ရှားမှုတွေ အကုန်လုံးကို ရပ်ဆိုင်းထားရတဲ့ အနေအထားဖြစ် နေတယ်။

ကျမတို့ မြန်မာနိုင်ငံမှာက ယဥ်‌ကျေးမှုနဲ့ ဘာသာတရားက မကွဲနေဘူး။ ရောထွေးနေတယ်။ မုန့်လုံးစက္ကူကပ် ပုံစံမျိုး ဖြစ်နေတယ်။ တစ်ခုခုပြောပြီဆိုရင် နောက်ဆုံးမှာ ဘုရားမကြိုက်လို့ဆိုပြီး ဘာသာတရားမှာ သွားဆုံးတယ်။ အရင်ဘဝက သူများ သားမယားကို ပြစ်မှားမိလို့ဆိုတာမျိုး ပြောတယ်။

ကျမတို့ အသိုင်းဝိုင်းမှာ Transgender တချို့ရှိတယ်။ သူက ပျော်ပျော်နေတတ်တယ် စတတ်တယ် နောက်တတ်တဲ့ အကျင့်ရှိတယ်။ ဒါပေမယ့် တစ်ဖက်ရဲ့ အမြင်မှာက အရပ်စကားအရဆို လင်ဆာနေတယ် sex ကိုပဲ အမြဲတောင်းတနေတယ် ဆိုတာမျိုးကို လက်ခံယုံကြည် ကြတုန်းပဲ။ ဒီလို မှားယွင်းပြီးတော့ လက်ခံယုံကြည်တော့ LGBT တွေက ပိုပြီးတော့ သိမ်ငယ်လာစေတာမျိုး ဖြစ်တယ်။

လိင်တူချစ်သူတွေကို အနုတ်လက္ခဏာဆောင်တဲ့ ပုံစံမျိုးနဲ့ ပြောဆိုလာရင် LGBT တွေကိုယ်တိုင်ကလည်း သူတို့ နားလည်အောင် ရှင်းပြပေးတာ လိုလုပ်ဖို့လိုတယ်။ သူပြောတာကို ကျမတို့က ပြန်မပြောပြ မရှင်းပြရင် အမှားကို အမှန်လို့ ထင်သွားတာမျိုး ဖြစ်လာနိုင်တယ်။ အေးချမ်းတဲ့ နည်းဖြင့် ဖြေရှင်းတာမျိုး လုပ်ပေးဖို့ လိုအပ်တယ်။

ဝင်းလွင်ဦး (Towards Media)   

လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတဲ့အခါမှာ လိင်တူချစ်သူတွေအပေါ် ဘယ်တုန်းကမှ အခွင့်အရေးမရှိခဲ့ကြဘူး။ လူ့အခွင့်အရေး ချိုးဖောက်ခံရတာမဟုတ်ဘူး။ လူ့အခွင့်အရေး ရှိကို မရှိခဲ့တာလို့ ပြောလို့ရတယ်။ နောက်တစ်ခုက ကိုယ်လိုနီ ခေတ်ကတည်းက လုပ်ခဲ့တဲ့ ပုဒ်မ ၃၇၇တွေ ရှိမယ်။ အဲဒီ ဥပဒေက လိင်တူလက်ထပ်တာကို ပြင်းပြင်း ထန်ထန်ကန့်ကွက်ပြီးတော့ လုပ်ထားတဲ့ ဥပဒေ တွေဖြစ်တယ်။ ဒီနေ့ ကမ္ဘာကြီးက ပွင့်လင်းလာတဲ့ လူ့အဖွဲ့ အစည်းဖြစ်လာတဲ့အချိန်မှာတောင်မှ ဒီလို ဥပဒေတွေက ပြင်ဆင်နိုင်ခြင်းမရှိသေးဘူး။

အခုဆို စစ်တပ်ကနေ လက်နက်ကိုင်စွဲ အုပ်ချုပ်နေတော့ ပိုပြီးတော့မှ ဆိုးရွားတဲ့ အခြေအနေ ရှိတယ်။ ပိုဆိုးသွားမဲ့ အနေအထားရှိတယ်။ ကျနော်တို့က စစ်အာဏာ ရှင်ကို အမြစ်မဖြတ်နိုင်ဘူးဆိုရင် လူသားအခွင့်အရေး၊ လိင်တူပဲဖြစ်ဖြစ် လိင်ကွဲပဲ ဖြစ်ဖြစ် ဘယ်လိုလူကိုပဲ ကြိုက်သည်ဖြစ်စေ လူသားမှန်သမျှ ရသင့်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးရမှာပဲ။

မြန်မာ့ လူ့အသိုင်းအဝိုင်းမှာ လိင်တူချစ်ခြင်းကို ဘာလို့ မှားယွင်းတယ်လို့ သတ်မှတ်ကြလဲဆိုတော့ အဓိကကတော့ ဘာသာရေး၊ ဓလေ့ထုံးတမ်းတွေကြောင့် ဖြစ်တယ်။ ဘယ်သူကမှ လိင်တူချစ်မြတ်နိုးခြင်းကို အားမပေးဘူး။ ဘာသာတိုင်းကတော့ ငြိမ်းချမ်းရေးတို့ မေတ္တာတရားတို့ သင်ကြားပေမဲ့ တကယ်တမ်း လူအချင်းချင်း မေတ္တာထားတဲ့အခါမှာ လိင်တူတဲ့အခါ ဒါမှမဟုတ် သာမာန် ပုံစံခွက်မဟုတ်တဲ့ ဖြစ်တည်မှုတွေဖြစ်လာတဲ့ အခါမျိုးဆိုရင်  လူတွေက လက်မခံပေးနိုင်တော့ဘူး။

ကွဲပြားမှုကို လက်မခံနိုင်တဲ့ စိတ်အခံရှိလို့ပဲ။ ဘယ်လိုပဲ ငြိမ်းချမ်းရေးတွေ မေတ္တာတရားတွေ ပြောနေပါစေ မေတ္တာတရားတွေ ထွန်းကားဖို့ဆိုရင် ဒီအရာတွေ အခြေခံအကျဆုံးဖြစ်တယ်ဆိုတာ  နားလည်ဖို့လိုတယ်ပေါ့နော်။ ပြီးတော့ သစ်ပင်တွေ ဆိုရင် မတူညီတဲ့ ပုံစံနဲ့ မွေးဖွားလာတာပဲ။ ဒါပေမဲ့ အကုန်လုံးက သူ့နေရာနဲ့သူ အသုံးဝင်ကြတာ ကြီးပဲလေ။

ဒါပေမဲ့ လူ့အဖွဲ့ အစည်းထဲမှာကြတော့ လူအချင်းချင်းကို မတူဘူး လို့သတ်မှတ်။ မတူရင် ငါတို့နဲ့ ရန်သူပဲဆိုတဲ့ ပုံစံကနေလာတယ်လို့ ထင်တယ်။ လူကိုလူလို့ပဲ မြင်ပေးပါ။ လူဖြစ်လာခြင်းဆိုတဲ့ အရာပေါ်မှာ လူတစ်ယောက်ချင်းစီမှာ Majority ၊ Minority  လူနည်းစု လူများစုဆိုတဲ့ ကိစ္စတွေရှိတယ်။ မြန်မာပြည်မှာကြတော့ LGBT အခွင့်အရေး လှုပ်ရှားမှု ပုံစံတွေက အသေးအဖွဲ့ ကိစ္စ ပုံစံဖြစ်တယ်။

တိုင်းရင်းသားအခွင့်အရေး (ဥပမာ ရိုဟင်ဂျာအရေး) ဒါတွေနဲ့ တူတူပဲ ဖြစ်တယ်။ ဆိုတော့ ကျနော်တို့က အများကြီး ရုန်းကန်ဖို့လိုသေးတယ်။ လူတစ်ယောက်ချင်းစီကနေ လူသားအချင်းချင်းကို လေးစားလိုက်နာ လက်ခံပြီး အတူတူ ရုန်းကန်ပေးဖို့လိုအပ်တယ်လို့ ကျနော်ကတော့ စကားလက်ဆောင်ပါးချင်ပါတယ်။

လိင်တူ ချစ်သူများ အပေါ်ကြောက်ရွံ့မုန်းတီးမှုတွေ ပပျောက်သွားအောင်ဆိုရင် အဓိကက နှစ်ဦးနှစ်ဖက်ပါ။ လိင်တူ ချစ်သူတွေ ဘက်ကလဲ စောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေ၊ လူ့မူအသိုင်းအဝိုင်းမှာ ကိုယ်နေထိုင်သင့်တဲ့ စည်းမျဉ်းတွေ ကိုယ်ပိုင် စည်းမျဉ်းတွေကို ကိုယ့်ဘာသာကို နားလည်သိရှိရမယ်။

LGBT တွေကလည်း ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ် အခွင့်ကောင်းယူပြီး တခြားလိင်ကွဲချစ်သူတွေအပေါ် ကျူးလွန်တာ မျိုးတွေ မလုပ်သင့်ဘူး။ ကိုယ့်ဘက်ကလဲ စည်းကမ်းရှိရမယ်၊ ထိန်းသိမ်းရမယ်၊ တဖက်ကလဲ အလကားနေကြောက်တာ ခွဲခြားဆက်ဆံတာ မလုပ်သင့်ဘူး။

နောက်တစ်ခုကလဲ နှစ်ဦးနှစ်ဖက်ကြားထဲမှာ  ဒီ အုပ်စု နှစ်ခုက အမြဲတမ်း တွဲခေါ်တာမျိုးတွေ လုပ်နေဖို့ လိုအပ်တယ်။  အချင်းချင်း ကြိုဆိုတာမျိုးလုပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကြားထဲမှာ စကားပြောနေဖို့လိုတယ်။ အမြဲတမ်း နားလည်ပေးဖို့ဆိုတာ စကားပြောနေမှဖြစ်မယ်လေ။

ကျနော်တို့က ကြောက်တယ်ဆိုပြီးတော့ ဘေးဖယ်ထားရင် ပိုဆိုးသွားနိုင်သလို ကိုယ့်ရဲ့ ဖြစ်တည်မှုကို အသုံးချပြီး တခြားသူအပေါ်မှာ အမြတ်ထုတ်ဖို့ကြိုးစားတာမျိုးတွေလဲ ဒီဘက်က လိင်တူချစ်သူတွေဘက် ကလဲ ရပ်တန့်ပေးရမယ်။ ကျတော့အနေနဲ့ စကားဝိုင်း တွေလုပ်တာ သီအိုရီ လက်ချာ sharing အနေနဲ့သော်လည်းကောင်း ပြောပြဖြစ်တာရှိတယ်။ ဒီထက်ပိုပြီးလဲ လုပ်သွားချင်တယ်။

Author:

Related Articles