Home သတင်း တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

မေလ ၈ ရက်မှ ၁၄ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်း ဖော်ပြပေးလိုက်ပါတယ်။

  • ဖမ်းဆီးခံထားရတဲ့ မိတ္ထီလာက ပရဟိတသမား၊ ဇနီးနဲ့သမီးသုံးဦးကို အဆက်အသွယ်မရ

မန္တလေးတိုင်း၊မိတ္ထီလာမြို့မှာနေထိုင်တဲ့ ပရဟိတသမား စောပါဗလု၊ ဇနီးဖြစ်သူနဲ့သမီးသုံးဦးကို စစ်ကောင်စီက မေ ၁ ရက်နေ့ က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့အထိဘာသတင်းမှ မရသေးဘူးလို့ မိတ္ထီလာမြို့ခံတွေက မေလ၉ရက်နေ့က ပြောပါတယ်။

ဇနီးသည်နော်ဆဲဖော်ဟာဟာ ဆီးချိုရောဂါနဲ့ဆေးကုသမှုခံယူနေရပြီး သမီးသုံးဦးဖြစ်တဲ့ ကိုးနှစ်အရွယ် နော်ရေဗက္ကာဗလုဖော၊ ခြောက်နှစ်အရွယ် နေဟေဇဲဗလုဖောနဲ့ ငါးနှစ်အရွယ် နော်လေဒီယာဗလုဖောတို့ကိုပါ စစ်ကောင်စီက ဖမ်းဆီးသွားတာပါ။

ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာ မသိရသေးသလို ဒီနေ့အထိ အဆက်သွယ်မရတာကြောင့် စိတ်ပူနေကြရပြီး ကလေးတွေနဲ့ ဆီးချိုရောသည်မိခင်ရဲ့ ကျန်းမာရေးအတွက်ပါ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့မိသားစုဟာ မိတ္ထီလာမြို့မှာ မူကြိုကျောင်းဖွင့်ထားပြီး နွမ်းပါးသူကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကျန်းမာရေးနဲ့ ကလေးသူငယ်တွေရဲ့ပညာရေးကို ကူညီစောင့်ရှောက်မှုပေးနေတဲ့အပြင် တခြားပရဟိတ ကူညီမှုတွေကိုပါ လုပ်ဆောင်နေ ကြသူတွေလို့ မိတ္ထီလာမြို့ခံတွေက ပြောပါတယ်။

Source – RFA  

  • ပန်ဝါက တရုတ်လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံနေရ

ကချင်ပြည်နယ်၊ ကချင်အထူးဒေသ(၁)၊ ပန်ဝါမြို့နယ်အထဲက မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းခွင်တွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအပေါ် တရုတ်လုပ်ငန်းရှင်တွေရဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်တာနဲ့ လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်တာတွေရှိနေတယ်လို့ Myanmar Resources Watch  (MRW) အဖွဲ့က မေလ ၆ရက်နေ့က ထုတ်ပြန် ထားပါတယ်။

အဲဒီမြို့နယ်မှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းအများစုဟာ တရားမဝင်လုပ်ကိုင်နေကြတာဖြစ်ပြီး အမျိုးသားအလုပ် သမား တွေ၊ အမျိုးသမီးအလုပ်သမားတွေအပေါ် ပုံစံမျိုးစုံနဲ့ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်လုပ်ငန်းရှင်အများစုဟာ အမျိုးသမီးတွေအပေါ် လုပ်ငန်းခွင်နဲ့ မသက်ဆိုင်တဲ့ ညစ်ညမ်းတဲ့အသုံးအနှုန်းတွေ ပြောဆို တာ၊ အမျိုးသားတွေအပေါ်ဆဲဆိုရိုင်းပြတာ၊ အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံတာတွေ၊ လုပ်အားခခေါင်းပုံဖြတ်တာတွေ ကြုံနေရတယ်လို့ ပန်ဝါမြို့နယ်မှာ အလုပ်ကြမ်းသွားရောက် လုပ်ကိုင်နေတဲ့ ကချင်လူငယ်တစ်ဦးက ဆိုပါတယ်။

မြေရှားသတ္တု လုပ်ငန်းခွင်တွေမှာ ဘေးကျင်းဖောက်၊ အပေါ်ကျင်းတူး၊ အက်ဆစ်ဖျော်စတဲ့ အလုပ်ကြမ်းတွေကို အမျိုးသား အများစု လုပ်ကိုင်ရပြီး အခြေခံလစာ တရုတ်ငွေ ယွမ် ၃,ဝဝဝ ကျော် ကနေ ၄,၅ဝဝ အထိ ရရှိပြီး အမျိုးသမီးအလုပ်သမား တွေအတွက် ရေကြည့်၊ ထမင်းချက်၊ အိပ်ယာခင်းစတဲ့အလုပ်တွေ အများဆုံးလုပ်ရသလို တရုတ်ငွေ ၄,ဝဝဝကနေ ၁၅,ဝဝဝ အထိ ရရှိတယ်လို့ ဆိုပါတယ်။

Source – RFA

  • ရေးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်ကလေကြောင်းတိုက်ခိုက်၊ အမျိုးသမီး ၁ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ ဘဲလမုကျေးရွာအုပ်စုရှိ ချောင်းနှစ်ခွရွာ၊ထဲဝါပသဲရွာကို စစ်ကောင်စီတပ်က မေလ(၈) ရက်နေ့က လေယာဉ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သားအမျိုးသမီးတစ်ယောက်သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦးဒဏ်ရာရကာ လူနေအိမ် တစ်လုံးမီးလောင်ခဲ့ပါတယ်။

ဒေသခံတစ်ဦးဖြစ်တဲ့ အသက်၃၀အရွယ် မစန္ဒာအေးဟာ ညာဘက်ကျောပြင်၊ပခုံးလက်နက်ကြီးအစမှန်ပြီး မော်လမြိုင် ဆေးရုံ ကို ပို့ဆောင်ထားပါတယ်။ ကျန်တဲ့ရွာသားတွေကတော့ ပုန်းခိုကျင်း လွတ်မယ့်နေရာတွေဘက်ကိုအကုန်လုံး ပြေးပုန်းနေရ တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ရေးမြို့နယ်မှာ အခုရက်အတွင်းစစ်ကောင်စီတပ်တွေက ညဘက်တွေမှာကင်းထောက်လေယာဉ်တွေနဲ့ PDFအခြေစိုက်စခန်း တွေကို စုံစမ်းထောက်လှမ်းတာတွေ ခပ်စိပ်စိပ်လုပ်လာနေတယ်လို့ ဆိုပါတယ်။

Source – DVB  

  • မိုင်းပေါက်ဆံပင်ညှပ်ဆိုင်မှာ ရောင်းစားခံရတဲ့ အမျိုးသမီးတစ်ဦးထွက်ပြေးလွတ်မြောက်လာ

“ဝ”ဒေသ၊ မိုင်းပေါက်မြို့ရှိ Sinဆံပင်ညှပ်ဆိုင်မှာ ရောင်းစားခံရတဲ့အမျိုးသမီးတဦး အုတ်တံတိုင်းကိုကျော်ခွပြီး ထွက်ပြေးလွတ် မြောက်လာတယ်လို့ သိရပါတယ်။

ရောင်းစားခံရသူ မအေးဝင်း(အမည်လွှဲ)ဟာ ရောင်းစားခံရတာကိုသိပြီး ၅ ရက် အကြာမှာ ထွက်ပြေးလွတ်မြောက်လာတာဖြစ် ပါတယ်။

မအေးဝင်းဟာ လစာတစ်သိန်းနှစ်သောင်းရတဲ့ ရန်ကုန်မြို့ကဆံပင်ညှပ်ဆိုင်မှာ လုပ်ကိုင်ခဲ့ပြီး လစာငွေနည်းတဲ့အတွက် ပွဲစား ဖြစ်သူ အစ်မဝမ်းကွဲရဲ့အဆက်အသွယ်နဲ့ တစ်လသိန်း ၇၀ ဝင်ငွေရတယ်ဆိုတဲ့အတွက် မိုင်းပေါက်မြို့မှာအလုပ်လာလုပ်ရာမှာ ရောင်း စားခံခဲ့ရတာဖြစ်ပါတယ်။

ရောင်းစားခံရပြီး ပထမရက်နဲ့ ဒုတိယရက်ကိုတေ့ာ ဆံပင်ညှပ်ဆိုင်မှာ ဝင်လုပ်ခဲ့ရပြီးနောက် ပြည့်တန်ဆာလုပ်ဖို့ အတင်းစေခိုင်း ခံရပြီး မလုပ်နိုင်ရင် မြန်မာငွေ ၂၅ သိန်းအလျော်ပေးဖို့ ပြောလာတဲ့အတွက် ပို့တဲ့နေရာကို လိုက်သွားခဲ့ရတယ်လို့ မအေးဝင်းက ပြောပါတယ်။

အခန်းထဲမှာ သုံးရက်လောက် နေခဲ့ရပြီး ဘာအလုပ်မှမလုပ်ခဲ့ရဘဲ ထွက်ပြေးချိန်မှာတေ့ာ ဖိနပ်မပါဘဲ ဖုန်းတလုံးနဲ့ တရုတ် ယွမ်ငွေ တစ်ထောင်ကိုသာ ယူဆောင်ခဲ့ရပြီး အဝတ်အိတ်နဲ့ပါလာသမျှ ပစ္စည်းတွေကို ချန်ခဲ့ရတယ်လို့ ဆိုပါတယ်။

Sin ဆံပင်ညှပ်ဆိုင်ဟာ အမည်ခံသာဖြစ်ပြီး နောက်ကွယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)နဲ့ ပြည့်တန်ဆာလုပ်ငန်း တွေကို အဓိကလုပ်ကိုင်နေပြီး သူဌေးက တရုတ်လူမျိုး ဖြစ်ပါတယ်။

Source – Dvb

  • ရေဖြူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေက အမျိုးသမီးအများစုပါတဲ့ ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးထား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်းသို့ မေ ၈ရက်နေ့ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ တွေက အမျိုုးသမီးအများစုပါဝင်တဲ့ ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ ဒေသခံ ၃၀ကျော်ကို ရေဖြူမြို့နယ် ခမောင်းချောင်းရွာရှိ ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားတယ်လို့သိရပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား၅၀နီးပါးရှိ စစ်ကောင်စီတပ်ဖွဲ့ဟာ ခမောင်းချောင်းရွာက ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားပြီး ရွာထဲရှိဒေသခံအချို့လည်း ဖမ်းဆီးခံရမှာကိုစိုးရိမ်တဲ့အတွက် ရွာထဲကနေ ထွက်ပြေးတိမ်းရှောင်နေကြရပါ တယ်။

Source- Mizzima

  • မကွေးတိုင်းက အမျိုးသမီးသုံးဦးအပါအဝင်ရှစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့တရားစွဲ

မကွေးတိုင်း၊မင်းတုန်းမြို့နယ်နဲ့ သရက်မြို့နယ်ထဲကို စစ်ကောင်စီကတပတ်ကြာ စစ်ကြောင်းထိုးပြီးနောက် အမျိုးသမီးသုံးဦး အပါအဝင်ဒေသခံ(၈)ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။

စစ်ကောင်စီဟာ အမျိုးသမီးသုံးဦးအပါအဝင်မင်းတုန်းမြို့နယ်၊ ရွာသစ်ရွာကတဦး၊လက်ပွကျေးရွာက လေးဦးနဲ့သရက်မြို့နယ်၊ ဆတ်လည်ကျေးရွာက သုံးဦး စုစုပေါင်းရှစ်ဦးကိုဖမ်းဆီးထားတာပါ။

ဖမ်းဆီးခံထားရသူတွေဟာ မိသားစုနဲ့တွေ့ဆုံခွင့်ရ၊ မရနဲ့ရှေ့နေငှါးရမ်းထုချေခွင့်ရ ၊မရဆိုတာ တိတိကျကျမသိရသေးပါဘူး။

ဧပြီလ ၂၈ ရက် စတင်ပြီး သရက်မြို့နယ်ထဲက ဆင်ကော်ကျေးရွာ၊ ဆတ်လည်ကျေးရွာ နဲ့ မင်းတုန်းမြို့နယ်ထဲက လက်ပွရွာ၊ မှိုက်ရွာတွေကို စစ်ကောင်စီရဲ့ တပ်မ ၆၆၊ ခလရ ၄၄၊ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ )၁၂ နဲ့ ကပစ ၁၃ စတဲ့ ပူးပေါင်းစစ်ကြောင်းရဲ့ အင်အား ၃၀၀ ခန့်ဟာ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။

Source – Delta News Agency  

  • NLD ပါတီဝင်တစ်ဦး သက်ငယ်မုဒိမ်းမှုဖြင့် တိုင်ကြားခံရ

ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာ သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့တယ်လို့ တိုင်ကြားခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝင်တစ်ဦးကို ဝရမ်းထုတ်ဖမ်းဆီးအရေးယူနိုင်ရန် ထိုင်းအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကဆိုပါတယ်။

NLDပါတီ၏ တွံတေးမြို့နယ်အလုပ်အမူဆောင်အဖွဲ့အတွင်းရေးမူး  ဦးအောင်မင်းဆိုသူကို မဲဆောက်မြို့မှာနေထိုင်တဲ့ CDM ပညာ ရေးဝန်ထမ်းတဦးရဲ့ ငါးနှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်မှုနဲ့ NUG ကိုတိုင်ကြားခဲ့တာဖြစ်တယ်။

တိုင်ကြားစာမှာ ခြံဝင်းတစ်ခုထဲအတွင်း စုပြီးငှားရမ်းနေထိုင်တဲ့ကလေးငယ်ကို ဦးအောင်မင်းဟာ လိင်ပိုင်းဆိုင်ရာအမြတ် ထုတ် မှုတွေ လုပ်ဆောင်ခဲ့ပြီး ကလေးရဲ့ပြန်လည်ပြောပြချက်တွေနဲ့ တိုင်ကြားထားတာဖြစ်ပါတယ်။

ငါးနှစ်သမီးငယ်၏ ပြောပြချက်တွေကြောင့် မိခင်ဖြစ်သူဟာ ပြီးခဲ့တဲ့မေလ ၁ ရက်နေ့က CDMသူနာပြုဆရာမထံ သွားရောက် ပြီး ကလေးရဲ့အပြင်ပိုင်း စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ မိန်းမကိုယ်အားလက်နဲ့ထိုးသွင်းခြင်း၊ လိင်အင်္ဂါနဲ့ထိုးသွင်းခြင်း တို့ကို ပြုလုပ်ခဲ့တယ်လို့ယူဆရပြီး အဲ့ဒီနောက် မေလ၂ရက်နေ့မှာ မဲဆောက်မြို့ရှိဆေးရုံတစ်ခုမှာ ဆေးစစ်မှုပြုလုပ်ခဲ့ကာ တိုင်ကြား စာပေးပို့တဲ့ အချိန်အထိအဖြေရရှိဖို့ စောင့်ဆိုင်းနေတယ်လို့ တိုင်ကြားချက်မှာဖော်ပြထားပါတယ်။

သံသယတရားခံဟာ ထွက်ပြေးလွတ်မြောက်နေပြီး တိုင်ကြားစာအား လိပ်မူပို့ခဲ့တဲ့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ် ရေးရာ ဝန်ကြီးဌာနအနေနဲ့ မိခင်နဲ့ကလေးငယ်ကိုနေရာရွှေ့ပြောင်းပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကုစားနှစ်သိမ့်ပေးရေးတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source – Irrawaddy

  • လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အထဲ တော်လှန်ရေးချစ်သူစုံတွဲနှစ်ဦးပါဝင်  

မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်ကြားမှာရှိတဲ့ ကျားဖြူစစ်ကြောင်း၊ ကျားဖြူတပ်ခွဲ ၁ စခန်းနေရာကို  မေလ ၇ ရက် ၊ ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အတွက် သုံးဦးကျဆုံးခဲ့တယ်လို့ ကျားဖြူ တပ်ခွဲ ၁ က ပြောပါတယ်။

ကျားဖြူတပ်ခွဲ ၁ က ကိုဇွဲမာန်လင်း(ခ)စနေ၊ ကိုထွန်းလင်းအောင်(ခ)ကိုမြကြီး၊ မခင်သန္တာဆွေ(ခ)မမြင့်တို့ဖြစ်ပြီး ကိုထွန်း လင်းအောင်နဲ့ မခင်သန္တာဆွေက ချစ်သူစုံတွဲတွေလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် တခြား PDF တပ်သားလေးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကျားဖြူတပ်ခွဲ(၁) သတင်းနဲ့ ပြန် ကြားရေးက အတည်ပြုပါတယ်။ 

Source – BBC

  • ကလေးမြို့သပိတ်အဖွဲ့ဝင် အမျိုးသမီးနှစ်ဦး၊အမျိုးသားနှစ်ဦး ထောင်ဒဏ် နှစ်နှစ်စီချမှတ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ အတာသပိတ်ပြုလုပ်နေစဉ် ဖမ်းဆီးခံခဲ့ရတဲ့သပိတ်အဖွဲ့ဝင် လေးဦးကို ထောင်ဒဏ် နှစ်နှစ်စီချမှတ်လိုက်တယ်လို့ သိရပါတယ်။

သပိတ်အဖွဲ့ဝင် လေးဦးဖြစ်တဲ့ ကိုသန်းစိုးဦး၊ ကိုမျိုးကိုဝင်း၊ မနှင်းစံနဲ့ မကျိန်ဒိတ်ကိမ်တို့ဟာ ဧပြီလ ၁၆ ရက်နေ့က ဖမ်းဆီးခံ ခဲ့ရတာဖြစ်ပြီး မေလ ၉ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ဧပြီလ ၁၉ ရက်နေ့မှာ မကျိန်ဒိတ်ကိမ်နဲ့မနှင်းစံတို့ရဲ့ နေအိမ်တွေကို စစ်ကောင်စီက မြေထိုးစက်နဲ့ ဖြိုချထားတာလည်း ဖြစ် ပါတယ်။

Source – မြေလတ်အသံ  

  • ဒီချုပ်အမတ် ဒေါ်ဝင်းမြမြရက်စေ့လို့ အိုးဘိုထောင်ကလွတ်ပြီ

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် ဒေါ်ဝင်းမြမြဟာ မေလ ၁၂ရက် က လွတ်ရက်စေ့လို့ အိုးဘိုထောင်က ပြန်လည်လွတ်မြောက်လာပါတယ်။

စစ်ကောင်စီက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ အသက် ၇၄နှစ်အရွယ် ဒေါ်ဝင်းမြမြကို မန္တလေးတိုင်း၊ ဒီချုပ်ပါတီရုံးရှေ့ကနေ ဖမ်းဆီးသွားတာပါ။

ရာဇသတ်ကြီးဥပဒေပုဒ် ၅၀၅(က)နဲ့တရားစွဲဆိုပြီး ၂၀၂၂ခုနှစ်၊ဇွန်လကုန်မှာထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာပါ။

ဒေါ်ဝင်းမြမြဟာ နှစ်နှစ်နဲ့ သုံးလနီးပါးအကျဉ်းချခံခဲ့ရပြီး အခုအချိန်မှာတော့ချမ်းအေးသာစံမြို့နယ်က နေအိမ်မှာရောက်ရှိနေ တယ်လို့လည်းသိရပါတယ်။

Source – Delta news agency

  • ထန်းတပင်မှာ အမျိုးသမီး ၁၀ဦး အမျိုးသားနဲ့ ကလေးငယ်တွေအစုလိုက် မီးရှို့သတ်ဖြတ်ခံရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာမှာ ကလေးငယ်ခုနစ်ဦးအပါအဝင် ဒေသခံအမျိုးသား ၊ အမျိုးသမီး စုစု ပေါင်း ၁၈ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဖမ်းဆီးပြီး မီးရှို့ သတ်ဖြတ် သွားပါတယ်။

စစ်တပ်က ရွာသူ၊ရွာသားတွေကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်တာဖြစ်ပြီး အဲ့ထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ခြောက် ယောက် ပါဝင်ပြီး အသက် ၅၀ ကျော်အရွယ်တွေလည်း ပါဝင်ပါတယ်။

မေလ ၁၀ ရက်နေ့က ထန်းတပင်မြို့နယ် ညောင်ပင်သာရွာအနီး KNLA၊ PDF ပူးပေါင်းမဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အခုလိုဒေသခံပြည်သူတွေ သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

Source- RFA  

Author:

Related Articles