သန့်ရှင်းထွန်း။ ။
ရခိုင်ပြည်နယ် မောင်တောမြို့၊မြို့မအရှေ့ရပ်ကွက် မီးလောင်ကွင်းမှာ ဆောက်ပေးထားတဲ့ ဒုက္ခသည်စခန်းမှာ မဘီနာဘာလာ နေထိုင်လာတာ နှစ်နှစ်ကျော်ပါပြီ။ စစ်ကောင်စီအပါအဝင် ပြည်တွင်းပြည်ပလူမှုအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုကို မရတော့ တဲ့အတွက် မဘီနာဘာလာဟာ သူရဲ့နေအိမ်မှာ အခြောက်အခြမ်းရောင်းတဲ့ ဈေးဆိုင်လေးတဆိုင်ကို ဖွင့်ထားပြီး သူ့မိသားစု စားဝတ်နေရေးကို ရုန်းကန်နေပါတယ်။
“အဆင်မပြေဘူး။ WFP ကလည်း ဆန်မရတော့ဘူး။ တခြားအဖွဲ့တွေလည်း ဘာမှမပေးတော့ဘူး”လို့ မဘီနာဘာလာ ကပြောပါ တယ်။
ကလေးနှစ်ဦးရဲ့မိခင်ဖြစ်တဲ့ မဘီနာဘာလာဟာ လွန်ခဲ့တဲ့ ခြောက်နှစ်၊ ၂၀၁၇ ဩဂုတ်လ ၂၅ ရက်မှာ ဖြစ်ပွားခဲ့တဲ့ မောင်တော အကြမ်းဖက်တိုက်ခိုက်မှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကို အာဆာအဖွဲ့ရဲ့ ဖမ်းဆီးသွားတာကို ခံခဲ့ရတဲ့ ဟိန္ဒူအမျိုးသမီး ရှစ်ဦးထဲက တစ်ဦးဖြစ်ပါတယ်။
၂၀၁၇ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးကိစ္စတွေနဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေရချိန်မှာ မဘီနာဘာလာတို့ ဟိန္ဒူအမျိုးသမီးရှစ်ဦးဟာလည်း အာဆာအဖွဲ့ရဲ့ ခြိမ်းခြောက်ဖမ်းဆီးမှုကို ခံရတာဖြစ်ပါတယ်။
ပြသနာဖြစ်ပွားချိန်က မဘီနာဘာလာဟာ မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်မြို့ ရဲဘော်ကျကျေးရွာမှာ နေထိုင်ခဲ့သူ ဖြစ်ပြီးတော့ ခင်ပွန်းဖြစ်သူမှာ နိုင်ငံခြားကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ အချိန်ဖြစ်တယ်လို့ ဆိုပါ တယ်။
“အဲတုန်းက သမီးအကြီးတစ်ဦးတည်းရှိသေးတာ။ ကလေးတွေအသက်ကို ကယ်ဖို့ ကျမတို့က အာဆာ အဖွဲ့ရဲ့ တောင်းဆိုမှုကို လိုက်လျောခဲ့ရတယ်”လို့ သူကပြောပါတယ်။
အဲဒီလို လိုက်လျောမှုက ဟိန္ဒူအမျိုးသမီးတွေဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းပေးမယ်၊ အာဆာ အဖွဲ့ဝင်တွေနဲ့ လက်ထပ်ပါမယ်ဆိုတဲ့ လိုက်လျောမှုဖြစ်တယ်လို့ မဘီနာဘာလာက ပြန်လည်ပြောပြပါတယ်။
ဒါပေမယ့် ကံကောင်းတာက ဘင်္ဂလားဒေ့ရှ်ဖက်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ မဘီနာဘာလာတို့ ဟိန္ဒူအမျိုး သမီးရှစ်ဦးနဲ့ ကလေးတွေဟာ တဖက်မှာရှိတဲ့ ဟိန္ဒူတွေနဲ့ အဆက်သွယ်ရပြီး တလအကျော်မှာ မောင်တောဘက်ကို ပြန်လည်ရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။
အဲဒီလို ပြန်လည်ရောက်ရှိလာခဲ့တဲ့အချိန်မှာ မဘီနာဘာလာအပါအဝင် ဟိန္ဒူအမျိုးသမီးရှစ်ဦးဟာ မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရပြီး သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို နိုင်ငံတကာသိအောင် သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်တာ ပြည်တွင်းပြည်ပ သတင်းထောက်တွေနဲ့ တွေ့ဆုံခွင့်ပေးတာပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် သူတို့ဟာ ကိုယ့်နေရာကိုယ့်ဒေသမှာ လွတ်လွတ်လပ်လပ်နေထိုင်ခွင့်မရခဲ့ဘဲ စစ်တွေမြို့ရှိ စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ခွဲ(စရဖ)ရုံးနှင့် ဘူးသီးတောင်မြို့မှာ တည်ရှိတဲ့ စစ်ဗျူဟာထဲမှာ ထိန်းသိမ်းခံခဲ့ရတယ်လို့ နောက်ထပ် ဟိန္ဒူအမျိုးသမီး တစ်ဦး က ပြောပါတယ်။
“ကျမတို့က ဘယ်သူနဲ့မှ တွေ့လို့မရခဲ့ဘူး။ မြန်မာစစ်တပ်က တွေ့ခွင့်ပေးတဲ့လူတွေနဲ့ပဲ တွေ့ခွင့်ရခဲ့တာ။ လွတ်လွတ်လပ်လပ် မနေရတော့ဘူးလို့တောင် ထင်ထားခဲ့တာ”လို့ အထက်ပါ ဟိန္ဒူအမျိုးသမီးက ပြောပါတယ်။
အဲဒီလို စစ်တွေမြို့ရှိ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ခွဲ(စရဖ)ရုံးနှင့် ဘူးသီးတောင်မြို့မှာ တည်ရှိတဲ့ စစ်ဗျူဟာထဲမှာ နှစ်နှစ် ကျော်လောက် ထိန်းသိမ်းခံထားရပြီးတဲ့နောက်မှာတော့ သူတို့ကို မောင်တောမြို့ မြို့မအရှေ့ရပ်ကွက် မီးလောင်ကွင်းမှာ တည်ဆောက်ထားတဲ့ ဒုက္ခသည်နေအိမ်တွေ နေရာချထားပေးခဲ့တာလို့ မဘီနာဘာလာ ကပြောပါတယ်။
သူတို့ကို နေထိုင်စရာနေအိမ်တွေပေးပေမယ့် စားသောက်ရေးနှင့် ဘဝရှင်လည်ရေးအတွက်ကို ဘာတခုမှ မလုပ်ပေးခဲ့ဘူးလို့ ဟိန္ဒူအမျိုးသမီးတွေက ပြောပါတယ်။
“ရရစားစား ဘဝနဲ့ပဲ ရှင်သန်နေရတယ်။ သူတို့(စစ်ကောင်စီ)လိုအပ်တဲ့အချိန်ကျရင်တော့ သူတို့ပြောခိုင်းတဲ့အတိုင်း ပြောပေးရတယ်။ အခုပဲ ဆန်ရိက္ခာမရတာတောင် တစ်နှစ်လောက်ရှိပါပြီ”လို့ မဘီနာဘာလာက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ၂၀၁၇ ခုနှစ်က မောင်တောခရိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ အပြည်ပြည် ဆိုင်ရာတရားရုံး(ICJ)မှာ တရားရင်ဆိုင်နေရပြီး ချေပလွှာတွေကို တင်သွင်းရဖို့ အသည်းအသန်ကြိုးစား နေရပါတယ်။
အဲဒီလို ချေပလွှာတွေ တင်သွင်းဖို့အထဲမှာ စစ်ကောင်စီရဲ့ သက်သေတွေအဖြစ် မဘီနာဘာလာတို့ ဟိန္ဒူအမျိုးသမီးတွေရဲ့ ထွက်ဆိုချက်ဟာလည်း အင်မတန်အရေးကြီးနေပါတယ်။ ဒါပေမယ့် စစ်ကောင်စီကတော့ သူတို့ရဲ့ ဘဝတွေကို လျစ်လျူရှု့ထားတယ်လို့ မဘီနာဘာလာရဲ့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။
“ဒီလောက်ထိ ဒုက္ခရောက်ခဲ့တဲ့အမျိုးသမီးတွေကို စောင့်ရှောက်ထားသင့်တယ်။ မြန်မာအစိုးရလို့မဟုတ်ပါဘူး။ တခြား နိုင်ငံတကာအဖွဲ့တွေကလည်း စောင့်ရှောက်သင့်တယ်။”လို့ သူ့အမြင်ကို ပြောပါတယ်။
မောင်တောမြို့နယ်မှာ နေထိုင်နေကြတဲ့ ဟိန္ဒူတွေဟာ မောင်တောမြို့မှာ ဖြစ်ပျက်သမျှ ဘေးဒုက္ခတွေကို ခံစားနေရတဲ့ လူနည်းစုတခုဖြစ်ပေမယ့် သူတို့အတွက် ကူညီစောင့်ရှောက်မှုတွေက အားရစရာမရှိဘူးလို့ ဒေသတွင်း လူမှုကူညီရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ မမူက ပြောပါတယ်။
“အဖွဲ့အစည်းတွေ ချိတ်ဆက်တာနည်းတယ်။ အဓိက သူတို့(ဟိန္ဒူ)တွေနဲ့ ပတ်သက်ရင် ချိတ်ဆက်ပေးမယ့်သူ မရှိဘူး။” လို့ မမူက ပြောပါတယ်။
အလားတူပဲ ဟိန္ဒူလူ့အဖွဲ့အစည်းနှင့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းတွေထဲမှာ အမျိုးသမီးအဖွဲ့အစည်းတွေ သိပ်မတွေ့ရဘူးလို့ မမူက သူ့အမြင်ကို ပြောပါတယ်။
အခုလိုအခြေနေမျိုးမှာ ဟိန္ဒူအမျိုးသမီးတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေလည်း မရှိသလို ဘယ်သူကမှလည်း သတင်းမမေးကြဘူးလို့ မဘီနာဘာလာ ကပြောပါတယ်။
“ပြသနာဖြစ်တုန်းက မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ကျမရဲ့ မှတ်ပုံတင်ကတ်တောင် ခုချိန်ထိ ပြန်မရသေးဘူး”လို့ မဘီနာဘာလာက ပြောပြပါတယ်။
အခုလိုမျိုး အခက်ခဲပေါင်းစုံကို ကြုံတွေ့နေရပေမယ့် အသက်ဆက်ရှင်သန်နေထိုင်နိုင်ဖို့ သူရဲ့နေအိမ်မှာ ဈေးဆိုင်ခန်း ဖွင့်လှစ်ခဲ့ရတာလို့ မဘီနာဘာလာ ကဆက်ပြောပါတယ်။ ဒါပေမယ့် အာဏာသိမ်းပြီးနောက်မှာ ထိုးတက်လာတဲ့ အခြေခံစားသောက်ကုန်ဈေးတွေနဲ့ နဂိုကတည်းက ကုန်ဈေးနှုန်းတွေကြီးနေတဲ့ မောင်တောမြို့မှာ သူရဲ့ဆိုင်က ဝင်တဲ့ ဝင်ငွေက ဆန်ဖိုးတောင်မရဘူးလို့ ပြောပါတယ်။
မဘီနာဘာလာနဲ့အတူဖြစ်တဲ့ မရီခါးကတော့ ခင်ဗွန်းမရှိတော့ပေမယ့် သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့ အဆင် ပြေတဲ့အလုပ်တွေမှာ ဝင်လုပ်နေရတယ်လို့ ပြောပါတယ်။ မရီခါးရဲ့ ခင်ဗွန်းသည်မှာ ၂၀၁၇ ခုနှစ် မောင်တောပြသနာ ဖြစ်ပွားစဉ်က အာဆာ အဖွဲ့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။
“လူမှုအဖွဲ့အစည်းတွေပေးမှ စားရမယ်ဆိုပြီး မျှော်လင့်နေလို့မရတော့ဘူး။ လုပ်သင့်တာကို လုပ်ရမယ်။ ကျမတို့ ဘဝတွက် ကျမတို့ရပ်နိုင်ရမယ်”လို့ မရီခါးက အားတင်းပါတယ်။
မိမိကိုယ်ကို ဘယ်လိုအားတင်းမှုတွေပဲလုပ်လုပ် စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ အခြေခံစား သောက်ကုန်ဈေးနဲ့ ကုန်ဈေးနှုန်းတွေကတော့ မဘီနာဘာလာရဲ့ အားတင်းစိတ်ကို ရိုက်ချိုးနေတယ်လို့ သူကပြောပါ တယ်။
“လက်ရှိက လုံးဝအဆင်မပြေဘူး။ ဒီမှာမနေဘဲ တခြားနေရာပြောင်းရမလားလို့တောင် တွေးနေတယ်။ တခုမှ အဆင် မပြေပါဘူး”လို့ မဘီနာဘာလာက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ မောင်တောအကြမ်းဖက်မှုဖြစ်စဉ်အပြီးမှာ နိုင်ငံတကာအပါအဝင် လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတဲ့ မဘီနာဘာလာတို့ ဟိန္ဒူအမျိုးသမီးရှစ်ဦးကို လက်ရှိမှာတော့ ဘယ်သူကမှ သတင်းမေးဖော်မရတော့ဘူးလို့ ပြောပါ တယ်။